← Chapters

အခန်း (၉၀+၉၁)

Vol. 9 Ch. 90+91

အခန်း (၉၀+၉၁)

Vol. 9 Ch. 90+91

သူမပေါ်လာခြင်းမှာ အံ့သြစရာသိပ်မဖြစ်စေခဲ့ပေ။ရုန်စာသည် သူမထံလှည့်ကြည့်၍ မေးလိုက်သည်။

"အကြောင်းအရင်းကဘာလဲ"

ဝမ်လဲ့သည် ခြေတစ်လှမ်းရှေ့တိုးကာ တည်ငြိမ်မှုနှင့် ယုံကြည်မှုအပြည့်ဖြင့်ပြန်ဖြေလိုက်သည်။

"စူးမိန်းကလေး အဖွဲ့အစည်းထဲဝင်လာတဲ့အချိန်ကစပြီး သူ့ရဲ့တိုးတက်မှုက အထင်ကြီးစရာပါပဲ။ဒါပေမယ့်မိဖုရားကြီးရဲ့ မွေးနေ့အခမ်းအနားဝတ်စုံဆိုတာ အရေးကြီးတဲ့ကိစ္စဖြစ်‌နေတဲ့အပြင် စူးမိန်းကလေးရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းမပြည့်မီမှုက သူ့ကို စီမံကိန်းခေါင်းဆောင်နေရာအတွက် ကိုက်ညီမှုမဖြစ်စေပါဘူး"

ရုန်စာသည် စားပွဲအစွန်းတွင်လက်ထောက်ကာ ခပ်ဖွဖွပုတ်နေလိုက်သည်။

"ဒါဆို ဘယ်သူက သင့်တော်တယ်လို့ မင်းထင်လဲ"

ဝမ်လဲ့မှစကားပြောရန်ပြင်လိုက်စဥ် ဘေးနားရှိအခြားတစ်ယောက်မှာ သူမ၏အင်္ကျီလက်ကိုဆွဲလာလေသည်။

ထိုမိန်းကလေးမှာ ခေါင်းအားအသာယမ်းပြလိုက်၏။

ဝမ်လဲ့သည် ထိုလက်အားဆွဲဖယ်ကာ လက်မောင်းကိုအသာပုတ်လိုက်သည်။ရုန်စာသည် မျက်လုံးအား‌မှေးကျဥ်း၍သူတို့ကြားရှိ အပြန်အလှန် လှုပ်ရှားမှု‌လေးများကို လေ့လာနေလိုက်၏။

ရုန်စာသည် ဝမ်လဲ့ထံ အပြုံးလေးဖြင့်ကြည့်ကာ ပြောလာသည်။

"စူးမိန်းကလေးက မသင့်လျော်ဘူးလို့ထင်နေပြီဆိုမှ‌တော့ ဘယ်သူကပိုကောင်းတဲ့ ကိုယ်စားလှယ်ဖြစ်နိုင်မလဲဆိုတဲ့အကြံပြုချက်ကို မင်းပေးနိုင်မယ်ထင်ပါတယ်"

"ကျွန်မပါ"

ဝမ်လဲ့သည် ရုန်စာ၏အကြည့်ကို ပြန်စိုက်ကြည့်ကာ ထပ်ပြောလိုက်၏။

"ကျွန်မ ဒီရာထူးကိုကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်"

"မင်းလား"

ရုန်စာသည် လှောင်ပြုံးပြုံးကာ အေးစက်စက်‌လေသံဖြင့်ပြောလိုက်၏။

"ဘယ်အချက်‌ပေါ် မူတည်ပြီးတော့လဲ"

ဝမ်လဲ့သည် အနည်းငယ်တောင့်တင်းသွားရပြီး သူမ၏အင်္ကျီလက်များကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။သူမ၏စိတ်ထဲတွင် အတွေးများလျင်မြန်စွာပြေးလွှားနေပြီး တစ်ခုခုပြောလိုက်ချင်သော်ငြား စကားလုံးများမှာထွက်မလာခဲ့ချေ။

ရုန်စာသည် ဌာနအကြီးအကဲရာထူးတွင် နှစ်ပေါင်းများစွာတာဝန်ယူခဲ့သူဖြစ်၏။သူမ၏ ကျွမ်းကျင်မှုနှင့် နည်းလမ်းများသည် အဆင့်မြင့်ပြီး ငယ်ရွယ်၍စိတ်မြန်သော မိန်းမငယ်လေးတစ်ဦးကို ကြောက်လန့်စေခြင်းမှာ သူမအဖို့လွယ်ကူသောကိစ္စရပ်ဖြစ်သည်။သူမ၏အကြည့်ကို စူးယွင်၏စားပွဲထက်ရှိ ပန်းထိုးလက်ရာထံ ပြောင်းလိုက်ပြီး ကောက်ကိုင်ကာ မှတ်ချက်ပြုလိုက်၏။

"အရောင်တွေက သဟဇာတဖြစ်ပြီး သူ့အလွှာနဲ့သူ ပုံဖော်ထားတာလည်း အရမ်းကောင်းနေပေမယ့် အဆုံးမှာ လက်စသတ်ထားတာက နည်းနည်းလေးပိုနေတယ်။ခြုံကြည့်ရရင်တော့ အရည်အသွေးမြင့် လက်ရာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်"

ထိုစကားအားပြောပြီးသည်နှင့် ရုန်စာသည် ဝမ်လဲ့ဘေးသို့ လျှောက်သွားကာ သူမ၏ လက်ကို ဝမ်လဲ့ပခုံးနားရွယ်ထားကာ

"မင်းရဲ့လက်ရာကို ကြည့်လို့ရမလား"

ဝမ်လဲ့မှာ ခဏတာမျှရပ်တန့်သွားမိပြီး မတုံ့ပြန်နိုင်ဘဲနေရာမှာပင်ငြိမ်နေလိုက်မိသည်။

"ဟမ်"

ရုန်စာ၏ အသံမှာအဆုံးတွင် အနည်းငယ် မြင့်တက်သွားပြီး သူမ၏လက်မှာလဲ ဝမ်လဲ့ပခုံးကိုငြင်သာစွာ ပုတ်လိုက်လေသည်။

ဝမ်လဲ့မှာ အနည်းငယ်တုန်ယင်သွားပြီး နောက်ဆုံးတွင်‌တော့ရုန်စာ၏ ရည်ရွယ်ချက်ကို နားလည်သွားတော့၏။သူမသည်ခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်။

"ရပါတယ်"

ကျွမ်းကျင်သော ပန်းထိုးသမတစ်ဦးအနေဖြင့် ဝမ်လဲ့သည် အမြဲတမ်းခြေကျင်းဝတ်အထိသာရောက်သော ရိုးရာဝတ်စုံဖြစ်သည့်လက်ဝကျဉ်းရူချွမ်ဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသည်။ထိုဝတ်စုံမှာ ပန်းထိုးခန်း၌အလုပ်လုပ်နေစဉ် လွယ်ကူစွာလှုပ်လှုပ်ရှားရှားလုပ်နိုင်စေ၏။သို့သော် စူးယွင်၏ အလုပ်နေရာမှာအနည်းငယ် ဝေးကွာ၍ သူမလက်ရာကို ရုန်စာထံအမြန်ဆုံးပြသနိုင်ရန် ဝမ်လဲ့သည်သူမ၏စကပ်အား မ,ကာအမြန်လျှောက်သွားလိုက်သည်။

ဝမ်လဲ့သည် ပန်းထိုးပညာရှင် မိသားစုမှ မွေးဖွားလာသူဖြစ်၏။ငယ်စဉ်ကတည်းမှ မိသားစုထံတွင် သင်ယူခဲ့ရပြီးအဖွဲ့အစည်းထဲ ဝင်ရောက်လာသူများထဲတွင် အငယ်ဆုံးဖြစ်လာသည်။သူမသည် အငယ်တန်းအဖွဲ့ဝင်အဖြစ်မှ အလယ်အလတ်အဆင့်သို့ အမြန်ဆုံး တက်လှမ်းခဲ့သူလည်းဖြစ်၏။သူမသည် နေ့စဉ်ကြိုးစားလေ့ကျင့်ပြီး အကြီးတန်းအရင်းအမြစ်များကို ရရှိရန်နှင့် အသက်အငယ်ဆုံးအကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်လာရန် မျှော်လင့်ခဲ့သည်။

ဝမ်လဲ့တွင်ပြီးစီးထားသော လက်ရာများဖြင့်ပြည့်နေသည့် ခြင်းတောင်းတစ်လုံးရှိ၏။ သူမသည် ပန်းထိုးထည်တစ်ခုအား အလွယ်ကောက်ယူလိုက်ပေသိ စကပ်အားကိုင်လိုက်သည်နှင့်တုံ့ဆိုင်းသွားရကာ ထိုပန်းထိုးထည်ကိုပြန်ချလိုက်သည်။

သူမသည် ခြင်းတောင်းထဲမွှေနှောက်ရင်း သူမ၏အကောင်းဆုံးလက်ရာကို ရွေးချယ်ကာ ရုန်စာထံ ပြန်လျှောက်လာခဲ့၏။

ဤသည်မှာ ယှဉ်ပြိုင်မှုဖြစ်ပြီး ဝမ်လဲ့သည်သူမမှာ စူးယွင်ထက် သာလွန်ကြောင်းသက်သေပြနိုင်မည့် သူမ၏အကောင်းဆုံးလက်ရာကို ရုန်စာ့ထံတင်ပြရန် စိတ်ပိုင်းဖြတ်ထားသည်။

"အကြီးအကဲ ကြည့်လိုက်ပါ"

ဝမ်လဲ့သည်ပန်းထိုးလက်ရာကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ရုန်စာသည် အပြုံးလေးဖြင့်ယူလိုက်ကာ

"လက်ရာက အသက်ဝင်လုနီးပါးပဲ။ချုပ်ရိုးတွေကလည်း ညီညာပြေပြစ်နေပြီး အပြစ်အနာအဆာ တစ်ခုမှ မတွေ့ရဘူး"

"တကယ်ကို မင်းဆီကနေမျှော်လင့်ထားမိတဲ့အတိုင်းပဲ။မင်းရဲ့ပန်းထိုးကျွမ်းကျင်မှုက ထူးခြားတယ်။စူးယွင်နဲ့ယှဉ်ရင် မင်းကအခြားအဆင့်တစ်ခုမှာ ရှိနေတာအသေအချာပဲ"

ရုန်စာ၏ ချီးကျူးသံကို ကြားရသောအခါ ဝမ်လဲ့သည် ကျေနပ်မှုကိုခံစားလိုက်ရပြီး ထိုခံစားချက်ကြောင့် သူမမှာစီမံကိန်းကို ကြီးကြပ်ရန် တာဝန်ပေးခံရတော့မည်ဟု တွေးနေလိုက်သည်။သို့သော် ရုန်စာမှဆက်ပြောလာသည်ကို ကြားလိုက်ရ၏။

"ဒါပေမဲ့ အရောင်အသွေးပိုင်းမှာတော့ စူးယွင်ရဲ့ လက်ရာနဲ့မယှဉ်နိုင်ဘူး"

ထို့နောက် ရုန်စာသည် ခုနကသူမစစ်ဆေးခဲ့သည့် စူးယွင်၏ပန်းထိုးလက်ရာကို ကောက်ယူကာဖြန့်လိုက်ပြီး ဝမ်လဲ့၏ လက်ရာကို စူးယွင်၏လက်ရာဘေး၌ ယှဉ်ပြလိုက်ကာ လူများအားနှိုင်းယှဉ်ကြည့်ခိုင်းလိုက်သည်။

"လူတစ်ယောက်ရဲ့ အမြင်ကကျဉ်းမြောင်းနိုင်ပေမဲ့ အများရဲ့အမြင်ကတော့ အမြဲတမ်း ထက်မြက်ပါတယ်"

ရုန်စာသည် လက်ညှိုးထိုးပြလိုက်ပြီး

"အားလုံးကြည့်,ကြည့်လိုက်ကြ။မှတ်ချက်ပေးဖို့အတွက်လည်း လွတ်လွတ်လပ်လပ်ပြောလို့ရတယ် ချုပ်တည်းမထားကြနဲ့"

ဤလူများသည် အဖွဲ့အစည်းတွင်း၌အချိန်အကြာကြီးရှိခဲ့ကြ၍ ရုန်စာ၏အကျင့်စရိုက်ကို ကောင်းကောင်းသိထားကြသည်။သူမသည် လူတိုင်း၏လက်ရာများအား နှိုင်းယှဉ်ပြသတတ်ခြင်းနှင့် အားသာချက်ရော အားနည်းချက်ကိုပါ ထောက်ပြရခြင်းတို့ကို နှစ်သက်လေ၏။ထိုသို့ဖြင့်လူတိုင်းမှာအချင်းချင်း သင်ယူနိုင်ပြီးတိုးတက်လာနိုင်မည်ဖြစ်သည်။

မည်သူမျှ တိတ်ဆိတ်မနေခဲ့ပေ။မှတ်ချက်များအားလုံးသည် လေးနက်မှုရှိပြီး အပြုသဘောဆောင်၏။

"စူးယွင်ရဲ့ အဆုံးသတ်လက်ရာက ချို့ယွင်းချက်နည်းနည်းရှိနေတယ်။အဆုံးသတ်လက်ရာကို အထုံးပန်းထိုးပုံနဲ့သာသုံးခဲ့ရင် ပိုကောင်းမှာပဲ"

"ဝမ်လဲ့ရဲ့အရောင်ပေါင်းစပ်မှုက အပေါ်ယံကြည့်ရင် အရမ်းတောက်လွန်းနေတယ်။အရောင်ရင့်ရင့်တစ်ချို့ ထပ်ထည့်လိုက်ရင် အဝေးကတောင်တန်းပုံဖော်ထားတဲ့ လက်ရာကပိုပြီးသုံးဖက်မြင်ပုံစံပေါ်လာမှာပဲ"

"စူးယွင်....."

ရုန်စာမှ ပြောလာ၏။

"မင်းဘက်က ပြီးပြည့်စုံအောင်မလုပ်နိုင်မှတော့ငါကဘာလို့ ဒီတာဝန်ကိုမင်းဆီပေးရမှာလဲ"

ဝမ်လဲ့သည် အရောင်ရွေးချယ်မှုမှာ သူမ၏ အားနည်းချက်ဖြစ်ကြောင်း သိထားသော်လည်း ရုန်စာ၏စကားများအားကြားသော် မကျေမနပ်ဖြစ်သလိုခံစားလိုက်ရ၏။

သူမမှာ ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ စူးယွင်မှာလည်း အားနည်းချက်ရှိနေတာပဲလေ"

"စူးယွင်က တရားဝင်လေ့ကျင့်သင်ကြားမှုတွေမရသေးပေမယ့် ဒီတစ်လအတွင်းမှာတင် လက်ရှိအဆင့်ထိရောက်လာတာက သူ့ရဲ့ စွမ်းရည်ကို ပြသနေတာပဲ။မင်းကကျအဖွဲ့အစည်းထဲမှာ ရှိနေတာနှစ်‌တောင်ချီနေပြီကို အရောင်ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အခက်အခဲရှိနေတုန်းပဲ"

ရုန်စာသည် အဖွဲ့အစည်းမှပါဝင်သူတိုင်း၏ အကဲဖြတ်မှုများကို ကိုယ်တိုင်စစ်ဆေးခဲ့သောကြောင့် သူတို့၏အားနည်းချက်များကို အလွန်ရင်းနှီးလှသည်။

ဝမ်လဲ့မှ အဖွဲ့အစည်းတွင်းစတင်ဝင်ရောက်ချိန်နှင့် နှိုင်းယှဉ်လျှင် အရောင်ရွေးချယ်မှုအပိုင်းတွင် သိသိသာသာတိုးတက်လာခဲ့ပေသိကွာဟချက်မှာ‌တော့ရှိနေဆဲပင်။

"ဒါပေမဲ့ လက်ရှိကိစ္စကအရေးကြီးတဲ့အလုပ်ပါ။ကျွန်မရဲ့ အရောင်ကျွမ်းကျင်မှုက ပြီးပြည့်စုံစရာမလိုပေမဲ့ စံနှုန်းတွေကို ပြည့်မီဖို့တော့လုံလောက်ပါတယ်။စူးယွင်ရဲ့ ပန်းထိုးနည်းကတော့ လိုအပ်တဲ့စံနှုန်းထက်နိမ့်ကျနေတုန်းပဲ"

ဝမ်လဲ့သည် မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားရန် ကြိုးစားနေခဲ့သည်။အချိန်မရှိတော့၍ စူးယွင်မှာအချိန်မီလုပ်နိုင်မည်မဟုတ်ဟု သူမထင်လေသည်။

ရုန်စာသည် ဖွဖွပြုံးကာ ဆုံးဖြတ်ချက်ချလိုက်၏။

"ကောင်းပြီလေ။ဒါဆိုရင်ပြိုင်ပွဲတစ်ခုလုပ်ကြတာပေါ့။ဘယ်သူက ပိုသန်မာလဲဆိုတာ ကြည့်ရအောင် ရလဒ်တွေကပဲပြောပါစေ"

"အချိန်ကို ဒီနေ့ကစပြီး နှစ်ပတ်အတွင်းသတ်မှတ်ထားမယ် ဘယ်လိုလဲ"

အကြီးအကဲတစ်ဦးအနေဖြင့် ရုန်စာသည် တစ်ဦးတစ်ယောက်ကို ခန့်အပ်နိုင်ပေသိ သူမမှာ သူတို့အားယှဉ်ပြိုင်စေချင်သေးသည်။စူးယွင်အနိုင်ရမှသာလျှင် သူတို့သည်စူးယွင်၏ ခေါင်းဆောင်မှုကို အမှန်တကယ် လက်ခံကြမည်ဖြစ်၏။

"ကောင်းတယ်"

ဝမ်လဲ့သည်လက်သီးကျစ်ကျစ်ဆုတ်ကာ ဤပြိုင်ပွဲအား အနိုင်ယူရန်စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ခေါင်းညိတ်ပြလာသည်။

စူးယွင်သည်လည်း ခေါင်းသာငြိမ့်ပြကာကန့်ကွက်စရာမရှိကြောင်း ပြသလိုက်၏။ကုန်သည်အဖွဲ့အစည်းကို စီးပွားရေးဝန်ကြီးဌာနမှ တိုက်ရိုက်စီမံခန့်ခွဲပြီး နောက်ဆုံးတွင် ဧကရာဇ်ကိုယ်တိုင် ကြီးကြပ်လေသည်။အဖွဲ့အစည်းသည် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး ကျယ်ပြန့်သောနယ်မြေကို သိမ်းပိုက်ထားလေ၏။

အဖွဲ့အစည်းတည်ထောင်ရန် ဆုံးဖြတ်လိုက်ချိန်တွင် ဧကရာဇ်သည် မြို့၏ အနောက်ဘက်ခြမ်းရှိအကျယ်ပြန့်ဆုံးနေရာကို ရက်ရက်ရောရောပေးအပ်ခဲ့သည်။

အဖွဲ့အစည်းသည် အလုပ်နေရာအဖြစ်သာမက ၎င်း၏အဖွဲ့ဝင်များအတွက် သတ်မှတ်ထားသောနေရာထိုင်ခင်းများကိုလဲ ပံ့ပိုးပေးထားလေ၏။

ယခင်ကဆိုလျှင် စူးယွင်မှာဝမ်ကောသို့ရံဖန်ရံခါပြန်သွားရန်ရွေးချယ်ခဲ့ပေသိ ယခုလာမည့်ပြိုင်ပွဲကြောင့် အရေးပေါ်ကိစ္စများမှလွဲ၍အဖွဲ့အစည်းမှ ထွက်ခွာရန်ခဲယဥ်းသွားစေသည်။

သူမသည်အနိုင်ရရန်အတွက် ဝမ်လဲ့နှင့်ယှဉ်ပြိုင်ချင်ခဲ့သည်မဟုတ်သော်ငြား ရုန်စာ၏ တာဝန်ပေးချက်ကိုလက်ခံခဲ့သောကြောင့်သာ အလုပ်ကိုအကောင်းဆုံး ပြီးမြောက်အောင် လုပ်ဆောင်ရန်စိတ်ပိုင်းဖြတ်လိုက်ရ၏။

ရလဒ်မှာ မည်သို့ပင်ဖြစ်စေကာမူ ရုန်စာ၏ ယုံကြည်မှုကိုပျက်ယွင်းစေမည်မဟုတ်ပေ။အဖွဲ့အစည်း၏ နားနေဆောင်များသည် အလွန်စေ့စပ်သေချာလှသည်။အခန်းတိုင်းတွင်အပန်းပြေစေမည့်ပစ္စည်းများသာမက အိပ်ခန်းနှင့်ချိတ်ဆက်ထားသော သီးသန့်အလုပ်ခန်းနေရာလည်း ပါဝင်လေ၏။

ရာသီဥတုနှင့်အခြားအကြောင်းပြချက်များကြောင့် အပြင်ထွက်အလုပ်,လုပ်ရန်ခက်ခဲနေသည့်လူတိုင်းအား နားနေဆောင်၌နေခွင့်ပြုရန်ဆုံးဖြတ်ခဲ့ကြသည်။ဤနည်းဖြင့် လုပ်ငန်းတိုးတက်မှုကို ထိခိုက်စေမည်မဟုတ်ဘဲ လူများသည်လည်း အလုပ်မှအချိန်ကြာမြင့်စွာ ကင်းကွာခြင်းကြောင့် သူတို့၏ ကျွမ်းကျင်မှုများလျော့ကျခြင်း သို့မဟုတ် ရုတ်တရက်ပေါ်ပေါက်လာသော စိတ်ကူးစိတ်သန်းများကို လွဲချော်ခြင်းများဖြစ်စေမည်မဟုတ်တော့ချေ။

ယနေ့ည၌ စူးယွင်သည်အမျိုးသမီးကျောက်နှင့် တွေ့ဆုံရန်မူလက စီစဉ်ထားခဲ့သည်။အပြီးသတ်နည်းစနစ်များအကြောင်း ပိုမိုလေ့လာရန်နှင့် သူတို့ယခင်မှထောက်ပြခဲ့သောနေရာများကို ပြန်လည်ကြည့်ရှုကာ သူမ၏လက်ရာအားမြှင့်တင်နိုင်ရန် မျှော်လင့်ခဲ့၏။

သို့သော် သူမအပြင်ထွက်လိုက်သည်နှင့် ကောင်းကင်ကြီးသည် မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်လိုက်သည့်အလား သူ၏အင်္ကျီလက်များသည် ဆန့်တန်းလာပြီး သူမ၏အမြင်အာရုံကို ဖြည်းဖြည်းချင်း ဖုံးလွှမ်းလာလေသည်။

စူးယွင်သည်နှုတ်ခမ်းအားကိုက်ကာ စဉ်းစားလိုက်၏။

မိုးရွာတော့မှာများလား။

သူမသည် ခြေထောက်အား နံရံနားထိန်းထောက်ကာ မိုးကုပ်စက်ဝိုင်းထံ ခေါင်းစောင်းကြည့်လိုက်၏။

ထီးယူသွားရင်‌တော့ အဆင်ပြေလောက်မှာပါနော်။

သူမမှပြန်လှည့်ရန်ပြင်နေစဉ်မှာပင် တိမ်စိုင်များမှာပိုမိုထူထပ်လာပြီး လေထုထဲရှိစိုထိုင်းဆမှာ ပိုမိုသိပ်သည်းလာလေသည်။

ရုတ်တရက် *ဝေါ*ကနဲအသံဖြင့်အတူ ရေစက်လေးများမှာသူမ၏ခြေထောက်နားသို့ စတင်ကျဆင်းလာ၏။

စူးယွင်မှာမျက်မှောင်ကြုတ်ကာ ခြေတစ်လှမ်း နောက်ဆုတ်၍သက်ပြင်းချလိုက်သည်။

"မြန်လိုက်တာ"

နားနေဆောင်၏ အမိုးစွန်းများမှာလျှောစောက်ပုံစံဖြစ်၍ မိုးရေများသည်ခေါင်မိုးကိုထိကာအုတ်ကြွပ်လိုင်းများမှတစ်ဆင့် စီးကျလာပြီး ရေလိုက်ကာထူထူကို ဖြစ်ပေါ်လာစေသည်။

သူမသည်သက်ပြင်းချကာ တိတ်တဆိတ်ဖြင့် တံခါးအားပိတ်လိုက်ပြီးအခန်းတွင်းပြန်ဝင်လာလိုက်၏။

အမျိုးသမီးကျောက်သည် မြို့တော်ဒေသခံဖြစ်ပြီး အဖွဲ့အစည်းနှင့်မလှမ်းမကမ်းတွင် နေထိုင်လေသည်။သို့သော် သူမ၌ကျောင်းတက်နေသော ကလေးငယ်နှစ်ဦးရှိ၏။မိုးသည်းထန်စွာရွာနေသဖြင့် သူမသည် ကလေးများကိုပြုစုရန် အိမ်တွင်သာနေရဖွယ်ရှိသည်။

စူးယွင်သည်ဤကိစ္စအတွက် ဘာမှမတတ်နိုင်ခဲ့ပေ။သူမသည် ပစ္စည်းများကိုစုဆည်းကာ စားပွဲထက်တင်ပြီး ဂရုတစိုက်အလုပ်စလုပ်လိုက်သည်။

ညတာကုန်ဆုံးသွားပြီးနောက် စူးယွင်သည်စောစောထကာ နာရီပေါင်းများစွာ လုပ်ဆောင်ခဲ့သည့် ပန်းထိုးထည်အား ကောက်ကိုင်လိုက်၏။သို့သော် ပန်းထိုးထည်ပေါ်တွင် အပြစ်အနာအဆာများရှိနေဆဲပင်။သူမသည် ပန်းထိုးခန်းသို့သွားလိုစိတ်ပြင်းပြနေတော့သည်။

သို့သော်အရာရာမှာ စီစဉ်ထားသလို မဖြစ်ခဲ့ပေ။မိုးသည် တစ်ညလုံး ရပ်တန့်ခြင်းမရှိဘဲ ပိုမိုသည်းထန်လာသည်မှလွဲ၍ တိတ်သွားမည့် လက္ခဏာပြမလာခဲ့ပေ။

စူးယွင်သည် မျက်လွှာချကာ သူမ၏ခုံပေါ်ထိုင်ရင်း လက်ထဲရှိပန်းထိုးထည်ကို ငေါင်တောင်တောင်ဖြင့်ကြည့်နေလိုက်သည်။

သူမသည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် နောက်ကျနေပြီဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ အချိန်လဲရှိမနေသလို မိုးသည်လည်း ရပ်မည့်ပုံမရပေ။ဤကဲ့သို့ ဆက်ရွာနေပါလျှင် သူမအနေဖြင့် အလုပ်ဆက်လုပ်ရန်မဖြစ်နိုင်တော့ချေ။

စူးယွင်သည် နောက်ထပ်ဘာလုပ်ရမည်ကို သေချာစဉ်းစားရမည်ဖြစ်သည်။မကြာမီမှာပင် သူမသည်မတ်တပ်ရပ်ကာ ပစ္စည်းများအားစုဆည်း၍ အပြင်သို့ထွက်လာလိုက်၏။

အဖွဲ့အစည်းမှာ ရက်ရောလှသည်။အဖွဲ့ဝင်အားလုံး နေထိုင်သည်ဖြစ်စေ၊ မနေသည်ဖြစ်စေ သီးသန့်နေအိမ်များကိုပေးထားလေသည်။

နေအိမ်များကို အဖွဲ့အစည်းတွင်းဝင်ရောက်သည့် အစီအစဉ်အတိုင်း သတ်မှတ်ထားသည်။စူးယွင်သည် မကြာသေးမီကမှ ဝင်လာသူဖြစ်၍ သူမ၏အိမ်‌နေရာတစ်ဝိုက်တွင် မကြာသေးမီနှစ်များအတွင်းဝင်လာသူများသာ နေရာယူထားလေ၏။

နေအိမ်များ၏တည်နေရာပုံစံသည် ရှုပ်ထွေးသောဝင်္ကကဲ့သို့ဖြစ်နေပြီး လမ်းဆုံများစွာရှိလေသည်။

စူးယွင်သည် အပြင်ထွက်လိုက်သည်နှင့် ဘယ်ဘက်သို့လှည့်လိုက်၏။တံခါးတိုင်းတွင် နာမည်ကတ်ပြားများချိတ်ဆွဲထားပြီး သူမဖြတ်သွားသည့် တံခါးတိုင်းကိုခေါက်သွားလိုက်သည်။

ဤနေရာများတွင် မည်သူနေ,နေသည်ဆိုသည်ကိုတော့ သူမ,မသိပါပေ။

ညာဘက်ခြမ်းမှနေ ဘယ်ဘက်အစွန်ဆုံးသို့ တစ်ဖန်ဘယ်ဘက်မှ‌နေ ရှေ့သို့‌ရောက်သည်ထိ မည်သည့်တံခါးမှ‌ပြန်ဖြေသူမရှိချေ။

စူးယွင်သည် နှုတ်ခမ်းစူလိုက်မိသည်။ဒီနေရာမှာ ဘယ်သူမှမရှိဘူးထင်ပါတယ်။

သို့သော် သူမသည်လက်မလျှော့ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။

လေထဲတွင်တန့်နေသော သူမလက်အားရုတ်ချည်းပြန်ရုပ်လိုက်လေ၏။

စူးယွင်သည်ခဏရပ်ကာ ရှောက်ချီမှ ညရောက်လျှင်အိမ်ပြန်မည်ဟု ပြောခဲ့သည်အား သတိရလိုက်သည်။သူမ,မရှိပုံရ၏။စူးယွင်မှ ဆက်လျှောက်သွားပြီးတတိယမြောက်တံခါးကို ခေါက်လိုက်သည့်အချိန်တွင် အသံတိုးတိုးလေးကို ကြားလိုက်ရ၏။

*ကျွီ*

စူးယွင်သည် ရုတ်ချည်းလှည့်ကြည့်လိုက်သည်။

"ဒီမှာ ဘာလုပ်နေတာလဲ"

ရှောက်ချီသည် သစ်သီးပန်းကန်တစ်ခုကို ကိုင်ဆောင်ထားပြီး စားနေရင်းပင်သူမထံလျှောက်လာလေ၏။

"ငါ့မှာအစကအိမ်ပြန်မယ်လုပ်ထားပေမယ့် တံခါးနားရောက်တော့ အခန်းထဲတစ်ခုခု မေ့ကျန်ခဲ့မှန်း သတိရလို့ ပြန်ဝင်ယူလိုက်တာမိုးကသည်းလာတာပဲ"

"ဘာမှမတတ်နိုင်ဘူးလေ။ဒီမှာပဲနေရတော့မှာပေါ့"

သူမသည် နှုတ်ခမ်းစူကာ မျက်နှာမှာလည်း ရှုံ့တွသွား၏။

"ဒီစပျစ်သီးတွေက အရမ်းချဉ်တာပဲ"

စူးယွင်မှ အသီးပန်းကန်အားကြည့်လိုက်သည်။စပျစ်သီးများသည် ခရမ်းရောင်သန်းမနေဘဲ အစိမ်းရောင်တစ်စွန်းတစ်စကိုပင်မြင်နေရလေ၏။

"နည်းနည်းအမှည့်လိုနေသေးတယ်မလား။အစိမ်းရောင်သန်းနေတုန်းရှိသေးတာကို"

"တကယ်လား"

ရှောက်ချီသည် နှုတ်ခမ်းစူကာစပျစ်သီးတစ်လုံးအား ကောက်ယူစစ်ဆေးလိုက်သည်။

သူမမှာဤကဲ့သို့အရာများနှင့် ပတ်သက်ပြီး သိပ်မသိသည့်အတွက် ခွဲခြားလို့မရခဲ့ပေ။

"ငါဝယ်တုန်းက ရောင်းတဲ့သူကိုမေးလိုက်တာ‌လေ သူကမှည့်ပြီးချိုတယ်လို့ပြောလိုက်တယ်"

"ငါတစ်လုံးဖြုတ်မြည်းကြည့်တော့လည်း သေချာပေါက်ချိုပါတယ်"

စူးယွင်သည် ပြုံးနေရင်း

"နင်ကံကောင်းသွားတာဖြစ်နိုင်တယ်"

စူးယွင်မှ သူမအားစနောက်နေကြောင်းသိသည့်အတွက် ရှောက်ချီမှာနှာမှုတ်လိုက်သည်။သို့သော် သူမ၏ပွင့်လင်းသောစရိုက်ကြောင့် အခြားအရာတစ်ခုထံ အာရုံလွဲသွားလေ၏။

"စူးယွင် နင်ကရောဘာလုပ်နေတာလဲ"

ရှောက်ချီသည် သူမခေါင်းကိုစောင်းကာ စူးယွင်၏ လက်ထဲမှပန်းထိုးထည်အားကြည့်လိုက်ပြီး ရှုပ်ထွေးနေတော့သည်။

စူးယွင်သည် သက်ပြင်းချကာ အခြေအနေ အလုံးစုံကို ရှောက်ချီအား ရှင်းပြလိုက်၏။

ရှောက်ချီမှာ အံ့သြတကြီးမျက်တောင်ခတ်လိုက်သည်။

"ဒီနားတစ်ဝိုက်မှာ ဘယ်သူမှမနေကြဘူးထင်တယ်"

အဖွဲ့အစည်းတွင်းရှိ လူတော်တော်များများသည် တခြားနေရာများမှလာကြသူများဖြစ်ပြီး အရေးကြီးသည့်ပွဲရှိမှသာ အဖွဲ့အစည်းသို့လာကြသည်မှာများလေ၏။

"ငါသိပါတယ်။ငါဒီကိုလာတဲ့လမ်းတစ်လျှောက်လုံး တံခါးတိုင်းကိုခေါက်ကြည့်ခဲ့တာ"

"ကဲ ဒါဆိုငါကူညီပေးရမလား"

ရှောက်ချီသည် အပြုံးလေးဖြင့်ပြောလာ၏။

"ငါ့ရဲ့ကျွမ်းကျင်မှုက သာမန်ပဲရှိတယ်ဆိုပေမယ့် နည်းနည်းပါးပါးတော့သိထားပါသေးတယ်"

စူးယွင်၏ မျက်လုံးများမှာတောက်ပသွားတော့သည်။

"ဒါဆို အရမ်းအကူအညီဖြစ်တာပေါ့ဟ"

ရှောက်ချီသည် အဖွဲ့အစည်းတွင်းသို့ဝင်နိုင်ခဲ့သည်ဖြစ်ရာ သူမ၏ကျွမ်းကျင်မှုသည်လည်း ကောင်းမွန်နေမည်ဖြစ်၏။

"ပြောမနေပါနဲ့တော့"

ရှောက်ချီသည် ပြန်ဖြေကာသူမ၏အခန်းထဲသို့ ဦးဆောင်ခေါ်သွားလိုက်သည်။သူမသည် စပျစ်သီးနောက်တစ်လုံးကိုယူစားလိုက်သည်။

"အိုး ဒါလဲချဉ်တယ်ဟ"

"ပန်းထိုးတာကိုအဆုံးသတ်တာက အထုံးတွေကိုဒီဇိုင်းအောက်မှာ လုံးဝဖုံးကွယ်ထားဖို့ပဲ။ပန်းထိုးအလှကို ထိခိုက်အောင်မလုပ်သင့်သလို ချည်ကပြန်ပြေမသွားအောင်လည်း သေချာထုံးထားရမယ်"

"ဒီနေရာမှာ အထုံးတစ်ခုချည်လို့ရတယ်....."

ရှောက်ချီမှ အသေးစိတ်ရှင်းပြလိုက်ရာ စူးယွင်သည် ရုတ်ချည်းဉာဏ်ပွင့်သွားတော့၏။

"အခု နားလည်သွားပြီ။ကျေးဇူးပါပဲ"

ရှောက်ချီသည် ချီးကျူးခံရ၍အနည်းငယ် ရှက်ရွံ့သွားရရာ သူမလက်ကို ဝှေ့ယမ်းလိုက်၏။

"ငါလည်း နည်းနည်းပါးပါးပဲသိတာပါ"

မိုးမှာအဆက်မပြတ်ရွာသွန်းနေ၍ စူးယွင်သည် ပန်းထိုးခန်းသို့မသွားခဲ့ပေ။ရှောက်ချီသည်လည်း အဖွဲ့အစည်းရှိအိမ်မှာပင် နေခဲ့သည်။စူးယွင်မှာ နားမလည်သောအရာတစ်ခုနှင့်ကြုံတွေ့တိုင်း သင်ပြပေးရန်ရှောက်ချီထံရောက်လာတတ်၏။

မိုးသည်းထန်စွာရွာသွန်းမှုသည် ပြိုင်ပွဲမတိုင်မီနှစ်ရက်အလိုအထိကြာခဲ့လေသည်။

သို့တိုင်စူးယွင်သည် သူမအခန်းမှထွက်ခွာခြင်းမရှိသေးချေ။

သတ်မှတ်ထားသောအချိန်တွင်

စူးယွင်နှင့် ဝမ်လဲ့တို့သည် တစ်ဖက်စီတွင် ရပ်နေကြ၏။

တစ်ဦးမှာ အမှုမဲ့အမှတ်မဲ့ရှိနေပြီး နောက်တစ်ဦးမှာတော့အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားလေသည်။

လုပ်ငန်းစဉ်တစ်လျှောက်လုံး စကားပြောဆိုမှုမရှိသော်ငြား လေထုမှာတော့တင်းမာမှုများဖြင့် ပြည့်နှက်နေလေ၏။

All Chapters