အခန်း (၈၄+၈၅)
Vol. 9 Ch. 84+85
စူးယွင်ယူလာသောစာရွက်မှာ တံခါးပေါက်နားတွင် ပြုတ်ကျနေပြီး သွေးများစွန်းထွန်းနေရာ စာလုံးအတော်များများအား မှေးမှိန်သွားစေသည်။
စူးယွင်သည် စာရွက်အား ကောက်မနေတော့ဘဲ ဝတ်ပြုပွဲစားပွဲဘေးရှိ သုန်းကွေ့ထံ အကြည့်ရောက်သွားလေ၏။
ဓားတစ်ချောင်းမှာ သူမဗိုက်တွင်ထိုးစိုက်နေပြီး သွေးများမှာ ခါးတစ်လျှောက်မှ စီးကျလာကာ သူတို့နှစ်ဦးအစောကစကားပြောခဲ့သည့် နေရာတစ်ဝိုက်တွင် စုပုံသွားလေသည်။
အိမ်မှာ မြေမညီသောကြောင့် သွေးများမှာပို၍ပင်ထိန်းမထားနိုင်အောင် စီးဆင်းနေလေ၏။စူးယွင်၏ခြေဖျားနားထိ စီးဆင်းလာကာ သူမမတုံ့ပြန်နိုင်ခင်မှာပင် အဝတ်အနားအား စွန်းထင်းသွားစေခဲ့သည်။
သူမမှာ အောက်ကိုငုံ့ကြည့်လိုက်ပေသိ အာရုံသိပ်မစိုက်ခဲ့ချေ။ထိုအစားအခြားဖက်မှနေ သုန်းကွေ့နားသို့ ချဉ်းကပ်လိုက်သည်။
ကြမ်းပြင်ထက်၌ ဖုန်များပြည့်နေပေသိ စူးယွင်သည် သုန်းကွေ့ပခုံးအားဆွဲကာ သူမ ပေါင်ပေါ်အသာတင်ပေးလိုက်ပြီး တင်ပလ္လင်ချိတ်ထိုင်လိုက်၏။
"ဘာလို့လဲ"
စူးယွင်နားမလည်နိုင်တော့ပေ။အမှန်တရားအားသိခဲ့ပါလျှင် ဘာကြောင့်အတည်ပြုချက်ရှာမည့်အစား ကိုယ့်ကိုယ်ကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့ရသနည်း။
"ငါက... အဟွတ် အဟွတ် အဟွတ်..."
သုန်းကွေ့ပါးစပ်မှ သွေးတစ်ပွက်အန်ကျလာ၏။
စူးယွင်သည် ခါးထက်ရှိလက်ကိုင်ပုဝါအား အမြန်ထုတ်ကာ သုန်းကွေ့ပါးစပ်ထောင့်မှသွေးများကိုသုတ်ပေး၍ လက်ကိုင်ပုဝါအား လုံးလိုက်ကာဗိုက်ထက်မှဒဏ်ရာပေါ် ဖိပေးထားလိုက်သည်။
သူမထံတွင် ဆေးပညာဗဟုသုတမရှိသောကြောင့် ဓားကိုကိုယ်တိုင်ဆွဲမထုတ်ရဲပေ။
"ဒီမှာနေခဲ့လိုက်ဦး။ငါသမားတော်သွားခေါ်ပေးမယ်"
ထိုစကားအားပြောပြီးသည်နှင့် စူးယွင်သည် သုန်းကွေ့အားဖယ်မကာ အပြင်ထွက်ဖို့လုပ်လိုက်၏။
"မလိုဘူး"
သုန်းကွေ့သည် မျက်မှောင်ကြုံ့ကာ အံကြိတ်၍ ညာလက်တွင်အားကုန်ထည့်လိုက်သည်။
"သွားမနေနဲ့တော့ ဘာမှအသုံးမဝင်ဘူး"
"ဘာလို့လဲ"
စူးယွင်မှ ထပ်မေးလိုက်ပြန်သည်။
သုန်းကွေ့မှာ ဖျော့တော့စွာပြုံးပြလာပြီး တိုးလျလျလေသံဖြင့်
"ငါတို့က အာဏာစက်အောက်က သားကောင်တွေ သက်သက်ပါပဲ။သူတို့က ငါတို့ကို သေစေချင်ရင် ရှောင်လွှဲလို့ မရဘူး"
စူးယွင်ယူလာသောစာထဲရှိ အကြောင်းအရာများကို ကြည့်ပြီးချိန်မှာပင် သုန်းကွေ့သည် လူသတ်သမားမှာ မည်သူဆိုသည်အားသိသွားပြီဖြစ်၏။
"ဒီအိမ်ကို ငါ့အတွက်ဘယ်သူစီစဉ်ပေးခဲ့လဲ သိလား"
စူးယွင်ခေါင်းယမ်းပြလိုက်သည်။သူမမှာ ဤအိမ်အားသုန်းကွေ့၏မိသားစုမှ ပိုင်သောအိမ်ဟုထင်ခဲ့ခြင်းပင်။
"သူက ငါ့အမေနဲ့မောင်လေး သေသွားပြီလို့ ပြောပြီး သူတို့ခန္ဓာကိုယ်တွေကို ရှာဖို့ခေါ်သွားတယ်။ငါ့အတွက် အစစအရာရာစီစဉ်ပေးပြီး နောက်ကျဒီနေရာမှာနေခိုင်းခဲ့တာ"
သုန်းကွေ့၏မျက်လုံးအိမ်တို့မှာ ကျယ်လာပြီး အသံမှာလဲ ဖျော့တော့နေသည်။
"ဒါပေမဲ့ သူ့မျက်နှာကို ငါတစ်ခါမှ မမြင်ဖူးဘူး။နေ့တိုင်းဆိုသလို ငါ့နားထဲနဥ်ကျင်းက သူတို့ကိုသတ်လိုက်တာဆိုပြီး တိုးတိုးလေးရွတ်နေတတ်တယ်"
ထိုစဉ်က အမုန်းတရားများဖြင့်ဖုံးလွှမ်းခံနေရပြီး တစ်ယောက်ယောက်မှအကူအညီပေးလာသည်ကြောင့် သူမမှာသေချာစဉ်းစားမနေတော့ဘဲ ချက်ချင်းဆိုသလိုနဥ်ကျင်းကိုသာ လူသတ်သမားအဖြစ် အပြစ်ပုံချခဲ့မိသည်။
သို့သော်ယခု စူးယွင်မှအမှန်တရားအား ယူလာပြီး တခြားတစ်ယောက်ကသာ တကယ့်လူသတ်သမားဖြစ်ကြောင်း ပြောပြလာချိန်တွင်တော့ သုန်းကွေ့မှာ မည်သည်ကသာအမှန်တရားဆိုသည်ကို နားမလည်နိုင်တော့ချေ။သို့သော် သူမမှာ တုံးအနေသည်တော့မဟုတ်ပေ။ဤညကျော်သည်ထိ သူမ အသက်ရှင်နိုင်မည် မဟုတ်သည်ကိုနားလည်လေသည်။
လူသတ်သမားအစစ်မှာ မည်သူဖြစ်နေစေကာမူ ဤသည်မှာအာဏာရှင်အရာရှိများကြားမှ စီးချင်းထိုးမှုဖြစ်ပြီး သူမတို့သည်တော့ မြေစာပင်သက်သက်သာဖြစ်သည်မှာ ထင်ရှားနေပြီပင်။
"စူးယွင် အာဏာရှိတဲ့သူတွေကြားက အထိကရုဏ်းကို ငါကတော့ရပ်တန့်နိုင်မှာ မဟုတ်ဘူး"
"နောက်ဆုံးတော့ အတူတူပါပဲလေ။သေခြင်းတရားကနေ ရှောင်လွှဲလို့မရပါဘူး။အဲ့လိုဆိုမှတော့ ကိုယ့်ဘာသာကိုယ်အဆုံးသတ်လိုက်တာ ပိုကောင်းပါတယ်"
သုန်းကွေ့သည် စူးယွင်၏အင်္ကျီလက်ကို ဆုပ်ကိုင်၍တောင်းပန်လာ၏။
"ငါသေပြီးရင် သူတို့ကို ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါလား။အရင်က ငါနင့်အပေါ်မှားခဲ့တာကို သိပါတယ်။တောင်းပန်ပါတယ်ဟာ"
ထိုသို့ပြောပြီး သုန်းကွေ့မှာ ကြမ်းပြင်ပေါ်မှထရန် တွန်းအားပေးလိုက်သည်။
လှုပ်ရှားမှုကြောင့် သူမဒဏ်ရာမှနေ သွေးများပိုထွက်လာပြီး တုန်တုန်ယင်ယင်ဖြင့် စူးယွင်၏ရင်ခွင်ထဲ ပြန်လဲကျသွားလေသည်။
"ကတိပေးပါတယ် သုန်းကွေ့ ငါကတိပေးပါတယ်"
အရာရှိများကြားရှိ အာဏာလွန်ဆွဲပွဲသက်သက်ဖြစ်နေလျှင်တောင် စူးယွင်သည်ဤကိစ္စမှာ သူမနှင့် တစ်နည်းနည်းအနီးစပ်ဆုံးဆက်စပ်နေသေးသည်ဟု ခံစားနေရလေသည်။
သူမအနေဖြင့် ဘာမှမလုပ်နိုင်သလို ဘာကိုမှ လဲ မပြောင်းလဲနိုင်ပေ။သူမလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူတို့အတွက် နောင်ဘဝတွင် ငြိမ်းချမ်းမှုရရှိစေရန် အမွှေးတိုင်ထွန်းညှိပေးရန်ပင်။
"တကယ်လို့ နင်သေသွားရင်တောင် နင့်ကိုသူတို့ဘေးမှာ ငါမြှုပ်ပေးမယ်။ဒါမှနင်တို့တွေမိသားစုအဖြစ် ပြန်ပေါင်းစည်းနိုင်မှာ"
သုန်းကွေ့၏မျက်နှာမှာ ဆိုးဆိုးဝါးဝါးလောင်ကျွမ်းခံထားရသောကြောင့် စူးယွင်မှာသူမမျက်နှာအမူအရာကို မဖတ်နိုင်ပေသိ သုန်းကွေ့၏အသက်ရှုသံ အားနည်းလာသည်ကိုတော့ ခံစားမိပါသည်။သုန်းကွေ့မှာ အချိန်အတော်ကြာသည်ထိ အသက်ရှင်နိုင်တော့မည်မဟုတ်မှာကို သူမကြောက်ရွံ့မိပါ၏။
"မလုပ်လိုက်နဲ့......စူးယွင် သူတို့ကိုငါမျက်နှာချင်းမဆိုင်ရဲဘူး။ငါသေပြီးရင် ငါ့ကိုယ်ကိုသားရိုင်းကောင်တွေ စားသွားပါစေ။အဲ့လိုမှပဲ ငါလဲငါ့မိသားစုကိုပြန်ပြီးကံကြွေးဆပ်နိုင်မှာ"
စူးယွင် : "နင်......"
"ငါက အပြစ်သားတစ်ယောက်မလို့ ဒါကငါ့ရဲ့ကံတရားပဲ"
သုန်းကွေ့မှာ စူးယွင်၏လက်ကို လက်ကျန်အားဖြင့်ဆုပ်ကိုင်ထားပြီး
"စူးယွင် ငါတောင်းပန်ပါတယ်။နောက်ဘဝသာရှိခဲ့ရင် ငါလိုချင်တာက....."
သူမ၏လက်မှာလျှောကျသွားပြီး တိတ်ဆိတ်သွားလေတော့သည်။
"သုန်းကွေ့....."
စူးယွင်မှာ လက်ညှိုးအားဆန့်၍ တုန်တုန်ယင်ယင်ဖြင့် သုန်းကွေ့နှာခေါင်းနားကပ်ပြီး အသက်ရှူမရှူစမ်းသပ်လိုက်သည်။
သူမ၏အသက်ရှူသံမှာ မရှိတော့ပေ။
ဆန့်ထားသောလက်ညှိုးအားကွေးကာ သုန်းကွေ့ကို ကြမ်းပြင်ထက်အသာချပေးလိုက်သည်။
ထို့နောက် သူမလှည့်ထွက်ခဲ့လိုက်၏။ဝမ်ကောဆီကို ပြန်ရောက်သည်အထိစူးယွင်မှာ ထုံထိုင်းနေဆဲပင်။သူမသည် သွေးစွန်းနေသော အဝတ်အစားများကိုချွတ်ကာ ဇလုံထဲ ပစ်ထည့်လိုက်၏။သူမဘာသာလျှော်ဖို့လုပ်နေစဉ် ရှောင်ဟယ်မှတားလာသည်။
"သခင်မလေး ကျွန်မလုပ်လိုက်ပါ့မယ်"
ရှောင်ဟယ်သည် စူးယွင်စိတ်နောက်နေသည်ကို ကောင်းကောင်းသတိထားမိနေ၏။
"ကျေးဇူးပဲ"
စူးယွင်မှ လှည့်ထွက်သွားခါနီးတွင် နောက်ဘက်မှအသံတစ်သံထွက်လာလေသည်။
"သွေးနံ့က အခုထိရနေတုန်းပဲ"
စူးယင်မှာ သတိလက်လွတ်ဖြင့်တုံ့ပြန်လိုက်၏။
"ငါ့ဆီကပ်ပါလာတာ ဖြစ်မယ်"
ရှောင်ဟယ်သည် သူမအားဖိအားပေးမလာဘဲ အဝတ်များကိုသာငြိမ်ငြိမ်လေး ဆက်လျှော်နေလေသည်။
စူးယွင်သည် အခန်းထဲ ရောက်သည်နှင့် တိတ်တဆိတ်သာထိုင်နေလိုက်၏။
ဤအတွေ့အကြုံမှာ သူမအပေါ်သိသာထင်ရှားသည့် သက်ရောက်မှုရှိခဲ့သည်မှာအမှန်ပင်။ရှေးခေတ်၏ အာဏာစက်ကြီးပုံကို ပထမဆုံးအကြိမ် သူမတကယ်ခံစားခဲ့ရခြင်းဖြစ်ပြီး နဥ်ကျင်းဖော်ပြခဲ့သည့်အတိုင်း သာမန်လူများ၏ အသက်မှာအဖိုးမတန်သည့်အသက်ဆိုသည့်စကားအနက်ကိုလဲ ခံစားမိလိုက်သည်။
သို့သော်သူမမှာ သက်ပြင်းချနိုင်ရုံသာ တတ်နိုင်လေ၏။
သူမ၏အခြေအနေအရ လုပ်နိုင်သည်မှာသိပ်မရှိဘူးဆိုသည်အား နားလည်သောကြောင့် စူးယွင်သည်သုန်းကွေ့၏နောက်ဆုံးဆန္ဒအတိုင်း လိုက်နာခဲ့၏။စူးယွင်သည် သုန်းမိသားစုသခင်မကြီးနှင့်သုန်းရှို့အတွက် အိမ်အသစ်စီစဉ်ပေးပြီးနောက် သူမ၏အလုပ်ကိုသာအပြည့်အဝ အာရုံစိုက်ထားလိုက်တော့သည်။
မိဖုရားကြီး၏မွေးနေ့ဝတ်စုံမှာ သူမတာဝန်ယူထားသမျှထဲတွင် အရေးအကြီးဆုံးဖြစ်၏။သူမမှာ ကောင်းကောင်းလုပ်နိုင်သည်အား သေချာစေရန်ဝမ်ကောကို ရှောင်ဟယ်ထံ အပ်နှံပြီးရုန်စာထံမှ သင်ယူဖို့ အဖွဲ့အစည်းတွင်း ပြောင်းလာခဲ့သည်။
"ဒါက ဖဲချည်ပန်းထိုးစနစ်ပဲ"
ရုန်စာသည် ပြသထားသည့်ပန်းပုံစံများကို ထောက်ပြ၍ရှင်းပြလိုက်သည်။
"ဒီပန်းက ရိုးရိုးဖဲကို အခြေခံပြီး ရောင်စုံချည်ကြိုးတွေနဲ့ ဒီဇိုင်းကိုဖြည့်စွက်ထားတာ။ ပွင့်ချပ်တွေမှာ အလယ်ပိုင်းကို အရောင်ပိုရင့်တာသုံးပြီး အနားတွေကိုကျ အရောင်ဖျော့ဖျော့သုံးဖို့ မှတ်ထားလိုက်။ဒါကအခြေခံနည်းစနစ်တစ်ခုပဲ"
ရုန်စာသည် လက်အားပြန်ရုတ်ကာ စူးယွင်ဘက် လှည့်ကြည့်လိုက်၏။
"ဒီပန်းထိုးနည်းက မိဖုရားကြီးအရမ်းတန်ဖိုးထားတဲ့ နည်းလမ်းတစ်ခုပဲ။သူမ အဝတ်အစားတွေမှာ ထည့်သွင်းနိုင်ဖို့အတွက် ဒါကိုမင်းသင်ယူထားသင့်တယ်"
"နားလည်ပါပြီ"
စူးယွင်သည်ခေါင်းငြိမ့်ပြကာ ပြသထားသည်တို့အား ချုပ်လုပ်နေသည့်ပန်းထိုးသမားများထံ အာရုံစိုက်လိုက်သည်။သူမသည် ယခင်ကပန်းထိုးနည်းအသိပညာ အနည်းငယ်ရှိခဲ့ပေသ်ိ ဤကဲ့သို့နက်နက်နဲနဲ လေ့လာဖူးသည်မှာတော့ ပထမဆုံးအကြိမ်ဖြစ်၏။
ရုန်စာမှ ဆက်ပြောလာသည်။
"ဒါက အခြေခံနည်းပညာတစ်ခုပဲမလို့ မင်းအတွက် ခက်ခဲမှာမဟုတ်ပါဘူး။အဓိက,ကတော့ အဲဒါကိုအသားကျတဲ့အထိ လေ့ကျင့်ဖို့ပဲ။ကျွမ်းကျင်သွားတာနဲ့ တကယ်ထူးခြားတဲ့လက်ရာတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်"
စူးယွင်သည် စိတ်အားထက်သန်စွာစောင့်ကြည့်ရင်း နည်းစနစ်များကို ခေါင်းထဲသိမ်းဆည်းကာ အသေးစိတ်အချက်အလက်များအား အာရုံစိုက်နေလိုက်၏။မိဖုရားကြီး၏ဂုဏ်နှင့် ကိုက်ညီအောင် ဂုဏ်ပြုရန်အတွက်ဤလက်မှုပညာနှင့် နည်းစနစ်များအားကျွမ်းကျင်ဖို့မှာ အရေးကြီးသည်ဆိုသည်အား သူမနားလည်ပါသည်။
"ဒီနှစ်ပြိုင်ပွဲကတော့ ဆန်းသစ်ပြောင်းလဲမှုအတွက်ပဲ။မိဖုရားကြီးက အရင်ကမြင်နေကျ ပုံစံတွေနဲ့ ကွဲထွက်တဲ့အရာတစ်ခုကို ရှာနေတာ"
စူးယွင်သည် အတွေးထဲနစ်ဝင်နေပုံဖြင့်ခေါင်းငြိမ့်ကာ စိတ်ထဲတွင်တော့ပြိုင်ပွဲတုန်းကဖိအားများဖြင့် ပြည့်နေလေသည်။ဤသည်မှာလှလှပပဝတ်စုံတစ်ထည်လုပ်ရုံထက် ပိုပါ၏။ဆန်းသစ်တီထွင်မှုနှင့် အစဉ်အလာဟောင်းများမှ ခွဲထွက်ကာ မိဖုရားကြီးအတွက် လုံးဝသစ်လွင်သည့်ဝတ်စုံကို ဖန်တီးပေးရပေမည်။
"ဒီဇိုင်းကို ဘယ်လို ပုံဖော်ထားလဲ"
စူးယွင်မှာ လက်ရှိအလုပ်၏ဖိအားကို ဂရုတစိုက်စဉ်းစား၍ မေးလိုက်သည်။
"ဒီနှစ်အတွက် မိဖုရားကြီးက ဘယ်လိုပုံစံကိုပိုပြီးသဘောကျမယ်လို့ တွက်ထားလဲ"
ရုန်စာမှာ ခဏတာတွေးတောလိုက်ပြီးမှ ပြန်ဖြေလာ၏။
"မိဖုရားကြီးက ရာထူးနဲ့လျော်ညီအောင် ကျက်သရေရှိရှိနေတတ်ပေမယ့် သူမကလဲရိုးရိုးရှင်းရှင်းနဲ့ အနုစိတ်လက်ရာ တွေကိုနှစ်ခြိုက်တတ်တဲ့ အမျိုးသမီးတစ်ဦးဖြစ်နေသေးတယ်လေ။ဒီနှစ်ထဲမှာ သူမရဲ့ဂုဏ်အသရေနဲ့ ဆန်းသစ်မှုကိုထင်ဟပ်မယ့် ဝတ်စုံမျိုးကိုရှာနေခဲ့တာ။သစ်လွင်ပြီး ဆွဲဆောင်မှုလဲရှိနေရမယ့် ဝတ်စုံမျိုးပေါ့"
သူမသည် စူးယွင်အား စားပွဲတစ်လုံးဆီ ခေါ်သွားပြီး ထိုစားပွဲထက်တွင် မတူညီသည့်ချုပ်ပုံ ပုံကြမ်းများစွာကိုချထားလေသည်။
"ဒီမှာငါတို့ စဉ်းစားထားတဲ့ ချုပ်ပုံအချို့ရှိတယ်။မင်းလဲမြင်တဲ့အတိုင်းပဲ ငါတို့တွေမတူညီတဲ့ချုပ်ပုံတွေ၊အထည်သားတွေ၊အလှဆင်ပစ္စည်းတွေမျိုးစုံနဲ့ စမ်းသပ်ပြီးသွားပြီ။ဒါပေမဲ့အဲ့အထဲက ဘယ်တစ်ခုမှ ရိုးရာဓလေ့နဲ့ဆန်းသစ်တီထွင်မှုကြားက ပြီးပြည့်စုံတဲ့ ဟန်ချက်ကို မဖမ်းမိသေးဘူး"
စူးယွင်မှာ ပုံကြမ်းများအား သေချာကြည့်ကာ ဒီဇိုင်းများကို ခပ်သွက်သွက်စစ်ဆေးလိုက်၏။ချုပ်ပုံများမှာ လှပပေသိ အစဉ်အလာဟောင်းများထံမှ လုံးလုံးခွဲထွက်မသွားသေးဘဲ လိုအပ်ချက်တစ်ခုခုရှိနေသေးသလို ခံစားနေရသည်။
ရုန်စာ၏အသံမှာ သူမအတွေးများကို ဖြတ်တောက်လိုက်၏။
"အဲဒါကြောင့် မင်းရဲ့အကူအညီကို လိုအပ်နေတာ။မင်းက ကောင်းမွန်တိုးတက်တဲ့အလားအလာကို ပြသခဲ့တာမလို့ ထူးခြားတဲ့ဝတ်စုံတစ်ထည်ကို ဖန်တီးနိုင်မယ်လို့ ငါယုံကြည်တယ်။မိဖုရားကြီးက ငါတို့ကိုကွဲပြားတဲ့ဝတ်စုံတစ်ထည်ချုပ်လုပ်လာဖို့ ယုံကြည်ထားတာဆိုတော့ မင်းရဲ့ဆန်းသစ်တဲ့အမြင်နဲ့ဆိုရင် ငါတို့တွေလက်ရာမြောက်တဲ့ဖန်တီးမှုတစ်ခုကို ချုပ်လုပ်နိုင်မယ်လို့ ယုံကြည်တယ်"
စူးယွင်၏ နှလုံးခုန်နှုန်းမှာ ထိုစိန်ခေါ်မှုကြောင့် မြန်ဆန်လာတော့သည်။ဤသည်မှာ သူမကိုယ်ကို သက်သေပြနိုင်ရန်နှင့် နောက်လာမည့်နှစ်ပေါင်းများစွာတိုင် စွဲထင်ကျန်ရစ်နိုင်စေသော ဒီဇိုင်းတစ်ခုအား ဖန်တီးရန်အခွင့်အရေးပင်။စူးယွင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး ရှေ့ဆက်ရမည့်အလုပ်အတွက် စိတ်အားတင်းထားလိုက်သည်။
"ပြီးတော့ ဒီနှစ်မှာ အမျိုးသမီးဝမ့်က အသက်ရလာလို့ ရာထူးကနေနှုတ်ထွက်ပြီး သူမဇာတိဆီပြန်သွားပြီဆိုတာကိုလည်း မိဖုရားကြီးကသိထားတယ်။ဒီကိစ္စကို တခြားသူတစ်ဦးဆီ လက်လွှဲချန်ထားခဲ့မယ်ဆိုတာကိုလည်း မိဖုရားကြီးကသိနေတာမလို့ ငါတို့ဌာနကနေ ကွဲပြားတဲ့ဝတ်စုံတစ်ထည် ချုပ်ပေးလာနိုင်ဖို့ မျှော်လင့်နေတာလေ"
စူးယွင်သည် ရုန်စာ၏စကားများအား နားထောင်ရင်း ရုတ်ချည်းဆိုသလိုတစ်ခုခုကို သတိရသွား၍ ထုတ်မေးလိုက်သည်။
"ဒါဆို ဒီနှစ်ပြိုင်ပွဲရဲ့ ခေါင်းစဉ်က ဆန်းသစ်တီထွင်မှုတစ်ခုကို ရှာဖွေဖို့ပေါ့"
ရုန်စာမှ အသာပြုံးပြလာ၏။
"မဟုတ်ဘူးလား"
စူးယွင်မှာ မရေမရာဟန်ဖြင့် မေးလိုက်ပေသိ မှားသည်ဟုတော့ မထင်ပေ။
"ဟုတ်ပါပြီ မင်းစကားရဲ့ တစ်ဝက်လောက်ကတော့ဟုတ်တယ်"
ရုန်စာမှ ရှင်းပြလာ၏။
"တကယ်တော့ အဝတ်အထည်ဌာနက မိဖုရားကြီးရဲ့ မွေးနေ့အတွက်ပဲ စီစဉ်ပေးရတာမဟုတ်ဘူး။ပွဲတော်ကြီးတော်တော်များများအတွက် ဝတ်စုံတွေကို ငါတို့ဌာနကပဲစီစဉ်ပေးရတာ"
"တစ်ချိန်က နန်းတော်နဲ့ငါတို့ဌာနကြားမှာ မကျေနပ်မှုတွေ ရှိခဲ့ဖူးတယ်။အဲဒါကပဲ ဌာနရဲ့သြဇာ လျော့ကျသွားရတဲ့အကြောင်းရင်းတွေထဲကတစ်ခုပေါ့"
"ဌာနအကြီးအကဲအနေနဲ့ ငါကဒီပြဿနာကို ဖြေရှင်းပစ်ချင်ခဲ့တာလေ။အဲ့ဒါကြောင့်ပဲ ရှေးနှစ်တွေက ဝတ်စုံဒီဇိုင်းပြိုင်ပွဲရဲ့ ခေါင်းစဉ်ကို ဆန်းသစ်တီထွင်မှုနဲ့ ပတ်သက်တာတွေပဲ စီစဉ်ခဲ့တာ။ကံဆိုးတာက ဘယ်သူမှ အဲဒီအဆင့်ကို မရောက်နိုင်ခဲ့ဘူးလေ"
ရုန်စာသည် စူးယွင်၏ပခုံးထက်လက်တင်ကာ အပြုံးလေးဖြင့်ပြောလိုက်၏။
"ဒါပေမဲ့ ဒီနှစ်မှာတော့ မင်းပေါ်လာခဲ့တယ်လေ"
"ဒါဆိုရင် ကျွန်မကိုအဖွဲ့အစည်းထဲခေါ်လာတာက ရှင့်အတွက်အရှုပ်တွေကို ရှင်းပေးစေချင်လို့လား"
စူးယွင်သည် မျက်လုံးများအားမှေးကျဥ်းကာ ခြေတစ်လှမ်းနောက်ဆုတ်၍ ရုန်စာ၏လက်ကိုသူမပခုံးထက်မှ ဖယ်ချလိုက်လေ၏။
သူတို့မှ သူမအတွက် စီစဉ်ပေးခဲ့ပုံကို မနှစ်မြို့လှပေ။
ရုန်စာ၏လက်မှာ လေထဲတွင် တန့်သွားရပေသိ ကသိကအောက်ဖြစ်ဟန်ရှိမနေချေ။
သူမလက်ကို ခပ်တည်တည်ပင်ပြန်ရုတ်၍ လက်နှစ်ဖက်အား နောက်ပစ်ထားလိုက်သည်။
ရုန်စာမှ ပြောလာ၏။
"ငါမင်းကို အသုံးချနေတယ်ဆိုတာကို ငြင်းမှာမဟုတ်ပေမယ့် မင်းလက်ရာကိုသဘောကျတာကတော့ အမှန်ပါ"
ပြိုင်ပွဲအတွင်း စူးယွင်ဝတ်ဆင်ခဲ့သည့် ချီဖောင်ဝတ်စုံမှာ လူတိုင်း၏အာရုံအား အမှန်ဖမ်းစားနိုင်ခဲ့လေသည်။နှစ်များတစ်လျှောက် စူးယွင်သည်သာ သူမမြင်ဖူးသမျှထဲတွင် အရည်အချင်းအရှိဆုံး လူတစ်ယောက်ဖြစ်ပေ၏။
မူလကတော့ စူးယွင်ကိုပြိုင်ပွဲဝင်ခွင့်မပေးဘဲ ဌာနတွင်သာ သင်ယူခွင့်ပြုရန်စဉ်းစားထားသည်။
သို့သော် နောက်ဆုံးမှာတော့ ဌာနအကြီးအကဲအနေဖြင့် အဝတ်အထည်ဌာနကျဆင်းနေသည်ကို သူမအနေဖြင့်ထိုင်ကြည့်နေလို့မရပေ။
"ရာထူးမြင့်မြင့်ရထားတဲ့အခါ ကိစ္စတော်တော်များများက ကိုယ့်ရဲ့ထိန်းချုပ်မှုအပြင်ဘက်မှာ ရှိနေတတ်တယ်"
ရုန်စာသည် နံရံထက်မှပန်းချီကားများထံ လှည့်ကြည့်လိုက်၏။
"တစ်နေ့ကျရင် မင်းလဲနားလည်လာပါလိမ့်မယ်"
အကြောင်းတစ်ခုခုကြောင့် ဤစကားများမှာ စူးယွင်အားသုန်းမိသားစုကို သတိရသွားစေခဲ့သည်။
"အဲ့ဒါက တခြားသူတွေရဲ့အသက်ကို စတေးရမယ်ဆိုရင်တောင်လား"
စူးယွင်၏မျက်နှာအမူအရာမှာ အေးစက်နေပြီး အာဏာဆုပ်ကိုင်ထားသူများအပေါ် မကျေမနပ်ဖြစ်နေသည့်လေသံဖြင့် ရုန်စာ၏နောက်ကျောအား ကြည့်ကာပြောလိုက်သည်။
"အခြားသူတွေရဲ့ သွေးပေါ်တက်နင်းပြီး အာဏာရခဲ့တာက တကယ်ပဲနှစ်သိမ့်မှုဖြစ်ရဲ့လား"
ရုန်စာသည်လည်း ဤကဲ့သို့တွေးသလို သုန်းမိသားစုအား သတ်ပစ်ခဲ့သော လူထံတွင်လည်း ဤအတွေးရှိနေပြီး နဉ်ကျင်းပင်လျှင် ဤကဲ့သို့တွေးနေနိုင်၏။
ရုန်စာသည် စူးယွင်စကား၏ဆိုလိုရင်းကို နားမလည်ပါဘဲ စူးယွင်မှာကောင်းကောင်းမလုပ်နိုင်၍ မိဖုရားကြီးမှအပြစ်ပေးလာမည်ကို ကြောက်နေသည်ဟုသာထင်သွားခဲ့သည်။
ရုန်စာသည် စူးယွင်ဘက် လှည့်ကြည့်ကာပြောလိုက်၏။
"စူးယွင် မင်းအတွက်အသက်အန္တရာယ်မရှိပါဘူး"
"တစ်ခုခု ဖြစ်ခဲ့ရင်တောင် ငါကမင်းရဲ့အထက်လူကြီးမလို့ ငါပဲတာဝန်ယူရမှာပါ"
"မဟုတ်ပါဘူး"
စူးယွင်သည် နှုတ်ခမ်းအားလျှာဖြင့်သပ်လိုက်ရင်း
"ကျွန်မက ဒီခေတ်ကြီးထဲမှာ အာဏာရဖို့အတွက် တကယ်ပဲ သာမာန်လူတွေရဲ့ အသက်တွေကို စတေးဖို့လိုလို့လားဆိုတာ သိချင်ရုံပါပဲ"
ရုန်စာမှာ သူမစကားထဲရှိ*ဒီခေတ်ကြီး*ဆိုသည့် စကားလုံးကို နားမလည်ပေသိ သူမမှာ နောက်ခံနိမ့်သောနေရာမှလာသူဖြစ်၍ သာမာန်လူတန်းစားများအတွက် ဖော်ထုတ်သည်ဟုသာ ယူဆလိုက်လေသည်။
"အာဏာရဖို့အတွက် သာမာန်လူတွေရဲ့ အသက်တွေကိုယူတာ မဟုတ်ဘူး။လူတော်တော်များများက ဒီမင်းဆက်ကိုပိုပြီးကောင်းကောင်းမွန်မွန်ဖွံ့ဖြိုးတိုးတက်ဖို့ အပြင်းအထန်ကြိုးစားနေကြတယ်။ အောက်ခြေလူတန်းစားတွေ သေဆုံးတာက ပေါ့ဆမှုကြောင့်ဖြစ်ပေမဲ့ အားလုံးကအာဏာရှင်တွေရဲ့ အမှားမဟုတ်ဘူး"
"ပြည်သူတွေက အများကြီးရှိနေတာမလို့ အချို့ကတော့လျစ်လျူရှုခံရနိုင်တာပဲလေ"
"စူးယွင် မင်းမှတ်ထားရမှာက ပြည်သူတွေရဲ့ နှလုံးသားကို အနိုင်ရတဲ့သူကသာ လောကကြီးကိုအနိုင်ရနိုင်မယ်။အုပ်စိုးသူတိုင်းက ပြည်သူတိုင်းကို ချစ်ခင်လေးစားပေးကြပါတယ်"
"နားလည်ပါပြီ"
ရုန်စာပြောလာသည်မှာလဲ မှန်ပါ၏။လူတိုင်းကို လူနည်းစု၏အမြင်ဖြင့် မကြည့်သင့်ပေ။
ယခုဤမင်းဆက်၌ သာမာန်လူများငြိမ်းငြိမ်းချမ်းချမ်းဖြင့် ချမ်းချမ်းသာသာနေထိုင်နိုင်သည်ဆိုလျှင် ဤမင်းဆက်မှာပြည်သူအများစုအတွက် အကျိုးရှိသည်ဆိုသောအချက်ကိုသက်သေပြနေသည်ပင်။
"သွားစို့။မင်းအလုပ်နေရာကို ခေါ်သွားပေးမယ်။အခု မင်းကလေ့ကျင့်မှုတွေအပေါ်ပဲ အာရုံစိုက်ထားလိုက်။လုံလုံလောက်လောက်သင်ယူပြီးပြီဆိုတာနဲ့ မိဖုရားကြီးရဲ့မွေးနေ့ အခမ်းအနားဝတ်စုံကို မင်းချုပ်လုပ်တဲ့နေရာမှာ ငါလမ်းညွှန်ပေးပါ့မယ်"
"ကောင်းပါပြီ"
ရုန်စာသည် သူမအား ပန်းထိုးခန်းမဆီခေါ်သွားလေ၏။ထိုနေရာမှာကျယ်ဝန်းပြီး ပန်းထိုးဖို့အတွက် စားပွဲများလဲချထားပေးလေသည်။
ရုန်စာသည် အခန်းတွင်းအား ဟိုဟိုဒီဒီကြည့်ရင်း ဘယ်ဘက်အစွန်ဆုံးမှနေ ဒုတိယမြောက်လူထံ အကြည့်ရောက်သွားလေ၏။
"အမျိုးသမီးကျောက် စူးယွင်ကို သင်ပြပေးလိုက်ပါဦး"
ငြိမ်ငြိမ်လေး အဝတ်ချုပ်နေသည့်အမျိုးသမီးကျောက်မှာ သူမနာမည်အားခေါ်လာသည်ကြား၍ မော့ကြည့်လာ၏။ရုန်စာ၏ဘေးမှ စူးယွင်ထံကြည့်ကာ ပြန်ဖြေလာသည်။
"သိပါပြီ အကြီးအကဲ"
"ကောင်းပြီ"
ရုန်စာသည် ခေါင်းငြိမ့်ကာ
"ငါသွားတော့မယ်။အမျိုးသမီးကျောက်ရဲ့ လမ်းညွှန်မှုအောက်မှာ သေသေချာချာသင်ယူခဲ့"
ရုန်စာထွက်သွားပြီးနောက် စူးယွင်သည် အမျိုးသမီးကျောက်ထံ လျှောက်သွားလိုက်၏။အမျိုးသမီးကျောက်မှာတော့ အလုပ်ကိုသာအာရုံစိုက်နေပြီး စူးယွင်၏တည်ရှိမှုကို လျစ်လျူရှုထားလေသည်။
စူးယွင်သည် စိတ်ပူမနေဘဲ သူမဘေးမှာသာရပ်၍ တိတ်တိတ်လေးစောင့်နေလိုက်၏။
အချိန်မည်မျှကြာသွားမှန်း မသိလိုက်ပေသိ စူးယွင်၏ခြေထောက်များ ကျဉ်လာချိန်မှသာ အမျိုးသမီးကျောက်မှမော့ကြည့်လာသည်။
"မင်းက စူးယွင်နော်။နေရာလွတ်တစ်နေရာရှာထိုင်လိုက်။စာအုပ်ထဲမှာ ပြထားတဲ့ အချက်တွေအတိုင်းလေ့လာကြည့်ပြီး နားမလည်တာရှိရင် လာမေးလို့ရတယ်"
ထိုအချိန်မှသာ စူးယွင်သည် စားပွဲတိုင်းပေါ်တွင် စာအုပ်တစ်အုပ်စီရှိနေသည်အားသတိထားမိကာ လူတိုင်းသည်လည်း လေ့လာရန်အတွက် ထိုစာအုပ်ကိုလှန်လှောနေကြပုံရ၏။
သူမသည် ခေါင်းငြိမ့်ပြကာ
"ကောင်းပါပြီ"
စူးယွင်သည် အမျိုးသမီးကျောက်နားရှိ နေရာလွတ်တစ်ခုတွင်ထိုင်ကာ သူမရှေ့ရှိ စာအုပ်ကိုလှန်လှောကြည့်လိုက်၏။စာအုပ်ထဲတွင် ပန်းထိုးနည်းပညာအမျိုးအစားတိုင်းကို အသေးစိတ် ဖော်ပြထားပြီး မည်ကဲ့သို့ချုပ်လုပ်ရမည်ဆိုသည့် ညွှန်ကြားချက်အဆင့်ဆင့်လည်း ပါဝင်နေသည်။
"အာ တော်တော်အသေးစိတ်ကျတာပဲ"
စူးယွင်သည် စာအုပ်၏အလေးချိန်ကို မှန်းဆမိရာစေ့စပ်သေချာလှသည်ဟု ခံစားနေရ၏။
အတော်လေးလေးတာပဲ ဒီစာအုပ်ကိုအပြီးထိဖတ်ဖို့ အချိန်အကြာကြီးယူရမယ်ထင်တယ်။
သူမသည် ပေါ့ပေါ့ပါးပါး နည်းစနစ်တစ်ခုကိုရွေးကာ စတင်ကြည့်ဖို့အပ်နှင့်အပ်ချည်အား ယူရန်ပြင်လိုက်စဉ် သူမအားစကားလာပြောသည့် အသံကိုကြားလိုက်ရသည်။
"နင်ကစူးယွင်ပေါ့လေ *ပိုင်ယွင်*က *ယွင်*လား"
"မဟုတ်ဘူး"
စူးယွင်သည် သူမရှေ့ရှိမိန်းကလေးကို ကြည့်၍ပြန်ဖြေလိုက်၏။ထိုမိန်းကလေးမှာ တောက်ပသောအပြုံးလေးဖြင့် နုနုနယ်နယ်မျက်နှာရှိကာ သူမနှင့်အသက်အရွယ်တူပုံရသည်။
"သက်ရှိအားလုံးရဲ့ *စုဝေးမှု*က *ယွင်*ပါ"
"ဪ ငါကရှောက်ချီ *ချီကျန်း*က *ချီ*လေ"
စူးယွင်သည် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းသာငြိမ့်ပြကာ အလုပ်ပြန်စဖို့လုပ်လိုက်ပေသိ ဘေးရှိမိန်းကလေးမှာ အတော် စကားများလှလေသည်။
"နင်ကအသစ်ရောက်လာတာမလား။ဌာနထဲကို အလှလေးတစ်ယောက်ရောက်လာတယ်လို့ ပြောနေကြတာကိုတော့ ငါကြားခဲ့တယ်"
ရှောက်ချီမှာ သက်ပြင်းချ၍
"အစည်းအဝေးလုပ်တုန်းက အအေးသာမမိခဲ့ရင် နင့်ကိုအစကတည်းက သိခဲ့ရမှာကို"
ရှောက်ချီသည် ရုပ်ရည်ချောမောသည့်သူတိုင်းအား သဘောကျတတ်သူဖြစ်ရာ စူးယွင်ကဲ့သို့ အလှလေးဖြင့်တွေ့လိုက်သည်နှင့် သူတို့မှာချက်ချင်းရင်းနှီးသွားသလို ခံစားလိုက်ရသည်။ရှောက်ချီမှာစိတ်အားထက်သန်စွာဖြင့် လေထိုင်ပေါနေတော့၏
စူးယွင်မှာတော့ ရှောက်ချီ၏စိတ်အားထက်သန်မှုနှင့် ပွင့်လင်းမှုကြောင့်အံ့အားသင့်သွားရသည်။ဤကဲ့သို့ ပွင့်လင်းပျူငှာမှုရှိသူကို သူမအနေဖြင့်ပထမဆုံးအကြိမ်တွေ့ဖူးသည်ဖြစ်ရာ မည်ကဲ့သို့တုံ့ပြန်ရမည်မှန်းမသိတော့ပေ။
စူးယွင်သည် အားတင်းပြုံးလိုက်ကာ
"ငါ့မှာလုပ်စရာတွေရှိသေးတာမလို့ အာ......"
"ရပါတယ် ရပါတယ် နင်ကအလုပ်ပဲလုပ်ပါ ငါ့ဘာသာစကားဆက်ပြောနေမယ်"
ရှောက်ချီသည် လုံးဝဂရုစိုက်မနေဘဲပြောလိုက်၏။သူမသည် ဌာနချုပ်၏ကိစ္စကြီးများမှနေ တံခါးစောင့်၏အကြောင်းလို ကိစ္စသေးသေးလေးတွေအထိ တက်တက်ကြွကြွဆက်ပြောနေလေသည်။
ဘေးရှိတစ်ယောက်မှာ မျက်မှောင်ကြုံ့ကာဆူလာ၏။
"ရှောက်ချီ ခဏလောက် တိတ်တိတ်လေးနေပေးလို့ရမလား"
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ငါဂရုစိုက်လိုက်ပါ့မယ်"
"မိဖုရားကြီးရဲ့မွေးနေ့က သိပ်မကြာခင်ရောက်တော့မယ်။အမျိုးသမီးဝမ့်ကထွက်သွားပြီဆိုတော့ ဒီအခွင့်အရေးကနောက်ဆုံးတော့ ငါတို့အတွက်ပဲ။နင်ကပြိုင်ပွဲဝင်ဖို့ စိတ်မဝင်စားရင်တောင် ငါတို့ကိုအနှောင့်အယှက် မပေးစမ်းနဲ့"
ရှောက်ချီမှာ နှုတ်ခမ်းစူ၍ ပြန်ဖြေလာ၏။
"ဟမ့် ဒါကဆုံးဖြတ်ပြီးသားကိစ္စပဲလေ နင့်တို့ဘာသာ ကြိုးစားချင်သလောက် ကြိုးစားလို့ရပေမယ့် နင်ကတော့ရမှာမဟုတ်ဘူး"
"ဘာပြောလိုက်တယ်"
သူမ၏အသံမှာ တိုးတိုးလေးမဟုတ်ရာလူများအကုန်ကြားလိုက်ရသည်။
"အဲ့ဒါအမှန်ပဲလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လူတိုင်းမှာ မိဖုရားကြီး၏မွေးနေ့ အခမ်းအနားဝတ်စုံကို ဒီဇိုင်းဆွဲရန်အခွင့်အရေးအား ယှဉ်ပြိုင်ဖို့စိတ်အားထက်သန်နေခဲ့၏။
ရှောက်ချီသည် မတ်တပ်ရပ်ပြီး လူတိုင်းအားပြောလိုက်သည်။
"ဟုတ်တယ် အမှန်ပဲ။အကြီးအကဲကိုသွားရှာတုန်းက ငါ့နားနဲ့ဆတ်ဆတ်ကြားခဲ့တာ"
"ဘယ်သူတဲ့လဲ"
တစ်ယောက်မှမေးလာ၏။
"အမ်......."
လူအုပ်ကြီးမှာ ခေါင်းမော့၍နားစွင့်နေကြကာ ငြိမ်ငြိမ်လေးအလုပ်လုပ်နေသည့် အမျိုးသမီးကျောက်ပင် မော့ကြည့်လာ၏။
"ဖြန်း"
ကျယ်လောင်သောဆူညံသံတစ်ခုသည် ရှောက်ချီ၏စကားများကို နှောင့်ယှက်လာ၏။
Ch-86+87
ဝမ်လဲ့သည် အပေါက်ဝ၌ စာရွက်စာတမ်းများအားကိုင်၍ ရပ်နေလေ၏။သူမသည် ကိုင်လာသောစာရွက်များဖြင့် တံခါးအား ခပ်ပြင်းပြင်းပုတ်ကာ ပြောလိုက်သည်။
"လူအုပ်လိုက်ကြီး စုပြီးအတင်းပြောနေရအောင် ဒီနေရာက စျေးတန်းလား"
"ဝမ်လဲ့ ငါတို့ကအရေးကြီးတဲ့ကိစ္စကို ပြောနေတာ။နင်ပါဝင်ပြီး နားထောင်ပါလား"
"ဟွန့်"
ဝမ်လဲ့သည် လှောင်ပြုံးပြုံးပြီး သူတို့အားလုံးကိုမထီမဲ့မြင်အကြည့်နဲ့ကြည့်ကာ
"နင်တို့လိုလူတွေကသာ ဒီလိုအရေးမပါတဲ့ကိစ္စတွေကို စိတ်ဝင်စားမှာ"
"အချိန်ဖြုန်းနေမယ့်အစား နင်တို့တွေအနေနဲ့ များများလေ့ကျင့်နေကြမှပေါ့။တော်ကြာအဖွဲ့အစည်းမှာတစ်နှစ်လောက်ပဲနေလိုက်ရပြီး ထွက်သွားနေရဦးမယ်"
လူအုပ်ထဲရှိအချို့မှာ မကျေမနပ်ဖြစ်သွားကြပြီး ဝမ်လဲ့အားပြန်ခံပြောရန်ပြင်လိုက်သည်။
"နင်......"
ကျန်တစ်ယောက်မှာ သူမ၏လက်မောင်းကို လှမ်းဆွဲပြီးတိုးတိုးလေး ပြောလာသည်။
"ထားလိုက်ပါတော့။သူမကို အဖက်လုပ်မနေနဲ့။သူမဘယ်လိုလူလဲဆိုတာ နင်တို့လဲသိနေတာပဲဥစ္စာ"
ဝမ်လဲ့သည် ဌာနရှိသက်ကြီးဝါကြီးများနောက် ဒုတိယနေရာတွင် အရည်အချင်းအရှိဆုံးလူဖြစ်သည်။သူမတွင် မာနကြီးသူဖြစ်ပေသိ စိတ်ဓာတ်ညံ့ဖျင်းသူတော့ မဟုတ်ပါပေ။သူမ၏တစ်ခုတည်းသော အားနည်းချက်မှာ ဘဝင်မြင့်လွန်ခြင်းသာဖြစ်သည်။သူမသည် သူတို့၏စိတ်အားထက်သန်မှုနည်းပါးခြင်းကို ထေ့ငေါ့မပြောဘဲမနေနိုင်သူပင်။
"ငါကစကားပြောရတာ ကြိုက်တော့ရောဘာဖြစ်လဲ။ငါကနင့်လောက် အရည်အချင်းမရှိတော့ရော ဘာဖြစ်နေလို့လဲ"
ဝေ့မန်မန်သည် အသက်အားပြင်းပြင်းရှူသွင်းရှုထုတ်လုပ်ကာ ယနေ့၌ဝမ်လဲ့နှင့် အပီအပြင်ကြိတ်ရန်အသင့်ဖြစ်နေခဲ့သည်။
ဝေ့မန်မန်မှာ ဝမ်လဲ့၏လှောင်ပြောင်မှုကို အမြဲခံရသူဖြစ်ကာ ဝမ်လဲ့ပြောသည်တို့မှာ မှန်နေပေသိ ခဏခဏကြားရဖန်များလာချိန်တွင်တော့ ကသိကအောက်ဖြစ်လာတော့၏။
ဝေ့မန်မန်သည် သူမလက်အားပြန်ဆွဲထုတ်ကာ ဝမ်လဲ့အားစိုက်ကြည့်လိုက်သည်။
"ငါတို့ပြောနေကြတာက မိဖုရားကြီးရဲ့ မွေးနေ့ပွဲဝတ်စုံအကြောင်းနော်။ဌာနအကြီးအကဲက ဘယ်သူ့ကိုရွေးထားတာလဲဆိုတာ နင်လဲသိချင်နေမှာမလား"
အခန်းတွင်းဝင်ဖို့ပြင်နေသည့် ဝမ်လဲ့မှာတုံ့ကနဲရပ်သွား၏။
သူမသည် ဝေ့မန်မန်ဘက်လှည့်ကြည့်လာသည်။ဝမ်လဲ့၏မျက်နှာအမူအရာမှာ အရေးမစိုက်ဟန်ပေါ်နေပေသိ ခဏအကြာတွင်တော့ ခြေလှမ်းအနည်းငယ်လှမ်းကာ ရှေ့ဆက်သွားလိုက်၏။
"ဝမ်လဲ့ နင်တကယ်မသိချင်ဘူးဆိုတာကို ငါမယုံဘူး"
ဝေ့မန်မန်သည် နောက်မှနေလှမ်းပြောလာ၏။
"အကြီးအကဲက လူရွေးပြီးသွားပြီလို့ ပြောနေတာကို ရှောက်ချီကကြားခဲ့တယ်တဲ့"
"ဘာ"
ဝမ်လဲ့မှာ အံ့အားသင့်သွားရပြီး သံသယတို့ဖြင့် ဝေ့မန်မန်ကိုကြည့်လိုက်သည်။
"ပြန်ပြောစမ်း"
"မိဖုရားကြီးရဲ့မွေးနေ့အခမ်းအနားဝတ်စုံကိုချုပ်ဖို့ အကြီးအကဲကလူတစ်ယောက်ကို ရွေးထားပြီးပြီတဲ့"
ဤစကားအားကြားသော် ဝမ်လဲ့မှာသုံးစက္ကန့်မျှ ချီတုံချတုံဖြစ်သွားရကာခေါင်းအားယမ်းရင်း ငြင်းဆိုလိုက်သည်။
"မဖြစ်နိုင်ဘူး"
မိဖုရားကြီး၏မွေးနေ့ပွဲသည် ဌာနအတွက် အရေးအကြီးဆုံးပွဲများထဲမှတစ်ခုဖြစ်သည်။အမျိုးသမီးဝမ့်မှာ သူမဇာတိမြို့သို့ပြန်သွားပြီဖြစ်သည့်အပြင် ဌာနထဲရှိလုပ်သက်ရင့်အမျိုးသမီးအများစုမှာလည်း ဤကိစ္စအားစိတ်မဝင်စားကြသည့်အတွက် ဤနေရာအတွက် သင့်တော်သည့် ကိုယ်စားလှယ်လောင်းမှာ ဌာနထဲတွင်မရှိသေးပေ။ရုန်စာဘက်မှ သီးသန့်ခန့်အပ်ထားသည်ဆိုသူမျိုးလည်း ရှိမနေချေ။
"ငါလဲမသိဘူးလေ"
ဝေ့မန်မန်သည် ရှောက်ချီထံလက်ညှိုးထိုးပြရင်း
"ညီမလေးရှောက်ချီက သူ့နားနဲ့ဆတ်ဆတ်ကြားခဲ့တာမလို့ မှားနိုင်မှာမဟုတ်ဘူး"
"နင်..."
ဝမ်လဲ့၏အကြည့်မှာ ရှောက်ချီထံချက်ချင်းရောက်သွားလေသည်။
"ငါ.....ငါ.....ငါ....."
ဝမ်လဲ့၏ အကြည့်စူးစူးများအောက်တွင် ရှောက်ချီမှာ ထိန်းချုပ်မထားနိုင်တော့ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားရတော့သည်။
ဝမ်လဲ့သည် သူမမှာအကြပ်ကိုင်သလိုဖြစ်နေသည်အား သတိထားမိလိုက်၍ မျက်လွှာချကာအကြည့်လွှဲလိုက်၏။
ဖိအားများမရှိတော့၍ ရှောက်ချီမှာ ချက်ချင်းစိတ်သက်သာရာရသွားတော့သည်။သူမသည် လည်ချောင်းရှင်းကာ
"အဲနေ့က အကြီးအကဲရုံးခန်းနား ဖြတ်သွားရင်း အဖွဲ့အစည်းရဲ့အကြီးအကဲကျန်းနဲ့ဌာနအကြီးအကဲတို့ စကားပြောနေတာကို နားစွန်နားဖျားကြားခဲ့ရတာ။ဒါပေမယ့် ဘယ်သူလဲဆိုတာကိုတော့ မကြားလိုက်ရဘူး"
"ဘာရယ်"
ရှောက်ချီ၏ဆက်ပြောလာသည့်စကားသံမှာ တိုးလျမြန်ဆန်နေသောကြောင့် မည်သူမှကောင်းကောင်းမကြားလိုက်ကြပေ။
ရှောက်ချီသည် နှုတ်ခမ်းအားကိုက်ကာ စူးယွင်၏နောက်ကိုဖြည်းဖြည်းချင်းရွေ့သွားရင်း ပြောလိုက်၏။
"အဲ့လူရဲ့ နာမည်ကိုမကြားလိုက်ရဘူး"
အုန်းကနဲဆိုသလို ဤစကားမှာ လူတိုင်းခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သည့်အလားပင်။
"နင်..."
ဝေ့မန်မန်မှာ ပထမဆုံးစကားပြောလာသူဖြစ်ပြီး အော်ပြောလာ၏။
"ရှောက်ချီ ငါ နင့်ကို ရိုက်မသတ်ဘူးလို့မထင်နဲ့"
"ကယ်ကြပါဦး ကယ်ကြပါဦး"
ရှောက်ချီသည် စူးယင်နောက်တွင်ပုန်းရင်း အင်္ကျီလက်အားဆွဲကာ
"ညီမစူးယွင် ညီမစူးယွင် ကယ်ပါဦး"
စူးယွင်သည် ဆောင့်ဆွဲခံလိုက်ရ၍ ဟန်ချက်ထိန်းလိုက်ရ၏။သူမသည် ရှောက်ချီအားကူကယ်ရာမဲ့စွာကြည့်ပြီး စားပွဲပေါ်လက်တစ်ဖက်ထောက်ကာ ကိုယ့်ကိုကိုယ် ထိန်းထားလိုက်သည်။
"စိတ်အေးအေးထားပြီး ပြောကြရအောင်ပါ။ကိုယ်ထိလက်ရောက်လုပ်ဖို့ မလိုပါဘူး"
ကြားဝင်ဖြန်ဖြေသူအခန်းကဏ္ဍမှနေ စူးယွင်သည် ကြားဝင်ဖို့လုပ်လိုက်သည်။
"ရှောက်ချီ ပြောတာမှန်တယ်။အကြီးအကဲက လျှို့ဝှက်ရွေးချယ်ပြီးသွားပြီ"
ဝေ့မန်မန်သည် ရှောက်ချီ၏လက်မောင်းအား ဆွဲနေသည်ကိုရပ်ကာ မေးလိုက်၏။
"ဘာလဲ။နင်လည်းသိပြီးသားပေါ့"
"အင်း"
စူးယွင်သည် ခေါင်းငြိမ့်ကာ
"အကြီးအကဲပြောခဲ့တာကို အရင်ကငါလဲကြားခဲ့တယ်"
"ဒါဆို ဘယ်သူလဲဆိုတာ နင်သိလား"
"သိတယ်"
သေချာပေါက် ငါပဲပေါ့။
"ဒါဆို နင်....."
စူးယွင်သည် ချက်ချင်း ငြင်းဆိုလိုက်၏။
"မပြောပြဘူး။အကြီးအကဲက အကြောင်းအရင်းရှိလို့သာ ဘာမှမပြောသေးတာလေ။အချိန်တန်ရင် ငါတို့သ်ိလာပါလိမ့်မယ်"
"ဒါပေမယ့်..."
"လူတိုင်းကိုယ့်အလုပ်ကိုယ် ပြန်လုပ်ကြပါတော့။လက်ရှိအလုပ်တွေကသာ အရေးအကြီးဆုံးပါ"
စူးယွင်သည် ရှောက်ချီဘက် လှည့်ကြည့်ကာ သူမကိုလဲဖယ်ထုတ်လိုက်သည်။
"နင်လဲ အလုပ်သွားလုပ်တော့"
"ငါ..."
"အလုပ်လုပ်တော့"
စူးယွင်သည် အပ်နှင့်အပ်ချည်အား ကောက်ကိုင်လိုက်၏။
လူအချို့မှာ တစ်ခုခုပြောချင်နေသေးပေသိ စူးယွင်၏ပုံစံအားကြည့်ကာ လက်သာဝှေ့ယမ်းရင်းထွက်သွားကြလေသည်။
အနှေးနှင့်အမြန်ဆိုသလို သူတို့သိလာကြမည်ပင်။
စူးယွင်သည် ခေါင်းငုံ့ကာ မျက်လုံးအားထောင့်ကပ်ကြည့်လိုက်၏။လူတိုင်းထွက်သွားသည်ကိုမြင်ပါမှ သက်ပြင်းချလိုက်မိတော့သည်။
ရွေးချယ်ခံရသည့်လူမှာ သူမဆိုသည်အားလူတိုင်းသိသွားလျှင်မကျေမနပ်ဖြစ်လာကြမည်အားသူနားလည်လေ၏။
သို့သော်ယခုအချိန်မှာ ထုတ်ပြောရန်အချိန်ကောင်းမဟုတ်ပေ။သိသည့်လူများလေလေ အနာဂတ်တွင်ပြဿနာပိုရှုပ်လာလေလေပင်။
သူမသည် နှုတ်ခမ်းအား တင်းတင်းစေ့လိုက်၏။
"အလုပ်လုပ်တာပဲကောင်းတယ်"
အပ်ချုပ်ရာနှစ်ချက်မျှ ချုပ်ပြီးချိန်တွင် စူးယွင်မှာ သူမအားစူးစိုက်ကြည့်နေသလို အကြည့်တစ်ခုကို ခံစားလိုက်ရ၏။
သူမမှမော့ကြည့်လိုက်ရာ တံခါးပေါက်တွင်ရပ်နေသည့် ဝမ်လဲ့၏မျက်ဝန်းများဖြင့်ဆုံသွားလေသည်။
ဝမ်လဲ့၏အကြည့်မှာ စစ်ဆေးခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် အနည်းငယ်မခံရပ်နိုင်အောင်ဖြစ်မှုတို့ ပါနေလေ၏။
စူးယွင်မှာသူမအား ပြုံးပြ၍အပ်နှင့်အပ်ချည်ထံကိုသာ အာရုံပြန်စိုက်လိုက်သည်။
ဝမ်လဲ့သိသွားပြီဖြစ်နိုင်၏။
စူးယွင်မှသူမအား လျစ်လျူရှုလိုက်သည်ကိုမြင်သော်ဝမ်လဲ့သည် လှည့်ထွက်သွားလိုက်တော့သည်။
မြင်ကွင်းမှ ဝမ်လဲ့ပျောက်သွားသည်နှင့် ရှောက်ချီသည် ချက်ချင်းအသံကိုနှိမ့်ကာ ပြောလာ၏။
"ငါ တောင်းပန်ပါတယ်"
စကားသံမှာ တိုးလျလွန်းပြီးကိုယ့်ဘာသာရေရွတ်နေသလိုပါပင်။
စူးယွင်သည် မျက်ခုံးပင့်ကြည့်လိုက်သည်။
ရှောက်ချီမှာ သူမအားတောင်းပန်နေသည်ဟု ခံစားနေရလေ၏။
သို့သော်စူးယွင်သည် အကြောင်းရင်းအားမမေးဘဲ အလုပ်ကိုသာဆက်လုပ်နေလိုက်သည်။
နှစ်နာရီကြာပြီးချိန်တွင်တော့ အခန်းတွင်းရှိလူများမှာ ဖြည်းဖြည်းချင်းထွက်သွားကြတော့၏။
ရှောက်ချီသည် ထိုင်နေရာမှထရပ်ကာ စူးယွင်ရှေ့၌ရပ်လိုက်လေသည်။
နွေးထွေးသောအလင်းရောင်မှာ ရှောက်ချီ၏အရိပ်ကြောင့် ပိတ်ဆို့သွားလေ၏။စူးယွင်သည် မျက်လုံးအားမှေးကျဥ်းကာ မော့ကြည့်လိုက်သည်။
ရှောက်ချီသည် နှုတ်ခမ်းအားကိုက်ပြီး စားပွဲအစွန်းကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားလေ၏။
သူမသည် စူးယွင်အားစိုက်ကြည့်ကာ စကားပြောရန်ချီတုံချတုံ ဖြစ်နေလေသည်။
"ဘာဖြစ်လို့လဲ"
စူးယွင်မှ မေးလိုက်၏။
"ဟို... ငါတမင်လုပ်လိုက်တာ မဟုတ်ပါဘူး"
ရှောက်ချီသည် အထစ်ထစ်အငေါ့ငေါ့ဖြင့်ပြောလာသည်။သူမလက်ချောင်းများသည် စားပွဲစွန်းကိုတင်းတင်းဆုပ်ကိုင်ထားသောကြောင့် ဖြူဖျော့သွားလေ၏။
"အဲဒီကိစ္စနဲ့ ပတ်သက်လို့ပါ"
"အင်း"
စူးယွင်သည် မျက်ခုံးပင့်လိုက်၏။
ရှောက်ချီမှာ အာမခံသည့်အမူအရာဖြင့် လက်နှစ်ဖက်လုံးကို မြှောက်ကာပြောလာသည်။
"စိတ်ချပါ။နင့်နာမည်ကို ငါဘယ်သူ့ကိုမှ မပြောပါဘူး"
စူးယွင်သည် အပ်နှင့်အပ်ချည်အားချလိုက်ပြီးပြုံးကာ
"ရပါတယ် အနှေးနဲ့အမြန်ဆိုသလိုလူတွေ ကသိလာမှာပါပဲ"
"ငါ သိပါတယ် ဒါပေမယ့် ဒါက.....နင့်ကို.... ဒါကပြဿနာများလာမှာလေ.....အမ်း..."
"ငါ နားလည်ပါတယ်"
စူးယွင်မှ ပြောလာ၏။
"ဒီလောက် စိတ်လှုပ်ရှားနေစရာမလိုပါဘူး။နင်ကဒီလိုအ,ထစ်အ,ထစ်ဖြစ်နေတော့ မသိတဲ့လူဆိုရင်နင့်ကိုခုထိစကားမပီတဲ့လူလို့ထင်ကုန်တော့မှာပဲ"
"ဖွီး"
ရှောက်ချီစိတ်ထဲတွင် တင်းကြပ်နေသည့် ဖိအားများမှာ ပျောက်ရှသွားရပြီးအားရပါးရရယ်ချလိုက်တော့သည်။
"နင်ကဒီလိုဟာသဉာဏ်ရွှင်မယ်လို့ ငါမထင်ထားဘူး။ငါက နင့်ကို... ငါကနင့်ကို..."
"မာနကြီးမယ်ထင်တာလား"
စူးယွင်မှစနောက်လိုက်၏။
"အတိအကျတော့မဟုတ်ပါဘူး။နင်က နည်းနည်းလေးတည်တယ်လို့ထင်မိတာ"
"တည်တယ်ပေါ့လေ"
စူးယွင်မှာ ခပ်ဟဟရယ်လိုက်မိ၏။
"ငါ့မျက်နှာက လေးထောင့်ပုံစံပေါက်နေလို့လား"
"မဟုတ်ဘူး။တကယ်မဟုတ်ပါဘူး"
ရှောက်ချီသည် လက်ယမ်းပြကာလက်ဟန်အမူအယာဖြင့်ပါ ပြောလာ၏။
"နင်ကစကားသိပ်မပြောဘဲ ခေါင်းငုံ့ပြီး အလုပ်ပဲလုပ်နေတာလေ။ဒါကအကြီးအကဲရဲ့ပုံစံနဲ့တူနေတယ်။တည်ကြည်ပြတ်သားတဲ့ အမျိုးသမီးပုံစံမျိုးပေါ်နေတာလေ"
စူးယွင်သည် ပစ္စည်းများအားသိမ်းဆည်းရင်း ပြန်ဖြေလိုက်၏။
"နင့်စိတ်ထဲထင်နေလို့ပါ။ငါကဒီကိုအသစ်ရောက်လာတာဆိုတော့ အမှီလိုက်ဖို့ ကြိုးစားရမယ်"
"နင်က အခုတောင်..."
ရှောက်ချီသည် တစ်ခုခုပြောချင်ပုံရပေသိ သူမ၏အာရုံမှာ စူးယွင်၏လုပ်ဆောင်ချက်များဆီရောက်သွားလေ၏။
"ဟမ် နင်ကထမင်းပြန်စားတော့မလို့လား"
"အင်း"
စူးယွင်သည် သူမပစ္စည်းများအားဆက်သိမ်းလိုက်သည်။
"ဒါဆိုအတူတူ သွားရအောင်။အရမ်း အရမ်းအရသာရှိတဲ့အစားအသောက်တွေရောင်းတဲ့နေရာတစ်ခုကို ငါသိတယ်။ငါနင့်ကို ခေါ်သွားမယ်လေ"
စူးယွင်မှပစ္စည်းများထုတ်ပိုးပြီးသည်နှင့် ရှောက်ချီသည် သူမလက်မောင်းကို သဘာဝကျကျပင်ချိတ်လာ၏။
"သူတို့ကမနက်စာပဲရောင်းခဲ့ပေမယ့် သိပ်မကြာခင်ကမှ နေ့လယ်စာနဲ့ညစာပါ စရောင်းလာတာလေ။နင်သဘောကျမှာ သေချာတယ်"
စူးယွင်သည် သူမလက်မောင်းကို ပြန်ဆွဲထုတ်ကာငြင်းလိုက်၏။
"မလိုပါဘူး။ငါကအိမ်ပြန်ပြီးထမင်းစားမှာ"
"မလုပ်ပါနဲ့ လာစမ်းပါ။ငါတစ်ယောက်တည်း စားရတာကအရမ်းပျင်းစရာကောင်းတယ်လို့"
ရှောက်ချီသည် ကိုအားလားတစ်ကောင်လို စူးယွင်အပေါ်တွယ်ကပ်ရင်း သူမလက်မောင်းအား ထပ်ချိတ်လာသည်။
ရှောက်ချီသည်အရပ်ရှည်ရှည်နှင့် ပိန်သွယ်ကာ ကြွက်သားဘာညာမရှိပေသိ သူမအရပ်ဖြင့် စူးယွင်အားမှီတွယ်ထားချိန်တွင်တော့ အနည်းငယ်မသက်မသာဖြစ်စေလေ၏။
စူးယွင်သည်စားပွဲပေါ်လက်ထောက်ပြီး မျက်မှောင်ကြုံ့လိုက်သည်။
"နင်ဖယ်လိုက်ဦး"
"ငါ....."
ရှောက်ချီသည်ခေါင်းခါပြကာ နွဲ့ပြချင်ပေသိ စူးယွင်၏နဖူးထက်မှ ထင်းထွက်နေသောသွေးကြောများကို မြင်လိုက်ရရာ ချက်ချင်းလွှတ်ပေးလိုက်ပြီး သူမကိုယ်သူမပြန်ဖက်ကာ
"တောင်းပန်ပါတယ်။ငါကနည်းနည်းတော့လေးတယ်"
"ရပါတယ်"
စူးယွင်သည် ပြုံးပြလိုက်၏။
"သွားရအောင်"
"ဟမ် သွားမယ်"
ရှောက်ချီသည် ခဏတာမျှကြောင်သွားရပြီး ချက်ချင်းသဘောမပေါက်နိုင်ခဲ့ပေ။
စူးယွင်သည် တံခါးပေါက်ဆီလျှောက်သွားရင်း ပြောလိုက်သည်။
"ထမင်းစားဖို့လေ။အရမ်းကြာနေရင် ခုံနေရာကျန်တော့မှာမဟုတ်ဘူးနော်"
"ဒီလိုလား"
ရှောက်ချီသည် ရယ်မောရင်း စူးယွင်အား အမှီလိုက်ရန်ပြေးလာလိုက်၏။
"သူတို့ရဲ့ နံရိုးနဲ့ဟင်းရည်ကတကယ် အရသာရှိတယ်။နင်နောက်မှ မြည်းကြည့်လိုက်"
"နင်ကလူတွေအပေါ် အမြဲတမ်းဒီလိုမျိုး ဖော်ရွေတတ်တာလား"
စူးယွင်သည် ပြောစရာစကားပင်ပျောက်ရှသွားရ၏။
ရှောက်ချီသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် နောက်တီးနောက်တောက်ဟန်လုပ်ကာ မေးအားပင့်၍
"ငါကအရမ်းမာနကြီးပြီး အဖတ်မလုပ်တတ်ဘူး"
စူးယွင်၏မျက်နှာမှာ တောင့်တင်းသွားရပြီး ရှောက်ချီအား ခေါင်းအစခြေအဆုံးစစ်ဆေးကြည့်လိုက်သည်။
"မာနကြီးပြီး အဖတ်မလုပ်တတ်ဘူးပေါ့လေ။ငါတစ်ခုခုများ နားလည်မှုလွဲနေတာလား"
"ငါက ချောတဲ့သူတွေနဲ့ပဲစကားပြောရတာ ကြိုက်တယ်"
ရှောက်ချီသည်စူးယွင်၏ပါးကို ညှစ်လိုက်၏။
"နင့်မျက်နှာလေးက အရမ်းနူးညံ့တာပဲ။ငါကြိုက်တယ်"
"ပြီးတော့ ဒီနှာခေါင်း ဒီမေးရိုး ငါလဲလိုချင်တယ်"
စူးယွင်သည် အားတင်းပြုံးလိုက်ကာ ရှောက်ချီ၏မျက်နှာအား လက်ဟန်ဖြင့်ညွှန်ပြရင်း ပြောလိုက်၏။
"နင်သမားတော်ဆီ သွားရှာလို့ရတယ်။ဓားကိုသုံးပြီး ဒီနေရာမှာမျဥ်းနည်းနည်းဆွဲပြီး အထဲမှာဟိုဟာဒီဟာထည့်လိုက်ရင် နင်ငါ့လို ပုံစံဖြစ်သွားလိမ့်မယ်"
ရှောက်ချီသည် မျက်လုံးသာချန်ထားပြီး လက်နှစ်ဖက်ဖြင့် မျက်နှာကိုအုပ်ကာ သူမမျက်လုံးများမှာတော့ ဟိုကြည့်ဒီကြည့်လုပ်နေပြီး စိတ်ဝင်တစားမေးလိုက်၏။
"ဓားနဲ့မျက်နှာကိုခွဲစိတ်လိုက်ရင် မျက်နှာပျက်စီးသွားမှာလား"
"ဖြစ်နိုင်တာပေါ့။ဒီလိုကိစ္စတွေက အန္တရာယ်တော့ရှိတယ်"
ခေတ်သစ်၌ဆိုလျှင်ပင် ပလတ်စတစ်ဆာဂျရီလုပ်ခြင်းမှာ အဆင်မပြေသည်များရှိနေသေး၍ ဆေးပစ္စည်းနှင့်နည်းပညာမမြင့်မားသည့် ရှေးခေတ်မှာဆိုလျှင် ပို၍ပင်ဆိုးနေနိုင်သည်။
"ဒါဆိုထားလိုက်ပါတော့"
ရှောက်ချီသည် နှုတ်ခမ်းစူကာ
"ငါ့မျက်နှာက အရမ်းကြီးမလှချင်နေပါစေအမာရွတ်တွေနဲ့တော့ အဆုံးသတ်မသွားချင်ဘူး"
"နင်ကတော်တော်လေးလှနေပြီးသားပါ"
ရှောက်ချီ၏မျက်နှာကျမှာ သေးငယ်ပြီး ဘဲဥပုံစံရှိလေသည်။သူမ၏မျက်နှာအသွင်အပြင်များမှာ ထူးထူးခြားခြားလှပသည်မျိုးမဟုတ်ပေသ်ိ မျက်ဝန်းအိမ်ကြီးကြီးဖြင့် အသက်ဝင်နေသောမျက်ဝန်းများမှာတော့ အထူးခြားဆုံးပင်ဖြစ်၏။အထူးသဖြင့် စကားပြောနေချိန်တွင်သူမမျက်ဝန်းများမှာ တောက်ပနေပြီးခံစားချက်ကိုဖော်ပြနိုင်စွမ်းရှိသည်ကြောင့် တခြားသူများကို အလွယ်တကူဆွဲဆောင်နိုင်နေသည်။
"နင်ပြောတာမှန်တယ်။ငါ ရှောက်ချီက အရမ်းချောတဲ့အလှလေးတစ်ယောက်ပဲ။နင့်ထက်နည်းနည်းပဲလျော့တာ"
ရှောက်ချီသည် စူးယွင်ဘက်လှည့်ကြည့်လိုက်၏။စူးယွင်သည် ပုံမှန်အတိုင်းမျက်လွှာချထားရာ လိပ်ပြာတောင်ပံကဲ့သို့မျက်တောင်များမှ အနည်းငယ်ခတ်လိုက်သည်နှင့် မြင်ရသူတိုင်းကိုဆွဲဆောင်နေပါတော့သည်။ရှောက်ချီသည် မျက်တောင်မွှေးအချို့ကိုဆွဲနှုတ်ပြီး မည်ကဲ့သို့ဖြစ်တည်နေကြောင်းကြည့်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရလေ၏။ထိုသည်တို့မှာ အလွန်ဆွဲဆောင်မှုရှိလွန်းလှသည်။
ရှောက်ချီသည် အသံတိုးပြီး
"နည်းနည်းလေးထက်ပိုလျော့ချင်လည်း လျော့မှာပါ"
စူးယွင်သည် သူမလက်မောင်းအားဆွဲပြီး ခြေလှမ်းကို အရှိန်တင်လိုက်လေသည်။
"မျက်နှာကအရေးမကြီးပါဘူး။မြန်မြန် သွားပြီး စားစရာသာရှာကြရအောင်ပါ။ငါဗိုက်ဆာနေပြီ"
ဤသည်အားကြားသည်နှင့် ရှောက်ချီလဲ ခြေလှမ်းသည့်အရှိန်ကိုတင်လိုက်လေ၏။
စူးယွင်သည် ရှောက်ချီနောက်မှလိုက်သွားရင်း သွားလေလေ ပတ်ဝန်းကျင်မှာပိုပြီး ရင်းနှီးလာလေလေဖြစ်လာရသည်။
ဒီပတ်ဝန်းကျင်က ရှောင်ဟယ်ရဲ့ဆိုင်နားပဲမလား။
မဟုတ်သေးပါဘူး။ဒီလမ်းမှာဆိုင်တွေ အများကြီးရှိနေတာကို တိုက်ဆိုင်တာပဲဖြစ်ရမယ်။
နောက်ခဏတွင်တော့ ရှောက်ချီသည်ရပ်လိုက်ပြီးစူးယွင်ဘက် လှည့်ကြည့်လိုက်သည်။
"ရောက်ပြီ"
စူးယွင်သည် အလွန်ရင်းနှီးနေသည့်ဆိုင်အဝင်ဝအားကြည့်ကာပြောလိုက်၏။
"ဒီဆိုင်က....."
"ဟုတ်တယ် ဟုတ်တယ် ဒီဆိုင်ပဲ။ဆိုင်ရှင်က အမျိုးသမီးတစ်ယောက်ဆိုပြီး အထင်မသေးလိုက်နဲ့။သူ့လက်ရာက ယောက်ျားသားတွေရဲ့ ဘယ်လက်ရာထက်မဆိုမလျော့ဘူး"
ရှောက်ချီသည် စူးယွင်၏လက်မောင်းအားဆွဲကာ ဆိုင်ထဲဝင်လာလိုက်၏။
"နင်အရင်သွားပြီး နေရာရှာထားလိုက်။ငါကသွားမှာလိုက်မယ်။ဒီနေရာက...."
"သခင်မလေး"
ခေါ်သံတစ်သံမှာ ရှောက်ချီ၏စကားအား ဖြတ်ပြောလာ၏။
"ဟမ် မိန်းကလေးဟယ်က ဘယ်သူ့ကို ခေါ်နေတာလဲ"
ရှောက်ချီသည် ရှုပ်ထွေးသွားရပြီး ရှောင်ဟယ်မှ သူမတို့ဆီ အပြေးလေးလာနေသည်ကိုတွေ့လိုက်ရသည်။
"သခင်မလေး ရောက်လာတာပဲ"
စူးယွင်မှာ ပြန်ဖြေလိုက်၏။
"လုပ်ဖော်ကိုင်ဖက်နဲ့ စကားလက်စုံကျရင်းရောက်လာတာလေ"
"ဒါဆို နားနားနေနေထိုင်နေလိုက်ပါ။ကျွန်မ ချက်ချင်းပြင်ဆင်ပေးပါ့မယ်"
"ကျေးဇူးပဲ"
"ဒါ ဒါ ဒါက....."
ရှောက်ချီမှာ ခုံပေါ်ထိုင်လိုက်ချိန်ထိပင် မယုံနိုင်သေးပေ။
စူးယွင်သည် သူမအတွက် တူယူပေးရင်းပြောလိုက်သည်။
"ဒါက ငါရင်းနှီးမြှုပ်နှံထားတဲ့ဆိုင်ပဲလေ"
"အဲ့ဒါကတကယ်အထင်ကြီးစရာကောင်းတာပဲ"
အဝတ်အထည်နှင့်အစားအသောက်မှာ သီးခြားကဏ္ဍနှစ်ခုဖြစ်၏။
"သိပ်လဲမဟုတ်ပါဘူး။ငါကပိုက်ဆံလေးနည်းနည်းပဲ ရင်းနှီးပေးထားတာ။ဒီလုပ်ငန်းဒီလောက်အောင်မြင်လာတာက သူမရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ"
ရှောက်ချီ၏မျက်ဝန်းများမှာ ဘေးစားပွဲမှ အရသာရှိလောက်မည့်ဟင်းပွဲများထံ အကြည့်ရောက်သွားပြီး သက်ပြင်းချလိုက်မိသည်။
"မိန်းကလေးဟယ်က တကယ်အံ့သြစရာပဲ။ ငါတောင်ဒီလိုမျိုးတွေ ကိုယ့်ဘာသာမလုပ်တတ်ဘူး"
စူးယွင်သည်လည်း ပြန်ဖြေလိုက်၏။
"သူမကတစ်ကယ်ကို အရမ်းထူးချွန်တယ်"
သူမစကားဆုံးသည်နှင့် အသံတစ်သံမှာ ဖြတ်ပြောလာသည်။
"ခွင့်ပြုပါဦး"
ရှောက်ချီသည် အသံလာရာကိုကျောပေးထားသည်ကြောင့် ရှောင်ဟယ်မှ ဟင်းပွဲများလာပို့သည်ဟု ထင်လိုက်သည်။သူမမှာ အပြုံးလေးဖြင့်လှည့်ကြည့်ကာ
"ကျွန်မလမ်းပိတ်ထားမိလို့လား။ကျော်သွားလို့ ရပါတယ်......"
"နင်ဖြစ်နေတာကိုး"
စကားပြောဆိုသည့်လေသံမှာ ရုတ်ချည်း ပြောင်းလဲသွားလေ၏။