ဆန်းကြယ်သည့် ခံစားချက်
Vol. 124 Ch. 1723
တစ်ချိန်တည်း၌ ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့ နှစ်ယောက်မှာ ထိုမြင်ကွင်းကို ကောင်းကင်မှ နေ၍ နတ်ဘုရားများ အလား လေ့လာ ကြည့်ရှု နေကြ၏။ သူတို့ နှစ်ယောက် တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ထားကြသည်။
“အဲဒါက အရိပ်လား”
ရွှယ်ရီဖေးက မသေချာ မရေရာစွာဖြင့် မေးလိုက်၏။ ယခုအချိန်အထိ မူလ အာဏာရှင်များ အားလုံး အကြောင်းကို သူမ သေချာ မသိသေးချေ။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။
ရွှယ်ရီဖေး၏ မျက်ဝန်းများက အခြား တစ်နေရာသို့ ရွေ့လျား သွား၏။
“အဲဒါက မီးဥပဒေသ အော်ရာလား...”
ဝေ့ဝူယင် ရွှေဖုန်းပေါင်ကို လှမ်းကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ လူငယ်လေး၏ ခန္ဓာကိုယ် ပတ်လည်၌ မီးတောက် တစ်ခုက ညင်သာစွာ တောက်လောင်လျှက် ရှိသည်။ ၎င်းမှာ သူ၏ ကျင့်ကြံခြင်း အခြေခံထက် အဆပေါင်း များစွာ ကျော်လွန် နေပေသည်။
ရွှေဖုန်းပေါင်မှာ မီးလမ်းစဉ်၏ ကလေးငယ် ဖြစ်သည်။ ကောင်းကင် မီးတာအို၏ ကောင်းချီးကို အပြည့်အဝ ဆုပ်ကိုင်ထားသူ တစ်ဦး ဖြစ်သည်။
အစစ်အမှန် ရွေးချယ်ခံမျိုးပင်...။
ရွှယ်ရီဖေး စုမေ့ ရှိရာထံသို့ ပြန်ကြည့်လိုက်၏။ စုမေ့နှင့် အရိပ်တို့ကြား၌ မည်သည့် အရာများ ဖြစ်ပျက်ခဲ့သည်ကို သူမ မမြင်နိုင်ခဲ့ချေ။
“ဘယ်သူ အနိုင်ရခဲ့တာလဲ”
“…”
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက အသက်ကို ဖြည်းညင်းစွာ ရှူရင်း အော်ရာကို ပြန်လည် ထိန်းချုပ် နေဟန် ရှိသည့် စုမေ့ အပေါ်သို့ ပြန်လည်၍ ကျရောက် သွားခဲ့သည်။
“အလင်း...”
ထို့နောက် သူက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။ ထိုအခိုက်အတန့်တွင်ပင် စုမေ့က မျက်လုံးများကို ပြန်လည် ဖွင့်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပြင်းထန်စွာ လွှမ်းမိုးနိုင်သည့် အော်ရာများကို ထုတ်ဖော် နေခဲ့၏။ သူမက ခုန်ပျံကျော်လွှားမှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရဟန် ရှိသည်။
ရွှယ်ရီဖေး၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ ဤသို့ဆိုလျှင် စုမေ့မှာ အနိုင် ရရှိခဲ့သည်ပေါ့...။
သို့သော်လည်း သူတို့၏ တိုက်ပွဲက ထိုမျှ ရိုးရှင်းခြင်း မရှိခဲ့ချေ။ စုမေ့၏ အော်ရာနှင့် အသက် စွမ်းအာတို့မှာ ထူးဆန်းသော အရိပ်အောက်တွင် ငြိမ်းသတ်ခံရလုဆဲဆဲ အထိ ရောက်ရှိခဲ့သည်။ ခန္ဓာကိုယ် အတွင်းရှိ ထူးဆန်းသည့် တစ်စုံတစ်ရာကို အားကိုးခြင်းဖြင့်သူ ထိုအရိပ်ကို သူမ တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်သည်။
အော်ရာက တဖြည်းဖြည်း ပြန်လည် တည်ငြိမ်လာပြီးသည့်နောက် စုမေ့ အသက်ကို ညင်သာစွာ ရှူထုတ်လိုက်၏။ ထို့နောက် သူမ ထာဝရ သရဖူကို ဆုပ်ကိုင်လိုက်သည်။ နောက်ဆုံးအဆင့်က စတင်တော့မည် ဖြစ်သည်။
သို့သော်လည်း စုမေ့ ကောင်းကင်ဆီ မော့ကြည့်လိုက်၏။ လေ့လာနေသည့် ပုံရိပ် နှစ်ခုကို သူမ ရှင်းလင်းစွာပင် မြင်နိုင်ပေသည်။ ဝေ့ဝူယင်မှာ ပတ်ဝန်းကျင်နှင့် ပေါင်းစည်းထားသော်လည်း စုမေ့၏ အကြည့် သူ့အပေါ် ချက်ချင်း ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သို့သော်လည်း... ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သည့် အလား ဝေ့ဝူယင် ပြုံးလိုက်ရင်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုမှ တစ်ဆင့် ပြောလိုက်သည်။
“အချိန်သိပ်မလိုတော့ဘူး... မင်း လုပ်ငန်းစဉ်ကို အဆုံးသတ်နိုင်ပြီ... ငါ ပိတ်ပွဲကို နည်းနည်း နှောင့်နှေးအောင် လုပ်လိုက်မယ်”
ဝေ့ဝူယင် ထိုကဲ့သို့ ပြောနေစဉ်မှာပင် ထျန်းရီဝူမှာ စုမေ့ကို ကျောခိုင်းလိုက်၏။ သရဖူ အတွက် စုမေ့ကို ယှဉ်ပြိုင်နိုင်သူ အခြား တစ်ယောက် မရှိတော့ချေ။ သူက လက်ကျန် အလံများကို နေရာချထားရန် အလျှင်အမြန်ပင် ရွေ့လျား လိုက်၏။ အချိန် မလောက်မှာကို စိုးရိမ်သည့် အလား သတ္တမမြောက် မင်းသားမှာ ရွေ့လျားမှု ကျင့်စဉ်များကိုပင် အသုံးချကာ ရွှေရောင် လျှပ်စီး အဖြစ် လောကအနှံ့ ဖြတ်ပြေး သွားခဲ့၏။
စုမေ့က ခေါင်းညိတ်ကာ အကြည့်လွှဲလိုက်၏။ အခြား မည်သူမျှ လှုပ်ရှားရန် ဆန္ဒ မရှိတော့လေရာ စုမေ့မှာ ရှန့်ထို လက်စွပ်၏ အတွင်းပိုင်း လောက အတွင်းရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင်များကို ဖိတ်ခေါ်လိုက်သည်။ အခြားလူများမှာ စုမေ့ကို တိတ်တဆိတ်သာ ငေးမော နေကြ၏။ မည်သူမျှ သူမကို တိုက်ခိုက် ဆန့်ကျင်ဝံ့ခြင်း မရှိပါချေ။
ထာဝရ သရဖူမှာ ပါဝင် သန့်စင်သည့် အဂ္ဂိရတ် ပညာရှင်များ အတွက် အလွန်ပင် အကျိုးရှိလှသည်။ သို့သော်လည်း... စုမေ့မှာ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့သားများမှ လွဲ၍ အခြားလူများကို ဖိတ်ခေါ်ဖို့ လျစ်လျူခဲ့သည်။ သူမ၏ အမြင်၌ ထိုလူများ အားလုံးမှာ ဤအကျိုးကျေးဇူးကို မျှဝေဖို့ ဖိတ်ခေါ်ရန် အရေးမပါချေ။
တရှန်း၏ အရပ်မှာ ရှစ်ပေသို့ ပြန်လည် ကျုံ့ဝင် သွားခဲ့၏။ ထာဝရ သရဖူ အတွက် ဆက်လက် ယှဉ်ပြိုင်ရန် သူမထံတွင် မည်သည့် ရည်ရွယ်ချက်မှ ရှိတော့သည့်ဟန် မရချေ။ သူမ ရွှယ်ရီဖေးကို ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ သရဖူက အရေးမပါတော့ချေ။
ပေ့ယင်ယင်မှာ တရှန်း၏ ထွားကျိုင်းသော ရင်သားများကို ခေါင်းအုံးသဖွယ် သဘောထားနေပုံ ရ၏။ ကလေးမလေး၏ လုပ်ရပ်က တိုက်တန်မျိုးနွယ်ဝင်များနှင့် ရွေးချယ်ခံများ ကြား၌ မနာလိုမှုများကို ဖြစ်ပေါ်စေခဲ့လေသည်။ ထိုအခိုက်တွင်ပင် ပေ့ဝေဝေမှာ အနားသို့ ရောက်ရှိလာကာ မာန်ရင်း ဆွဲခေါ်သွား၏။ ပေ့ယင်ယင်လေးမှာ တရှန်းကို ကယ်တင်ပေးဖို့ အော်ဟစ်ရင်း တန်းလန်းတန်းလန်း ပါသွားခဲ့သည်။
စုမေ့မှာ အဂ္ဂိရတ် ပညာရှင်များကို ဘိသိက်ခံပွဲ အတွက် ရည်ရွယ်ထားသည့် စင်မြင့်ထံ ခေါ်ဆောင် သွားခဲ့၏။ ၎င်းမှာ ယစ်ပလ္လင် တစ်ခုနှင့် တူကာ အဆင့် ခုနစ်ဆင့် ရှိသည်။ တစ်ဆင့်ချင်းစီမှာ အဂ္ဂိရတ် တာအို၏ လမ်းစဉ် ခုနစ်ရပ် ဖြစ်သည့် ထုတ်ယူခြင်း၊ ကြီးထွားခြင်း၊ ထိန်းချုပ်ခြင်း၊ သန့်စင်ခြင်း၊ ဖန်တီးခြင်း၊ အသွင်ပြောင်းခြင်း၊ နှင့် ပေါင်းစပ်ခြင်းတို့ကို အသီးသီး ကိုယ်စားပြုသည့် အရောင်များဖြင့် ချယ်သခံထားရသည်။
စင်မြင့်၏ အလယ်ဗဟိုတွင်တော့ တောက်ပသည့် ပုံဆောင်ခဲများ ပြုလုပ်ထားသည့် အခမ်းအနား ပလ္လင် တစ်ခု ရှိ၏။ ၎င်းမှာ တိုက်တန် မျိုးနွယ်ဝင် တစ်ယောက် ကျယ်ကျယ်ဝန်းဝန်း ထိုင်နိုင်ရန်ပင် လုံလောက်သည့် အရွယ်အစား တစ်ခု ရှိသည်။ ဒီဇိုင်းက အတော်လေး ရိုးရှင်းပြီး ကျောက်မျက် ရတနာများနှင့် တန်ဆာ ဆင်ယင်ထားခြင်း မရှိချေ။ သို့သော်လည်း တောက်ပသည့် နေရောင် အောက်တွင် ၎င်းမှာ အသက်ရှူ မှားလောက်သည့် အလင်းများကို ထုတ်လွှတ် နေခဲ့၏။
အကြည့်တစ်ချက်ဖြင့်ပင်... ထိုပလ္လင်ထက်၌ ဧကရာဇ် တစ်ပါး ထိုင်ခဲ့ကြောင်း၊ ထိုဧကရာဇ်မှာ လောကထံ အဂ္ဂိရတ် တာအိုကို ချီးမြှင့်ခဲ့ကြောင်း စုမေ့ ခံစားလိုက်ရသည်။ ထိုနေရာတွင် ထိုင်ခွင့်ရခဲ့သည့် ဆက်ခံသူ မျိုးဆက်များ အားလုံးမှာလည်း သူ့ အရိပ်အောက်တွင်သာ တည်ရှိခဲ့သည်။ ထိုဧကရာဇ်၏ ကြီးမြတ်မှုက အကန့်အသတ် မဲ့လှပေသည်။
စုမေ့ သရဖူကို ယူဆောင်လာသော အခိုက်၌ ပလ္လင်၏ အောက်ခြေတွင် ထူးခြားသော စာသုံးကြောင်း ထွက်ပေါ်လာခဲ့၏။ ပထမ တစ်ကြောင်းက ဤကဲ့သို့ ဖြစ်သည်။
“ကျင့်ကြံခြင်းက ခက်ခဲတယ်... အဂ္ဂိရတ် တာအိုက အကန့်အသတ် မရှိဘူး...”
စကားစု နှစ်ခု အနက် ပထမ တစ်ခုမှာ ကျင့်ကြံသူများ ရင်ဆိုင်ခဲ့ရသည့် စိတ်ပျက်အားငယ်မှုများနှင့် ထင်ဟပ် နေခဲ့သည်။ ရေးသားသူ ကိုယ်တိုင်သည်လည်း ထိုလမ်းခရီးရှည်ကြီး၌ ကျရှုံးလုနီးပါး အထိ ဖြစ်ခဲ့ဟန် ရှိသည်။ သို့သော်လည်း ဒုတိယမြောက် စကားစုကတော့ အခက်အခဲ မှန်သမျှကို စိန်ခေါ်ကာ ယှဉ်ပြိုင်လိုသည့် ဆန္ဒ အရိပ်အငွေ့တို့နှင့် ပြည့်နှက် နေသည်။
ဒုတိယ စာကြောင်းတွင်တော့ ယခုလို ရေးသားထား၏။
“ဝိညာဉ်ကို ဖွဲ့စည်းပါ... နှလုံးသားကို ဖွင့်ဟပါ... ကောင်းကင်တွေကို စိတ်ကူးပါ... တာအိုကို လိုက်စားပါ...”
စကားလုံး တစ်လုံးချင်းစီက လေးနက်သည်။ နားလည်ရန် ခက်ခဲသော်လည်း ၎င်းတို့မှာ မိမိတို့၏ ပန်းတိုင်များကို ဘယ်တော့မှ မမေ့ရန် တိုက်တွန်း နေသကဲ့သို့ ရှိသည်။
တတိယ စာကြောင်းတွင်တော့ ဤသို့ ရေးသားထား၏။
“ထာဝရဟာ မပျက်စီးနိုင်...”
ချက်ချင်းဆိုသလိုပင် လူတိုင်းမှာ ကျောရိုးများထဲ ရောက်သည့် အေးစက်မှုကို ခံစားလိုက်ရ၏။ စကားလုံးများက ကြီးကျယ် ခမ်းနားသည့် တစ်စုံတစ်ခုကို ရည်ညွှန်းနေသလို သူတို့ ခံစားရသည်။
အဓိပ္ပာယ် အတိအကျကို နားမလည်ကြသော်လည်း မည်သည့် ကျင့်ကြံခြင်း အခြေခံ၌ ဖြစ်စေ... အားလုံး၏ နှလုံးသားများမှာ တုန်ရီလာကာ မူးဝေ လာခဲ့၏။
လူနှစ်ယောက်တည်းသာလျှင် ခြားနားသည့် တုန့်ပြန်မှု တစ်ခုကို ခံစားကြရ၏။ စုမေ့နှင့် ဝေ့ဝူယင်တို့ပင်။
စုမေ့ ခံထားခဲ့ရသည့် အရာက စိတ်ဝိညာဉ်ကို ဦးတည်နေသည့် မုန်းတီးမှု ဖြစ်သည်။ သို့သော်လည်း သူမမှာ မယုံကြည်နိုင်စရာ ဆန္ဒနှင့် အတူ ၎င်းကို ချိုးဖျက်ခဲ့ကာ မထိမခိုက် ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။
ဝေ့ဝူယင်ကတော့ သွေးကြောနှင့် နှလုံးသားများ တုန်ရီလာမှုကို ခံစားခဲ့ရ၏။ ‘ထာဝရ’ ဆိုသည့် စကားလုံး အတွင်း၌ ထူးခြားသည့် အော်ရာတစ်ခု ပါဝင်နေကာ ထူးဆန်းစွာပင် ရင်းနှီးမှုကိုလည်း ခံစားရသည်။ ရှင်းပြလို့ မရနိုင်သည့် အကြောင်းရင်း တစ်ချို့ကြောင့် ပူလောင် ပြင်းထန်သည့် စီးကြောင်း တစ်ခုမှာ သူ၏ စိတ်အတွင်း စီးဝင်လာနေခဲ့ကာ လူသတ်လိုသည့် ရည်ရွယ်ချက်ကို နှိုးဆွ ပေးနေခဲ့သည်။
ထိုခံစားချက်မှာ လျှပ်တစ်ပြက်မျှသာ ကြာမြင့်ခဲ့သော်လည်း ဝေ့ဝူယင်ကတော့ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တစ်ခုချင်းစီတိုင်းမှ ရှင်းလင်းစွာပင် ခံစားခဲ့ရသည်။
“ရှင် အဆင်ပြေရဲ့လား”
ရွှယ်ရီဖေးမှာ ဝေ့ဝူယင်၏ စိတ်ခံစားချက်များ ပြောင်းလဲ သွားသည်ကို သတိထားလိုက်မိ၏။ နဂါးသွေးမျိုးဆက် တစ်ယောက် အနေဖြင့် မိန်းကလေး၏ အာရုံခံ စနစ်က အခြား အဆင့်တစ်ခု၌ ရှိနေသည် ဆိုလျှင် မှားလိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင် မျက်လုံးများကို ပွတ်လိုက်ရင်း ခေါင်းခါလိုက်သည်။
“ငါ အဆင်ပြေပါတယ်...”
“…”
ရွှယ်ရီဖေးမှာ ဝေ့ဝူယင်ကို ငြိမ်သက်စွာပင် အကဲခတ် နေခဲ့၏။ ယောက်ျားဖြစ်သူ၏ အဖြေစကားနှင့် ခန္ဓာကိုယ် တုန့်ပြန်မှုတို့က ခြားနားနေကြောင်း သူမ မြင်နိုင်ပေသည်။ ဝေ့ဝူယင် လက်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း သူမ ပိုမို နီးကပ်အောင် မှီလိုက်၏။ မိန်းကလေးထံမှ နွေးထွေးသည့် အငွေ့အသက်များကြောင့် ဝေ့ဝူယင်၏ လှိုင်းထန်နေသော ခံစားချက်များမှာ တဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ် သွားခဲ့သည်။
တစ်ခါတစ်ရံ၌ မေးခွန်းများစွာ မမေးခြင်းမှာ ယောက်ျားဖြစ်သူကို ပံ့ပိုးပေးခြင်း မည်ပေသည်။ ရွှယ်ရီဖေးမှာ အခြေအနေနှင့် အချိန်အခါကို ကောင်းစွာ နားလည် သဘောပေါက်ကာ လိုက်လျော ညီထွေစွာ ပြုမူ တတ်သူ တစ်ဦး ဖြစ်ပေသည်။ သူတို့ကြား၌ စကားလုံးများ မလိုပါချေ။
***