အခန်း (၁၀၇)
Vol. 9 Ch. 107
တနင်္ဂနွေနေ့ မဟုတ်သော်လည်း ကျိသော်သည် တစ်ယောက်တည်း အိမ်ဟောင်းသို့ ပြန်လာခဲ့သည်။ သူ ဝင်လိုက်သည်နှင့် ကျိကျွင်း ခေါင်းငုံ့ကာ ထွက်လာသည်ကို တွေ့လိုက်ရ၏။
သူ၏ ပုံစံမှာ မသက်မသာ ဖြစ်နေသောကြောင့် ကျိသော်လည်း စကား များများစားစား မပြောလိုပေ။ သူ နှုတ်ဆက်ပြီး အတွင်းသို့ ဝင်သွားလိုက်ရာ အဘိုးကြီးက သိသိသာသာ ဒေါသထွက်နေသည်က်ို မြင်လိုက်ရ၏။
အဘိုးကြီး၏ မျက်နှာသည် ယခင်ကတည်းက မကောင်းမွန်ခဲ့သော်လည်း ယခုလို ဒေါသထွက်ပြနေသည်မှာတော့ ဤအကြိမ်ကပထမဆုံးပင်။ ကျိသော် မေးလိုက်၏။
"ဘာဖြစ်တာလဲ။"
အဘိုးကျိ၏ မျက်နှာသည် တောင့်တင်းသွားပြီး စကားပြောရန် ခက်ခဲနေသည်မှာ ထင်ရှားသော်လည်း နောက်ဆုံးတွင်တော့ သက်ပြင်းချကာ ပြောလိုက်သည်။
"မင်းရဲ့ အကိုကြီးက လင်းချောင်ကို မင်းမရီးရဲ့ အစ်ကိုကြီးဆီ ဖော်မြူလာ ရောင်းပေးဖို့ တောင်းဆိုလာတယ်လေ။"
ထိုနေ့က ယဲ့မင်ရှူး ဒေါသထွက်ခဲ့သော်လည်း သူမ၏ အဓိကဒေါသမှာ သူမ၏ အစ်ကိုကြီးနှင့် ယောက်မတို့က သူမ၏ သားထံမှ လုပ်ငန်းကို အခမဲ့ရယူရန် ကြိုးစားခြင်းအပေါ်တွင် ဖြစ်သည်။ ကျိဇယ်က သဘောမတူဘဲ ငြင်းဆန်နေလေလေ၊ သူမက သူမ၏ အကိုကြီးနှင့် ယောက်မဖြစ်သူပြောသည်ကို သဘောတူပြီး သူမ၏ သားကို စစ်တပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်လိုက်လျှင် ပိုကောင်းမည်ဟု ခံစားရလာလေလေဖြစ်သည်။
သို့သော် ကျိဇယ် သဘောတူမည် မဟုတ်သည်မှာတော့ ထင်ရှား၏။ အခြားရွေးချယ်စရာ မရှိတော့သောကြောင့် သူမ အခြားအစီအစဉ်တစ်ခုကို ကြံစည်ခဲ့သည်။ လင်းချောင်ကို သူမ၏ အစ်ကိုကြီးထံ ဖော်မြူလာရောင်းချစေပြီး သူမ၏အစ်ကိုက စက်ရုံတည်ထောင်ကာ ကျိဇယ်၏ လုပ်ငန်းကို ဖယ်ထုတ်ပစ်လိုက်ခြင်းဖြင့် သူ့အား စစ်တပ်သို့ ပြန်လာရန် ဖိအားပေးခြင်းပင်။ သို့သော် လင်းချောင်ကို တိုက်ရိုက်တောင်းဆိုရန်တော့ သူမ စိတ်မပါသောကြောင့် ကျိကျွင်းကို အဘိုးကျိအား တောင်းဆိုခိုင်းခဲ့ခြင်းဖြစ်သည်။
"ငါ သဘောမတူဘူး။"
အဘိုးကျိ၏ မျက်နှာသည် အိုး၏အောက်ခြေကဲ့သို့ မည်းမှောင်နေခဲ့သည်။
"ဒီဖော်မြူလာက ချောင်ချောင် ပိုင်တာ။ သူက ချောင်ချောင်ကို မမေးဘဲ ငါ့ကို လာမေးတယ်။ ငါက ဘယ်လိုလုပ်ပြီး ချောင်ချောင်ကို သူ့ယောက်ဖဆီ ရောင်းပေးဖို့ ဖိအားပေးနိုင်မှာလဲ။"
လင်းချောင် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ရိုးသားမှုမရှိသော ကိစ္စတစ်ခုဖြစ်၏။ ဒါက သူ၏ သားကြီးက မိသားစုကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည့်ပုံလား။
အဘိုးကျိသည် ယဲ့မင်ရှူး၏ ဖျားနာမှုနှင့်ပတ်သက်၍ တစ်ခုခု မှားယွင်းနေကြောင်း ယခင်ကတည်းက သံသယဝင်နေခဲ့သည်။ သူသည် သူ၏ သားကြီး ဘယ်အချိန် လာ၍ စကားပြောလာမလဲ ဟုသာ စောင့်ကြည့်နေခဲ့၏။ သို့သော် ကျိကျွင်းကတော့ သူတို့သိသွားမည်ကိုစိုးသောကြောင့် ယခုချိန်ထိ မပြောဘဲ ဖုံးကွယ်ထားခဲ့ကာ ယဲ့မင်ရှူးက ဖိအားပေးလိုက်သောအခါမှ အကူအညီတောင်းရန် ပြေးလာခဲ့သည်။
အဘိုးကျိသည် သူ၏ သားကြီးဖြစ်သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးနေခဲ့သော်လည်း ယခုမူ မတတ်နိုင်တော့ပေ။
"သူက ဘာလို့ ကိုယ့်ဘာသာကိုယ် မစဉ်းစားနိုင်ရတာလဲ။ နှစ်ရက်လောက် ငြိမ်းချမ်းပြီး သူမိန်းမ ဖျားနာသွားတာနဲ့ သူ့ရဲ့ အကျင့်ဟောင်းတွေအတိုင်း ပြန်ဖြစ်သွားပြန်ပြီ။"
ကျိသော်ကတော့ သူ့အစ်ကိုကြီး ဒီလိုလုပ်နိုင်သည်ကို သိပ်မအံ့ဩမိပေ။ သူက စစ်ဘောင်းဘီကို နေရာတကျ ပြင်ဆင်လိုက်ပြီး သူ၏ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
"ကျွန်တော် ပြောစရာတစ်ခု ရှိသေးတယ်။ ချောင်ချောင် တ်ိုင်ကြားခံထားရတယ်။"
"ချောင်ချောင်ကို တိုင်ကြားတယ်။"
အဘိုးကြီးကို စိတ်အေးသွားစေရန်အတွက် ရေနွေးကြမ်းယူကာ ပြန်လာသော ရွှီလီသည် ဤစကားကို ကြားသောအခါ မေးလိုက်၏။
"ဘယ်သူက တိုင်ကြားတာလဲ။ ဘာအတွက်လဲ။"
"မုဇီ ဆပ်ပြာရည်စက်ရုံက သူမအပိုင်ဖြစ်ကြောင်းနဲ့ အလုပ်လုပ်နေစဉ်အတွင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်မှု ရှိနေကြောင်း တိုင်ကြားထားတာ။"
ကျိသော် အဘိုးကျိကို တစ်ချက်ကြည့်လိုက်မိသည်။
မျှော်လင့်ထားသည့်အတိုင်း အဘိုးကြီး၏ မျက်နှာသည် ပို၍ပင် မည်းမှောင်လာပြီး ရွှီလီ၏ မျက်နှာအမူအရာသည်လည်း မကောင်းတော့ပေ။
ကျိသော် ထပ်ပြောလိုက်၏။ "ကျွန်တော် သေချာ စုံစမ်းပြီးပါပြီ။ တိုင်ကြားချက်က သူမတို့ကျောင်းကိုပဲ ရောက်တာ၊ ပညာရေးဝန်ကြီးဌာနအထိတော့ မရောက်ပါဘူး။"
သို့သော် ၎င်းသည် အဘိုးကျိအတွက်တော့ ကောင်းသောသတင်း မဟုတ်ပေ။
လင်းချောင်သည် ကျောင်းအတွက် အများကြီး လုပ်ဆောင်ပေးခဲ့သောကြောင့် ကျောင်း၏ ရပ်တည်ချက်သည် သူမဘက်မှဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးကသာ လင်းချောင်ကို ပစ်မှတ်ထားချင်သည်ဆိုပါက အကောင်းဆုံးနည်းလမ်းမှာ သူမကို ပညာရေးဝန်ကြီးဌာနသို့ပင် တိုင်ကြားခြင်းဖြစ်သည်။ ဤသို့ မလုပ်ခဲ့ခြင်းမှာ သူတို့တွင် အသိဉာဏ်မကြွယ်ခြင်း၊ ပြဿနာဖြစ်မည်ကို ကြောက်ရွံ့ခြင်းတို့ကြောင့်ဖြစ်ပြီး ဤနည်းဖြင့် သူမကို စိတ်အနှောင့်အယှက်ပေးခဲ့ခြင်းဖြစ်လိမ့်မည်။
"ချောင်ချောင်က ဆပ်ပြာရည် လုပ်တတ်တယ်လေ။ အဖေနဲ့အမေကလည်း အပြင်လူတွေကို ပေါ့ပေါ့တန်တန် ပြောပြခဲ့မှာ မဟုတ်ဘူး၊ တိုင်ကြားဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူးမလား။" ကျိသော်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
အဘိုးကျိက မျက်ခုံးပင့်လိုက်၏။ "မင်းက ငါတို့ကို မေးခွန်းထုတ်နေတာလား။"
"လုံးဝ မဟုတ်ပါဘူး။" ကျိသော် ပြန်ဖြေလိုက်သည်။
"အဖေနဲ့အမေ မဟုတ်ဘူးဆိုရင်၊ ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်တော်က လူတစ်ယောက်တည်းကိုပဲ စဉ်းစားမိတယ်။ နောက်ဆုံးမှာတော့ ဘယ်လိုဖြစ်ဖြစ် သူမနဲ့ မပတ်သက်ဘဲ နေမှာမဟုတ်ဘူး။"
သူက ရုတ်တရက် အရှေ့သို့ ကိုင်းညွှတ်ပြီး အဘိုးကျိကို မေးလိုက်သည်။ "မိသားစု အခြေအနေက ဒီလောက် ရှုပ်ထွေးနေတာကို အဖေ ဘာမှ မလုပ်တော့ဘူးလား။ မလုပ်ဘူးဆိုရင် ကျွန်တော်ပဲ လုပ်လိုက်မယ်။"
သူ ထိုအခြေအနေကို လုံးဝ စိတ်ကုန်နေပြီဖြစ်သည်မှာ ထင်ရှားနေ၏။
အဘိုးကျိ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် မေးလိုက်သည်။ "မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ။"
"ကျွန်တော့် အစ်ကိုကြီး မဟုတ်ရင် မရီး၊ ဒါမှမဟုတ် နှစ်ယောက်လုံးကို တခြားနေရာကို ပြောင်းရွှေ့ပစ်ရမယ်၊ ခွဲထားမှရမယ်။" ကျိသော်က အတိုချုံး ပြောလ်ိုက်သည်။
တိုတောင်းသော်လည်း သူ၏စကားများသည် ယဲ့မင်ရှူး၏ အောက်မှ ဖျာကို ဆွဲထုတ်လိုက်သကဲ့သို့ သူမ၏ အကြီးမားဆုံးသော အားကိုးရာကို ဖယ်ရှားပစ်လိုက်ခြင်းဖြစ်သည်။ ယဲ့မင်ရှူးသည် ကျိမိသားစုတွင် ခိုင်မာစွာရပ်တည်နိုင်ခြင်းနှင့် ပြဿနာရှာနေနိုင်ခြင်းက ကျိကျွင်းကို ထိန်းချုပ်ထားသောကြောင့်ပင်။ ကျိကျွင်းကို ပြောင်းရွှေ့သည်ဖြစ်စေ၊ သူမကို ပြောင်းရွှေ့သည်ဖြစ်စေ၊ သူတို့ကိုသာ ဝေးလံသောနေရာသို့ ပို့လိုက်ပါက သူမ၏ အစီအစဉ်များကို ထောက်ခံပေးမည့်သူ မရှိတော့ပေ။
ဤတစ်ကြိမ်တွင်တော့ အဘိုးကျိသည် ပို၍ပင် ကြာရှည်စွာ တိတ်ဆိတ်နေခဲ့သည်။ "မင်း လုပ်စရာမလိုဘူး၊ ငါ ကိုယ်တိုင် ကိုင်တွယ်လိုက်မယ်။ မင်းရဲ့ အစ်ကိုကြီးကို ပြောင်းရွှေ့လိုက်မယ်။"
သူ၏ အသံသည် အလွန်အက်ကွဲနေပြီး ချက်ချင်း အသက်အရွယ် အနည်းငယ် ကြီးသွားသကဲ့သို့ပင်။
ချွေးမအကြီးက သူ့အား ဒုတိယသားကို ပိုမိုချစ်ခင်သည်ဟု အမြဲပြောနေသော်လည်း အမှန်တကယ်တွင်တော့ သူသည် အမြဲတမ်း သားအကြီးဆုံးကိုသာ ပိုချစ်ခင်ခဲ့ပြီး ဒုတိယသားအပေါ် အပြစ်ရှိသလို ခံစားနေရသည်။
သူ၏ သားအကြီးဆုံးသည် ငယ်စဉ်ကတည်းက မိခင်မရှိသလို အရည်အချင်းလည်း သိပ်မရှိသောကြောင့် သူ့ကို အနီးအနားတွင် ထား၍ လမ်းညွှန်ပေးခြင်း၊ စောင့်ကြည့်ပေးခြင်းများ လုပ်ခဲ့သည်။
ဒုတိယသားကမူ အမြဲတမ်း လွတ်လွတ်လပ်လပ်နေတတ်ပြီး အရည်အချင်းရှိသူ ဖြစ်ကာ စိုးရိမ်ပူပန်စရာမလိုသောကြောင့် သူ့အပေါ် ဂရုစိုက်မှု နည်းပါးခဲ့သည်။ နှစ်များစွာကြာလာသည်နှင့်အမျှ ချွေးမအကြီး၏သည် စိတ်နေစိတ်ထားက ပိုပြင်းထန်လာပြီး အစွန်းရောက်လာခဲ့သည်။ သူမသည် အရင်က သေးငယ်သော အစီအစဉ်များကိုသာ လုပ်ခဲ့သော်လည်း ယခုမူ မည်သည့်အရာကိုမဆို လုပ်ရဲလာပြီဖြစ်သည်။
ယခုကိစ္စသည်လည်း ဒုတိယသားအပေါ် သူမ၏ ဒုတိယအကြိမ် ပြစ်မှုကျူးလွန်ခြင်း ဖြစ်သည်။ သို့သော် သူသည် ဒုတိယသားအား အမှန်တကယ် အရေးယူဆောင်ရွက်ခွင့်တော့ မပေးနိုင်ပေ။
အမျိုးသမီးတစ်ဦးကို ဝေးလံသောနေရာသို့ ပို့မည်ဆိုပါက သားကြီးမိသားစုတွင် ရှောင်လင်ရှိနေသေးသောကြောင့် သူက သူ၏ သားအကြီးဆုံးကိုသာ အဝေးသို့ ပို့နိုင်တော့မည်...
ကျိသော် နောက်ထပ် ဘာမျှမပြောတော့ဘဲ မတ်တပ်ရပ်လိုက်၏။ "ဒါဆို ကျွန်တော် ဆေးရုံကို သွားလိုက်ဦးမယ်။"
သူက ဤကိစ္စကို ဖြေရှင်းရန်အတွက်သာ ပြန်လာခဲ့ခြင်းဖြစ်သည်။
အဘိုးကျိ ခေါင်းညိတ်လိုက်သည်။ ကျိသော် ထွက်သွားပြီးနောက် သူ သက်ပြင်းချလိုက်မိ၏။ "ဒီလိုဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ရင်၊ ငါ့ရဲ့သားအကြီး ငါ့ကို ဘယ်လောက်ပဲ မကျေမနပ်ဖြစ်နေပါစေ၊ သူ့ဆန္ဒတွေကို လိုက်လျောမပေးဘဲ နေခဲ့သင့်တာ။"
ရွှီလီက သူ၏ အတွေးများကို နားလည်သည်။ ၎င်းသည် အလားအလာရှိသော သားကို တင်းကြပ်စွာ ပြုစုပျိုးထောင်ခြင်းနှင့် အလားအလာနည်းသော သားကို သူ့ဘာသာ လွှတ်ထားခြင်း၊ ပေါ့ပေါ့ပါးပါး ဆက်ဆံခြင်းဖြစ်သည်။
ဤသည်မှာ မျက်နှာသာပေးခြင်းမဟုတ်ပေ။ လမ်းကြောင်းမတူသော ကလေးများကို ဆက်ဆံပုံ မတူညီခြင်းသာဖြစ်သည်။
သူမက ရေနွေးကြမ်းခွက်ကို သူ့အား ကမ်းပေးလိုက်၏။ "မအေးခင် တစ်ငုံသောက်လိုက်ပါ။ ရှင့်အတွက် ယူလာပေးထားတာ။"
အဘိုးကြီးက သူ၏ဇနီးလက်ကို ဆုပ်ကိုင်လိုက်၏။ "မင်းလည်း နှစ်တွေအကြာကြီး ပင်ပန်းခဲ့ရတာပဲ။"
ဤကြားရခဲသော နူးညံ့သည့် မှတ်ချက်စကားကြောင့် ရွှီလီ အသံကို နှိမ့်ချလိုက်သည်။ "ခက်ခဲတာ မခက်ခဲတာထက်၊ ကျွန်မ ရှင်နဲ့လက်ထပ်တုန်းကပဲ ရှင့်မှာ သားတစ်ယောက် ရှိတယ်ဆိုတာ သိထားခဲ့ပြီးသားပါ။"
သို့သော် သူမသည် အကြီးဆုံးသားကို မိမိ၏သားအရင်းကဲ့သ်ို့ ပြုစုပျိုးထောင်ပေးခဲ့သည်၊ မိမိ၏ သွေးသားရင်းဖြစ်သော ကလေးတစ်ဦးကိုလည်း ဆုံးရှုံးခဲ့ရသည်။ သို့သော် အကြီးဆုံးသားကတော့ လက်ထပ်ပြီးနောက်တွင်ပင် သူ၏စိတ်သည် သူ၏ဇနီးဘက်သို့သာ ယိမ်းယိုင်နေဆဲဖြစ်သည်။
အဘိုးကြီးက စကားဆက်ပြောတော့မည်အလုပ် တံခါးပွင့်လာပြီး ကျိသော် ပြန်ရောက်လာ၏။
သူသည် သူ၏လက်ကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး ရွှီလီကလည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည့်ပုံစံဖြင့် သားဖြစ်သူကို မေးလိုက်၏။ "တခြား ကိစ္စရှိသေးလို့လား။"
ကျိသော်၏ မျက်နှာအမူအရာသည် သူ၏အတွေးများကို ဖော်ပြနေခြင်းမရှိသဖြင့် သူ တစ်ခုခု မြင်ခဲ့လား မမြင်ခဲ့လား ဆိုသည်ကို မသိနိုင်ပေ။ "ချောင်ချောင်နဲ့ ငယ်ငယ်က စေ့စပ်တဲ့ကိစ္စစီစဉ်တုန်းက ဓာတ်ပုံတွေ ရှိနေသေးလား။"
သူ၏ မိသားစုက အရင်က ဒီအကြောင်းကို မပြောခဲ့ဖူးဘဲ သူသည်လည်း ကျ်ိဇယ်ကို သွားရှာပြီး ကင်မရာအကြောင်း မေးလိုက်တော့မှသာ ဤမေးခွန်းက ရုတ်တရက် သူ့စိတ်ထဲ ပေါ်လာခြင်းဖြစ်သည်။
ရွှီလီသည် ထိုအကြောင်းကို မေ့နေခဲ့သော်လည်း ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။ "ရှိမယ်ထင်တယ်။ ငါ ရှာကြည့်လိုက်မယ်။"
ဓာတ်ပုံများသည် ယဲ့မင်ရှူးနှင့် လုံးဝရှိမနေပေ။ သူမသည် သေတ္တာများနှင့် ဗီရိုများကို ခဏကြာ ရှာဖွေလိုက်ပြီးနောက် လင်းချောင်၏ လေးနှစ်၊ ငါးနှစ်အရွယ်က အဖြူအမည်းဓာတ်ပုံတစ်ပုံကို တွေ့ရှိခဲ့ပြီး ပုံထဲတွင် သူမကဆံပင်ကို စည်းထားကာ နဖူးတွင်လည်း အနီရောင်အစက်တစ်ခု ရှိနေခဲ့သည်။
ကျိသော်သည် ဓာတ်ပုံကို ယူ၍ သေချာ စစ်ဆေးကြည့်ရှုပြီးနောက် လင်းချောင်တွင်သာ သမီးတစ်ယောက်ရှိပါက ဤသို့ဖြစ်လိမ့်မည်ဟု စိတ်ကူးကြည့်မိခဲ့သည်။ ထို့နောက် သူက ဓာတ်ပုံကို အိတ်ကပ်ထဲ ထည့်လိုက်၏။ "ကျွန်တော် သွားတော့မယ်။"
ဤတစ်ကြိမ်တွင်တော့ သူ အမှန်တကယ် ထွက်ခွာသွားခြင်းဖြစ်သည်။
"ဒီကလေး.."
ရွှီလီ လှည့်ကြည့်လိုက်ရာ အဘိုးကျိက သူ၏နေရာတွင် ထိုင်နေဆဲဖြစ်သည်က်ို တွေ့လိုက်ရ၏။ "သူက ရှင့်ထက် ပိုကောင်းတယ်။"
ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသော အဘိုးကျိ - "..."
ကိစ္စအားလုံးကို ကိုင်တွယ်ပြီးနောက် ကျိသော် ညနေပိုင်းတွင် အိမ်ပြန်ရောက်လာခဲ့ပြီး ရင်းနှီးနေသော အဖြူရောင် မီးခိုးများနှင့် ထူးဆန်းသော အနံ့တစ်ခုက မီးဖိုချောင်မှ လွင့်ပျံ့လာသည်က်ို တွေ့လိုက်ရ၏။
ကျိသော်လည်း သူ၏ ကုတ်အင်္ကျီကို ချွတ်ပြီး လျှောက်သွားခဲ့လိုက်သည်။ လင်းချောင်၏ ခြေထောက်အနီးတွင် ပုံးငယ်များစွာ ရှိနေပြီး အရောင်သည်လည်း ယခင်ဆပ်ပြာရည်နှင့် မတူညီပေ။
"ဒီတစ်ခါ ဘာလုပ်နေတာလဲ။"
လင်းချောင် နောက်ထပ်ပုံးတစ်ခုကို လှမ်းယူနေသည်ကို မြင်သောအခါ သူက ကူညီရန် ခန္ဓာကိုယ်ကိုကိုင်းညွှတ်လိုက်သည်။
လင်းချောင်က သူမ၏လက်ထဲရှိ အသစ်ပြုလုပ်ထားသော ဆပ်ပြာရည်ကို မြှောက်ပြလိုက်၏။ "ဒါက အဝတ်လျှော်ဆပ်ပြာ။"
ထို့နောက် အရောင်ကြည်လင်သော တစ်ခုကို ညွှန်ပြလိုက်ပြန်သည်။ "ဒါက ပန်းကန်ဆေးဆပ်ပြာ။"
အားလုံးကို လောင်းထည့်ပြီးနောက် သူမက ပို၍မည်းမှောင်သော နောက်တစ်ခုကို ညွှန်ပြလိုက်ပြန်သည်။ "ဒါက ခေါင်းလျှော်ရည်။"
"ဒီလောက် အများကြီးလား။"
"ဟုတ်တယ်။"
၎င်းတို့သည် အဆင့်မြင့် ဆပ်ပြာရည် ထုတ်ကုန်များ ဖြစ်သည်။ လင်းချောင် ယခင်က ဤအရာများကို မလုပ်ဖူးပေ။ အကြောင်းမှာ သူတို့၏ လုပ်ဆောင်ချက်များသည် သီးခြားဖြစ်နေသဖြင့် ရောင်းအားကောင်းမည်မဟုတ်ဟု စိုးရိမ်ခဲ့သောကြောင့်ပင်။ ထိုအချိန်က ရေနံဓာတုနည်းပညာသည် ခေတ်မီခြင်းမရှိသေးသလို ပလတ်စတစ်ပုလင်းများလည်း မရှိနေသေးပေ။
အားလုံးပြီးစီးသွားသောအခါ သူမက လက်အိတ်များကို ချွတ်လိုက်ပြီး မေးလိုက်သည်။ "ဘယ်ဟာက ပိုကောင်းမယ်လို့ထင်လဲ။"
ကျိသော် ပုံးများကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သူမ၏ မျက်နှာကို ကြည့်လိုက်သည်။ "ဘယ်လို ကွာခြားမှု ရှိလို့လဲ။"
သူသည် ဤအရာများကို အမှန်တကယ် နားမလည်ပေ။ လင်းချောင် သက်ပြင်းချလိုက်၏။ "ဟုတ်တယ်၊ သူတို့အားလုံးက ဆပ်ပြာရည်တွေပဲ။ ဘာကွာခြားမှု ရှိလို့လဲ။"
ဤတုံ့ပြန်မှုကြောင့် ကျိသော် ငြိမ်သက်သွားပြီး ပုံးများကို ပြန်လည် စစ်ဆေးကြည့်လိုက်၏။ "မင်း နည်းနည်းပိုပြီး အသေးစိတ် ရှင်းပြမပေးနိုင်ဘူးလား။"
"အသေးစိတ်ပြောပြရင်တောင် ဆပ်ပြာရည်တွေပဲလေ။ ဖော်မြူလာတွေ မတူတာပဲ ရှိတာ။" လင်းချောင်က ထမင်းစားပွဲတွင် ထိုင်ရင်း ပြောလိုက်သည်။
"မနက်ဖြန် နေ့လယ်ပိုင်း စာသင်ချိန်မရှိဘူး၊ ဒါကြောင့် စိတ်ကူးတစ်ခုခုရဖို့ အပြင်ထွက်ကြည့်ရမယ်။"
ယခုအချိန်အထိ သူမသည် ဤအိမ်သုံးဓာတုပစ္စည်းများကိုသာ စဉ်းစားခဲ့နိုင်သောကြောင့် စျေးကွက်ထဲတွင် ဝယ်လိုအားကောင်းမည့် အခြားအရာများကို သူမ ပိုမို စူးစမ်းလေ့လာရန် လိုအပ်သည်။
ကျိသော်လည်း ပိုကောင်းမွန်သော အကြံပြုချက်များ မပေးနိုင်သောကြောင့် မေးလိုက်၏။ "ရှောင်ဖန်းကို လိုက်ပို့ခိုင်းရမလား။"
"မလိုပါဘူး။ ကားထဲမှာ ထိုင်နေပြီးတော့ ဘယ်လိုလုပ် စိတ်ကူးရလာမှာလဲ။"
နောက်တစ်နေ့၊ နေ့လယ်စာ စားပြီးနောက်မှာတော့ လင်းချောင်သည် ဦးတည်ရာ တိတိကျကျမရှိဘဲ ဘတ်စ်ကားစီးပြီး ထွက်သွားခဲ့ကာ ရုံးများ၊ စက်ရုံများနှင့် လူနေရပ်ကွက်များရှိရာသို့ လှည့်ပတ်နေခဲ့လိုက်သည်။
မကြာသေးမီအချိန်မှစ၍ ရာသီဥတု သာယာလာပြီး နေရောင်ခြည် ထွက်လာသည့်အခါတွင် နွေးထွေးမှုကို ခံစားရသော်လည်း အရိပ်ထဲတွင်တော့ အေးခဲနေဆဲဖြစ်သည်။ လမ်းလျှောက်ရသောကြောင့် ပင်ပန်းလာသည့် လင်းချောင်သည် နေရောင်ကောင်းကောင်းရသော နေရာတစ်ခုကို ရှာဖွေပြီး နားနေခဲ့သည်။ မထင်မှတ်ထားဘဲ ပြင်ဆင်ထားသော သုံးဘီးဆိုင်ကယ်တစ်စီးက သူမဘေးမှ ဖြတ်သွားပြီးနောက် ရပ်လိုက်ကာ နောက်ပြန်လှည့်လာပြီး "ရဲဘော်လင်း" ဟု ခေါ်လိုက်၏။
အသံက ရင်းနှီးနေသည်။ လင်းချောင် မော့ကြည့်လိုက်ရာ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ချန်ကျောက်နန် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
တစ်နေ့လုံး အဝတ်အစား အထပ်လိုက် ဝတ်ဆင်ထားရသော ချန်ကျောက်နန်သည် အရင်ကထက် အသားပိုဖြူလာပြီး၊ အနည်းငယ် ဝလာကာ၊ ဆံပင်ကိုလည်း သပ်ရပ်သော ဆံပင်တိုပုံစံ ညှပ်ထားခဲ့သည်။
လင်းချောင်း မော့ကြည့်သည်ကို မြင်သောအခါ သူမ၏ ပျော်ရွှင်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။
"တကယ်ပဲ ရဲဘော်လင်းပါလား! ကျွန်မ အရင်တစ်ခါက ပေးခဲ့တဲ့ ချည်ထိုးအိတ်ကို သုံးဖြစ်ရဲ့လား။ သုံးရတာကရော အဆင်ပြေရဲ့လား။"
သူမ၏ ရုပ်ရည်သည် ပိုမိုကောင်းမွန်လာသည်သာမက၊ သူမ၏ မန်ဒရင်းစကားသံသည်လည်း ပို၍ ပုံမှန်ဖြစ်လာခဲ့သည်။ အချိန်တိုအတွင်း ထိုသို့ တိုးတက်လာခြင်းမှာ တကယ်ကို အထင်ကြီးစရာပင်။
လင်းချောင်လည်း သူမ သယ်ဆောင်လာသော အိတ်ကို ပြလိုက်၏။
"သုံးနေပါတယ်။ ကျောင်းကို ယူသွားတာ၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက လှတယ်လို့ ပြောကြတယ်။"
"ဒါဆို နောက်တစ်ခါကျရင် နောက်ထပ်တစ်လုံး ထပ်ထိုးပေးဦးမယ်။"
ချန်ကျောက်နန်က ချီးကျူးခံရသော ကလေးတစ်ဦးကဲ့သို့ လင်းလက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"အဲ့ဒါက အလုပ်ရှုပ်ပါတယ်။ ဒီတစ်ခုကတောင် အတော်ကောင်းနေပြီ၊ ကျေးဇူးတင်ပါတယ်။"
လင်းချောင်သည် သူမ၏ အဝတ်အစားကို သတိထားမိလိုက်သည်။ "ဆပ်ပြာရည် စက်ရုံက ပစ္စည်းတွေကို လိုက်ပို့နေတာလား။"
ကျိသော် စီစဉ်ပေးထားခြင်း ဖြစ်နိုင်သည်။ သူမနှင့် အကျွမ်းတဝင်မရှိသော ယန်ဒူတွင် အလုပ်တစ်ခု ရှာဖွေနိုင်ရန် ကူညီပေးခဲ့ခြင်း ဖြစ်လိမ့်မည်။
ချန်ကျောက်နန်က ခေါင်းညိတ်လိုက်၏။ "ရဲဘော်ကျိကြောင့်ပါ။ ကျွန်မက အပ်ချုပ်ရတဲ့အလုပ်တစ်ခု ရှာနေခဲ့တာ၊ ဒါပေမဲ့ ဘယ်သူ့ကိုမှလည်း မသိတော့ အလုပ်မရခဲ့ပါဘူး။ ရဲဘော်ကျိက ဆပ်ပြာရည်စက်ရုံမှာ အလုပ်ရှာပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ပုံမှန် ပစ္စည်းပို့ရသူတော့ မဟုတ်ပါဘူး။ အခုတလော ကျွန်မတို့သူဌေးက ခရီးလွန်နေပြီး လူလည်းလိုနေလို့ ကျွန်မက ကူညီပေးနေတာပါ။"
ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းပေးခြင်း၊ ချန်ကျောက်နန်အား သူမ၏ ကိုယ်ပိုင်အင်အားဖြင့် ယန်ဒူတွင် ခိုင်မာစွာ ရပ်တည်နိုင်စေရန် ကူညီခြင်းသည် ကျိသော်၏ ပုံစံဖြစ်သည်။
လင်းချောင်း မတ်တပ်ရပ်လိုက်၏။ "ဘယ်နေရာကို ပို့နေတာလဲ။ ကျွန်မ ရှင်နဲ့အတူ ခဏလောက် လမ်းလျှောက်မယ်လေ။"
"အချိန် ကုန်ရာမရောက်ဘူးလား။" ချန်ကျောက်နန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် မေးလိုက်၏။
"ဒီနေ့ နေ့လယ်ပိုင်းမှာ ကျွန်မ ဘာမှလုပ်စရာမှ မရှိပါဘူး။ ရှင်နဲ့ တွေ့ပြီး စာသင်နေတာ ဘယ်လိုအခြေအနေလဲဆိုတာ မေးကြည့်ဖို့ အချိန်ကိုက်ပါပဲ။"
မမျှော်လင့်ထားဘဲ ချန်ကျောက်နန်တွင် စာအုပ်တစ်အုပ် ပါလာခဲ့သည့်အတွက် သူမက ချက်ချင်း ထုတ်ယူကာ လင်းချောင်ကို ပြသလိုက်သည်။