ကောင်းကင်တာအိုထံမှ ကောင်းချီး
Vol. 124 Ch. 1734
ကြယ်တာရာ အသိုက် အတွင်း၌ မြူနှင်း၊ အမိုက်မှောင်တို့နှင့် ပြည့်နှက်နေသည့် ကြည်လင်သော မျက်နှာပြင်မှာ အကြေးခွံ သတ္တဝါဆိုးကြီး၏ ကြမ်းတမ်း ခက်ထန်စွာ ကုတ်ခြစ်မှုကို ခံရခြင်း မရှိတော့ချေ။ သို့သော်လည်း မျက်နှာပြင်ထက်ရှိ အက်ကြောင်းများ ယခင်ကထက် ပိုမို ကြမ်းတမ်းသော နှုန်းထားဖြင့် ပြန့်နှံ့ လာခဲ့၏။
ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်။ ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးက ဖြစ်ပေါ်လာတော့မည်လော။ သူ ခံစားခဲ့ရသည့် ခံစားချက်က မှန်ကန်သည်လော။ ထိုအရာက သူနှင့် တိုက်ရိုက် သက်ဆိုင်နေသည်လော။
ဝေ့ဝူယင်၏ ငွေရောင် ကောင်းကင်ဘုံ နတ်မျက်လုံးများ အတွက်း၌ စိတ်လှုပ်ရှားသည့် အငွေ့အသက်များ လင်းလက် လာခဲ့၏။ သူ့စိတ်အတွင်း၌ ထိုဖြစ်စဉ်အပေါ် အကူအညီ ပေးချင်သည့် ခံစားချက်တစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်လာခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင် ထိုခံစားချက်ကို ပြန်လည်၍ ဖိနှိပ်လိုက်၏။ အချိန်မကျသေးချေ။
ရုတ်တရုက်... အာရုဏ်ဦးကြယ်တာရာ နယ်မြေအတွင်းရှိ ဖီဆန် ပေါက်စလေးထံမှ ရောင်စဉ်များမှာ ပြန်လည် ဆုတ်ခွာ သွားခဲ့၏။ ၎င်းမှာ နေအလင်းများကို ထပ်မံ ထုတ်လွှတ်ခြင်း မရှိတော့ချေ။
ဖီဆန် အာရုဏ်ဦးနှင့် လောက အာရုဏ်ဦးတို့မှ အမျိုးမျိုးသော ဝင်္ကပါများမှာ အသက်ဝင်လာကာ နေစွမ်းအင် အခြေပြု မဟုတ်သည့် ဝိညာဉ် ရောင်စဉ်များကို ထုတ်လွှတ် လာကြသည်။ ၎င်းက ကြယ်တာရာ နယ်မြေ တစ်ခုလုံးအား ရုတ်ချည်း အမှောင်ကျ မသွားစေရန် တားဆီးထား၏။
ဝေ့ဝူယင် ထိုကဲ့သို့ လုပ်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် ကြယ်တာရာမိုး အသိုက် အတွင်းရှိ တဝုန်းဝုန်း မြည်သံများမှာ ရပ်တန့် သွားခဲ့၏။
“ခဏလောက် ငြိမ်ငြိမ်နေပါ...”
အင်ပါယာနှင့် အာကာသ ဥပဒေသများ အပေါ် သာမည အဏာကို သုံးရင်း ဝေ့ဝူယင်က စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှု တစ်ခုကို ထုတ်လွှင့်လိုက်၏။
သူ၏ လေသံက ကလေးဆိုးလေး တစ်ဦး၏ ပါးစပ်ထဲမှ သကြားလုံးကို ယူရင်း အပြစ်ပေးနေသည့် မိဘ တစ်ယောက်၏ အသံနှင့်ပင် ဆင်တူနေသည်။ တုန့်ပြန်မှု မရှိသော အခါ ဝေ့ဝူယင်က ခေါင်းညိတ်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ဖီဆန် ပေါက်စလေးထံမှ ကြွယ်ဝသည့် နေရောင်ခြည်နှင့် အမတေများမှာ ပြန်လည် ထွက်ပေါ်လာခဲ့တော့သည်။ သူ သကြားလုံးကို ပြန်ပေးလိုက်ပြီ ဖြစ်သည်။
ကြယ်တာရာ အသိုက်အတွင်းရှိ ထူးဆန်းသည့် မျက်နှာပြင်ထက်ရှိ အက်ကြောင်းများကတော့ ပိုမို၍ ထူထဲကာ ရှည်လျား လာခဲ့၏။ တကယ်တမ်းအားဖြင့် ဝေ့ဝူယင်၏ လုပ်ရပ်များမှာလည်း လွန်ကဲခဲ့ပေသည်။ ထျန်းရီဝူ၏ အစွန်းရောက်နေသည့် အကြံပြုချက် အတိုင်း သူကလည်း ရူးသွပ်စွာ လုပ်ဆောင်ခဲ့သည်။
ဝေ့ဝူယင်မှာ ကြယ်တာရာမိုး အသိုက်အတွင်းမှ စွမ်းအင်ကို ရယူခဲ့ခြင်း မဟုတ်ပဲ ၎င်း၏ အောက်ရှိ တည်ရှိမှုကြီးထံမှ စွမ်းအင် ရင်းမြစ်များကို ထုတ်ယူခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ချိပ်ပိတ်နယ်မြေ အမှတ်အသားကြောင့်ပင် သတ္တဝါကြီးမှာ ၎င်း၏ နှစ်ထောင်ပေါင်းများစွာ အားထုတ်မှုများကို ခုခံနိုင်စွမ်း မရှိပဲ ပေးဆပ်ခဲ့ရသည်။ ၎င်း၏ ဒေါသများက တရားမျှတသည်ဟုပင် ဆိုနိုင်ပေသည်။
"ဒါက စွမ်းအင် နည်းနည်းလေးပဲလေ... မင်း ဒီလောက်ကြီး လုပ်စရာ မလိုပါဘူး"
ဝေ့ဝူယင် က ပေါ့ပေါ့တန်တန် မှတ်ချက်ပေးလိုက်၏။
ဘုန်း...
မိုးခြိမ်းသလိုမျိုး အသံတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ကံကောင်းထောက်မစွာပင် ဤပတ်ဝန်းကျင်၌ မော်လီကျူးများ ရွေ့လျားမှု မရှိခြင်းကြောင့် မည်သည့် အသံမှ ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့်... ထျန်းရီဝူသည်ပင် သတိမထားမိခဲ့ချေ။ သူတို့ အားလုံးမှာ ကျင့်ကြံခြင်း လုပ်ငန်းစဉ် အတွင်းတွင်သာ အပြည့်အဝ နစ်မြုပ် နေကြလေ၏။
ကောင်းကင်ဘုံထံမှ လာသည့် ကောင်းချီးမှာ နောက်ဆုံး၌ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ နက်နဲ ကြည်လင်သည့် အလင်းတန်း တစ်ခုမှာ အာကာသ အလွှာများကို ဖြတ်သန်းကာ ဝေ့ဝူယင်တို့ တည်ရှိနေသည့် ထူးခြားသော နယ်မြေအတွင်း ဝင်ရောက် လာခဲ့၏။ ၎င်းမှာ ဂြိုဟ်အသေးစား တစ်လုံးလောက် အရွယ်အစား ရှိကာ မီးတောက်တစ်ခုက ဝန်းရံထာသည်။ ဝေ့ဝူယင်၏ မျက်လုံးများမှာ သိသိသာသာပင် တောက်ပလာခဲ့၏။ ကောင်းကင်တာအို၏ လုပ်ဆောင်ချက်များကို ခံစားမိသည့် လူတစ်ယောက် အနေဖြင့် ၎င်းက မည်မျှ ထူးခြားကြောင်း ဝေ့ဝူယင် ခံစားနိုင်ပေသည်။
အလင်းတန်း၏ အမြန်နှုန်းမှာ မြေကြီးရှန့်ထို တစ်ယောက်ထက်ပင် ကျော်လွန် နေပေသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ ပုံမှန် ကောင်းချီးခံ တစ်ယောက်လိုမျိုး လိုက်ဖမ်းဖို့ မလိုအပ်ခဲ့ပါချေ။ သူက အသက်ကို ညင်သာစွာ ရှူသွင်းလိုက်ရင်း လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အချိန်နှင့် အာကာသ လမ်းစဉ်များ အပေါ် သာမည အာဏာကို အသုံးပြုလိုက်၏။
ဝှစ်...
အလင်းတန်းမှ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျား နေရာမှ ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ ဝေ့ဝူယင်၏ လက်သီးဆုပ် အတွင်းတွင်တော့ ကြည်လင်သည့် မီးခိုးများ ထွက်ပေါ်လာခဲ့၏။
"ဒါက ဘာလဲ..."
ဝေ့ဝူယင် လက်ဝါးကို ဖွင့်ကြည့်ရင်း မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်း သွားခဲ့သည်။ သူ၏ လက်ဖဝါးအတွင်းတွင် ကလေး လက်သီးဆုပ်ထက် မကြီးသည့် အရာဝတ္ထု တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ နှလုံးတစ်ခု အလား မှိန်ဖျော့စွာ ခုန်နေခဲ့၏။ ၎င်း၏ ပုံသဏ္ဌာန်ကို သာမန် စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသော်လည်း အလွန် ကြည်လင်ကာ အဖိုးမဖြတ်နိုင်သည့် စိန်တုံး တစ်ခုနှင့် ဆင်တူပေသည်။
“ဒါ... ဒါက...”
ကောင်းကင် စစ်ဝိညာဉ်မှာ ၎င်းကို ချက်ချင်းပင် မှတ်မိလိုက်၏။ ဝေ့ဝူယင်မှာလည်း မည်သည့် အရာ ဖြစ်ကြောင်း ရိပ်မိ နေခဲ့ပြီ ဖြစ်သည်။
"ဒါကို ဘယ်က ရတာလဲ"
ကောင်းကင် စစ်ဝိညာဉ်က ထိတ်လန့် တုန်လှုပ်စွာဖြင့် မေးလိုက်၏။ သူမမှာ ဗဟုသုတ အလွန် ကြွယ်ဝသူ ဖြစ်သော်လည်း ဝေ့ဝူယင်၏ ကောင်းချီးခံ အဆင့်အတန်းနှင့် ကောင်းကင်တာအို၏ လုပ်ငန်းစဉ်တို့ကို လုံးဝ သိရှိ နားလည်ထားခြင်း မရှိပါချေ။ သူမ၏ အမြင်၌ ဝေ့ဝူယင်မှာ လက်တစ်ဖက်ကို ဆန့်ထုတ်၌ အာကာသ အတွင်းမှ ကျပန်း ဆွဲထုတ်လိုက်သလိုပင်။
ဝေ့ဝူယင်က ခဏမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
“ဒီနေရာက ချိပ်ပိတ်နယ်မြေ၊ အဆုံးမဲ့ ခရီးသွား နယ်မြေတွေ အပြင် အခြား နယ်မြေ အမျိုးမျိုးနဲ့ ချိတ်ဆက်ထားတယ် ဆိုတာ ခင်ဗျားလည်း သိပြီးသား ဖြစ်မှာပေါ့... ဒါကြောင့် ဆက်စပ်မှု စစ်မြေပြင်လို နေရာမျိုးတွေနဲ့ပါ ချိတ်ဆက် နေနိုင်တယ်”
စစ်မြေပြင်မှာ အဇူရာ မူလ ဂလက်စီဇုန်နှင့် ချိတ်ဆက်နေသည်ကို ထည့်သွင်း စဉ်းစားလျှင် ၎င်းမှာ အမှောင် ဟင်းလင်းပြင်၏ မည်သည့် နေရာမှ မဆို လာရောက်ခြင်း ဖြစ်နိုင်သည်။
“ဒါက သဘာအတိုင်းလား... ဖန်တီးထားတဲ့ဟာလား...”
ဝေ့ဝူယင်က သူ့လက်အတွင်း မှိန်ဖျော့စွာ ခုန်နေသည့် ပုံဆောင်ခဲကို ကြည့်ရင်း မေးလိုက်၏။ ကောင်းကင် စစ်ဝိညာဉ်က ၎င်းကို ခဏတာမျှ အကဲခတ်လိုက်ပြီးနောက် အဖြေပေးလိုက်သည်။
“သဘာဝ အတိုင်းပဲ...”
ဝေ့ဝူယင်၏ အမူအရာ လေးနက် သွားခဲ့၏။ ကောင်းကင်တာအို ချီးမြှင့်သည့် ထိုကောင်းချီးက အခြားအရာ မဟုတ်...။ လောကဆန့်ကျင် ကောင်းကင် နှလုံးသားပင် ဖြစ်လေသည်။
ထုတ်ကုန်... လောကဆန့်ကျင် ကောင်းကင် နှလုံးသား
လဲလှယ်နှုန်း... စစ်ဝိညာဉ် ၈,၀၀၀,၀၀၀
ရရှိနိုင်မှု... ချန်ပီယံ
ဖော်ပြချက်... ဝိညာဉ်အလင်းဖြင့်သာ သန့်စင်နိုင်။ သေခြင်းတရားနှင့် ရင်ဆိုင်ရပါက ဒုတိယမြောက် အသက်တစ်ချောင်း အဖြစ် အသုံးချနိုင်။
၎င်းမှာ ချန်ပီယံ စာရင်းတွင် ပါဝင်နေသည့် ထုတ်ကုန် အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ ကုန်ကျစရိတ်က မခန့်မှန်းနိုင်လောက်အောင် မြင့်မားလှ၏။ စစ်အဆောင်နှင့် ကောင်းကင် စစ်ဝိညာဉ် နှစ်ခုပေါင်းသည်ပင် ၎င်းလောက် မကျပါချေ။ ရလဒ်က ဒုတိယမြောက် အသက်ဟု ဆို၏။
“ကျင့်ကြံကြမယ်...”
ခရာတိုက ဟိန်းဟောက်လိုက်၏။
“ကလန့်...”
ဆေဘာကလည်း အသံပေးသည်။
"ကျုပ်တို့ အကြာကြီး မစောင့်သင့်ဘူး...”
ဧဒင်ကလည်း ပညာရှိ ဆန်စွာ အကြံပြု၏။
“ဖီဆန်လေးရဲ့ အားထုတ်မှုတွေကို မဖြုန်းနဲ့နော်... လုံးဝ မဖြုန်းနဲ့...”
အိုရီကလည်း အလောတကြီး တိုက်တွန်းလိုက်သည်။
လောကဆန့်ကျင် ကောင်းကင် နှလုံးသားကို လေ့လာရင်း အချိန်အများကြီး ဖြုန်းနေမိကြောင်း ဝေ့ဝူယင် သဘောပေါက် သွားခဲ့သည်။ နှစ်စက္ကန့်၊ သုံးစက္ကန့်ခန့်မျှသာ ကြာသေးသည့်တိုင် နေကြယ်များ၏ အရွယ်အစားမှာ သုံးရာခိုင်နှုန်းလောက် သိသိသာသာ လျော့နည်း နေခဲ့ပြီ ဖြစ်သည်။ ၎င်းအား စုပ်ယူနေကြသည့် ကျင့်ကြံသူတိုင်းမှာ ရူးသွပ်လောက်ဖွယ် ပါရမီရှင်တွေချည်းသာ ဖြစ်ပေသည်။
“ဟုတ်ပါပြီကွာ... ပျော်လိုက်ကြတာပေါ့...”
ဝေ့ဝူယင် ပြုံးလိုက်စဉ်မှာပင် ကြယ်တာရာ ဝိညာဉ် လေးကောင်လုံးမှာ အပြင်ကို ထွက်လာခဲ့ကြ၏။ ထို့နောက် ကိုယ်စီ ကျင့်ကြံခြင်း နည်းလမ်းများကို စတင်ကာ လှည့်ပတ်လိုက်ကြတော့သည်။ ဝေ့ဝူယင်မှာ သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းများ အတွက် ကိုယ်ပိုင် ပါရမီနှင့် စုပ်ယူနိုင်စွမ်းများ အပေါ် မှီခိုနေစရာ မလိုပါချေ။ ထိုသတ္တဝါလေး တစ်ကောင်ချင်းစီမှာ ရူးသွပ်လောက်ဖွယ် အမြန်နှုန်းများဖြင့် ထုတ်ကုန်များကို သန့်စင်နိုင်ကြပေသည်။
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဆယ့်ရှစ်မိုင်ခန့် အချင်းဝက် ရှိသည့် ပိုးအိမ် လေးခု ဖွဲ့စည်းလာခဲ့၏။ ဝေ့ဝူယင် ရယ်မောရင်း ၎င်းတို့နှင့် လွတ်ကင်းရာ နေရာအထိ ပျံ့သန်း သွားခဲ့သည်။ ထို့နောက်တွင်တော့ တင်ပျဉ်ချိတ် ထိုင်ချကာ ကြယ်တာရာ ပါရဂွန် ခန္ဓာ၊ ထျန်းတျန်၊ သွေးကြောများနှင့် အသိစိတ် ပင်လယ်တို့ကို စတင်ကာ ကျင့်ကြံလိုက်တော့သည်။
ဟူး... ဟူး...
မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ် ပတ်လည်၌ ရောင်စဉ် သုံးဆယ့် သုံးမျိုး တောက်ပနေသည့် သုံးဆယ့်သုံးမိုင် အချင်းဝက် ရှိသော ပိုးအိမ် တစ်ခု ပေါ်ပေါက်လာခဲ့လေသည်။ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်မှာ သာမန်လူများ ယှဉ်နိုင်သည့် တည်ရှိမှုမျိုး မဟုတ်ပါချေ။ ကြယ်တာရာ ဝိညာဉ် လေးခု၏ ကျင့်ကြံခြင်း လမ်းကြောင်းများကို ထည့်မတွက်လျှင်ပင် ဝေ့ဝူယင် ကိုယ်တိုင်မှာ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေသေးဆဲ ဖြစ်ပေသည်။
ဤသို့ဖြင့် နေကြယ် ငါးခုမှာ စတင်ကာ ကျုံ့ဝင် လာခဲ့ကြတော့၏။
***