သတ္တမမြောက် မင်းသား၏ အစီအစဉ်
Vol. 124 Ch. 1728
ကိုယ်ပိုင် သီးခြား လောကနယ်မြေ အတွင်း၌ ဝမ်ယုထျန်းမှာ ထာဝရ သရဖူ လုပွဲ၏ ကြီးကြပ်သူနှင့် အတူ ရှိနေခဲ့၏။
သူမက လူသားမျိုးနွယ်ဝင် တစ်ယောက် ဖြစ်ကာ ပိန်ပိန်သေးသေးနှင့် ဆယ်ကျော်သက် နှောင်းပိုင်း အရွယ် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သံလွင်ရောင် အသားအရေ၊ ရွှေညိုရောင် မျက်ဝန်းများနှင့် ပခုံးထိသာ ရှည်လျားသည့် သစ်ကြံပိုးခေါက်ရောင် ဆံပင်တို့က သူမ၏ နုပျို ငယ်ရွယ်သည့် အသွင်အပြင်ကို ပြီးပြည့်စုံစွာ ပေါ်လွင် စေခဲ့လေသည်။ မိန်းကလေးမှာ ငြင်းပယ်လို့ မရနိုင်သည့် အလှပဂေး တစ်ဦး ဖြစ်ပေသည်။
ရုပ်ရည်သွင်ပြင်အားဖြင့် ငယ်ရွယ်ပုံ ပေါ်သည့်တိုင် မိန်းကလေးမှာ မည်သူမှ အထင်မသေးဝံ့သည့် လောက ရှန့်ထို အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။
“သူက ဘာလုပ်နေတာလဲ...”
သူမက အောက်နှုတ်ခမ်းကို ဒေါသတကြီး ကိုက်ရင်း မေးလိုက်၏။ ပြိုင်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။ သို့တိုင့် ဝေ့ဝူယင်မှာ ဝင်္ကပါ အသက်ဝင်ခြင်း မပြုနိုင်အောင် တားဆီးထားသည်။ သူက တစ်ခုခုကို ကြံစည်နေသည်မှာ သေချာသည်။
သို့သော်လည်း... ဝေ့ဝူယင်နှင့် တိုက်ရိုက် ရင်ဆိုင်ရန် ဆိုသည့် အတွေးက သူမ၏ နှလုံးသားကို ချောက်နက်ကြီး တစ်ခု အတွင်း နစ်ဆင်းသွားသလို ခံစားရစေ၏။ ထိုသေမျိုးမှာ ကြောက်စရာ ကောင်းလွန်းလှသည်။ ဝမ်ယုထျန်းကတော့ ‘စောင့်ကြည့်တာကသာ အကောင်းဆုံး ဖြစ်ကြောင်း’ သူမကို အကြံပေးခဲ့သည်။ သို့သော်... သူမ မည်ကဲ့သို့ တည်ငြိမ်နိုင်မည်နည်း။
“သူ လုပ်ချင်တာကို လုပ်လိမ့်မယ်...”
ဝမ်ယုထျန်းက ပြုံးလိုက်၏။ ဝေ့ဝူယင်မှာ အလွယ်တကူ ဖြတ်မြင်နိုင်သည့် လူစားမျိုး မဟုတ်ချေ။ သူ ကိုယ်တိုင်လည်း ဘယ်တုန်းကမှ ဖြတ်မမြင်နိုင်ခဲ့ချေ။
အနန္တ ဆန်းကြယ် တာအို နန်းတော် အတွင်းတွင် ဆေဘာ ရည်ရွယ်ချက်ကို ပထမဆုံး နိုးထနိုင်ခဲ့သည့် လူငယ်လေး တစ်ယောက်မှ အစ၊ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်၊ အာရုဏ်ဦး လောက အဂ္ဂိရတ် ရှန့်ထို... နောက်ဆုံး ဟင်းလင်းပြင် နဂါးကြီးကိုပင် အတင်းအကြပ် ပြန်လည် ပို့နိုင်သည် အထိ သူက ကြီးထွားလာခဲ့သည်။
ဝမ်ယုထျန်း အရာအားလုံးကို မြင်ခဲ့ရသည်။ ၎င်းက အရာအားလုံးကို သက်သေခံခဲ့သည်။ ထို့ကြောင့်ပင် ‘သူ လုပ်ချင်တာကို လုပ်လိမ့်မယ်’ ဆိုသည့် အဖြေစကားက ဤနေရာတွင် အသင့်တော်ဆုံး ဖြစ်ပေလိမ့်မည်။
ထာဝရ သရဖူ အခမ်းအနား၏ ကြီးကြပ်သူမှာ စိတ်တည်ငြိမ်စေရန် အတွက် အသက်ကို ခပ်ပြင်းပြင်းပင် ရှူသွင်း ရှူထုတ် လုပ်နေခဲ့ရ၏။ ဤကိစ္စ အတွက် အပြစ်ပေးခံရမည့် အဖြစ်မျိုးကို သူမ မလိုချင်ပါချေ။ ကံကောင်းထောက်မစွာပင် ဆင်ခြေ တစ်ခုကို သူမ တွေ့ရှိခဲ့ပြီး ဖြစ်သည်။ ဝေ့ဝူယင် ဆိုသူမှာ ထာဝရ ဧကရာဇ်နှင့် တစ်နည်းတစ်ဖုံ ပတ်သက် နေနိုင်သည်။ ထူးခြားသည့် အဂ္ဂိရတ် ပါရမီ၊ ထူးခြားသည့် ငွေရောင် မျက်လုံးများက ထိုအချက်ကို သက်သေခံနေသည်။ ထာဝရ ဧကရာဇ်နှင့် တစ်စုံတစ်ရာ ပတ်သက်နေသောကြောင့်သာ သူက ပြိုင်ပွဲ တစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်သွားခြင်း ဖြစ်ပေလိမ့်မည်။
“သူက ပြန်ပို့ဖို့ကို ဘယ်လောက် အချိန်ဆွဲထားဦးမလဲ မသိဘူး...”
မိန်းကလေးက မေးလိုက်၏။ သူမသည်လည်း ပြန်ပို့မည့် အချိန်ကို စောင့်မျှော်နေခြင်း ဖြစ်သည်။ လွန်ခဲ့သည့် နာရီပေါင်းများစွာ ကတည်းက သတင်းစကားများကို သူမ ပြင်ဆင်ထားပြီး ဖြစ်သည်။
ဝမ်ယုထျန်းမှာ သူ ကိုယ်တိုင် မသိသည့် အဖြေကို ခန့်မှန်းဖြေဆိုခြင်းဖြင့် အချိန်ကုန် မခံခဲ့ပါချေ။ သူ၏ လက်သုံးစကား အတိုင်းပင် စောင့်၍သာ ကြည့်နေခဲ့၏။
အလွှာအပြင်က ရွေးချယ်ခံများ လှုပ်လှုပ်ရွရွ ဖြစ်နေကြစဉ်တွင် အာဏာရှင်များကတော့ အေးဆေး တည်ငြိမ်စွာ ရှိနေခဲ့ကြသည်။ သူတို့က တိတ်ဆိတ်စွာ ထိုင်၍သာ ကျင့်ကြံနေကြ၏။ အချို့ကလည်း ထာဝရ သရဖူ အခမ်းအနား အတွင်းရှိ လက်ကျန် အကျိုးအမြတ်များကိုသာ ရှာဖွေဖို့ ကြိုးစား နေခဲ့ကြသည်။ ဤသည်က သူတို့၏ ကျင့်ကြံခြင်း လမ်းစဉ် အတွက်တော့ အခွင့်အလမ်း တစ်ခု ဖြစ်ပေသည်။
နောက်ဆုံးအချိန်ထိ ရေကုန်ရေခမ်း တိုက်ပွဲတင်ခဲ့သည့် အာဏာရှင် အနည်းငယ်ကတော့ ဝေ့ဝူယင်ထံ၌ မည်သည့် ဆန္ဒ တောင်းဆိုရမည်ကို စဉ်းစား နေခဲ့သည်။ ဆန္ဒ အလုံးစုံ မအောင်မြင်နိုင်လျှင်ပင် ဝေ့ဝူယင်မှာ အတိုင်းအတာ တစ်ခု အထိ ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ချီးမြှင့်မည့် ဆုလာဒ်က ထာဝရ သရဖူ လုပွဲ အတွင်း သူတို့ မည်မျှ တိုက်ခိုက်ခဲ့သည် ဆိုသည်နှင့် အချိုးကျလိမ့်မည်ဟု ယူဆရသည်။
တစ်ချိန်တည်း၌ ထျန်းရီဝူမျာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ မပြီးဆုံးသေးကြောင်း တွေ့ရှိလိုက်ရ၏။ ထိုအရာက သူ့ကို သက်ပြင်းချစေခဲ့သည်။ သူ ဟင်းလင်းပြင် လွန်းအပ်ထံမှ အကန့်အသတ် ရှိသည့် စွမ်းအင်များကို မဖြုန်းတီးလိုချေ။ ၎င်းမှာ အသက်သွင်းရန် အတွက်ပင် ဟင်းလင်းပြင် စွမ်းအင် များစွာ လိုအပ်သည့် ရှေးဟောင်း ရတနာ တစ်ခု ဖြစ်သည်။
သို့သော်လည်း... ထာဝရ သရဖူကို ရယူခဲ့ပြီး နောက်တွင်ပင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက အဘယ်ကြောင့် မပြီးဆုံးသေးကြောင်း သူ သိလိုလာခဲ့သည်။ ဝေ့ဝူယင်မှာ နောက်ထပ် ဖြစ်ရပ် တစ်ခုကို ပြင်ဆင်ထားသည်ဟုသာ သူ ယူဆနိုင်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ထိုအရာက သူ့အတွက် ကောင်းပေသည်။
သို့သော်လည်း... ထာဝရ သရဖူ အခမ်းအနား၏ ကြီးကြပ်သူအား ဝေ့ဝူယင် မည်ကဲ့သို့ စည်းရုံးထားသည်ကိုတော့ သူ အံ့ဩနေဆဲ ဖြစ်သည်။ ထိုအရာက ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်နှင့် ဆက်နွယ်နေသည်ဟု ဆိုလိုခြင်းလား။ သူ၏ ထူးခြားသော အဂ္ဂိရတ် ပါရမီနှင့် သမိုင်းကြောင်းကို ပြန်လည် ကြည့်ရလျှင် ထိုအရာက ပိုမို အဓိပ္ပာယ် ရှိပေသည်။
ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ တိုက်ရိုက် မျိုးဆက် တစ်ယောက်လော။ ထာဝရ ဧကရာဇ်ထံတွင် သားသမီး မရှိဟူ၍ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ထိုအရာက မှန်ကန်သည်ဟု ပုံသေ ယူဆလို့ မရပါချေ။ မည်သည့် ကျင့်ကြံသူ မဆို... တစ်ခါတစ်ရံ သွေးသားဆန္ဒကို ခံနိုင်ရည် မရှိပဲ တရားမဝင် အိမ်ထောင်များနှင့် ကလေးများ ရတတ်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုအကြောင်းအရာများကို မတွေးတောသေးဖို့ ထျန်းရီဝူ ဆုံးဖြတ်ထားသည်။ သူ အရှိန်အဟုန်ကို ပိုမို မြှင့်လိုက်ရင်း အလံများကို ဆက်လက် စိုက်ထူ နေခဲ့လေ၏။ အစောပိုင်း၌ အလံများကို ချထားရာတွင် အခက်အခဲများ ရှိခဲ့သော်လည်း အကြိမ်ပေါင်း ထောင်နှင့်ချီ လုပ်ဆောင်ခဲ့ပြီး နောက်တွင် သူ ထိုလုပ်ငန်းစဉ်နှင့် အလွန် ရင်းနှီး နေခဲ့ပြီ ဖြစ်သည်။ အလံတစ်ခုချင်းစီကို မူလ အသုံးပြုခဲ့ရသည့် အချိန်၏ ဆယ်ပုံတစ်ပုံမျှ အတွင်း သူ စိုက်ထူ နေနိုင်ခဲ့ပြီ ဖြစ်သည်။
“နောက်သုံးနာရီလောက် ကြာရင်တော့ ပြီးပြီ... ဝင်္ကပါရဲ့ နှောင်နှေးမှုက အဲဒီလောက် အထိ ကြာဖို့ မျှော်လင့်ကြတာပေါ့”
အပြောကျယ်လှသည့် နယ်မြေများကို ဖြတ်ပြေးရင်း ထျန်းရီဝူ ညင်သာစွာ ရေရွတ်လိုက်၏။
...
တစ်ချိန်တည်း၌ ဝေ့ဝူယင်မှာ ထျန်းရီဝူကို အနီးကပ် စောင့်ကြည့်နေဆဲ ဖြစ်သည်။ အိမ်ကို ပြန်ချင်သည့် လူများထံမှ အော်ဟစ်သံများကိုတော့ သူက လျစ်လျူထားပေသည်။
အချိန်များက တရွေ့ရွေ့ပင် ဆက်လက် ရွေ့လျား နေခဲ့၏။ နောက်ဆုံး၌ အလွှာအပြင်က ရွေးချယ်ခံများမှာ အာဏာရှင်များကို အတုယူကာ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အချို့ကလည်း ဝူပိုင်ကျိုး၊ ဟုန်ချွင်းဟွာ၊ ပေ့ဝေဝေတို့လို မိန်းမလှလေးများကို သွားရောက်၍ စကားစမြည် ပြောကာ ပိုးပန်းဖို့ ကြိုးပမ်းခဲ့ကြသည်။
“ပြီးပြီ”
ထျန်းရီဝူ နောက်ဆုံးသော အလံကို ချလိုက်၏။ သူ၏ နဖူးထက်၌ ချွေးစများ စီးကျနေကာ အသက်ရှူသံများက အနည်းငယ် မောဟိုက်နေသည်။ ပြိုင်ပွဲ အစမှ အဆုံးအထိ... ထန်ရှင်းယွင်နှင့် ရင်ဆိုင်ခဲ့ခြင်း တစ်ခုမှ အပ သူ ဤအလံများ ချမှတ်ထားခြင်းဖြင့်သာ အချိန်ဖြုန်း နေခဲ့သည်။
“ဒီလောကနယ်မြေကို ပေါင်းစပ် ဖွဲ့စည်းထားတဲ့ အဓိက နယ်မြေကြီး ငါးခုနဲ့ နယ်မြေခွဲတွေထဲမှာ ငါက ထာဝရ လမ်းကြောင်း၊ ထာဝရ ကမ္ဘာ၊ ထာဝရ ကုန်းမြေတွေနဲ့ ချိတ်ဆက်ပြီးသွားပြီ... ထာဝရ အမြုတေနဲ့ ထာဝရစင်မြင့်ကို ငါ တိုက်ရိုက် မရောက်နိုင်တာတော့ ကံဆိုးတာပဲ... ဘယ်လိုပဲ ဖြစ်ဖြစ်... ငါလုပ်ထားတာတွေကလည်း ခိုင်မာတဲ့ ချိတ်ဆက်မှုကို ဖန်တီးနိုင်ဖို့ လုံလောက်သင့်ပါတယ်”
ထျန်းရီဝူ သူ၏ အစီအစဉ်များ အကြောင်းကို ပြန်လည် တွေးတောရင်း တီးတိုး ရေရွတ်လိုက်သည်။ ထာဝရ အမြုတေမှာ ဤလောကနယ်မြေ၏ ဗဟိုထိန်းချုပ် နယ်မြေ ဖြစ်ကာ ထာဝရစင်မြင့်ကတော့ ထာဝရ တိုက်ပွဲ ကျင်းပရာ နေရာ ဖြစ်သည်။ နယ်မြေခွဲများထဲတွင်တော့ ကြီးကြပ်သူများ၏ စခန်းများ၊ မကောင်းဆိုးဝါး စောင့်ကြပ်သူများကို ထားရှိသည့် နေရာများ ပါဝင်သည်။
ထိုနယ်မြေခွဲများတွင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ကူညီပေးနိုင်သည့် ဝင်္ကပါ အများအပြားကို ထိန်းသိမ်းထားသည့် အပြင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်း စနစ်တွင် အသုံးပြုသည့် အမျိုးမျိုးသော ရတနာများ၊ ပစ္စည်းများ၊ ထုတ်ကုန်များကို သိုလှောင်ထားသည်။ အချို့သော နယ်မြေခွဲများမှာ ကြယ်တာရာ အသိုက်၊ ချိပ်ပိတ်နယ်မြေ၊ အလွှာအပြင်က လောက စသည်ဖြင့် အမျိုးမျိုးသော တည်နေရာများနှင့်လည်း ချိတ်ဆက်ထားသည်။
၎င်းတို့မှာ အဝင်၊ အထွက် ဂိတ်ပေါက်များ အဖြစ် ဆောင်ရွက်ကြသလို စွမ်းအင် လမ်းကြောင်းများ အဖြစ်လည်း လုပ်ဆောင်ပေးသည်။ တစ်နည်းဆိုရသော်... ထိုနယ်မြေခွဲများမှာ ချိပ်ဆက်များပင် ဖြစ်သည်။
“ဒါက အလုပ်ဖြစ်ပါလိမ့်မယ်...”
အစီအစဉ်ကို ရှေ့ဆက်သွားဖို့ လိုအပ်လေရာ ထျန်းရီဝူ အသက် ခပ်ပြင်းပြင်း ရှူလိုက်၏။ သူ၏ မျက်ဝန်းများက သွေးစင်းကြောင်းများနှင့် ပြည့်နှက်နေကာ ချောမောသည့် အသွင်အပြင်ထက်တွင် ရူးသွပ်သည့် အငွေ့အသက်များ စိမ့်ထွက် နေခဲ့သည်။ သူ အန္တိမ နေကြယ်၏ တစ်ဝက်ခန့်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ဆုံးရှုံးခဲ့ရသည်။ ၎င်း၏ ချို့ယွင်နေသည့် အခြေအနေကို ပြန်လည် ဖြည့်ဆည်းနိုင်ခဲ့သော်လည်း ကျင့်ကြံခြင်းကို အကန့်အသတ် အထိ တွန်းပို့နိုင်ရန် အတွက် သူ ဤအရာကို လိုအပ်သည်။
ဤအရာက အလုပ်ဖြစ်ရပေမည်။
ရဲရဲနီနေသည့် မျက်လုံးများနှင့် အတူ ထျန်းရီဝူ လက်ဟန် ချိပ်စည်း တစ်ခုကို စတင်ကာ ဖွဲ့စည်းခဲ့၏။ ပြင်းထန်စွာ အားစိုက်ထုတ် ထားရဟန်ဖြင့် သူ၏ လက်ချောင်းများက တုန်ရီနေကာ ချိပ်စည်းကို လမ်းခုလတ်တွင်ပင် ကျရှုံးအောင် တားဆီးနေသယောင် ရှိသည်။ နောက်ဆုံး၌ သူ ထိုတုန်ယင်နေသည့် လက်ချောင်းများဖြင့်ပင် လက်ဟန် ချိပ်စည်းကို ပြီးမြောက် စေခဲ့လေ၏။
ဝရုန်း...
***