ပုံပြင်ဆန်သောဘဝ၊ လေမဲ့မြက်သတင်း။
Vol. 13 Ch. 173
တစ်ပတ်ကြာပြီးနောက်၊ အင်မော်တယ်ရှားတောင်ထွတ်ရှိ နန်းတော်အတွင်း။
ကျိပင်းယွီနှင့် အခြားသူများသည် အခြေတည်အဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့ပြီး ဖြစ်ရာ၊ တူနှစ်ကိုယ်ကျင့်ကြံမှု၏ အကျိုးသက်ရောက်မှုများမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်မှာ ထင်ရှားလှသည်။
ကျင့်ကြံခြင်းပညာရပ်အမျိုးမျိုးတွင် သူမတို့၏ တိုးတက်မှုများသည်လည်း ကျိုးစွေ့အား အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုခဲ့သည်။ ဤသည်မှာ တာအိုလက်တွဲဖော်များက သူ၏ကျင့်ကြံခြင်းကို ကူညီပေးနေသကဲ့သို့ ဖြစ်နေသည်။
"မဆိုးဘူး.."
ကျိုးစွေ့က အိပ်ရာပေါ်မှ ကျေနပ်စွာ ထထိုင်လိုက်သည်။ နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်သော လှပသည့် တာအိုလက်တွဲဖော်လေးယောက်ကို ကြည့်ရင်း၊ သူ များစွာ သက်သောင့်သက်သာ ခံစားနေရသည်။
ဤဘဝမျိုးသည် နတ်ဘုံနတ်နန်းတွင် နေထိုင်နေရခြင်းနှင့် တူညီသည်ဟု ခံစားလိုက်ရသည်။
သူ့ဘေးတွင် လှပသော ဇနီးမယားများ ရှိနေပြီး၊ ကြီးမားသော အင်အားစုတစ်ခုကို ထိန်းချုပ်ထားနိုင်ကာ၊ လူအများကို ကြိုးကိုင်ခြယ်လှယ်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သူသည် ဧကရာဇ်တစ်ပါးနီးနီး ဖြစ်နေချေပြီ။
ရွှေအမြုတေ ဆရာသခင် သို့မဟုတ် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ဦးပင်လျှင် ဤကဲ့သို့ ကြီးမားသောအင်အားစုကို ထူထောင်လိုကြသည်မှာ အံ့ဩစရာ မရှိပေ။
မည်သို့ပင်ဖြစ်စေ၊ ကျင့်ကြံခြင်းအတွက် အရင်းအမြစ်အားလုံးအား သင် တစ်ယောက်တည်း စုဆောင်းနိုင်မည် မဟုတ်ပေ။
ကူညီမည့်အင်အားစုတစ်ခု ရှိနေခြင်းသည် ပင်ပန်းဆင်းရဲမှုများစွာကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်ပေ၏။ လိုအပ်သည်ကား ကိုယ်ပိုင်ကျင့်ကြံမှုကို နားလည်သဘောပေါက်ပြီး၊ လုံ့လဝီရိယရှိရှိ မြှင့်တင်နေရန်သာ ဖြစ်သည်။
"လေမဲ့မြက်ကို ရှာမတွေ့သေးတာတော့ နှမြောစရာပဲ…"
ကျိုးစွေ့ အနည်းငယ် မချင့်မရဲဖြစ်နေသည်။
သူ အင်မော်တယ်ရှားဂိုဏ်းတွင် တာဝန်တစ်ခု ထုတ်ပြန်ထားသည်မှာ တစ်ပတ်ရှိပြီ ဖြစ်သော်လည်း၊ ကံမကောင်းစွာဖြင့် မည်သူမျှ ထိုတာဝန်ကို လက်ခံဆောင်ရွက်ခြင်း မရှိသေးပေ။
လေမဲ့မြက်သည် ရှာဖွေရန် ထင်သလောက် မလွယ်ကူသည်မှာ ထင်ရှားသည်။
သို့သော် သူသည် အလျင်စလို မရှိဘဲ၊ ယင်းအား ရေရှည်စီမံကိန်းအဖြစ်သာ ပြင်ဆင်ထားခဲ့သည်။ လာမည့်နှစ်အနည်းငယ်အတွင်း လေမဲ့မြက်ကို ရှာတွေ့နိုင်သရွေ့၊ ၎င်းသည် လုံလောက်သည်ထက်ပင် ပိုနေချေသည်။
မည်သို့ပင်ဆိုစေကာမူ၊ အင်မော်တယ်ရှားဂိုဏ်းတွင် အချိန်တိုအတွင်း ကြီးမားသောပြဿနာများ ရှိလာမည် မဟုတ်သောကြောင့် သူ ထွက်ပြေးရန် လိုအပ်မည်မဟုတ်ပေ။
"ယောက်ျား.. ဘာလို့ ဒီလောက်စောစော ထတာလဲ.. နည်းနည်းလောက် ထပ်အိပ်ပါဦး.."
ဘေးမှ မုဇီယန်က နိုးလာပုံရပြီး ကျိုးစွေ့ကို မြင်သောအခါ ငြူတူတူ ပြောလိုက်သည်။
သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပျင်းရိစွာ ဆန့်တန်းလိုက်ရာ၊ တံတွေးမျိုချချင်စရာ ကောင်းလှသည်။ အခြေတည်အဆင့်သို့ တက်လှမ်းပြီးနောက်၊ သူမ၏ ခန္ဓာကိုယ်သည် ပိုမို တိုးတက်လာပြီး၊ ပိုမိုပြီးပြည့်စုံလာသည်မှာ ထင်ရှားသည်။
သူမသည် လက်တွေ့အားဖြင့် ဂိုဏ်း၏ နတ်သမီးတစ်ပါးအလား၊ သူမ၏ လှုပ်ရှားမှုတိုင်းသည် အဆုံးမရှိသော စွဲဆောင်မှုကို ထုတ်လွှတ်နေသည်။
"မင်းကတော့ တကယ့်ကို ညှို့ဓာတ်ပြင်းတဲ့ မိန်းကလေးပဲ…"
ကျိုးစွေ့က ပြုံးလိုက်ပြီး တစ်ခုခု ထပ်ပြောတော့မည် အပြုတွင်။
ဝှစ်..။
ထိုအချိန်တွင် ကျိုးစွေ့၏ ကိုယ်ပေါ်ရှိ ဆက်သွယ်ရေး အဆောင်က ရုတ်တရက် အသက်ဝင်လာပြီး သတင်းစကားတစ်ခု ပေးပို့လာသည်။
"လေမဲ့မြက်သတင်း ရထားတယ်.. ဆေးလုံးတောင်ထွတ်ကို မြန်မြန်လာခဲ့…"
၎င်းသည် တောင်ထွတ်သခင် မာချန်ကျွင်းထံမှ သတင်းစကား ဖြစ်သည်။
"ဘာ.. သူတို့ ဒီလောက်မြန်မြန် ရှာတွေ့ကြတာလား…"
"အင်မော်တယ်ရှားဂိုဏ်း ဆိုတဲ့အတိုင်း.. အထင်ကြီးစရာပဲ…"
သတင်းစကားကို မြင်လိုက်ရသောအခါ ကျိုးစွေ့ ချက်ချင်း ဝမ်းသာသွားသည်။ သူသည် တစ်ပတ်အတွင်း လေမဲ့မြက်ကို ရှာတွေ့လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ၎င်းသည် ဩဇာအာဏာကြီးမားသော ရွှေအမြုတေဂိုဏ်းဟူသော ဂုဏ်ပုဒ်နှင့်ထိုက်တန်ပေသည်။
အကယ်၍ သူတစ်ယောက်တည်းသာ ဆိုလျှင်မူ၊ လေမဲ့မြက်ကို ရှာတွေ့နိုင်ရန်မှာ ဖြစ်နိုင်မည်မဟုတ်ချေ။
"ခဏလောက် နားလိုက်ကြဦး.. ငါ ဆေးလုံးတောင်ထွတ်ကို သွားစရာကိစ္စရှိတယ်.."
ကျိုးစွေ့ ချက်ချင်းပင် လေးနက်သော အမူအရာဖြစ်သွားသည်။ သူ၏တာအိုလက်တွဲဖော်များနှင့် တစ်တီတူးရသည်မှာ ကျေနပ်စရာကောင်းလှသော်လည်း၊ လက်ရှိကိစ္စက ပိုမိုအရေးကြီးပေသည်။
ကျိုးစွေ့သည် လေမဲ့မြက်ကို အနာဂတ် အစီအစဉ်များအတွက် အရေးကြီးသည်ဟု ယူဆထားပြီး မည်သည့် အမှားအယွင်းကိုမျှ အဖြစ်မခံနိုင်ပေ။
ဝှစ်..။
ထိုအတွေးနှင့်အတူ ကျိုးစွေ့ တွေဝေမနေတော့၊ သူ၏ပုံရိပ်က လက်ခနဲ ဖြစ်သွားပြီး ဆေးလုံးတောင်ထွတ်သို့ ပျံသန်းသွားလေသည်။
လှပသော တာအိုလက်တွဲဖော်များသာ ကျန်ရစ်ခဲ့တော့သည်။
…
ဤအချိန်တွင်၊ မာချန်ကျွင်းသည် ဆေးလုံးတောင်ထွတ်တွင် အတန်ကြာ စောင့်ဆိုင်းနေခဲ့ပြီးဖြစ်သည်။
မာချန်ကျွင်းဘေးတွင် ရိုးသားဖြောင့်မတ်ပုံရသော ချီသန့်စင်ခြင်း အဆင့်(၉)ရှိ တပည့်တစ်ဦး ရှိနေသည်။
သူ၏ အသွင်အပြင်မှာ လူအုပ်ကြားထဲတွင် သတိမထားမိနိုင်ဘဲ ပျောက်သွားနိုင်သည့်ပုံ ရှိသည်။
"ဒါက ဘယ်သူလဲ"
လူစိမ်းကို မြင်သောအခါ ကျိုးစွေ့က စူးစမ်းစွာ မေးလိုက်သည်။
"ဪ.. သူက ကျွန်တော့်တပည့် ယွီဝမ်ရိပါ"
"လေမဲ့မြက်အကြောင်း သတင်း ယူလာတာ သူပဲ.." မာချန်ကျွင်းက မိတ်ဆက်ပေးလိုက်သည်။
"ဒါဆို ခင်ဗျားက ရောင်းရင်းယွီပေါ့.."
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။
"အာ.. မခံယူဝံ့ပါဘူး အကြီးအကဲကျိုး.. ကျွန်တော့်ကို ရှောင်ယွီလို့ ခေါ်နိုင်ပါတယ်.."
ယွီဝမ်ရိက စိုးရိမ်တကြီး ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ သူသည် ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးမျှသာ ဖြစ်ပြီး၊ တစ်ဖက်လူမှာ အခြေတည်အဆင့်ရှိ အကြီးအကဲတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
အဆင့်အတန်း ဖြစ်စေ၊ အစွမ်းအာဏာ ဖြစ်စေ၊ သူတို့သည် တစ်တန်းတည်း မဟုတ်ကြပေ။
အခြားတစ်ဖက်သားက နှိမ့်ချပြီး အနေအထိုင် အေးဆေးနိုင်သော်လည်း၊ သူ့အတွက်မူ ထိုကြင်နာမှုအား တန်ဖိုးမထားဘဲ မနေနိုင်ပေ။
"ဆိုတော့..လေမဲ့မြက်က ဘယ်မှာလဲ…"
ကျိုးစွေ့က မလိုအပ်သော နှုတ်ဆက်စကားများကို ဂရုစိုက်မနေဘဲ တိုက်ရိုက်မေးလိုက်သည်။
"အကြီးအကဲကျိုး.. လေမဲ့မြက်က ကျွန်တော့်ဆီမှာ မရှိပါဘူး.."
"တကယ်တော့.. ဒါကို ကျွန်တော်နဲ့ အရမ်းရင်းနှီးတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ သူငယ်ချင်းတစ်ယောက်က ရထားတာပါ…"
"ဒါပေမဲ့ သူက ကျွန်တော်တို့ ဂိုဏ်းကျင့်ကြံသူတွေကို မယုံကြည်ဘူး.. ဒါကြောင့် သူက အကြီးအကဲနဲ့ မျက်နှာချင်းဆိုင် တွေ့ပြီး အရောင်းအဝယ်လုပ်ချင်နေတယ်.."
"ဟုတ်ပါတယ်.. အရောင်းအဝယ်ကို အင်မော်တယ်ရှားဂိုဏ်းထဲမှာ မဖြစ်ရဘူး.. သူက အနီးအနားက နှင်းဆီတိမ်တိုက်တောမှာ လုပ်ချင်နေတယ်…" ယွီဝမ်ရိက ချက်ချင်း ပြန်ဖြေလိုက်သည်။
'နှင်းဆီတိမ်တိုက်တော'ဟု ခေါ်သော နေရာသည် အင်မော်တယ်ရှားဂိုဏ်းအနီး မိုင်ပေါင်း ထောင်ချီ ကျယ်ဝန်းသော သစ်တောကြီးတစ်ခု ဖြစ်သည်။ ၎င်းတွင် ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်နှင့် မရေမတွက်နိုင်သော တောင်ကုန်းများ ရှိပြီး၊ သစ်တောထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့် တစ်စုံတစ်ယောက်ကို ခြေရာခံရန်မှာ မဖြစ်နိုင်သလောက်ပင်။
သစ်တော၏ အနက်ပိုင်းထဲတွင် မရေမတွက်နိုင်သော ယောင်သားရဲများ နေထိုင်ကြသဖြင့် အတော်လေး အန္တရာယ်များသည်။ မှန်ပေသည်၊ တိမ်မြူခိုးတောင်တန်းနှင့် နှိုင်းယှဉ်လျှင်မူ ၎င်းသည် ဘာမှမဟုတ်ပေ။
"သူက ဂိုဏ်းအပြင်ဘက်မှာ အရောင်းအဝယ်လုပ်ချင်တာလား.."
ကျိုးစွေ့က တစ်စုံတစ်ခု မှားယွင်းနေသည်အား ပင်ကိုအသိစိတ်ဖြင့် ခံစားမိလိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
အကယ်၍ အရောင်းအဝယ်ကို အင်မော်တယ်ရှားဂိုဏ်းအတွင်း၌ ပြုလုပ်မည်ဆိုလျှင်၊ သူ၏ လုံခြုံရေးကို အာမခံထားပြီး ဖြစ်သောကြောင့် မည်သည့် ပြဿနာမျှ ရှိမည် မဟုတ်ပေ။
သို့သော် ဂိုဏ်းအပြင်ဘက်တွင် ပြုလုပ်မည် ဆိုပါက၊ ၎င်းသည် ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်သည်။
အရောင်းအဝယ်ပြုလုပ်မည့် အခြားတစ်ဖက်သည် လူကောင်း၊လူဆိုးဖြစ်မည်ကို မည်သူသိမည်နည်း။
အကယ်၍ ၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်နေပါက၊ သူဒုက္ခရောက်ရပေမည်။
"အကြီးအကဲကျိုး ပြဿနာတစ်ခုခုများ ရှိလို့လားခင်ဗျာ.."
"အကြီးအကဲကျိုးသာ ဒါကို မသင့်တော်ဘူးလို့ ထင်ရင် ကျွန်တော် သူ့ကို ငြင်းလိုက်လို့ ရပါတယ်.."
"တကယ်တော့ အကြီးအကဲကျိုးကို တောနက်ထဲအထိ ထွက်ပြီး ကုန်သွယ်ခိုင်းတာက နည်းနည်းတော့ လွန်လွန်းပါတယ်.." ယွီဝမ်ရိက ရိုးသားသော အမူအရာဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး.. ဒါ လွန်တယ်လို့ ပြောမရဘူး.."
"ကျုပ်လည်း တစ်ချိန်က တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ဖူးတော့ သူတို့ရဲ့ စိုးရိမ်မှုတွေကို ကောင်းကောင်း နားလည်ပါတယ်.."
"တစ်ဖက်လူက နှင်းဆီတိမ်တိုက်တောမှာ ကုန်သွယ်ချင်မှတော့ သွားကြတာပေါ့.."
ကျိုးစွေ့၏ မျက်လုံးများ ခဏတာ အရောင်လက်သွားပြီးနောက်၊ သူသည် ခပ်ဟဟ ရယ်မောလိုက်ကာ တစ်ဖက်လူ၏တောင်းဆိုမှုကို သဘောတူလိုက်သည်။
ရိုးရိုးသားသား ပြောရလျှင်၊ သူသည် ယွီဝမ်ရိ၏ ရည်ရွယ်ချက်များကို အမှန်တကယ် သံသယဝင်နေမိသည်။
သူ လေမဲ့မြက်ကို ရယူရန် စဉ်းစားလိုက်သည်နှင့် တစ်စုံတစ်ယောက်က တံခါးဝအထိ ချက်ချင်းယူဆောင်လာခဲ့သည်။ ထိုသို့သော တိုက်ဆိုင်မှုမျိုးမှာ ယုံကြည်ရန် ခက်ခဲလှသည်။
သို့သော် သူ ကြောက်ရွံ့စရာ အကြောင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ သူသည် အခြေတည် အစောပိုင်းအဆင့်သို့ တက်လှမ်းထားပြီး ဖြစ်ကာ၊ သူ၏ ကျင့်ကြံမှုသည် ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
အကယ်၍ ရန်သူက သူ့ကို အမှန်တကယ် ချောင်းမြောင်းတိုက်ခိုက်လိုလျှင်၊ သူတို့သည် သေမင်းကို လက်ယပ်ခေါ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
တစ်ဖက်က ရွှေအမြုတေ ဆရာသခင်တစ်ဦး မလွှတ်သရွေ့ သူ့အား သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ပြဿနာမှာ၊ ရွှေအမြုတေ ဆရာသခင်တစ်ဦးက မည်သည့်နေရာတွင် လွယ်လင့်တကူ လှုပ်ရှားနိုင်မည်နည်း။ လှုပ်ရှားခဲ့လျှင်ပင်၊ သူသည် အင်မော်တယ်ရှားဂိုဏ်းအနီးသို့ ကပ်ဝံ့မည် မဟုတ်ပေ။
ထို့အပြင်၊ ပို၍ အရေးကြီးသည်မှာ သူသည် ဤကုန်သွယ်မှုအတွက် သူ၏ ခန္ဓာကိုယ်အစစ်ကို အသုံးပြုမည် မဟုတ်ခြင်းပင် ဖြစ်သည်။ သူသည် ကိုယ်ပွားတစ်ခုကို အသုံးပြုရန် ကြံစည်ထားသည်။ တစ်ခုခု မှားယွင်းသွားခဲ့လျှင်ပင်၊ ၎င်းသည် ကိုယ်ပွားတစ်ခု ဆုံးရှုံးသွားခြင်းသာြဖစ်ပေမည်။
စွန့်စားရန် ရွေးချယ်ရသည့် အကြောင်းရင်းမှာ လေမဲ့မြက်သည် အလွန် အရေးကြီးသောကြောင့် ဖြစ်၏။ ဤအခွင့်အရေးကို လွဲချော်သွားပါက၊ နောက်တစ်ကြိမ် ဘယ်အချိန်မှ ရမည်ကို သူ မသိနိုင်ပေ။
အကယ်၍ ရန်သူက ယင်းအား ငါးစာအဖြစ် အသုံးပြုလျှင်ပင်၊ ၎င်းကို ငါးမျှားချိတ်နှင့်အတူ မျိုချသည့်အတွက် သူ့ကို အပြစ်တင်နိုင်မည် မဟုတ်ပေ။
သကာလူးထားသော ကျည်ဆံအား အပေါ်ယံသကာကိုသာ လျက်ပြီး၊ ထိုကျည်ဆံအား ပြန်ပစ်ပေးလိုက်ရုံသာ လိုသည်မဟုတ်လော။
"အကြီးအကဲကျိုး ဘယ်အချိန် အဆင်ပြေမလဲ ခင်ဗျာ.. ကျွန်တော့် သူငယ်ချင်းကို အကြောင်းကြားထားလို့ ရအောင်ပါ…" ယွီဝမ်ရိက မေးလိုက်သည်။
"အင်း.. နေ့လယ်လောက်ပေါ့.. ငါလည်း နည်းနည်း ပြင်ဆင်ဖို့ လိုသေးတယ်"
မှန်ပေသည်၊ ကျိုးစွေ့သည် ချက်ချင်းသွားမည်မဟုတ်ချေ၊ သူသည် အချို့သော ပြင်ဆင်မှုများ ပြုလုပ်ရန် သေချာပေါက် လိုအပ်ပေသည်။