← Chapters

အခန်း (၈၂+၈၃)

Vol. 9 Ch. 82+83

အခန်း (၈၂+၈၃)

Vol. 9 Ch. 82+83

ဝူရုန်းဟော်အိမ်တော်ရှိ တိတ်ဆိတ်သောအခန်းတစ်ခုထဲတွင်

နန်အဥ်းမင်းသမီးမှာ အဓိကထိုင်ခုံ၌မထိုင်ပါဘဲ စူးယွင်နှင့်အတူထိုင်ရန် စားပွဲအားပတ်၍လျှောက်လာခဲ့၏။

"မင်းနဲ့စကားပြောဖို့ တို့မှာခဏခဏကြိုးစားခဲ့ပေမယ့် အခွင့်အရေးမရဖြစ်‌နေတာလေ။တို့ရဲ့ကံက တော်တော်ဆိုးတာပဲ"

သူမ၏အသံမှာ လွတ်လပ်ပေါ့ပါးနေဟန်ရပြီး စူးယွင်နှင့် မိတ်ဖွဲ့ချင်နေပုံပင်။

"မင်းသမီးမှာ ပြောချင်တာရှိရင် တဲ့တိုးပဲပြောလိုက်တာ ပိုကောင်းပါတယ်။စူးယွင်ကဉာဏ်‌ကောင်းတဲ့ထဲမပါလို့ သွယ်ဝိုက်ပြောတာမျိုးဆို နားလည်နိုင်မှာမဟုတ်ဘူး"

စူးယွင်သည် ပြုံးပြနေပေသိ စိတ်ထဲတွင်တော့ငြီးငြူနေမိပါသည်။

မင်းသမီးဆိုတဲ့ ဘွဲ့ရာထူးသာရှိမနေရင် ဘယ်သူကများ သူ့ကို ဂရုစိုက်နေမှာလဲ။

ပြဿနာပေါင်းသောင်းခြောက်ထောင်ဆိုတာ နေ့တိုင်းရှိနေတာပဲကို။

နန်အဥ်းမင်းသမီးမှာ ရယ်မောရင်းပြောလာသည်။

"တို့ကမင်းရဲ့ စိတ်နေသဘောထားကို တကယ်ကြိုက်နှစ်သက်တယ်"

စူးယွင်မှာ ပြန်ဖြေလိုက်ရ၏။

"မင်းသမီးရဲ့ နှစ်သက်မှုကိုခံရတာက စူးယွင်အတွက် ဂုဏ်ယူစရာပါ"

အချစ်ပြိုင်ဘက်တစ်ဦးဆီကနေ နှစ်သက်မှုကို ခံရတယ်ဆိုတာမျိုးက ဘယ်လောက်တောင် ဒရမ်မာဆန်လိုက်သလဲ။

ရုပ်ရှင်ဇာတ်လမ်းတိုတွေမှာတောင် ဒီလိုဇာတ်ကွက်မျိုးကို ရေးရဲမှာမဟုတ်ဘူး။

"အဲ့ဒီလိုမပြောပါနဲ့ တို့ကမင်းကို တကယ်သဘောကျတာပါ"

နန်အဥ်းမင်းသမီးမှာ အပြုံးလေးဖြင့် စူးယွင်ဘေးတွင်ဝင်မှီထိုင်လာ၏။

"တို့က မင်းကို စူးယွင်လို့ခေါ်တယ်လေ။ဒါပေမယ့်မင်းကကျ တို့ကို 'မင်းသမီး' လို့ ခေါ်တာကအရမ်းစိမ်းကားသလိုဖြစ်မနေဘူးလား"

"အမ်..."

စူးယွင်မှာ မျက်ခုံးပင့်လိုက်ပြီး နန်အဥ်းမင်းသမီးမှ မည်သည်တို့ကိုကြံစည်နေသည်အား နားမလည်နိုင်ဖြစ်သွားရသည်။

"ဒီလိုဆိုဘယ်လိုလဲ။တို့ကမင်းကို 'ယွင်ယွင်' လို့ ခေါ်ပြီးတော့ မင်းကကျ တို့ကို 'စန်းစန်း' လို့ ခေါ်‌လေ"

နန်အဥ်းမင်းသမီး၏နာမည်အရင်းမှာ ရုန်ကျီစန်းဖြစ်ပြီး လက်ရှိဧကရာဇ်ကြင်ရာတော်ချွေ့၏အကြီးဆုံးသမီးဖြစ်လေသည်။

သူမသည်အသက် ၁၆ နှစ်ရှိပြီဖြစ်ကာ အိမ်တော်ရှိတစ်ဦးတည်းသောသမီးတော်ဖြစ်၏။နှစ်လိုဖွယ်ရာရုပ်အဆင်းဖြင့် ချစ်စဖွယ်စကားပြောဆိုတတ်သည့်ဟန်ပန်ကြောင့် အလွန်အမင်း ချစ်ခင်မြတ်နိုးခြင်းခံရလေသည်။

သို့သော်လည်း ဤကဲ့သို့ချစ်ခင်ခံရမှုကြောင့် သူမမှာတစ်နေ့တာကို ရယ်ရယ်မောမောပျော်ပျော်ပါးပါးကုန်ဆုံးလေ့ရှိပြီး မကြာခဏဆိုသလို စည်းလွတ်ဝါးလွတ်ဖြင့် ပျော်ပါးနေတတ်၏။

စူးယွင်မှာ ငြင်းဆန်လိုက်သည်။

"မင်းသမီး ဒါက မသင့်တော်ပါဘူး"

သူတို့၏ရာထူးအဆင့်အတန်းနှင့် အနိမ့်အမြင့်စည်းမျဥ်းများအားဖယ်ထားလျှင်တောင် သူမတို့သည် အချစ်ပြိုင်ဘက်များ ဖြစ်နေသောကြောင့် စူးယွင်အနေဖြင့် ဤကဲ့သို့အသုံးအနှုန်းမျိုးနှင့် ခေါ်ဝေါ်ရန်မဖြစ်နိုင်ပေ။

သူမနှင့်နဥ်ကျင်းမှာ လမ်းခွဲခဲ့ပြီးပြီဖြစ်ပေမယ့်ပင်။

"စည်းမျဥ်းတွေဆိုတာ သတ်မှတ်ထားတာဆို‌ပေမယ့် လူတွေကတော့ ပြောင်းလွယ်ပြင်လွယ်လို့ရပါတယ်"

ရုန်ကျီစန်းမှာ ဂရုမစိုက်ဟန်ဖြင့်လက်ကိုဝှေ့ယမ်းကာ

"ငါက မင်းသမီးတစ်ပါးလေ အဲ့တော့မင်းကငါ့စကားကိုနားထောင်ရမယ်"

"ဒါဆို ဆုံးဖြတ်ပြီးပြီနော်။ငါကနင့်ကို ယွင်ယွင်လို့ ခေါ်မယ် ပြီးရင် နင်ကကျငါ့ကို စန်းစန်းလို့ခေါ်ပေါ့"

"မင်းသမီး ....."

ရုန်ကျီစန်းမှာ သူမထံစိုက်ကြည့်၍ *နင်ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ* ဆိုသည့်အကြည့်မျိုးဖြင့်ကြည့်လာခဲ့ပါသည်။

စူးယွင်မှာ ကူကယ်ရာမဲ့စွာဖြင့်နဖူးအားလက်ဖြင့်ထောက်ကာ

"စန်းစန်းပြောတာ မှန်ပါတယ်"

မည်သို့ပင်ဆိုစေကာမူ သူမသည်မင်းသမီးတစ်ပါးဖြစ်၏။သူမအားဆန့်ကျင်သည်ထက် သူမဘက်မှရပ်တည်လိုက်သည်မှာ ပိုကောင်းလေသည်။

"ဟီးဟီး ယွင်ယွင်ရေ"

ရုန်ကျီစန်းမှာ ပြောင်စပ်စပ်လုပ်ပြလာ၏။

သူမအသက်အရွယ်နှင့် လိုက်ဖက်သည့်အပြစ်ကင်းစင်မှုနှင့် လွတ်လပ်ပေါ့ပါးသော စိတ်နေစိတ်ထားပါပင်။

ဤအချိန်တွင်စူးယွင်မှာ သူမအပေါ် အနည်းငယ်အမြင်ပြောင်းလာခဲ့လေပြီ။

သူမမှာ နဥ်ကျင်းနှင့်လမ်းခွဲခဲ့ပြီးဖြစ်ကာ ရုန်ကျီစန်းနှင့်လည်း ပတ်သက်စရာဘာတစ်ခုမှမရှိတော့ပေသိ သူမစိတ်ထဲတွင်တော့ ရုန်ကျီစန်းအပေါ် အမြင်မကြည်ဖြစ်နေဆဲပင်။

ထိုအချိန်တွင် စူးယွင်မှာရုန်ကျီစန်းအပေါ် သနားစိတ်အနည်းငယ်ပင် ဖြစ်ပေါ်လာခဲ့၏။ဤကဲ့သို့မိန်းမကောင်းလေးတစ်ဦးမှာ နဥ်ကျင်းထံမှ အရိုးပါမကျန်ဝါးမြိုခံရတော့ပေမည်။

စူးယွင်သည်နှုတ်ခမ်းအားကိုက်ကာ အချိန်အတော်ကြာအောင် စိတ်ရှုပ်ထွေးနေခဲ့ပေသိ နောက်ဆုံးမှာတော့ နဥ်ကျင်း၏ပင်ကိုယ်စရိုက်အားနည်းချက်များအား ရုန်ကျီစန်းထံ ပြောပြသင့်သေးသည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

"အာ စန်းစန်း...."

ဒီလိုခေါ်ရတာက တကယ်ကိုကသိကအောက်ဖြစ်စရာပဲ။

စူးယွင်သည် အံကြိတ်ကာဆက်ပြောရန်မှတစ်ပါး တခြားရွေးချယ်စရာမရှိတော့‌ပေ။

"နင်နဥ်ကျင်းနဲ့ ပတ်သက်ပြီးဘာတွေသိထားလဲ"

"ဟင်"

ရုန်ကျီစန်းမှာ မျက်လုံးပြူးလေးဖြင့် သူမထံ စိုက်ကြည့်လာသည်။*သူက ငါနဲ့နဥ်ကျင်းရဲ့ပက်သက်မှုကို သိနေတာလား။ငါဘာမှ မပြောခဲ့မိပါဘူး။သူ့ဘာသာ ဆက်စပ်တွေးကြည့်လိုက်တာလား။ဦးလေးက ငါ့ကိုဆူများဆူမလားမသိ*

ရုန်ကျီစန်းမှာ တောင်ကြည့်မြောက်ကြည့်ဖြင့် ခပ်သွက်သွက်တွေးတောနေလိုက်သည်။

သို့သော်ထိုအပြုအမူမှာ စူးယွင်မျက်လုံးထဲတွင်တော့ ဝံပုလွေတစ်ကောင်ထံမှအစားခံရတော့မည့်အပြစ်ကင်းစင်သောမိန်းကလေးတစ်ဦးပုံစံဖြင့်ဆင်တူနေခဲ့လေ၏။

ဤကဲ့သို့ဖြူစင်သောပန်းလေးကို ဖျက်ဆီးမခံရအောင် သူမမှာသေချာပေါက်ကာကွယ်ပေးရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

စူးယွင်မှ ဆက်ပြောလာ၏။

"အဲ့ဒါကသူ့ရဲ့စိတ်နေစိတ်ထားနဲ့ ပတ်သက်တာပါ... သူ့ကိုကြည့်ရတာ.....လူအများစုနဲ့ နည်းနည်းတော့ကွာတယ်နော်"

အချိန်အတော်ကြာ စဥ်းစားပြီးနောက်မှာတော့ ဤကဲ့သို့ပြောလိုက်သည်မှာ ပိုအဆင်ပြေသည်ဟု သူမခံစားရပါသည်။

ရုန်ကျီစန်းမှာ ခဏတာမျှတန့်သွားပြီး စူးယွင်ထံ ခေါင်းစောင်းကြည့်လိုက်သည်။

စကားလုံးများအားရိပ်ဖမ်းသံဖမ်းသာကြားလိုက်ရပေသိ စူးယွင်မှဘာကိုဆိုလိုသည်ကိုတော့ ရုန်ကျီစန်းနားလည်လိုက်ပါ၏။

သူမသည် လက်အားအမြန်ယမ်း၍ နဥ်ကျင်း၏အပြုအမူကို ရှင်းပြရန်လုပ်လိုက်သည်။

"နဥ်ကျင်း.....သူက......သူ့စိတ်အခြေအနေက နည်းနည်းလေးပဲ အစွန်းရောက်တာပါ။ဒါပေမယ့် သူကလူကောင်းတစ်ယောက်ဆိုတာကို နင်ယုံရမယ်နော်"

ရုန်ကျီစန်းမှာအနည်းငယ်စိုးရိမ်ပူပန်နေပုံဖြင့် စူးယွင်၏လက်မောင်းကို ရုတ်ချည်းဆွဲလာလေသည်။

"ယွင်ယွင် သူ့ရဲ့စိတ်နေစိတ်ထားက အဲ့ဒီလိုဆိုပေမယ့် မင်းအပေါ်ရိုးသားတာကတော့သေချာပါတယ်။ဒါကြောင့်သူ့ကို မကြောက်လိုက်ပါနဲ့နော်"

ထိုမှသာ ရုန်ကျီစန်းလဲ နဥ်ကျင်းသည်အိမ်တော်အပြင်ဘက်တွင် ရှိနေသော်ငြား အဘယ်ကြောင့် အခြားလူများမှတစ်ဆင့် စူးယွင်ထံပစ္စည်းများပို့ပေးကာ လူကိုယ်တိုင်မတွေ့ရဲဖြစ်‌နေရသည်ကို နားလည်သွားပါ‌တော့သည်။

ရုန်ကျီစန်းမှ လက်ယမ်းပြလိုက်ရာ အစေခံတစ်ဦးသည် ပစ္စည်းအားသယ်လာလေ၏။

"ဒါနဥ်ကျင်းက ငါ့ဆီကနေတစ်ဆင့်နင့်ကို ပေးခိုင်းလိုက်တဲ့ပစ္စည်းပဲ။သူကစာကိုနင်ဖတ်လိုက်တာနဲ့ နားလည်သွားလိမ့်မယ်လို့ ပြောတယ်"

အတွင်းတွင်စာတစ်စောင်သာရှိလေ၏။

စူးယွင်မှာ စာအားကြည့်၍ ဖွင့်ဖတ်လိုက်သည်။

စာထဲတွင်ရိုးရိုးရှင်းရှင်း စာတစ်ကြောင်းသာရှိ‌လေ၏။နဥ်ကျင်းမှ သုန်းမိသားစုဝင်များကို မသတ်ခဲ့ကြောင်း သက်သေပြသည့် အထောက်အထားပင်။

စူးယွင်သည် စာအိတ်ထဲကိုစာပြန်ထည့်လိုက်ပြီး ရုန်ကျီစန်းကို ပြောလိုက်သည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါကသူ့အပေါ်အယုံအကြည်မပျက်ခဲ့ပါဘူး"

"ဒီတော့ သူ့အနေနဲ့ငါ့ကိုဘာမှ သက်သေပြစရာမလိုပါဘူး"

စူးယွင်သည်စာအိတ်ကို ရုန်ကျီစန်းထံပြန်ပေး၍

"ဒါကိုသူ့ဆီ ပြန်ပေး,ပေးပြီး လိုအပ်တဲ့လူဆီကိုပဲ ပေးခိုင်းလိုက်ပါ"

"သူကဒီစာကို နင့်ဆီပေးဖို့ပြောခဲ့တာမလို့ ဒါနင့်ဟာပဲ"

ရုန်ကျီစန်းသည် သူမထံပြန်တွန်းပေးလိုက်၏။

စူးယွင်သည်ပြန်မဖြေသလို စာကိုလဲပြန်မယူခဲ့ပေ။

"နင်တစ်ခါမှ ဒီလိုမစဥ်းစားဖူးဘူးလား။သူ့လိုလူမျိုးက တခြားလူတွေရဲ့ ထင်မြင်ချက်ကို တကယ်ဂရုမစိုက်ပါဘူး"

ရုန်ကျီစန်းမှာ သူတို့နှစ်ဦးကြား မည်သည်တို့ဖြစ်ပျက်ခဲ့သည် စာထဲ၌မည်သည်တို့ရေးထားသည်ကိုမသိ‌ပေသိ ထိုကိစ္စနောက်ကွယ်၌ပို၍ရှုပ်ထွေးသော အရာတစ်ခုရှိ‌နေသည်ဟု ခံစားနေရလေသည်။

ထို့ပြင်သူမ၏စိတ်ထဲမှ‌နေ ဤအရာမှာ ကောင်းသည့်အရာတစ်ခုမဟုတ်ဟု ပြောနေခဲ့၏။

"နင်က လိုအပ်တဲ့လူကိုပေးလိုက်ပါ ပြောနေပေမယ့် သူ့အတွက်တော့ လိုအပ်တဲ့သူဆိုတာ နင်တစ်ယောက်ထဲပဲလေ"

သူမ၏စကားများမှာ ရိုးရှင်းပေသိ စူးယွင်၏နှလုံးသားကို ချွန်ထက်သောဓားသွားတစ်စင်းအလား ထိုးဖောက်၀င်ရောက်သွား‌လေ၏။သူမရင်ဘတ်ထဲရှိနာကျင်မှုမှာ စာအားသိမ်းထားလိုက်ပါဟု တိုက်တွန်းနေခဲ့ပါသည်။

စူးယွင်သည် ရုန်ကျီစန်းထံကြည့်၍ ပြောလိုက်၏။

"နင်ကနဥ်ကျင်းအကြောင်းကို အတော်သိထားပုံရတယ်"

ရုန်ကျီစန်းမှာ ပြန်ဖြေလာသည်။

"နည်းနည်းပါးပါးပါပဲ"

"ငါကသူနဲ့ ဟိုကတည်းကသိခဲ့တာလေ။ပြီးတော့ သူခံစားခဲ့ရတဲ့ကိစ္စ‌တော်တော်များများကိုလဲ မြင်ခဲ့ရတယ်"

"ငယ်ချစ်ဦးတွေပေါ့လေ"

စူးယွင်၏အသံမှာ မနာလိုမှုအနည်းငယ်စွက်နေခဲ့သည်။

"အရမ်းအားကျစရာကောင်းတာပဲ"

"ဟမ် မဟုတ်ပါဘူး"

"အမ်း"

ရုန်ကျီစန်းမှာ ရှင်းပြချင်ပေသိ မည်သည်မှစ‌၍ရှင်းပြရမည်မှန်း မသိတော့ပေ။

"ထားလိုက်ပါတော့ နောက်ဆုံးကျ နင်နားလည်သွားမှာပါ"

"ဘာဖြစ်ဖြစ်ပါ"

စူးယွင်သည် ဆက်မစဥ်းစားချင်တော့‌ပေ။သူတို့ဆက်ဆံရေးမှာ သူမစိတ်ကူးထားသည့်အတိုင်း ဖြစ်မဖြစ်ဆိုသည်မှာလည်း သူမနှင့် မသက်ဆိုင်ပါချေ။

"ယွင်ယွင်"

ရုန်ကျီစန်းမှာ စူးယွင်၏လက်အား ကိုင်ကာ‌ လေးလေးနက်နက်ပြောလိုက်သည်။

"နဥ်ကျင်းကနင့်ကို တကယ်မြတ်နိုးတာပါ။ သူကနင့်ကိုနာကျင်စေမှာ မဟုတ်လို့သူ့ကို မကြောက်ပါနဲ့"

သူမသည်လဲ နဥ်ကျင်းစိတ်နေစိတ်ထားမှာအနည်းငယ်ထူးဆန်းနေသည်ဆိုသည်ကိုသိထားပါ၏။သူမကိုယ်တိုင်သည်လည်း ယခင်က သူ့ကိုကြောက်ခဲ့ဖူးပေသိ နဉ်ကျင်းနှင့်ပိုသိလာလေလေ ဤသည်မှာ သူ၏ချစ်ခြင်းမေတ္တာအား ဖော်ပြသည့်မရင့်ကျက်သောနည်းလမ်းတစ်ခုသာ ဖြစ်သည်ကိုသိလိုက်ရလေသည်။

သို့်သော်ထိုအတွက် သူ့အားဘယ်လို အပြစ်တင်နိုင်ပါမည်နည်း။

"နင်....."

"သူ မှားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်ယွင်ယွင်နင်ကသူ့ကို သင်ပေးနိုင်တယ်‌လေ။သူကနင့်အတွက်ပြောင်းလဲပေးမှာပါ"

စူးယွင်ပြန်သွားပြီးနောက်တွင်တော့ ရုန်ကျီစန်းသည် တံခါးကိုတွန်းဖွင့်လိုက်ပြီး နောက်အခန်းတစ်ခန်းထဲဝင်လာလိုက်၏။

"အားလုံး ထွက်သွားကုန်ပြီလေ။ဘာလို့ ဆက်ပြီးကြည့်နေသေးလဲ"

ရုန်ကျီစန်းသည်နဥ်ကျင်းရှေ့၌ရပ်ကာ မြင်ကွင်းကို ကွယ်လိုက်သည်။

"ဒါက လုံးဝ အသုံးမဝင်ဘူးနော်"

နဥ်ကျင်းသည် ပြန်ဖြေမလာဘဲ သူ့မျက်ဝန်းအစုံမှာတော့ ရှေ့ကိုသာစိုက်ကြည့်နေခဲ့လေသည်။

ရုန်ကျီစန်းမှာ နဉ်ကျင်းအားမဖြောင်းဖြနိုင်သည့်အတွက်ခြေဆောင့်ကာ နေရာလွတ်တစ်ခုကို ရှာထိုင်လိုက်ပြီး ဆက်လက်ငြီးငြူနေလိုက်၏။

"ဦးလေးက ပုံမှန်ဆိုရင်အေးဆေးတည်ငြိမ်ပြီး ယဥ်ကျေးသိမ်‌မွေ့နေတဲ့လူလိုဟန်ဆောင်ပြနေပေမယ့် ကိုယ့်ကိုယ်ကို ထူးခြားတဲ့ဖြစ်တည်မှုတစ်ခုလို့ တကယ်ကြီးများထင်သွားသလား"

"ဘာလို့အဲ့လို‌တွေလုပ်ပြနေတာလဲ။တကယ်တမ်း ဦးလေးကဘယ်လိုလူဆိုတာကို လူတိုင်းသိနေတာပဲလေ"

"မင်းပြောလို့ဝပြီလား"

နဥ်ကျင်းသည် သူမအားစိုက်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

"မင်းရဲ့ပါးစပ်က တော်တော်ထက်တာပဲ။ဒီ‌တော့မင်း ကျိန်းသေအစာကိုအများကြီး စားမိမှာပဲ"

ထိုစကားလုံးများ နဉ်ကျင်းနှုတ်ဖျားမှထွက်လာသည်နှင့် ရုန်ကျီစန်းမှာ ချက်ချင်းဆိုသလို အန္တရာယ်ကို အာရုံခံမိလိုက်ပြီး သူမလေသံကို အမြန်ပြောင်းလိုက်လေသည်။

"ဦးလေး ကျွန်မ မပြောတော့ပါဘူး"

"တကယ်လား"

နဥ်ကျင်း၏လက်ချောင်းများသည် ထိုင်ခုံလက်ရန်းကိုပုတ်နေပြီး သူ့မျက်လုံးများမှာတော့ သူမကို ခေါင်းအစခြေအဆုံး စစ်ဆေးနေလိုက်သည်။

"မင်းကိုယ်အလေးချိန် တော်တော်လေး တက်လာတယ်လို့တော့ ငါထင်တယ်"

ရုန်ကျီစန်းမှာ ချက်ချင်းထရပ်ကာသူ့ရှေ့၌ လှည့်ပတ်ပြလိုက်၏။

"မျက်လုံးဖွင့်ပြီး သေချာကြည့်လိုက်ပါဦး။ဘယ်နေရာမှာများ ကိုယ်အလေးချိန် တက်လာလို့လဲ"

သူမသည်ခါးထောက်ကာ မေးစေ့ကို အနည်းငယ် ပင့်မော့ထားလိုက်ပြီး

"ကျွန်မရဲ့ ပုံပန်းသဏ္ဌာန်က အချိုးအစားကျကျနဲ့ ပြီးပြည့်စုံခြင်းရဲ့ စံပုံစံပဲလေ"

နဥ်ကျင်းသည် သူမစကားကို လျစ်လျူရှုကာ ဆက်ပြောလိုက်၏။

"မင်း တကယ်ဝလာတာပဲ။မင်းအိမ်ပြန်ရောက်တဲ့အခါကျရင် ဝမ်းကွဲဆီသွားပြီး ကိုယ်အလေးချိန် လျှော့ချဖို့ အကူအညီ တောင်းသင့်တယ်"

ရုန်ကျီစန်းမှာ မျက်နှာတစ်ခုလုံး ရဲပလောင်းခတ်သည်ထိ အလွန်အမင်းဒေါသထွက်သွားရကာ နဉ်ကျင်းထံ လက်ညှိုးထိုး၍

"ဦးလေး..."

နဥ်ကျင်းမှာ‌တော့ ခုံမှထကာ တံခါးဆီ လျှောက်သွားလိုက်၏။

"နဥ်ကျင်း လူဆိုးကောင် ငါခုနက နင့်ဘက်ကနေကာပြောပေးခဲ့ရတာနော်"

ရုန်ကျီစန်းသည် ထွက်သွားပြီဖြစ်သော သူ့ပုံရိပ်ထံကြည့်ကာ အော်လိုက်သည်။

"နဥ်ကျင်း နင်အရှုပ်ထုပ် မနက်ဖြန်ဖြစ်ဖြစ် နောက်ရက်တွေဖြစ်ဖြစ် ငါယွင်ယွင်ဆီသွားရှာပြီး သူကနင့်ကို ဘယ်တော့မှ ထပ်မမြင်ချင်တော့အောင်လုပ်ပစ်မယ်"

ထိုစကားလုံးများ သူမနှုတ်ဖျားမှ ထွက်သွားသည်နှင့် ရုန်ကျီစန်းမှာချက်ချင်းဆိုသလို နောင်တရသွားခဲ့၏။

သူမသည်နှုတ်ခမ်းအားကိုက်ကာ ကျောပေး၍

"အဲ... ငါကအဲ့ဒီလိုဆိုလိုချင်တာမဟုတ်ပါဘူး"

"ငါ... ငါက ဒီအတိုင်း..."

သူမသည် လက်များအားစိတ်မတည်မငြိမ်ဖြစ်ဟန်ဖြင့် ဆော့ကစားနေပြီး ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်၏။

"ငါ အဲ့ဒီလို မပြောသင့်ခဲ့ဘူး..."

"သူ သွားပြီလား ဒါမှမဟုတ် သူ မကြားလိုက်တာလား"

ရုန်ကျီစန်းသည် ခေါင်းစောင်း၍ပြုံးလိုက်မိ၏။သူမစိတ်ထဲတွင်တော့ တိတ်တိတ်လေး ကျေနပ်နေခဲ့သည်။

"ငါ ကံကောင်းတာပဲဖြစ်ရမယ် မဟုတ်ရင် ငါတော့သေပြီပဲ"

ပုံမှန်ဆိုလျှင် နဥ်ကျင်းမှာ သူမအား တော်တော်သည်းခံပေးပါ၏။သူသည် ပုံမှန်အားဖြင့် သူမအားကြောက်လန့်စေရန် စကားကြမ်းကြမ်းအချို့ဖြင့် ဆူငေါက်လေ့ရှိပေသိ ယခုသူမပြောလိုက်သည်ကို သူ ကြားလိုက်လျှင်‌တော့ သူ့ဘက်မှအလေးအနက်ထားကိုင်တွယ်မည်မှာ သေချာသည်ကို သူမသိလေသည်။

ထိုအချိန်‌ရောက်လျှင်တော့ စားခွင့်သောက်ခွင့်မရနိုင်ဘူးဆိုသည့် အကြံမှာမပြောပလောက်သည့် ပြဿနာသာဖြစ်သွား‌ပေလိမ့်မည်။နဥ်ကျင်းသည် သူမအား မှောင်မည်းနေသောအခန်းလေးတစ်ခုထဲ ထည့်ပိတ်ကာကောင်းကောင်းကြီး ရိုက်နှက်လိုက်မည်ကို သူမ ကြောက်ရွံ့ပါ၏။

ရုန်ကျီစန်းမှာ အတွေးဖြင့်ပင်တုန်လှုပ်သွားရပြီး သူမမျက်နှာကို ပုတ်လိုက်သည်။

"ငါ့ရဲ့ ဒီလို ပြီးပြည့်စုံတဲ့မျက်နှာလေးကို ပျက်စီးဖို့ ခွင့်မပြုနိုင်ဘူး"

တစ်ချိန်တည်းမှာပင် ဝမ်ကော၌စူးယွင်မှာ အိပ်ရာထက်ထိုင်ပြီး စာအိတ်ကိုတစ်ဖန် ပြန်ဖွင့်ကြည့်လိုက်၏။

စုံစမ်းစစ်ဆေးကြည့်ပြီးနောက်တွင် သုန်းမိသားစုဝင်နှစ်ဦးမှာ ဓားဒဏ်ရာများကြောင့် သေဆုံးခဲ့ရသည်ဟုဆုံးဖြတ်ချက်ချခဲ့ကြသည်။

သက်သေ : ၂၅၃၊ မြို့အရှေ့ဘက်ခြမ်းဆင်ခြေဖုံးအပြင်ဘက်

စာသည်အတိုချုပ်ပင်ဖြစ်ကာ စာကြောင်းနှစ်ကြောင်းထဲပင်။စူးယွင်မှာအကြိမ်ကြိမ် ပြန်ဖတ်ကြည့်လိုက်မိသည်။

သူမလက်ချောင်းများမှာ စာရွက်အားတင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။သူက မလုပ်ချင်ဘူးဆိုရင်လဲ သူမကပဲသူ့အတွက် ဂရုစိုက်ပေးလိုက်တာပေါ့။

စူးယွင်သည်စာအား သေသေချာချာသိမ်းဆည်းလိုက်ပြီး စောင်ကိုဆွဲကာ အိပ်လိုက်တော့သည်။

မနက်ခင်းစျေးသည်များ၏ဆူညံသံတို့ မထွက်လာသေးခင်မှာပင် စူးယွင်သည်အိပ်ရာမှထလိုက်၏။

စူးယွင်မှာ သုန်းမိသားစုကိစ္စ‌ကြောင့် လေးလံထိုင်းမှိုင်းကာ စိတ်ထဲမသက်မသာဖြစ်နေတော့သည်။သူမမှာ ကောင်းကောင်း အိပ်မ‌ပျော်တော့၍အမြန်ဆုံး ဖြေရှင်းလိုက်ရန်စီစဉ်လိုက်၏။

ရှေ့တံခါးမှနေ ထွက်သွားမည့်အစား သူမ သည် နောက်ဖေးလမ်းမှသာ တိတ်တိတ်လေးထွက်သွားပြီး လမ်းပေါ်ကိုထွက်လာလိုက်သည်။

သူမသည် လမ်းတစ်လျှောက်၌မေးမြန်းရင်း နောက်ဆုံးမှာ‌တော့ သုန်းကွေ့၏လက်ရှိနေအိမ်ဆီရောက်လာခဲ့ပါတော့၏။

အိမ်မှာအလွန်ရိုးရှင်းကာ ထောင့်တစ်နေရာ တွင် ကျိုးနေသည့်စားပွဲတစ်လုံးနှင့် ဟောင်းနေပြီဖြစ်သည့် ကုလားထိုင်လေး အနည်းငယ်သာရှိလေသည်။

သုန်းကွေ့သည်သူမထံ အေးစက်စက်အမူအယာဖြင့်ကြည့်ကာ မေးလာ၏။

"နင်ဘာကိစ္စရှိလို့လဲ"

"ဘာလဲငါခံစားနေရတာကို လာကြည့်တာများလား"

"ကောင်းပြီ‌လေ အခုနင်မြင်ပြီးပြီဆိုတော့ သွားလို့ရပြီ"

စူးယွင်မှာ ပြန်ဖြေလိုက်၏။

"နင့်ရဲ့အမေနဲ့မောင်ကိစ္စနဲ့ပတ်သက်နေတယ်"

"သူတို့က ဘာဖြစ်လို့လဲ"

သုန်းကွေ့သည် သူမမျက်လုံးများအားမှိတ်ကာ စိတ်အခြေအနေမှာ စတင်လှုံ့ဆော်ခံလိုက်ရ၏။

"သူတို့ကသေပြီးပြီလေ။နင်ကသူတို့ကို အနားယူဖို့တောင်ခွင့်မပြုချင်တော့ဘူးလား"

"စူးယွင် နင်အကန်းတက်လွန်းမနေနဲ့"

"နင်သိအောင်ပြောလိုက်မယ်။သူတို့ရဲ့ သေဆုံးမှုတွေက နင်နဲ့လည်း ဆက်စပ်နေတယ်။နင့်မှာလည်း အပြစ်ရှိတယ်"

သုန်းကွေ့သည် စူးယွင်လက်မောင်းအား ဆောင့်ဆွဲကာ ကဗ္ဗည်းတိုင်များရှေ့သို့ခေါ်လာခဲ့၏။

"လာ သူတို့ကို ကြည့်လိုက်ပါဦး။အခု သူတို့က ကဗ္ဗည်းတိုင်နှစ်ခုဖြစ်သွားပြီလေ။နင်ပျော်ပြီလား"

စူးယွင်သည် မျက်လွှာချကာအသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

"သူတို့ဒီလိုမျိုး ဖြစ်သွားတဲ့အတွက် ကျွန်မ စိတ်မကောင်းပါဘူး"

သုန်းကွေ့ပြောတာ မှန်ပါတယ်‌လေ။နဥ်ကျင်းက သူတို့ကို သတ်တာဖြစ်ဖြစ် မသတ်တာဖြစ်ဖြစ် ဒီကိစ္စကတစ်နည်းနည်းနဲ့တော့သူမနဲ့ ဆက်စပ်နေတာပဲမလား။

"ရွံစရာကောင်းလိုက်တာ"

"ဒါကို ကြည့်လိုက်"

စူးယွင်သည် စာအိတ်အားပေးလိုက်၏။

"ဒါက သူတို့ သေဆုံးမှုနောက်ကွယ်က အမှန်တရားပဲ"

"နဥ်ကျင်းကနင့်ကိုမလိမ်ခဲ့ဘူး။သူက ကတိမတည်တဲ့သူ မဟုတ်ပါဘူး"

သုန်းကွေ့သည် သူမအားသံသယဖြစ်ဟန်ဖြင့် ကြည့်လာပေသိစာအိတ်ကိုတော့ ယူလိုက်ပါသည်။

သုန်းကွေ့မှ သူမအားယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ စူးယွင် စိတ်မရှိပါပေ။သူမသည် ကဗ္ဗည်းတိုင်များထံ လျှောက်သွားပြီး အမွှေးတိုင်သုံးတိုင်အား မီးရှို့ပူဇော်၍ပြောလိုက်သည်။

"သခင်မကြီးသုန်း နဥ်ကျင်းကိုယ်စား ကျွန်မ ကပဲတောင်းပန်ပါတယ်"

သူမ သုံးကြိမ်ဦးညွှတ်လိုက်၏။

အမွှေးတိုင်များကို အမွှေးတိုင်ခွက်တွင်းစိုက်ပြီးသည်နှင့် သူမ လှည့်ထွက်သွားလိုက်သည်။

အပြင်ဘက်သို့ သူမခြေတစ်လှမ်းချလိုက်သည်နှင့် အတွင်းဘက်မှနေဆူညံသံတစ်ခုထွက်လာလေ၏။

စူးယွင်၏နှလုံးမှာ ခုန်ဆောင့်သွားရသည်။

"မကောင်းတော့ဘူး"

သူမ ချက်ချင်းပြန်လှည့်ကာ အိမ်ထဲသိုပြေးဝင်သွားလိုက်၏။

All Chapters