အဆုံးစွန် အထိ (၂)
Vol. 124 Ch. 1730
“ငါ့မှာ လုပ်နိုင်စွမ်း ရှိသလောက် အားလုံးကို ထုတ်ယူပစ်ရမယ်”
ဟူး... ဟူး...
သတ္တမမြောက် မင်းသား၏ ကျင့်ကြံခြင်း အခြေခံမှာ သူ ကျင့်ကြံဖူးသမျှ နည်းလမ်းတိုင်းဖြင့် ပြင်းထန်စွာ လည်ပတ်နေခဲ့ကာ ထုတ်ယူခြင်း ဂုဏ်သတ္တိကို အကန့်အသတ်အထိ ရောင်အောင် အသုံးချ နေခဲ့သည်။ အမျိုးမျိုးသော စွမ်းအင်များနှင့် အမတေများမှာ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် မုန်တိုင်း တစ်ခုသဖွယ် တိုက်ခတ်ရင်း ကုန်ဆုံး နေသမျှ စွမ်းအင်များကို ပြန်လည် ဖြည့်ဆည်းရန်နှင့် ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် သန့်စင်ရန် ထောက်ပံ့ပေးနေခဲ့သည်။ ထိုအရာက သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းပင် ဖြစ်လေသည်။
ကောင်းကင်ထက်တွင်တော့ ဝေ့ဝူယင်မှာ နေကြယ်ကို ရူးသွပ်စွာ စိုက်ကြည့် နေခဲ့၏။
“မင်းက ကိတ်မုန့်တစ်ခုလုံးကို လိုချင်တယ်ပေါ့... ဟား... ဟား...”
ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများမှာ သူ၏ ငွေရောင် မျက်ဝန်းများ အတွင်း၌ လည်ပတ်နေကာ ကြယ်အမြုတေ တစ်ခုချင်းစီမှာလည်း ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် သက်ဝင် လှုပ်ရှား နေခဲ့သည်။ ဝေ့ဝူယင်မှာ ထျန်းရီဝူ၏ အစီအစဉ်နှင့် သိမ်မွေ့စွာ ဆက်သွယ် နေခဲ့ကာ ယခင်ကထက် ပိုမို ခမ်းနားသည့် လောင်စားများကို ထည့်သွင်း ပေးနေခဲ့လေသည်။
“ရတယ်လေ... ကိတ်မုန့်တစ်ခုလုံးကို ယူလိုက်ကြတာပေါ့...”
ဝေ့ဝူယင်၏ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာ အကန့်အသတ်ထိ ရောက်အောင် မြင့်တက် လာခဲ့၏။
ရား...
အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်က တက်ကြွစွာပင် အသက်ဝင်လာခဲ့၏။ အစစ်အမှန် အလင်းနှင့် ဆင်တူသည့် ဝိညာဉ်အလင်းများမှာ ထူးခြားသည့် ရှင်းလင်း ကြည်လင်မှုများနှင့် အတူ ဝေ့ဝူယင်၏ လက်နှစ်ဖက် အတွင်းတွင် ပေါက်ကွဲ လာခဲ့သည်။
“အားလုံးကို ယူလိုက်ကြတာပေါ့...”
ကောင်းကင်၏ အခြား နေရာ လေးခုမှ အာကာသများမှာလည်း စတင် ဆုတ်ဖြဲ ခံလိုက်ရ၏။ လောကတစ်ခုလုံးမှာ အကန့်အသတ် ကင်းမဲ့စွာဖြင့် ဆက်လက်၍ တုန်ခါနေဆဲ ဖြစ်သည်။
ထို့နောက်…
ဆုတ်ဖြဲထားသည့် ကောင်းကင်၏ နေရာများမှ နေ၍ ပုတီးစေ့ အရွယ် နောက်ထပ် နေကြယ် လေးလုံး ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ ပင်မ နယ်မြေများတွင် ရှိရှိသမျှသော အန္တိမ အမြုတေ လေးခုပင် ဖြစ်လေတော့၏။
ထိုအချင်းအရာကို ကြည့်ရင်း ထျန်းရီဝူ၏ မျက်လုံးများ အတွင်းရှိ ရူးသွပ်မှုများက ပိုမို ကြီးထွား လာခဲ့သည်။
“အန္တိမကြယ်တွေ တစ်ခုထက် မကေတော့ပါလား... ဒါက တကယ် အလုပ်ဖြစ်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...”
အခြား နယ်မြေ နှစ်ခုတွင် ဝင်္ကပါ အလံများကို မစိုက်ထူနိုင်ခဲ့ခြင်းကြောင့် အန္တိမ အမြုတေ နှစ်ခုကိုသာ ထုတ်ယူနိုင်လိမ့်မည်ဟု သူ မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့သော်လည်း... ယခု နေကြယ် လေးခုစလုံး ထွက်ပေါ်နေခြင်းကို ကြည့်ပါက သူ၏ အစီအစဉ်က ကောင်းစွာ အလုပ်ဖြစ်နေပုံ ပေါ်သည်။
“စွမ်းအင်တွေက အတော်များနေပါလား...”
ရုတ်တရက် စွမ်းအင် စီးဆင်းမှုများက ပိုမို အားကောင်းလာကာ သက်ရောက်မှုကို မြင့်တင် ပေးနေခဲ့ကြောင်း ထျန်းရီဝူ သတိပြုလိုက်မိ၏။ သူ အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သူ မတော်တဆ အခြား စွမ်းအင် ရင်းမြစ်တစ်ခုကို အသုံးပြု လိုက်မိသည်လား။
“ဒါဆိုလည်း အဲဒါကို သုံးတာပေါ့...”
သူ နောက်ထပ် လက်ဟန် ချိပ်စည်း တစ်ခုကို ထပ်မံ ဖွဲ့စည်းလိုက်ရာ ဒွါရပေါက်တိုင်းမှ သွေးများပင် ယိုစီးကျလာခဲ့သည်။ သူ့ခန္ဓာကိုယ် အရွယ်အစားမှာလည်း နှစ်ဆမျှ အထိ ဖောင်းလာခဲ့သည်။ ထိုအခိုက်၌ ထျန်းရီဝူမှာ အစီအစဉ် တစ်ခုတည်းကိုသာ အလွန်အမင်း အာရုံစိုက် နေခဲ့သည်။ မည်သည့် အရာကမှ သူ့ကို လှုပ်ခါအောင် မလုပ်နိုင်ခဲ့ချေ။
“ဟမ်...”
ရုတ်တရက် တောင်းဆိုမှုက ယခင်ကထက် အဆပေါင်းများစွာ ပိုမို လာကြောင်း သတိပြုလိုက်မိရာ ဝေ့ဝူယင် ထိတ်လန့် သွားခဲ့သည်။ အစီအစဉ်၏ ခမ်းနားမှုက သူ တစ်ခါမှ မျှော်လင့်မထားသည့် အတိုင်အတာထဲကို ခုန်ဝင် သွားခဲ့ပြီ ဖြစ်သည်။
“မင်း...”
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိသည်။ ဆယ်စုနှစ်ပေါင်း များစွာ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဝေ့ဝူယင် ကိုယ့်ကိုယ်ကို အမြင်ကျဉ်းသလို ခံစားလိုက်ရသည်။ ထျန်းရီဝူက ကိတ်မုန့် အားလုံးကို လိုချင်နေသည်လား။
“ကောင်းပြီလေ...”
ဝေ့ဝူယင် အော်ဟစ် ရယ်မောလိုက်၏။ သူ ချက်ချင်းပင် ဖီဆန်ကလေးထံမှ အရံ စွမ်းအင်များကို အသုံးချကာ ဝင်္ကပါ အလံ တစ်ခုချင်းစီကို အရွယ်အစား ဆယ်ဆ အထိ ကြီးထွားစေလိုက်၏။ ၎င်းမှာ ထျန်းရီဝူ စိန်ခေါ်ဖို့ ကြိုးပမ်းနေသည့် ပမာဏထက် အဆပေါင်းများစွာ ပိုပေသည်။
“ငါ အားလုံးကို ယူမယ်”
ထျန်းရီဝူမှာ ကြွေးကြော် နေခဲ့၏။
“ကိတ်မုန့်တစ်ခုလုံးကို ယူလိုက်ကြစို့...”
ဝေ့ဝူယင်မှာလည်း ဟစ်ကြွေး နေခဲ့လေသည်။
...
ရူးသွပ်မှု...
ဝေ့ဝူယင်မှာ ငယ်ရွယ်စဉ် အခါတည်းက ကြွက်တစ်ကောင်လို သတိထားခဲ့သည်။ ရှာမှရှားသည့် ဆင်ခြင်တုံ တရား၊ စိတ်တည်ငြိမ်မှုတို့နှင့် အတူ နေသွေးနီနီဂိုဏ်းလို နေရာမျိုးတွင်ပင် သူ အသက်ရှင်သန် နိုင်ခဲ့သည်။ ထို့နောက် တည်ငြိမ်သည့် ခြေလှမ်းများနှင့် အတူ အဓိက တပည့် နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။ အသက်ကို မဆုံးရှုံးစေပဲ လက်စားချေနိုင်ခဲ့သည်။
ထို့နောက် သူ အပြစ်သား သွေးမျိုးဆက်ကို ရရှိခဲ့သည်။ ကောင်းချီး၏ သဘောတရားနှင့် ကောင်းကင်တာအို၏ နိယာမများကို နားလည်ခဲ့ပြီး နောက်တွင် အရာအားလုံး ပြောင်းလဲ သွားခဲ့သည်။ ငရဲ၏ ကပ်ဘေးများ အကြောင်း သိရှိခဲ့ရချိန်၌ သူ၏ ကျင့်ကြံခြင်း နှလုံးသားမှာ ပြိုလဲလုနီးပါး အထိ ဖြစ်ခဲ့သည်။
သို့သော်လည်း သတိတရားနှင့် အတူ လမ်းကြောင်းပေါ်သို့ ပြန်ရောက်ခဲ့သည်။ သူ ဖွံ့ဖြိုးလာခဲ့သည်။ အတွေ့အကြုံ ပိုများ လာခဲ့သည်။ မိမိနေထိုင်သည့် ကမ္ဘာ၊ ကျင့်ကြံခြင်း လောက၏ နက်ရှိုင်းမှုများနှင့် ကိုယ်ပိုင် မျိုးရိုးများ အကြောင်း ပိုမို သင်ယူ နိုင်ခဲ့သည်။ ငရဲ၏ ကပ်ဘေးများကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့သည်။ နတ်ဘုရားလို ကျင့်ကြံသူများနှင့် တွေ့ဆုံလာရသည်။ ချိပ်ပိတ်နယ်မြေ ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ် နီးပါး အထိ တက်လှမ်းနိုင်ခဲ့သည်။
သတိတရားက ပြီးပြည့်စုံစေနိုင်သည်။ လူတစ်ဦးကို အောင်မြင်စေနိုင်သည်။ ရှင်သန် စေနိုင်သည်။ သို့သော်လည်း... အသက်ကိုသာ မက မိမိ၏ တည်ရှိမှု တစ်ခုလုံးကို စွန့်စားရင်း အကန့်အသတ် အထိ အားထုတ်နေသည့် ထျန်းရီဝူကို ကြည့်ရင်း ဝေ့ဝူယင် ဉာဏ်အလင်း တစ်ခု ရရှိခဲ့သည်။
တစ်ခါတစ်ရံ၌ သတိထားခြင်းက မှန်ကန်သည်။ တစ်ခါတစ်ရံက မယုံကြည်နိုင်စရာ ကောင်းအောင် ရူးသွပ်ခြင်းက မှန်ကန်သည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများမှာ ပြင်းပြသည့် ဆာလောင်မှု၊ ရူးသွပ်မှုများနှင့် တောက်ပလာခဲ့၏။ ထျန်းရီဝူ၏ ရည်ရွယ်ချက်ကို စတင် ရိပ်မိခဲ့သည့် အချိန်ကတည်းက စလို့ ဝေ့ဝူယင် တွက်ချက်မှုများစွာကို ပြုလုပ်ခဲ့သည်။ အလွန်အကျွံ ထုတ်ယူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို စဉ်းစားခဲ့သည်။ ထျန်းရီဝူကို အတိုင်းအတာ တစ်ခု အထိ ကူညီပေးခြင်းဖြင့် သူ ကိုယ်တိုင်နှင့် အာဏာရှင်များ အတွက် မြက်မြက်စွက်စွက် အမြတ်များ ရယူနိုင်လိမ့်မည်ဟု တွက်ချက်မိခဲ့သည်။
သို့သော်လည်း... ထိုနည်းလမ်း အတိုင်းသာ အားထုတ်မည် ဆိုပါက သူ ဘယ်တော့မှ ‘အမြင့်မားဆုံးသော အကျိုးအမြတ်များ’ ကို ရယူနိုင်လိမ့်မည် မဟုတ်ချေ။ တကယ်တမ်းအားဖြင့် ထိုအရာက ကိုယ့်လုပ်နိုင်စွမ်းကို ကန့်သတ်ထားခြင်းပင် ဖြစ်သည်။
အမြတ်ထုတ်ခြင်း ဆိုသည်က အဘယ်နည်း။ အမြတ်ထုတ်ခြင်း၌ အမြဲတမ်း ဆင်ခြင်တုံတရား ရှိရမည်ဟု မည်သူက ဆိုလိုသနည်း။ မိမိ၌ လုပ်နိုင်စွမ်း ရှိလျှင် အားလုံးကို ယူလိုက်ရုံသာ ဖြစ်သည်။
တစ်ခါတစ်ရံ၌ အကျိုးဆက်ကို ထည့်သွင်း တွေးနေစရာ မလိုချေ။ အခွင့်အလမ်းများက ရှားပါးသည်။ သင့်အနေဖြင့် အခွင့်အလမ်း တစ်ခုကို မရယူပဲ ကျော်ဖြတ်သွားမိပါက နောက်တစ်ကြိမ် ထပ်မံ သိမ်းပိုက်ဖို့ ခက်ခဲလှသည်။
ဥပမာ အားဖြင့် သေမျိုး အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီးပါက ဘယ်တော့မှ သေမျိုး ပြန်ဖြစ်နိုင်တော့မည် မဟုတ်ချေ။ သေမျိုး တစ်ယောက် အနေဖြင့် သူတို့ ကျင့်ကြံနိုင်သည့် အကန့်အသတ် အတွက် ဘယ်တော့မှ ဒုတိယမြောက် အခွင့်အရေးကို ရရှိတော့မည် မဟုတ်ချေ။
ဝေ့ဝူယင်၏ လက်ချက်ဖြင့် ခန္ဓာနှင့် ဝိညာဉ် ပျက်စီးခဲ့ရသည့် လရောင်ဖြာ ဧကရီ ပြန်လည် ရှင်သန် လာခဲ့လျှင်ပင် သူမမှာ သေမျိုး အဆင့်ကို ပြန်လည် ခြေချနိုင်လိမ့်မည် မဟုတ်ပါချေ။ ပြန်လည် မွေးဖွားခြင်း သံသရာ စက်ဝန်း အတွင်း မဝင်ပါက သူမမှာ အနိမ့်ဆုံး လျှို့ဝှက် ဝိညာဉ် အဆင့်တွင် အမြဲတမ်း တည်ရှိနေလိမ့်မည် ဖြစ်သည်။
ထိုနိယာမက လရောင်ဖြာ တစ်ယောက်တည်းသာ မဟုတ်ပဲ လျှို့ဝှက် အာဏာရှင် အဆင့်တိုင်းနှင့် သက်ဆိုင်သည်။ ကျင့်ကြံသူများ အတွက် သေမျိုး ဘဝတွင် အကောင်းဆုံး ကျင့်ကြံခြင်း အခြေခံကို ဖန်တီးရန် အခွင့်အရေး တစ်ခုသာ ရှိသည်။ အာဏာရှင်များ အတွက်လည်း အလားတူသာ ဖြစ်သည်။
အဂ္ဂိရတ် တာအိုမှာ အကန့်အသတ် ကင်းမဲ့သည်။ သို့သော်လည်း ၎င်းက အမြဲတမ်း မမှန်ကန်ကြောင်း ဝေ့ဝူယင် သိသည်။ လျှို့ဝှက်သန့်စင် နတ်ဘုရား ပုံသွင်းခြင်း ဆေးလုံးမှာ ပါရဂွန် ခန္ဓာကိုယ်ကို ရရှိအောင် ချီးမြှင့်ပေးနိုင်သည့်တိုင် ထိုကဲ့သို့ ဆေးလုံးမျိုး နောက်တစ်ကြိမ် ဖန်တီးဖို့ ဝေ့ဝူယင် အတွက် မလွယ်ကူပါချေ။ သူ၏ အာဏာရှင် အဖွဲ့တွင် အာဏာရှင်ပေါင်း သိန်းနှင့်ချီသည် အထိ ရှိသည်။
လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းပြီးပါက သူတို့ အနေဖြင့် သေမျိုးဘဝမှ အခွင့်အရေးကို နောက်တစ်ကြိမ် ပြန်လည် ရရှိနိုင်တော့မည် မဟုတ်ချေ။
ထျန်းရီဝူမှာ ထိုနိယာမကို အလွန်ပင် နားလည်သည်။ သူ၏ ရူးသွပ်မှုမှာ ကျင့်ကြံရန် ရည်မျန်းချက်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ နောက်ကို ပြန်လှည့်စရာ လမ်းမရှိတော့ချေ။ ထို့ကြောင့်ပင် နောင်တတစ်ခုမှ မရှိပါပဲ အရာအားလုံးကို သူ ရင်းနှီးထားခြင်း ဖြစ်သည်။
ဟူး... ဟူး...
ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ဥပဒေသ ခြောက်ခု အပေါ် သာမည အာဏာများနှင့် ရောယှက်နေကာ ခမ်းနားသည့် အလင်းတန်းများကို ထုတ်လွှတ် နေခဲ့၏။ သူက ကောင်းကင်နှင့် မြေပြင်ကြားတွင် ရပ်ရင်း ဖီဆန်လေးထံမှ အမတေ စွမ်းအင်များကို ထျန်းရီဝူ၏ ဝင်္ကပါ အလံများ အတွင်း အကန့်အသတ်ထိ ရောက်အောင် လောင်းထည့် နေခဲ့သည်။
ဟူး... ဟူး...
တစ်ချိန်တည်း၌ မြေပြင်ထက်တွင် ထျန်းရီဝူ၏ ဟေဇယ် ရွှေရောင် မျက်လုံးများမှာ မျက်စိ ကွယ်လောက်အောင် တောက်ပနေကာ ကြီးကျယ် ခမ်းနားသည့် ဆန္ဒတို့နှင့် ထင်ဟပ် နေခဲ့သည်။ သို့သော်လည်း တဖြည်းဖြည်းချင်းပင်... ခန္ဓာကိုယ်ထက်ရှိ ဖိအားများ လျော့နည်းလာခြင်း အပါအဝင် အစီအစဉ်ထံမှ အပြောင်းအလဲများကို သူ သတိပြုလာမိ၏။
“ဥပဒေသတွေ...”
***