သတ်ဖြတ်ခြင်း အရှိန်အဝါ
Vol. 1 Ch. 94
ဗုန်း"
ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးသည် ပေါ်ထွက် လာခဲ့သည်။ ရေခဲသားရဲကြီး၏ ကိုယ်ကြီးသည် လေထဲသို့ လွင့်ထွက်သွားခဲ့ပြီး အပင်ပုလေးများ ကြားသို့ ကျရောက် သွားခဲ့သည်။
"ဂတ် ... ဂတ် ... ဂတ်"
ကျန်းရီ၏ ကိုယ်သည် အဆက်မပြတ် တုန်ယင်နေခဲ့ပြီး သွားများသည် တဂတ်ဂတ် ရိုက်နေခဲ့သည်။ သူ့ကိုယ်သည် အအေးဒဏ်ကို ခံစားနေရသည်မှာ သိသာအောင် ကွေးနေခဲ့သည်။ သူ၏ မျက်ခုံးများနှင့် နှုတ်ခမ်းများသည် ခဲစပြုနေခဲ့ပြီး ဖြစ်သည်။ သူ့မျက်နှာသည်လည်း ကြည့်မကောင်းတော့ပေ။
"သခင်လေးကျန်း"
ချမ်ဖူနှင့် ကျန်လူများသည် ပြေးလာခဲ့ကြသည်။ သူတို့ ကျန်းရီအနား မရောက်ခင် မျက်လုံးများသည် ခပ်လှမ်းလှမ်းမှ ဒေါသကြီးနေသော သတ္တဝါကြီးထံ ရောက်သွားခဲ့သည်။
"ဂါး"
နတ်ဆိုး သားရဲကြီးသည် ကောင်းကင်သို့ မော့ကြည့်ကာ အော်ဟစ် လိုက်သည်။ ၎င်း၏ အရေပြားပေါ်ရှိ သွေးများသည် စတင်ခဲစ ပြုလာကြသည်။ ၎င်း၏ အေးစက်စက် မျက်လုံးများသည် ဒေါသတကြီးနှင့် လူတိုင်းကို ကြည့်နေခဲ့သည်။
"အဲဒါကို သတ်"
ချမ်ဖူသည် အော်ပြောလိုက်သည်။ နတ်ဆိုးသားရဲကြီးသည် နေရာရှိ လူတိုင်းကို စိုက်ကြည့် နေခဲ့သည်။ ၎င်းသည် အားလုံး မသေမချင်း ရပ်တန့်လိမ့်မည် မဟုတ်ပေ။ သူတို့ကို သတ်သည်အား ထိုင်စောင့်နေမည့်အစား တိုက်ခိုက် ကြည့်တာက ပိုကောင်းပေမည်။ သူတို့သည် နတ်ဆိုးသားရဲကို မသတ်နိုင်သော်လည်း သင်တန်းကျောင်းမှ အကူအညီများ ရောက်လာသည်အထိ အချိန် ဆွဲထားနိုင်ပေသည်။ သို့ဆိုလျှင် သူတို့တွင် အသက်ရှင်ရန် အခွင့်အရေး ရှိသည် မဟုတ်ပါလား
"အားလုံး နောက်ဆုတ်ကြ ... လေးတွေကို သုံးပြီး ပူးပေါင်း တိုက်ခိုက်မယ်"
ကျန်းရီ တိုက်ခိုက် နေချိန်တွင် စုလောရွှယ်သည် သူမ၏ အခြေအနေကို အနည်းငယ် ပြန်ကောင်းအောင် ကုသထားခဲ့ပြီး ဖြစ်သည်။ သူမသည် ကျန်းရီ၏ အခြေအနေကို မြင်လိုက်သော် သတ်ဖြတ်ချင်သော အရှိန်အဝါတို့က ဖြာထွက် လာခဲ့သည်။ သူမသည် ဓားရှည်ကို ကိုင်လိုက်ကာ မြေပြင်ပေါ် ထောက်၍ လိပ်ပြာလေး တစ်ကောင်ကဲ့သို့ ခုန်လိုက်ပြီး နတ်ဆိုးသားရဲကို ထပ်မံ တိုက်ခိုက်လိုက်သည်။
ချမ်ဖူနှင့် သူ့လူများသည် လေးများကို တင်လိုက်ကြကာ ပစ်ရန် အခွင့်အရေးကို ရှာဖွေ လိုက်ကြသည်။ သို့သော် နတ်ဆိုးသားရဲသည် တစ်ခုခုကို အာရုံခံမိ၍ ထင်သည်။ စုလောရွှယ်ကို အနားသို့ အကပ်မခံပေ။ သူသည် လေအေးများကို စုလောရွှယ်ထံ မှုတ်ထုတ်လိုက်ပြီး သူမကို နှေးကွေးသွားအောင် လုပ်လိုက်သည်။
"ပစ်"
ချမ်ဖူသည် ဤအတိုင်း ဆက်သွားနေပါလျှင် မကောင်းတော့ကြောင်း သိလိုက်သည်။ သူသည် အံကိုကြိတ်၍ ပစ်ရန်သာ အမိန့်ပေးနိုင်သည်။ လူတိုင်းသည် လေးများကို ချိန်ရွယ်၍ ပစ်လွှတ်လိုက် ကြသည်။ အနက်ရောင် တစ်လက်လက် တောက်နေသော မြားငါးချောင်းသည် လေထုကို ဖြတ်သန်း၍ ပျံသန်း သွားခဲ့သည်။
စိတ်မကောင်းစရာသည်ကား နတ်ဆိုးသားရဲသည် ကြိုတင် ပြင်ဆင်ထားဟန် ရလေသည်။ သူသည် မြားများကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။ သူသည် ရှောင်တိမ်း နေရင်းမှပင် သူတို့ထံ အရှိန်နှင့် ပြေးလာခဲ့သည်။
"ဘန်း"
ချမ်ဖူသည် ကျန်းရီ မြေပေါ်၌ကာ တုန်ယင်ကာ လဲကျနေဆဲ ဖြစ်ကြောင်း မြင်လိုက်သည့်အခါ ခပ်လှမ်းလှမ်းသို့ အသာ ကန်ထုတ်လိုက်သည်။ ထို့နောက် သူသည် ဓားရှည်ကို ဆွဲထုတ်လိုက်ကာ နတ်ဆိုးသားရဲကို တိုက်ခိုက် လိုက်လေသည်။
ရေခဲကောင်ကြီးသည် ပါးစပ်မှ ရေခဲချွန်များကို အဆက်မပြတ် ထုတ်လွှတ် နေခဲ့သည်။ သူတို့အဖွဲ့သည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်၊ အဋ္ဌမအဆင့်များသာ ဖြစ်သည်။ ချမ်ဖူတစ်ယောက်သာ နဝမအဆင့်တွင် ရှိလေသည်။ ချမ်ဖူမှ တစ်ပါး ကျန်လူများသည် တိုက်ခိုက်ဖို့ နေနေသာသာ ရေခဲချွန်များကိုပင် မရှောင်နိုင်ပေ။ နတ်ဆိုးသားရဲသည် ခပ်လှမ်းလှမ်းတွင် ရှိနေသေး၍ တော်သေးသည်။ သူတို့သည် သေကွင်းသေကွက်များကို မထိခိုက်အောင်သာ ရှောင်တိမ်းရလေသည်။
ရေခဲသားရဲကြီးသည် ရှေ့သို့ ဆက်တိုးလာခဲ့ပြီး ရေခဲချွန်များကို ဆက်မှုတ်ထုတ် နေခဲ့သည်။ ချမ်ဖူ တစ်ယောက်သာ လွတ်မြောက်ကာ ကျန်သူများသည် နှေးကွေး နေသောကြောင့် ထိခိုက် ဒဏ်ရာများ ရကြလေသည်။ သူတို့ အသက်ရှင်ပါမည်လားတောင် မသိနိုင်ပေ။
"အား ... ခွေးကောင်ကြီး ... မင်းကို ငါသတ်မယ်"
ချမ်ဖူသည် ဒေါသ ထွက်လွန်း၍ မျက်လုံးများသည် နီရဲလာသည်။ သူသည် သူ၏ အပေါင်းအပါများ ရေခဲရုပ်တုများ ဖြစ်သွားကြသည်ကို မြင်လျှင် စိတ်ထိန်းမရ ဖြစ်သွားခဲ့သည်။ သူ၏ ဓားရှည်သည် အပြာရောင် အလင်းများ တောက်ပလာခဲ့ပြီး နတ်ဆိုးသားရဲကြီးကို ခုတ်ချလိုက် လေသည်။
"ချမ်ဖူ ... နောက်ဆုတ်"
စုလောရွှယ်၏ မျက်နှာသည် မဲ့သွားခဲ့သည်။ သူမ၏ ကျောင်းသားများသည် နတ်ဆိုးသားရဲ၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ သူမကို သင်တန်းကျောင်းက အရေးမယူဘူး ဆိုလျှင် သူမ၏ ကိုယ်ပိုင် အသိစိတ်က ဒီအတိုင်း လက်ခံလိုက်ခွင့် မပြုပေ။ နတ်ဆိုးသားရဲ၏ ပေါ်ထွက်လာမှုသည် ပုံမှန် မဟုတ်သော်လည်း သူမ၏ တာဝန်ချိန်တွင် ပေါ့ဆမိမှုနှင့်လည်း သက်ဆိုင်နေခဲ့သည်။
ယခုမူ ချမ်ဖူသည် စိတ်လွတ် နေခဲ့သည်။ စုလောရွှယ် မည်မျှပင် တားနေပါစေ သူသည် ရှေ့သို့သာ ဆက်တိုး သွားနေခဲ့သည်။ သို့သော် သူအနီးသို့ ရောက်မသွားနိုင်ခင်မှာပင် ရေခဲရုပ်တု ဖြစ်သွားခဲ့ လေသည်။
"ချမ်ဖူ ..."
ကျန်းရီ၏ ကိုယ်သည် တုန်ယင် နေဆဲပင် ဖြစ်သည်။ သူသည် ချက်ချင်း အားတင်း၍ ထရပ်လိုက်သော်လည်း ပြန်လဲကျ သွားခဲ့သည်။ သူသည် သူရောက်နေသော နေရာမှ အခြေအနေ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရသည်။ ချမ်ဖူနှင့် ကျန်လူများသည် ချမ်ဝမ်ကွမ်၏ နောက်လိုက်များသာ ဖြစ်သော်လည်း သူသည် သူတို့ထံမှ ဂရုစိုက်မှု အမြောက်အများ ရရှိခဲ့သည်။ သူတို့သည် သူအစာစားရန် နေ့တိုင်း ပြင်ဆင် ပေးခဲ့ရသည်။ ရက်များ ကြာလာလျှင် ခွေးတစ်ကောင်တောင် သံယောဇဉ် တွယ်တတ်သေးရာ လူဆိုလျှင် ပြောနေစရာပင် မလိုပါချေ။ ယခုမူ သူသည် ထိုသူများ သေမလား ရှင်မလား မသိသော အခြေအနေကို မြင်နေရသည်။ သူ့စိတ်သည် ဒေါသတကြီး လောင်မြိုက် လာလေသည်။ သူသာ ဤနေရာသို့ ခေါင်းမာ၍ မလာခဲ့ပါလျှင် သူတို့သည် ဤသို့ ဖြစ်သွားစရာ အကြောင်းမရှိပေ။
"ဂါး"
နတ်ဆိုးသားရဲကြီးသည် စုလောရွယ်၏ အေးစက်စက် အငွေ့အသက်များကို ခံစားမိသည်နှင့် ကောင်းကင်သို့ ကြည့်ကာ အော်ဟစ်လိုက်သည်။ ၎င်းသည် စုလောရွှယ် ပြေးလာသည်ကို မြင်လျှင် ရေခဲချွန်များကို မှုတ်ထုတ်လိုက်သည်။
စုလောရွှယ်သည် နတ်ဆိုးသားရဲကို တစ်ချက်တည်းနှင့် သတ်ဖြတ်ရန် အင်အား အလုံအလောက် မရှိပေ။ အအေးဓာတ်များသည် သူမကိုယ်ပေါ်သို့ ကျရောက် လာခဲ့ပြီး အမြန်နှုန်းသည်လည်း လျော့ကျလာခဲ့သည်။ အကူအညီများ ရောက်မလာဘဲ ဤအတိုင်းသာ ဆက်ဖြစ်နေပါလျှင် သူမ၏ ဇာတ်သိမ်းသည် မလှမပ ဖြစ်ပေတော့မည်။ သို့သော် ထူးဆန်းသော အချက်တစ်ချက် ရှိနေခဲ့သည်။
ရေခဲသားရဲသည် ထင်ရှားသော တည်ရှိမှု တစ်ခုဖြစ်သည်။ ကျောင်းသား အားလုံးသည် တောင်အောက်သို့ ဆင်းသွားကြပြီ ဖြစ်သလို ဤနေရာသည်လည်း ကင်းလှည့်အဖွဲ့က စောင့်ကြည့်နေကျ တစ်နေရာ ဖြစ်သည်။ ယခုမူ မည်သည့် အကူအညီမှလည်း ပေါ်မလာခဲ့သလို အကူအညီများ ရောက်လာမည့် အရိပ်အယောင်လည်း မရှိပေ။
စုလောရွှယ်၏ အမြန်နှုန်းသည် တစ်စတစ်စ ပို၍ နှေးကွေး လာခဲ့သည်။ နောက်ဆုံးတွင် ရေခဲချွန် တစ်ချောင်းသည် သူမ၏ ဝမ်းဗိုက်ကို လာရောက် ထိမှန်လေသည်။ သူမသည် လွင့်ထွက်သွားခဲ့ပြီး ကျောက်တုံးကြီး တစ်ခုနှင့် ရိုက်မိ သွားလေသည်။ သူမသည် ပြန်ထရန် ကြိုးစားလိုက်ကာ သွေးများ အန်ချလိုက်သည်။ စုလောရွှယ်သည် ကျန်းရီကို ကြည့်ကာ အသားကုန် အော်ဟစ်လိုက်သည်။
"ကျန်းရီ ... မြန်မြန်ပြေးတော့"
"ဆရာမစု ... "
ကျန်းရီသည် ဆရာမစုထံ ရေခဲသားရဲကြီး ပြေးသွားကာ ဆရာမစုကို အစားအလား စားသုံးရန် ပါးစပ်ကြီး ဟလိုက်သည်ကို မြင်သောအခါ ကူကယ်ရာမဲ့စွာ မျက်လုံးများကို မှိတ်ချလိုက်သည်။
ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ် သွားခဲ့သည်။ ကင်းလှည့် အဖွဲ့သည်လည်း ရောက်မလာခဲ့သေးပေ။ တောင်အောက်ကို ရောက်သွားပြီ ဖြစ်သော ကျောင်းသားများသည် သင်တန်းကျောင်းမှ အကူအညီကို ခေါ်လာလျှင်တောင် သူတို့ ရောက်လာချိန်တွင် သူတို့သည် နတ်ဆိုးသားရဲကြီး၏ အစာ ဖြစ်နေလောက်ပြီ ဖြစ်သည်။
ဟင့်အင်း ... ငါသေလို့ မဖြစ်ဘူး ... ရှောင်နူက ငါသူမအတွက် ကောင်းကင်အဆင့် ကုသသူကို ခေါ်လာဖို့ စောင့်နေတုန်းပဲ ... အမေကလည်း တမလွန်ကနေ ငါသူမအတွက် ကျန်းပိုင်လီကို လက်စားချေ ပေးမှာကို စောင့်ကြည့် နေလောက်တယ် ... ငါဒီလောက်လွယ်လွယ် သေသွားလို့ မဖြစ်ဘူး
ကျန်းရီသည် ခေါင်းယမ်းလိုက်ကာ မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်လေသည်။ သူသည် နတ်ဆိုး သားရဲကြီးကို စိုက်ကြည့်နေကာ သူ့ကိုမှ သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် အတိုင်းအဆမဲ့ ထိုးတက် လာကြသည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ များပြား လာသည်နှင့် သူ့မျက်လုံးတို့သည် အနီရောင်မှ သွေးရောင်ရဲရဲ ဖြစ်လာခဲ့လေသည်။ မျက်လုံးများသည် သတ်ဖြတ်ခြင်း ဧကရာဇ်၏ မျက်လုံးများကဲ့သို့ ရဲရဲနီ နေခဲ့သည်။
"သတ် ... သတ် ... သတ်"
ကျန်းရီသည် မရပ်မနား အော်ဟစ်လိုက်ပြီး မတ်တတ် ရပ်လိုက်သည်။ တုန်ယင်နေသော သူ့ကိုယ်သည်လည်း တူန်လှုပ်ခြင်း အလျင်းမရှိတော့ပေ။ သူသည် ရေခဲသားရဲထံ ခြေလှမ်းကျဲ ကြီးများနှင့် သွားလိုက်သည်။ သူတစ်လှမ်း လှမ်းလိုက်တိုင်းတွင် သး၏ သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ပို၍သိပ်သည်း လာခဲ့သည်။ ပို၍ ထူးဆန်းသော အရာတစ်ခုလည်း ရှိသေးသည်။
ရေခဲသားရဲကြီးသည် စုလောရွှယ်ကို အလွယ်တကူ မျိုချ လိုက်နိုင်သည့် ဆယ်ပေခန့် အကွာအဝေးတွင် ရှိနေခဲ့သည်။ သို့သော် ၎င်းသည် လျှောက်လာနေသော ကျန်းရီကို မြင်သည့် အချိန်တွင် ရပ်တန့်သွားခဲ့သည်။ ၎င်း၏ မျက်လုံးများတွင် ကြောက်ရွံ့ခြင်းများ ပေါ်ပေါက်လာပြီး ကိုယ်သည်လည်း တဆတ်ဆတ် တုန်ယင် လာခဲ့သည်။ ၎င်းသည် ခြေတစ်လှမ်း လေးမျှတောင် မလှုပ်ရှားဘဲ ရပ်တန့် နေခဲ့သည်။
"အမ်"
မျက်လုံးများကို မှိတ်ကာ သေရန် စောင့်ဆိုင်းနေသော စုလောရွှယ်သည် နတ်ဆိုးသားရဲကြီးသည် အနားသို့ ရောက်နေပြီ ဖြစ်ကြောင်း ခံစားနေခဲ့ရသည်။ သူမသည် သေခြင်းတရား၏ အငွေ့အသက်များကို ခံစားနေရပြီ ဖြစ်သော်လည်း နတ်ဆိုး သားရဲကြီးသည် ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ သူမသည် မျက်လုံးများကို ဖွင့်လိုက်သော် နတ်ဆိုးသားရဲကြီး၏ ထူးဆန်းသော အပြုအမူများကို မြင်လိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် နတ်ဆိုးသားရဲကြီး၏ အေးစက်နေသော အရှိန်အဝါထက် ပို၍ ကြောက်စရာ ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများကို ခံစားလိုက် ရလေသည်။
သူမသည် နတ်ဆိုးသားရဲကြီး ကြည့်နေသော ဘက်သို့ ကြည့်လိုက်သောအခါ သွေးနီရောင် မျက်လုံးအစုံကို မြင်လိုက်ရလေသည်။ သူမသည် ဆွံ့အ သွားခဲ့ပြီး သူမ၏ လှပသော မျက်လုံးလေးများသည် ကျဉ်းမြောင်း သွားခဲ့သည်။ ထို့နောက် သူမသည် အလန့်တကြား ဆိုလိုက်သည်။
"ဒါ ... ဒါက ဒဏ္ဍာရီလာ သတ်ဖြတ်ခြင်း အရှိန်အဝါလား ... ကျန်းရီက ဒါကို တကယ်ကြီး သဘောပေါက် သွားခဲ့တယ်လား"