ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ အဆုံးသတ်
Vol. 124 Ch. 1725
ဟူး... ဟူး...
သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ချက်ချင်းပင် ရှေ့သို့ ပျံသန်း လာကြ၏။ ထူးဆန်းသည့် အာကာသ စွမ်းအားက အခြား အဂ္ဂိရတ် အာဏာရှင် နှစ်ယောက်ကိုပါ ဆောင်ကျဉ်းကာ ထိုအဖွဲ့အတွင်း ပူးပေါင်းစေသည်။ စုမေ့က ထိုအရာကို လုံးဝ လျစ်လျူရှု ထားခဲ့၏။ ဝေ့ဝူယင်က ထိုနှစ်ယောက်ကို ပါဝင်စေချင်သည် ဆိုလျှင် သူမဘက်ကလည်း ကန့်ကွက်စရာ အကြောင်း မရှိပါချေ။
ထျန်းရှောင်လော့နှင့် ချင်ကူးယဉ်...
ထိုမိန်းမလှလေး နှစ်ဦးမှာ သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့၏ သေမျိုး အဂ္ဂိရတ် အာဏာရှင်များနှင့် အတူ ထာဝရ သရဖူကို အပြည့်အဝ သန့်စင်ရသည့် အကျိုးကျေးဇူးကို ခံစားရတော့မည် ဖြစ်သည်။
ဟူး... ဟူး...
မကြာခင်မှာပင် သူတို့ အားလုံးမှာ အဂ္ဂိရတ် စွမ်းအင်များကို ထာဝရ သရဖူ အတွင်း စတင်ကာ သွန်းလောင်း နေခဲ့ကြပြိ ဖြစ်သည်။ သူတို့၏ စွမ်းအင်များမှာ စီးကြောင်း ခုနစ်ခု အဖြစ် ကွဲထွက်သွားကာ တစ်ခုချင်းစီမှာ အဂ္ဂိရတ် တာအို၏ ကဏ္ဍ တစ်ခုချင်းစီကို ကိုယ်စားပြု နေခဲ့၏။
ထာဝရ သရဖူ၏ နောက်ဆုံး လုပ်ငန်းစဉ်မှာ အလိုအလျောက် နီးပါး ဖြစ်သည်။ အဂ္ဂိရတ် အာဏာရှင်များ အနေဖြင့် အဂ္ဂိရတ် စွမ်းအားမျာကို ရိုးရှင်းစွာ ပံ့ပိုးပေးဖို့သာ လိုအပ်ပေသည်။ အဂ္ဂိရတ်စွမ်းအင်များမှာ ပိုမို၍ သန့်စင်လေလေ ထာဝရ သရဖူ၏ သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ပိုမို ထိရောက်စေကာ အရှိန်ကို မြှင့်ပေးနိုင်လေလေ ဖြစ်သည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ ကြာမြင့်ခြင်း မရှိပါချေ။ အလွန်ဆုံး သုံးနာရီမျှသာ အချိန်ယူခဲ့ရပေသည်။ ထိုအတောအတွင်း၌ စုမေ့၏ ခန္ဓာကိုယ်မှာ ခုနစ်ရောင်ခြယ် အလင်းများ၏ အပြည့်အဝ ဖုံးလွှမ်းခြင်းကို ခံခဲ့ရသည်။ သရဖူနှင့် လူရိပ်လောက်ကိုသာ ဝိုးတဝါး တွေ့မြင်နိုင်ပေသည်။
ဟူး...
ရုတ်တရက် လေထု အတွင်း၌ ထူးဆန်းသည့် ခံစားချက် တစ်ခု ပေါ်လာခဲ့၏။ ချိပ်ပိတ်နယ်မြေ အတွင်းရှိ ရွေးချယ်ခံများမှာ ထိုခံစားချက်ကို ရင်းနှီးခဲ့ကြပြီး ဖြစ်ကာ အလွှာအပြင်က ရွေးချယ်ခံများမှာလည်း ရင်များ တဒိတ်ဒိတ် ခုန်လာခဲ့ကြ၏။ သူတို့ အားလုံး၏ မျက်လုံးများမှာ စိတ်လှုပ်ရှား ဝမ်းသာသည့် အလင်းရောင်များဖြင့် ပြင်းထန်စွာ တောက်ပလာခဲ့လေ၏။
“ဒါက...”
ရွှယ်ရီဖေးမှာ ရင်းနှီးနေသည့် ထိုခံစားချက်ကို ချက်ချင်း သတိပြုမိ၏။
“ဒီအနံ့က...”
စန်းယွန်းလီကလည်း လေထုကို ရှူသွင်းရင်း နှာခေါင်း တရှုံ့ရှုံ့ လုပ်လိုက်သည်။
ဘုန်း...
မကြာခင်မှာပင် လောကတစ်ခုလုံး တုန်ရီ သွားခဲ့လေသည်။ ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေ တစ်ခုတည်းသာ တုန်ခါသွားခြင်း မဟုတ်ပဲ ထူးခြားသည့် ထိုနယ်ပယ် တစ်ခုလုံး ပြင်းထန်စွာ တုန်ရီသွားခဲ့ခြင်း ဖြစ်ပေသည်။ ၎င်းက လောကငလျင် လှုပ်နေသကဲ့သို့ပင်။
ထိုအခိုက်တွင်ပင် ရှောင်ယန်ယွဲ့မှာ နိုးလာခဲ့၏။ သူမ၏ မျက်ဝန်းများက နေကြယ်ကဲ့သို့ တောက်ပလာကာ ကြမ်းတမ်းစွာ ထ၍ အော်ဟစ်လိုက်လေသည်။
“ဝိညာဉ် ငလျင်...”
...
တစ်ချိန်တည်း၌ ဝေ့ဝူယင် ရွှယ်ရီဖေးဘက်သို့ လှည့်ကြည့်လိုက်၏။
ဒါက အဂ္ဂိရတ် ကြယ်တာရာတွေရဲ့ အခြေခံ စွမ်းအား ခုနစ်ခုထဲက တစ်ခု ဖြစ်တဲ့ သဘာဝ ဖြစ်စဉ် ထွန်းလင်းခြင်းပဲ... အဲဒါက အဂ္ဂိရတ် ပညာရှင် တစ်ဦး ဖန်တီးနိုင်တဲ့ ဘယ်လို ဖြစ်စဉ်ကို မဆို ပုံဖော်နိုင်ပေမဲ့ အာနိသင်ကတော့ လျော့နည်းတယ်... ထာဝရ သရဖူက အဲဒီ စွမ်းအားကို ပုံဖော်နေတာ”
ရွှယ်ရီဖေး၏ မျက်ဝန်းများမှာ တောက်ပသွားခဲ့၏။
“အဲဒါက ရှင့် ဖန်တီးခဲ့တဲ့ ဖြစ်စဉ်လို အကျိုးရှိလား...”
ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။
“ဒီဖြစ်စဉ်က ထာဝရ သရဖူကို သန့်စင်ခဲ့တဲ့ လူတွေ အတွက်ပဲ အကျိုးရှိနိုင်တယ်... အဓိက အားဖြင့် ဝတ်ဆင်ထားတဲ့ လူအပေါ်မှာပေါ့”
ရွှယ်ရီဖေးက နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း... သူမ စုမေ့ အပေါ် အနည်းငယ်မျှပင် မနာလို မဖြစ်ခဲ့ချေ။ ထို့အစား... သူမ အတွက် စိတ်ပင် လှုပ်ရှားနေမိသည်။
ဝိညာဉ်ငလျင်မှာ ခုနစ် စက္ကန့်မျှသာ ကြာမြင့်ခဲ့၏။ ပြီးဆုံးသွားပြီးနောက် ကမ္ဘာမှာ ပုံမှန် အခြေအနေသို့ ပြန်လည် ပြောင်းလဲ သွားခဲ့သည်။ စုမေ့၏ ခေါင်းပေါ်ရှိ သရဖူမှာ တောက်ပမှုများကို တဖြည်းဖြည်း ပြန်လည် ဆုံးရှုံး သွားခဲ့ကာ မူလ ပုံရိပ်များမှာ ပိုမို ထင်ရှား လာခဲ့၏။ သရဖူက ယခင်ကလို အရောင်မျိုး မဟုတ်တော့ချေ။ ညကဲ့သို့ နက်နှောင်ကာ ခုနစ်ရောင်ခြယ် ကျောက်မျက်များဖြင့် အလှဆင် ထားခဲ့သည်။ ၎င်းက စုမေ့နှင့် လုံးဝ ကိုက်ညီကာ ခန္ဓာကိုယ်နှင့် လုံးဝ သဟဇာတဖြစ်စွာ တွယ်ကပ်နေသည်။
ဟူး...
စုမေ့၏ ခန္ဓာကိုယ်မှာ လောကကို ထိုးဖောက်၍ ကောင်းကင်ကို လွှမ်းမိုးနိုင်သည့် မှောင်မိုက်သော ရောင်ခြည်များကို ထုတ်လွှတ် နေခဲ့၏။ ကျောရိုးကို ဖြောင့်စင်းကာ ရပ်တည်နေသည့် သူမ၏ ပုံသဏ္ဌာန်က ဘုရားသခင် တစ်ပါး အလား ထင်ရသည်။ မိန်းကလေး၏ အကြည့်တို့ လှည့်ပတ်သွားသော အခိုက်၌ လူတိုင်းမှာ ဝိညာဉ်ပေါ် ဖိအား တစ်ခု ကျဆင်းလာသလို ခံစားလိုက်ရလေသည်။
ဤမျိုးဆက် အတွက် ရွေးချယ်ခံ ဧကရာဇ်ကို ဆုံးဖြတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
သူမက ပထမဆုံး အာဏာရှင် ဖြစ်သည့် စုမေ့ပင်။
...
ဘိသိက်ခံပွဲ အခမ်းအနား အောင်မြင်သွားပြီ ဖြစ်သည်။ စုမေ့သည်လည်း သရဖူကို ဝတ်ဆင်ခဲ့ပြီး ဖြစ်သည်။ ရွေးချယ်ခံများ၏ စိတ်ခံစားချက်များမှာ အမြင့်ဆုံးထိ မြင့်တက် နေကြ၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ထပ်တလဲလဲ ဖြစ်ပေါ်နေခဲ့သော်လည်း အဇူရာ မူလ ကြယ်စင်စု၌ ရွေးချယ်ခံ ဧကရာဇ် တစ်ခါမှ မရှိခဲ့ချေ။ တစ်ခါတစ်ရံ၌ ၎င်းကပင် ရွေးချယ်ခံများ၏ အလားအလာနှင့် သူတို့ကို ပြုစုပျိုးထောင်ပေးသည့် နည်းလမ်းများ အပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။
သရဖူ စောင်းထားသည့် စုမေ့ကို ကြည့်ရင်း အားလုံး၏ ခံစားချက်များမှာ တရားမျှ နေခဲ့၏။ လောကဖြစ်စေ၊ စိတ်ရှုပ်ထွေးမှု ဖြစ်စေ၊ အံ့ဩမှု ဖြစ်စေ... အားလုံးက ထိုက်တန်ပေသည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ယခင် ပါဝင်ဖူးသူများကတော့ ပြိုင်ပွဲ၏ အဆုံးသတ်ကို ရောက်ရှိပြီ ဖြစ်ကြောင်း နားလည် ခဲ့ကြသည်။ စုမေ့၏ ထူးချွန် ပြောင်မြောက်မှုနှင့် ငြင်းပယ်လို့ မရနိုင်သည့် တောက်ပမှုများကို ခံစားပြီးနောက် မိနစ် အနည်းငယ်မျှ ကြာလျှင် သူတို့ အိမ်ပြန်နိုင်ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူတို့မှာ အလွန် ကြောက်မက်ဖွယ် ကောင်းကာ ခန့်မှန်းလို့ မရနိုင်သည့် မုန်တိုင်းများကြားတွင် ရှင်သန်နိုင်ခဲ့သည်။
“နောက်ဆုံးတော့ ပြီးသွားပြီ...”
ယီရွှယ်ဟန်က စိတ်သက်သာရာ ရစွာ သက်ပြင်းတစ်ချက် ချလိုက်၏။ လေပူများက သူမ ခံစားခဲ့ရသည့် စိုးရိမ် ပူပန်မှုများ၊ တင်းမာမှုများ၊ ဖိအားများကို ယူဆောင်သွားသည်။
ထူးဆန်းသည့် သေမျိုးများ၏ ရောက်ရှိလာမှု၊ အဆင့်မြင့် မျိုးနွယ် သုံးခုမှ မြေကြီး ရှန့်ထိုများ၊ မကောင်းဆိုးဝါး စောင့်ကြပ်သူများ၏ ဆင်းသက်လာမှု၊ ဝေ့ဝူယင်ဟု ခေါ်သည့် ဒဏ္ဍာရီ ဆန်ဆန် ပုဂ္ဂိုလ် ပေါ်ထွက်လာမှု၊ သေမျိုး ရွေးချယ်ခံ ဧကရာဇ်...
နောက်ထပ် နောက်ထပ် များစွာ...
ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးက အိပ်မက်ဆန်လွန်းလှသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
“ပြီးသွားပြီလား...”
ယီယွင်က မေးလိုက်၏။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ယခုလိုပဲ ပြီးဆုံးသွားပြီလား...။ ထိုအတွေးက သူ့ကို စိတ်ရှုပ်ထွေးစေ၏။
ယီရွှယ်ဟန်က နွမ်းနယ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်... သရဖူ စောင်းပြီးတဲ့နောက် မိနစ်ပိုင်း အတွင်းမှာ အနန္တ ထာဝရကုန်းမြေထဲမှာ ရှိတဲ့ ဝင်္ကပါတွေက ငါတို့ကို အပြင်ဘက် ပို့ပေလိမ့်မယ်... အဆုံးမဲ့ ခရီးသွား နယ်မြေက လူတွေက ငါတို့ကို လက်ခံပြီး သူတို့ရဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေကနေ တစ်ဆင့် အိမ်ပြန်ပို့ပေးလိမ့်မယ်”
မိန်းကလေး၏ ရှင်းပြမှုက နောက်ဆုံးတွင် အနည်းငယ် တုန့်ဆုတ်သွားကာ ယီယွင်ကို ထူးဆန်းသည့် အကြည့် လှမ်းကြည့်လိုက်၏။
ယီယွင်ကတော့ မိန်ကလေး၏ အကြည့်ကို သတိမထားမိပါချေ။ ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ နေရာကြီး တစ်ခုလုံးကို ထာဝရနယ်မြေဟု ခေါ်ဆိုကြောင်းနှင့် အဆုံးမဲ့ ခရီးသွား နယ်မြေဟု ခေါ်သည့် နေရာ တစ်ခု ရှိကြောင်းကိုသာ စိတ်ထဲမှ သဘောပေါက် သွားခဲ့သည်။
အဆုံးမဲ့ ခရီးသွား နယ်မြေမှာ အာကာသ ဝေဟင်ဂိုဏ်း၏ လျှို့ဝှက် နယ်မြေလော။ အာဏာရှင် တစ်ယောက် အနေဖြင့် သူ့ထံ၌ အခြား ရွေးချယ်ခံများထက် ပိုမိုသည့် ဗဟုသုတများစွာ ရှိပေသည်။ သို့သော်လည်း... သူက စာကြည့်တိုက်သို့ သိပ်ဝင်ရောက်လေ့ မရှိလေရာ လောကဂိုဏ်းကြီးများနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်တို့၏ လျှို့ဝှက်ချက်များကို များစွာ လေ့လာနိုင်ခဲ့ခြင်း မရှိသေးချေ။
ကျောင်းရှုလင်းမှာ စာဖတ်ရတာကို တကယ် သဘောကျခဲ့သူလေး ဖြစ်သည်။
ယီရွှယ်ဟန်မှာ ယီယွင်၏ အမူအရာ အနည်းငယ် ညှိုးငယ်သွားသည်ကို သတိပြုမိလိုက်၏။ ကျောင်းရှုလင်း အကြောင်းကို သူမ မသိပါချေ။ ထို့ကြောင့်ပင် ၎င်းကို လိုရာဆွဲတွေးကာ အလျှင်အမြန်ပင် ရှင်းပြလိုက်သည်။
“အဲဒါက ငါတို့ အားလုံးရဲ့ ကောင်းကျိုး အတွက်ပါ... နောက်ထပ် ပဋိပက္ခတွေ မရှိပဲ ငါတို့ ရထားတဲ့ အကျိုးအမြတ်တွေနဲ့ အတူ အိမ်ကို လုံလုံခြုံခြုံ ပြန်ရောက်ဖို့ပေါ့... အဇူရာ မူလ ကြယ်စင်စုက ရွေးချယ်ခံတွေ အားလုံးကို ငါတို့ရဲ့ စီနီယာတွေက ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အစွန်အဖျား အထိ လာကြိုပေမဲ့ ပြန်တဲ့ အခါမှာတော့ လုံခြုံအောင် ကြားနေ အဖွဲ့ရဲ့ ဟင်းလင်းပြင် ဂိတ်တံခါးတွေကိုပဲ သုံးကြတယ်လေ”
တစ်ခဏကြာပြီးနောက် သူမက ထပ်ပြောလိုက်၏။
“အဲဒါက လုံးဝ ဘေးကင်းပါတယ်”
ယီယွင် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်မိ၏။ ယီရွှယ်ဟန်မှာ တစ်ပြည်သူ မရွှေထား ဖြစ်ကြောင်း ခံစားချက်များက ပိုမို သိသာ လာခဲ့သည်။ နာမည် အသစ်များ၊ အသုံးအနှုန်းများ... အထူးသဖြင့် သူတို့၏ နေအိမ်ကို ရှေးဟောင်း ချိပ်ပိတ်နယ်မြေဟု ရည်ညွှန်းခဲ့မှု၊ နောက် အဇူရာ မူလ ကြယ်စင်စု... စသည်တို့က သိသာ ထင်ရှားသည့် လက္ခဏာများ ဖြစ်သည်။
***