← Chapters

ဖြစ်ပေါ် မလာခဲ့သည့် အဆုံးသတ်

Vol. 124 Ch. 1727

ဖြစ်ပေါ် မလာခဲ့သည့် အဆုံးသတ်

Vol. 124 Ch. 1727

“အစီအရင်ကရော... သတ္တမမြောက် မင်းသားက ဘာလုပ်နေတာလဲ...”

ရွှယ်ရီဖေး၏ မေးခွန်းကို ဝေ့ဝူယင်က အသာအယာပင် ပြုံးရင်း ဖြေလိုက်လေသည်။

“ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို အရမ်းကို ထူးခြားတဲ့ နယ်မြေတစ်ခုမှာ ကျင်းပနေတာ... အဆုံးမဲ့ ခရီးသွား နယ်မြေ၊ ချိပ်ပိတ်နယ်မြေ၊ ကြယ်တာရာ အသိုက်၊ အလွှာအပြင်က လောကတို့လိုမျိုး နယ်မြေတွေ အများအပြားနဲ့ ချိတ်ဆက်ထားတဲ့ နေရာတစ်ခုပေါ့လေ...”

ရွှယ်ရီဖေး၏ မျက်လုံးများမှာ တောက်ပသွားခဲ့၏။ ကြယ်တာရာ အသိုက် အကြောင်းကို သူမ သိထားပေသည်။ ထို့အပြင်... ၎င်းအား ဝေ့ဝူယင် မည်သို့ မည်ပုံ သိမ်းပိုက်ခဲ့ပုံများကိုလည်း ကြားဖူးသည်။ ကြယ်တာရာ အသိုက် အတွင်း၌ အလွန် ထူးခြားသည့် လျှို့ဝှက်ချက်များ ရှိကြောင်းကိုလည်း သူမ ရိပ်စားမိသည်။

“ဒီနယ်မြေထဲမှာ အရာအားလုံးကို ဖြစ်တည်စေတဲ့ ဗဟိုစွမ်းအင် ရင်းမြစ် တစ်ခု ရှိတယ်... နယ်မြေအမြုတေလိုမျိုး သန့်စင်တဲ့ စွမ်းအား တစ်ခုပေါ့... သူ့ရဲ့ လုပ်ဆောင်ချက်က ဝင်္ကပါတွေကို တည်ဆောက်ပေးတာ... မကောင်းဆိုးဝါး စောင့်ကြပ်သူတွေကို ထိန်းကြောင်းပေးတာ... အများကြီးပဲပေါ့လေ...... အမတေတွေ အမျိုးမျိုးထဲမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် သန့်စင်တဲ့ နေစွမ်းအင် တစ်ခု ရှိတယ်... အဲဒါကို နက္ခတ္တ အမတေလို့‌ ခေါ်တယ်...”

ဝေ့ဝူယင်က အပြောကျယ်လှသည့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ရွှယ်ရီဖေးသည်လည်း လိုက်လံ၍ ကြည့်လိုက်သည်။ အလင်းများမှာ အရပ် မျက်နှာတိုင်းတွင် တောက်ပနေ၏။ သို့သော်လည်း နေကြယ် ဟူ၍ မတွေ့ရပါချေ။ ရုတ်တရက်... မိန်းကလေး၏ စိတ်အတွင်း အတွေးတစ်ခုက ဝင်လာခဲ့၏။

“ဘယ်လောက်များလဲ...”

သူမက စိတ်ရှုပ်ရှားလာသည့် လေသံဖြင့် မေးလိုက်သည်။

“အရမ်းကို များတာပေါ့...”

ဝေ့ဝူယင်က ပြန်ဖြေလိုက်၏။ ရွှယ်ရီဖေး တစ်ယောက် မျှော်လင့်ချက်ဖြင့် တံတွေး မြိုချလိုက်မိသည်။ ဝင်္ကပါများ၊ အစီအရင်များ အကြောင်းကို လေ့လာဖူးသူ တစ်ယောက်အနေဖြင့် စွမ်းအင် ထုတ်ယူခြင်း ဝင်္ကပါများ၏ လုပ်ဆောင်ချက်ကို သူမ သိရှိထားပေသည်။

“ဘယ်လောက်တောင် မယုံကြည်နိုင်စရာ ကောင်းလိုက်လဲ...”

သူမက တစ်ခဏမျှ ရပ်လိုက်ပြီးနောက် ဝေ့ဝူယင်ကို မေ့ကြည့်လိုက်သည်။

“ရှင်ရော အဲဒါကို ထုတ်ယူနိုင်လား...”

ဝေ့ဝူယင်မှာ ထျန်းရီဝူကို လိုအပ်ခဲ့သည်လား သူမ သိလိုသည်။

“လုပ်နိုင်ပါတယ်... ဒါပေမဲ့ ထျန်းရီဝူ စီစဉ် နေသလောက် ထိရောက်မှု ရှိမှာ မဟုတ်ဘူး... သူတည်ဆောက်နေတဲ့ အစီအရင်ရဲ့ နက်နဲမှုကို ကြည့်ပြီး ငါတောင် ဆွံ့အရတယ်... အဲဒီဝန်ကို ထမ်းဖို့ ငါက သူ့ကို ကူညီနေတယ်လို့ပဲ ပြောကြတာပေါ့လေ”

ဝေ့ဝူယင်၏ နှုတ်ခမ်းထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

“တကယ်ဆိုရင် အာဏာရှင်တွေ အားလုံးက သူ့ကို ကူညီပေးနေခဲ့ကြတာပါ”

စကားပြောရင်းပင် သူက လက်ဝါးကို မြေပြင်ထံ ဦးတည်၍ ပေါ့ပေါ့ပါးပါး ဖိချလိုက်သည်။ သိမ်မွေ့သည့် လှိုင်းလေးများမှာ မြေပြင် တစ်လျှောက် ဖြတ်ပြေး သွားခဲ့၏။

တိတ်ဆိတ် ငြိမ်သက်နေသည့် တောအုပ် တစ်ခုထဲတွင် မျိုးနွယ်စု တက်တူးများကို တစ်ကိုယ်လုံး ထိုးထားသည့် ထိပ်ပြောင် နတ်ဆိုး တစ်ကောင်မှာ ကောင်းကင်ဆီ အုံ့မှိုင်းစွာဖြင့် မော့ကြည့် နေခဲ့သည်။

သိုလှောင် လက်စွပ်များစွာကို သီကုံး၍ ဝတ်ဆင်ထားသည့် လူသား တစ်ဦးမှာလည်း လူလုပ်ဂူ တစ်ခုထက်တွင် ထိုင်နေခဲ့၏။

မျက်မှန် ဝတ်ဆင်ထားသည့် အယ်ဗန် မျိုနွယ် မိန်းကလေး တစ်ဦးကတော့ မြေပြင်ထဲကို တစ်ခုခု ထွင်းထုနေကာ ဝိညာဉ် စွမ်အင်များကို ပို့ဆောင်ပေးခဲ့သည်။

နေရာတိုင်း၌ အသက် ဆုံးရှုံးခဲ့သည့် အာဏာရှင်များမှာ မည်သူမှ သတိမထားလိုက်မိခင်မှာပင် အလျှိုလျှို ပေါ်ထွက်လာခဲ့သည်။ သူတို့မှာ အစောကတည်းကပင် စောင့်ဆိုင်း နေကြသယောင် ရှိလေ၏။

ဝေ့ဝူယင် ထိုလူများကို မဖုံးကွယ်တော့ပဲ ရွှယ်ရီဖေးထံ၌ ထုတ်ဖော်ပြသခဲ့ပြီ ဖြစ်လေသည်။

ရွှယ်ရီဖေး တစ်ယောက် စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်မိ၏။ ပြိုင်ပွဲအတွင်း တိုက်ခိုက် သေဆုံးသွားသူများ ပြန်လည် အသက်ရှင်လာစေဖို့ အတွက် ဝေ့ဝူယင် တစ်ခုခု စီမံထားနိုင်ကြောင်း အစောကတည်းက သူမ ရိပ်မိခဲ့ပြီး ဖြစ်သည်။ ယခုတွင်တော့ ထိုအချက်ကို အတည်ပြုလိုက်နိုင်လေပြီ...။

“ပထမတုန်းကတော့ သေသွားတဲ့လူတွေကို ကျင့်ကြံခြင်း အခြေခံတွေ မပါပဲ သန့်စင်ထားတဲ့ ခန္ဓာကိုယ်သက်သက်နဲ့ ပြန်လာစေဖို့ ရည်ရွယ်ထားတာ... သေဆုံးခြင်းရဲ့ ကောင်းချီးနဲ့ အတူ ဘဝသစ် တစ်ခုကို ပြန် စတင် နိုင်ဖို့ပေါ့... သူတို့တွေကို ပထမဆုံး စပြီး ပြုစုပျိုးထောင်ပေးတုန်းက ငါ့ရဲ့ အဂ္ဂိရတ် တာအိုက အစောပိုင်း အဆင့်လောက်မှာပဲ ရှိသေးတာလေ... ဒါကြောင့်မလို့ ငါ့ရဲ့ အထောက်အပံ့တွေက အားနည်းချက်တွေ အများကြီး ရှိခဲ့တယ်... ငါ အဲဒါကို မလိမ်ပါဘူး... အဲဒီအချိန်တွေတုန်းက ငါ ကိုယ်တိုင်ကလည်း ကိုယ်ပိုင်အစီအစဉ်တွေ၊ တိုးတက်ရေး အတွက် အားထုတ်ရမှုတွေနဲ့ အချိန်ကုန်နေခဲ့တာ များတယ်လေ”

“ဒါပေမဲ့ ထျန်းရီဝူရဲ့ အစီအစဉ်ကို သတိပြုမိပြီးတဲ့ နောက်မှာ သူတို့ရဲ့ ကျင့်ကြံခြင်း အခြေခံ အားနည်းချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ မလိုတော့ဘူး ဆိုတာ သိခဲ့ရတယ်...”

ဝေ့ဝူယင်၏ မျက်လုံးများက ငွေရောင် အလင်းများဖြင့် တောက်ပနေကာ ကောင်းကင်ကို စိုက်ကြည့် နေခဲ့သည်။

“...”

ဝေ့ဝူယင်၏ တုန့်ပြန်ပုံက ရွှယ်ရီဖေးကို စိတ်လှုပ်ရှား သွားစေခဲ့၏။

“အချိန် ဘယ်လောက် ကြာဦးမလဲ...”

သူမက မေးလိုက်၏။ ဝေ့ဝူယင်က တစ်စက္ကန့်လောက် တွက်ချက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“သူ လုပ်ဆောင်နေတဲ့ နှုန်းအတိုင်းဆိုရင် လေး နာရီ လောက် ကျန်ဦးမယ်... ပြီးတာနဲ့ စလိမ့်မယ်”

...

တစ်ချိန်တည်း၌... များလှစွာသော အလွှာအပြင်က ရွေးချယ်ခံများမှာ အိမ်ပြန်ဖို့ အသင့် ဖြစ်နေကြပြီ ဖြစ်သည်။ ယခုတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက ပုရောဟိတ်များ၊ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ၊ နတ်ဆရာများ ဟောကိန်း ထုတ်ခဲ့သည့် အတိုင်းပင် အလွန် ထူးခြားလှပေသည်။

ပုံမှန်မဟုတ် အလွန် အစွမ်းထက်သည့် သေမျိုးများကို ရှာဖွေ တွေ့ရှိခြင်း အပြင် လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်၏ ပြိုင်ပွဲအား ခိုးယူခဲ့မှု အထိ အရာအားလုံးက ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းလွန်းလှသည်။ ဤပြိုင်ပွဲ၏ သတင်း အချက်အလက် တစ်ခုချင်းစီမှာ အဇူရာ မူလ ကြယ်စင်စု တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည်ဟု သူတို့ တွေးတော နေမိကြသည်။ မကြာခင် အမြင့်ဆုံးအဆင့် ဆူညံသံများကိုပင် ကြားရပေလိမ့်မည်။

ရွေးချယ်ခံများမှာ သတင်းစကားများကို ပေးပို့ရန် အတွက် ဆက်သွယ်ရေး သလင်းကျောက်နှင့် ကိရိယာ ပစ္စည်းများကို အဆင်သင့် ပြင်ဆင်ထားကြသည်။ အချို့ကတော့ အကြောင်းအရာ တစ်ခုချင်းစီ အတွက် စာများကိုပင် သေချာ စီစဉ် တည်းဖြတ် နေကြပြီ ဖြစ်သည်။

“မကြာခင် လောကတစ်ခုလုံး တုန်လှုပ်သွားတော့မှာ ငါ မြင်ယောင်နေပြီ... ဒီတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက ကောင်းကင်ကို စိန်ခေါ်နိုင်တဲ့ အထိကို ကြောက်စရာ ကောင်းလွန်းတယ်”

တန်ဘူမာ သက်ပြင်းချရင်း ပြောလိုက်သည်။ သူ၏ စိတ်နှလုံးတစ်ခုလုံးမှာ အလွန်ပင် ရှုပ်ထွေး နေခဲ့၏။ တစ်ချိန်က လောကကိုပင် စိန်ခေါ်ရဲခဲ့သည့် မာန်မာနှင့် တက်ကြွမှုမှာ သူ့ မျက်ဝန်းများ အတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

တူလာရီကတော့ နှုတ်ခမ်းများကို စေ့ထားခဲ့၏။ တန်ဘူမာ၏ စကားလုံးများက တစ်နည်းတစ်ဖုံ လျှော့ပြောနေသလိုပင် သူမ ခံစားနေရသည်။ ဤသည်က ရိုးရှင်းသည့် ကိစ္စ တစ်ခု မဟုတ်ပါချေ။ ဝေ့ဝူယင် အမည်ရှိ လောက အဂ္ဂိရတ် ရှန့်ထိုမှာလည်း သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင်... အဆိုပါ ပုဂ္ဂိုလ်မှာ ကြောက်မက်ဖွယ် သေမျိုး တစ်ယောက်ချင်းစီ၏ နောက်ကွယ်၍ ရှိနေနိုင်သည်။ ၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် ရှာဖွေ တွေ့ရှိမှု ဖြစ်သည်။

ထို့အပြင်... သရဖူအား နောက်ဆုံးအဆင့် ပေါင်းစည်းခဲ့သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များစွာကိုလည်း သူတို့ တွေ့ရှိခဲ့ရသည်။ သူတို့က မျိုးနွယ်အားဖြင့် ကွဲပြားလှကာ အဇူရာ မူလ ကြယ်စင်စုမှ မဟုတ်သည်မှာ သေချာသည်။

အရေးအကြီးဆုံးက သူတို့ထံတွင် ဆန်းစစ်စရာ မျက်ဝန်းတစ်စုံ ကျန်ရစ်နေခြင်းပင် ဖြစ်သည်။

မှန်ပေ၏။ တစ်ခါမြင်ရုံမျှဖြင့်ပင် တစ်သက် မေ့လျော့ဖို့ ခက်ခဲသည့် အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဆိုသူ၏ ဆွဲဆောင်မှု ရှိလှသော ငွေရောင် မျက်ဝန်းများပင်..။

ထိုမျက်ဝန်းများမှာ နာမည်ကျော် ထာဝရ ဧကရာဇ်၏ မျက်ဝန်းများနှင့် တူပေသည်။ သူတို့ နှစ်ယောက်စလုံးမှာ အဂ္ဂိရတ် တာအိုတွင် ထူးခြားစွာ ပါရမီ ပါကြသည့် အပြင် ချိပ်ပိတ်နယ်မြေ အတွင်း မွေးဖွားလာကြသူများ ဖြစ်ကြလေရာ ဆက်နွယ်မှု တစ်ခုခု ရှိနေသည်မှာ သေချာသည်။

တူလာရီ၏ နှလုံးသားက အနည်းငယ် ခုန်နေခဲ့၏။ သူမ ဆက်သွယ်ရေး သလင်းကျောက်ကို စိတ်လှုပ်ရှားစွာဖြင့် အသင့် ပြင်ဆင် ထားခဲ့သည်။ မိနစ် အနည်းငယ် အတွင်းမှာပင် သူတို့ အိမ်ကို ပြန်နိုင်တော့မည် ဖြစ်သည်။

ချပ်... ချပ်... ချပ်...

မိနစ် အနည်းငယ် ကြာမြင့် သွားခဲ့၏။

ထို့နောက် နာရီဝက်...

အလွှာအပြင်က ရွေးချယ်ခံများမှာ စိတ်ရှုပ်ထွေးမှုများကို စတင် ခံစားလာခဲ့ကြရသည်။ မည်သည့် အရာများ ဖြစ်ပျက်နေသည်ကို သူတို့ နားမလည်နိုင်ကြချေ။

“ဘာလို့ ဝင်္ကပါက ခုထိ အသက်ဝင်မလာသေးတာလဲ...”

“ဟိုမိန်းကလေးက ထာဝရ သရဖူကို သန့်စင်ပြီးသွားပြီ မဟုတ်ဘူးလား... ခုလောက်ဆို ပြိုင်ပွဲက ပြီးသင့်နေပြီလေ... ဘာမှားနေတာလဲ...”

“ငါတို့ကို ပြန်ခေါ်ပါတော့...”

ရွေးချယ်ခံများကြား၌ အုံကြွမှု တစ်ခုမှာ စတင် မြင့်တက် လာခဲ့၏။ အချို့က ကြီးကြပ်သူနှင့် တိုက်ရိုက် ဆက်သွယ် ပြောဆိုဖို့ ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း... မည်သည့် တုန့်ပြန်မှုမှ မရခဲ့ချေ။ အခြေအနေက တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း ပိုမို သေချာ လာနေခဲ့ပြီ ဖြစ်သည်။ စက္ကန့်များ တဖြည်းဖြည်း ရွေ့လျားလာနေသည်နှင့် အမျှ ဆူညံသံများမှာ ပိုမို၍ ကြီးထွားလာခဲ့လေ၏။

***

All Chapters