သရဖူဆောင်းခြင်း
Vol. 124 Ch. 1724
ဝေ့ဝူယင်၏ ငွေရောင် မျက်လံးများမှာ ပလ္လင်ထက်ရှိ စကားလုံးများကိုသာ စိုက်ကြည့် နေခဲ့၏။ ‘ထာဝရ’ ဆိုသည့် စကားလုံး အတွင်းရှိ အော်ရာကို သူ ရင်းနှီးသည်။ ၎င်း မည်သည့် နေရာမှ လာကြောင်း သဘောပေါက်သည်။
အချိန်မြစ်နှင့် ပဋိပက္ခကို ဖြေရှင်းပြီးနောက် ဖူရှီမှာ သူ၏ မှတ်ဉာဏ်များကို ဖယ်ရှားပစ်ခဲ့သော်လည်း ဝိညာဉ် အတွင်းရှိ ခံစားချက်များကိုတော့ လုံးဝ ပယ်ဖျက်နိုင်ခဲ့ခြင်း မရှိပါချေ။
“မဂ္ဂီ...”
ဝေ့ဝူယင် စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်လေ၏။ ပလ္လင်ထက်ရှိ နောက်ဆုံးသော စာကြောင်းမှာ ဝေ့ဝူယင်ထံ၌ ရှင်းပြလို့ မရနိုင်သည့် ခံစားချက်များကို လှိုင်းထန်စေခဲ့သည်။ ၎င်းတို့မှာ နှလုံးသားနှင့် ဝိညာဉ်တို့မှ မဟုတ်ပဲ စိတ်၏ အနက်ရှိုင်းဆုံး နေရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ဘာနှင့် တူသနည်း ဆိုသော် သားကောင် တစ်ကောင်ကို တွေ့ရှိလိုက်ရသည့် သားရဲတစ်ကောင်၏ ဗီဇစိတ် တုန့်ပြန်မှုလိုမျိုးပင်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ... ထိုစိတ်ခံစားချက်များ အတွင်း၌ ကြောက်ရွံ့စိတ်နှင့် ဆာလောင်မှုများ မပါရှိခြင်း ဖြစ်သည်။ ထို့အပြင် နောက်ဆုံးသော စာကြောင်းထဲ၌ ပြင်းထန်သည့် မုန်တီးမှုနှင့် မယိမ်းယိုင်သည့် ဆုံးဖြတ်ချက်များကို သူ ခံစားနိုင်သည်။ ၎င်းက အလွန်ပင် ထူးခြားလှသည်။
ရှင်းပြလို့ မရနိုင်စွာပင်... ဝေ့ဝူယင်၏ စိတ်မှာ ကြယ်တာရာ ဝါးမြိုသူ ထန်ဂူထံ ရောက်ရှိသွားခဲ့သည်။ အဘယ်ကြောင့်မှန်း မသိသော်လည်း ထန်ဂူ၊ မဂ္ဂီ၊ ထာဝရ ဧကရာဇ်နှင့် ချိပ်ပိတ် နယ်မြေများကြားတွင် ထူးခြားသည့် ဇာတ်လမ်း တစ်ခု ရှိနေသည်ဟု သူ ပြင်းပြင်းထန်ထန်ပင် ခံစားခဲ့ရသည်။
ပထမတုန်းက ဝေ့ဝူယင် ထိုအရာများကို ဂရုမစိုက်ပဲ ကိုယ်ပိုင် ခွန်အားနှင့် အင်အားစု တစ်ခု တည်ထောင်ဖို့ကိုသာ အလေးထားခဲ့သည်။ သို့သော်လည်း ထာဝရ ဧကရာဇ် ချန်ထားခဲ့ပုံ ပေါ်သည့် စာကြောင်းကို တွေ့မြင်ခဲ့ပြီး နောက်တွင်တော့ ရှောင်လွှဲလို့ မရနိုင်သည့် တစ်ခုခု ဖြစ်လာတော့မည်ဟု ခံစားခဲ့ရသည်။
ရွှယ်ရီဖေးမှာ တိတ်တဆိတ်ပင် ဝေ့ဝူယင်ထံမှ နွေးထွေးသည့် ကိုယ်ငွေ့ကို ခံစား နေခဲ့၏။ ထိုလူငယ် ဘေးနားတွင် ရှိနေချိန်တိုင်း လုံခြုံသည်ဟု သူမ ခံစားရသည်။
ယခင်တုန်းက သူမမှာ ကုန်းမြေတိုက်ကြီး သေးသေးလေး တစ်ခုမှ မင်းသမီးငယ်လေး တစ်ပါးမျှသာ ဖြစ်သည်။ သူမထံတွင် ကိုယ့်ကံကြမ္မာကို ဆုံးဖြတ်ရန် စစ်မှန်သည့် ခွန်အားနှင့် ထိန်းချုပ်မှုတို့ မရှိခဲ့ချေ။ ဘုရင့်တိုင်းပြည်များတွင် မင်းသမီး တစ်ယောက်၏ ကံကြမ္မာမှာ နှစ်ပြည်ထောင် ဆက်ဆံရေး အတွက် လက်ထပ် ထိမ်းမြားခံ ကိရိယာ တစ်ခုမျှသာ ဖြစ်သည်။ ယင်မီးပြင်းဖို တစ်ခုမျှသာ ဖြစ်သည်။
သို့သော်လည်း... ဝေ့ဝူယင် သူမ ဘဝထဲကို ရောက်လာခဲ့ပြီးသည့်နောက် အရာအားလုံး ပြောင်းလဲ သွားခဲ့သည်။ တစ်လောကလုံး လေးစားရသည့် အာဏာနှင့် စွမ်းအားတို့ကို သူမ ရရှိခဲ့သည်။ စိတ်ကူးပင် မယဉ်ခဲ့ဖူးသည့် ကျင့်ကြံခြင်း အဆင့်များကို ရောက်ရှိခဲ့သည်။
ယခုအခါတွင် သူမက သူ၏ တရားဝင် ဇနီးမယား တစ်ဘောက် ဖြစ်လာတော့မည် ဖြစ်သည်။ မိန်းကလေးမှာ ရွေးချယ်ခံ ဧကရာဇ် တစ်ပါး ဖြစ်လာခဲ့သလိုမျိုးပင် ခံစားရသည်။
အားလုံးမှာ ပြိုင်ပွဲ၏ နိဂုံးချုပ်ကို တိတ်ဆိတ်စွာပင် စောင့်ကြည့် နေခဲ့ကြ၏။ လောကနှစ်ခုမှ ရွေးချယ်ခံများမှာ တိုက်ခိုက်ခြင်း မရှိတော့သို၊ ခုခံခြင်းလည်း မရှိကြတော့ချေ။ သူတို့အားလုံးမှာ ဆန္ဒ အလျောက်ပင် ပရိသတ်များ အဖြစ် ခံယူကာ ငြိမ်းချမ်းသည့် ဝန်းကျင်တစ်ခုကို ဖန်တီးနေသယောင် ရှိသည်။ ရွေးချယ်ခံ ဧကရာဇ် ခေါင်းစဉ်မှာ အဆုံးမဲ့ အကျိုးကျေးဇူးများကို ဆောင်ကျဉ်း လာနိုင်သော်လည်း... အသက်သာ ဆက်မရှင်သန်နိုင်ပါက ထိုအရာများမှာ ဘာအသုံးကျတော့မည်နည်း။
တန်ဘူမာနှင့် သူ၏ နောက်လိုက်နောက်ပါများမှာ အခမ်းအနား ပလ္လင်နှင့် မိုင်အနည်းငယ်ခန့် အကွာတွင် စုရုံး နေခဲ့ကြသည်။ အခြားသော တိုက်တန် မျိုးနွယ်ဝင်များမှာလည်း သူတို့ အနားသို့ လာရောက် စုဝေး နေလေရာ တိုက်တန် သီးသန့် အုပ်စု တစ်ခု သဖွယ် ဖြစ်နေခဲ့သည်။
လူသားများနှင့် ကောင်းကင် မျိုးနွယ်ဝင်များမှာလည်း အလားတူပင် လုပ်ဆောင် ခဲ့ကြသည်။ အခမ်းအနား အဆုံးသတ်ခါနီး၌ သူတို့မှာ ဂိုဏ်းဂဏများ မခွဲခြားတော့ပဲ မူလမျိုးရိုးအတိုင်းသာ စုဝေးဖို့ အလိုအလျောက် ဆုံးဖြတ်ခဲ့ကြသည်။
အလွှာအပြင်က လောကမှ အဆင့်မြင့် မျိုးနွယ်စု သုံးခု စုဝေး နေချိန်တွင် ချိပ်ပိတ် နယ်မြေမှ ရွေးချယ်ခံများမှာလည်း သီးသန့် တစ်ဖွဲ့ အဖြစ် စုဝေး ခဲ့ကြသည်။
အလွှာအပြင်က ရွေးချယ်ခံများနှင့် ခြားနားစွာပင် သူတို့ အားလုံးမှာ လုံးဝ သေမျိုးသီးသန့်များ ဖြစ်ကြသည်။ သူတို့မှာ ပြင်းပြသည့် သတိတရား အပြင် အစွမ်းထက်သည့် အဆောင် လက်ဖွဲ့များကို အားကိုးကာ ယနေ့အထိ ရှင်သန်နိုင်ခဲ့ကြသည်။
အာဏာရှင်များမှာလည်း ချိပ်ပိတ်နယ်မြေ ကျင့်ကြံသူများနှင့် မခွဲခြားပဲ တစ်သားတည်း ပေါင်းစည်းခဲ့ကြသည်။ သူတို့ အဖွဲ့မှာ အယ်ဗန်၊ နတ်ဆိုး၊ ရှို့ရန် စသည်ဖြင့် အမျိုးမျိုး ကွဲပြားသည့် မျိုးနွယ်များကြောင့် ပိုမို၍ ထူးခြား နေခဲ့သည်။
ဤနေရာတွင် အလွှာအပြင်က လောကနှင့် အတွင်းပိုင်း လောက နှစ်ခုကြားမှ ကွဲပြား ခြားနားမှုကို ပိုမို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ ချိပ်ပိတ်နယ်မြေတွင်လည်း တစ်ချိန်က နတ်ဆိုးများ၊ ရှို့ရန်များ၊ အယ်ဗန်များ အပေါ် အမြင်များနှင့် ပတ်သက်၍ ပြဿနာများ ရှိခဲ့သည်သာ ဖြစ်သည်။ သို့သော်လည်း အာရုဏ်ဦး အာဏာရှင် အင်ပါယာ ပေါ်ထွန်းလာခဲ့ခြင်းနှင့် အတူ ထိုခေတ်နောက်ကျသည့် အယူအဆများမှာလည်း ပျောက်ကွယ် သွားခဲ့ကြသည်။
ဝေ့ဝူယင်မှာ မျိုးနွယ် ခွဲခြားခြင်း အပေါ် ဆန့်ကျင်သည့် အမြင် ရှိကာ လူမျိုးတိုင်း၌လည်း သူ၏ ချစ်သူများကို ထားရှိထားသည်။ ဝေ့ဝူယင်ထံမှ မျက်နှာသာပေးမှုကို ယူချင်သည့် လူများမှာလည်း ထိုအယူအဆကို လိုက်လံ ကျင့်သုံးလာကြကာ အထူးသဖြင့် လူငယ် မျိုးဆက်များကြား၌ ပိုမို၍ ရေပန်းစား လာခဲ့သည်။
ဝေ့ဝူယင်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို မရောက်ခင်ကတည်းက ထိုအယူအဆသစ်ကို စတင် မျိုးစေ့ချခဲ့ကာ ယခုအခါတွင်တော့ အတော်လေး အကောင်အထည်ပေါ် လာခဲ့ပြီ ဖြစ်သည်။
နောက်ဆုံး၌ စုမေ့မှာ ပလ္လင်ပေါ်သို့ တက်လှမ်း သွားခဲ့၏။ ခုနစ်ရောင်ခြယ် အလင်းတန်းများ၏ တောက်ပမှုက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်း ထားကာ သန့်စင်သည့် မြူခိုးနှင့် အော်ရာများကို ထုတ်လွှတ် နေခဲ့လေသည်။ ရိုးရှင်းစွာ ထိုင်နေသည့်တိုင် သူမမှာ ဖမ်းဆုပ်ရန် ခက်ခဲလှသည့် အဂ္ဂိရတ် တာအိုကို ထိမိနေသကဲ့သို့ ခံစားရသည်။
“သမီး အဲဒီ သရဖူကို ဒေါ်လေးရဲ့ ခေါင်းပေါ် ဆောင်းပေးလို့ရမလား...”
ပေ့ယင်ယင်က စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ ပြည့်နှက်နေသည့် မျက်ဝန်းကလေးများနှင့် မေးလိုက်သည်။ စုမေ့က သူမကို ကြည့်ကာ ပြုံးပြရင်း ခေါင်းညိတ်လိုက်၏။
“ယေး...”
စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီးနောက် ပေ့ယင်ယင်မှာ စုမေ့ထံ ခုန်ပေါက် ရောက်ရှိလာခဲ့၏။ ထို့နောက် ပလ္လင်ပေါ်သို့ ခုန်တက်ကာ စုမေ့ ကမ်းပေးသည့် သရဖူကို လက်သေးသေးလေးများဖြင့် လက်ခံ ရယူလိုက်သည်။
“ဒေါ်လေးမေ့... ခေါင်းငုံ့ပေး...”
ပေ့ယင်ယင်မှာ သူမ၏ အရပ်ကလေးဖြင့် မမှီနိုင်လေရာ ပြောလိုက်၏။ စုမေ့က ခေါင်းငုံ့ခြင်း မပြုချေ။ အဂ္ဂိရတ် အလင်းရောင်၏ စွမ်းအားများကို အသုံးပြုကာ ပေ့ယင်ယင်ကိုသာ အပေါ်သို့ ပင့်မပေးလိုက်၏။
“ဝိုး...”
ပေ့ယင်ယင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ရင်း သရဖူကို စုမေ့၏ ခေါင်းပေါ် ဖြည်းဖြည်းချင်း တင်ပေးလိုက်သည်။ ထို့နောက် သူမက အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေသည့် အလား လျှာကလေး ထုတ်ရင်း သရဖူကို တည့်တည့်မတ်မတ် ဖြစ်အောင် ချိန်ညှိပေးလိုက်၏။ နောက်ဆုံးတွင်မှ သူမ ကျေနပ်သွားကာ နောက်သို့ ဆုတ်လိုက်သည်။
“အရမ်းလှတယ်...”
သူမက လက်ခုပ်တီးလိုက်ရင်း စုမေ့ကို အားကျစွာဖြင့် မော့ကြည့် နေခဲ့၏။ သူမ၏ မျက်လုံး ကလေးများက ဖြူစင်နေကာ မုသား ဆိုသည့် အညစ်အကြေးများ လုံးဝ ကင်းစင်နေသည်။ စုမေ့ အတွက်တော့ ပေ့ယင်ယင်၏ စကားလုံးများမှာ သူမ ရရှိနိုင်သမျှ အကောင်းဆုံးသော ချီးကျူး စကားများပင် ဖြစ်ပေသည်။
“ကျေးဇူးပဲ...”
စုမေ့က မိန်းမငယ်လေးကို ညင်သာစွာ ပြုံးရင်း အသိအမှတ်ပြု လိုက်၏။ ထို့နောက် သူမ လောကတစ်ခုလုံးကို ဖြန့်ကျက်ကာ တစ်ချက် ဝှေ့ကြည့်လိုက်သည်။ ထိုအခိုက်၌ မိန်းကလေးမှာ အစစ်အမှန် ဘုရင် တစ်ပါး ဖြစ်လာ သကဲ့သို့ ခံစားရသည်။
“သန့်စင်မှုကို စလိုက်ကြမယ်...”
***