← Chapters

တစ္ဆေမိစ္ဆာဂိုဏ်း အခြေတည်အဆင့်များ၏ ချောင်းမြောင်းတိုက်ခိုက်မှု၊ အဆင့်နှစ် ကူပိုးကောင်တပ်။

Vol. 13 Ch. 174

တစ္ဆေမိစ္ဆာဂိုဏ်း အခြေတည်အဆင့်များ၏ ချောင်းမြောင်းတိုက်ခိုက်မှု၊ အဆင့်နှစ် ကူပိုးကောင်တပ်။

Vol. 13 Ch. 174

နှင်းဆီတိမ်တိုက်တော၊ တောင်ကြားတစ်ခုအတွင်း။

အခြေတည်အဆင့် ကျင့်ကြံသူလေးဦး ဤနေရာတွင် ချုံခိုစောင့်ဆိုင်းနေကြသည်။ သုံးဦးမှာ အခြေတည် အစောပိုင်းအဆင့်ဖြစ်ပြီး တစ်ဦးမှာ အလယ်အလတ်အဆင့် ဖြစ်သည်။

သူတို့အားလုံးသည် ကျိုးစွေ့ကို ထောင်ချောက်ဆင်ရန် အမိန့်ပေးခံထားရသော တစ္ဆေမိစ္ဆာဂိုဏ်းမှ အကြီးအကဲများ ဖြစ်ကြသည်။ ခေါင်းဆောင်ဖြစ်သူ အလယ်အလတ်အဆင့် အခြေတည် ကျင့်ကြံသူ၏ အမည်မှာ ခန်းယွမ်ဖြစ်ပြီး၊ နာမည်ဆိုးဖြင့် ကျော်ကြားသော အစွမ်းထက် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်သည်။

"အစ်ကိုခန်း.. ဟိုကောင်လေး ထောင်ချောက်ထဲ ဝင်လာမယ်လို့ ထင်လား.."

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အစောပိုင်းအဆင့် အခြေတည်ကျင့်ကြံသူ တစ်ဦးက မေးလိုက်သည်။

"ငါလည်း မသေချာဘူး.. သူက လေမဲ့မြက်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာပေါ်မှာပဲ မူတည်တယ်..”

"တကယ်လို့ လေမဲ့မြက်က သူ့အတွက် မရှိမဖြစ် လိုအပ်တယ်ဆိုရင်.. သူ သေချာပေါက် ငါတို့နဲ့ အရောင်းအဝယ်လုပ်ဖို့ လာလိမ့်မယ်.."

"သူက လေမဲ့မြက်ကို ဂရုမစိုက်ဘူးဆိုရင်တော့ လာမယ်မထင်ဘူး.."

အခြေတည်အဆင့် ကျင့်ကြံသူ ခန်းယွမ်က လေးနက်စွာ ပြောလိုက်သည်။

"တကယ်လို့ ဟိုကောင်လေး မလာခဲ့ရင်.. ငါတို့ သပ်သပ်အချိန်ဖြုန်းသလို ဖြစ်သွားမှာ မဟုတ်ဘူးလား.."

အဝါရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကြုတ်လိုက်သည်။

အဆုံးသတ်တွင် အချိန်သည် တန်ဖိုးရှိပြီး၊ ဤကိစ္စအပေါ်တွင် သူအချိန်မဖြုန်းလိုပေ။

အကယ်၍ သူသာ ထိုမျှအားယားနေပါက၊ သူ၏ မှော်စွမ်းအားကို မြှင့်တင်ရင်း တစ်ယောက်တည်း သီးသန့်ကျင့်ကြံနေခြင်းက ပို၍ကောင်းသည် မဟုတ်လော။

"လွယ်လွယ်ကူကူနဲ့တော့ ဘယ်ဖြစ်မလဲ.. အစီအစဉ်တွေဆိုတာ ဘယ်တော့မှ ထင်သလောက် ချောမွေ့တာ မဟုတ်ဘူး.."

"မအောင်မြင်တာက သာမန် ဖြစ်ရိုးဖြစ်စဉ်ပဲ.."

"ဒါပေမဲ့ တစ်ခါလောက်သာ အောင်မြင်သွားရင်.. ငါတို့ အကြီးအကျယ် အမြတ်ထွက်ပြီ…"

"ငါတို့သာ ဟိုကောင်လေးကို သတ်နိုင်ခဲ့ရင် ဂိုဏ်းချုပ်ဆီက ဆုလာဒ်တွေ ဘယ်လောက်တောင် ရမလဲဆိုတာ မင်းတို့အားလုံး သိကြမှာပါ.. "

ခန်းယွမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဟုတ်ပါတယ်လေ.."

အစောပိုင်းအဆင့် အခြေတည်ကျင့်ကြံသူ သုံးဦးက တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ အကယ်၍ ဂိုဏ်းချုပ်၏ဆုလာဘ်များကြောင့် မဟုတ်လျှင်၊ သူတို့သည် စွန့်စားပြီး ဤနေရာအထိ ခရီးနှင်လာကြမည် မဟုတ်ပေ။

"သူ လာပြီ… ဟိုကောင်လေး ယွီဝမ်ရိနောက်ကို တကယ် လိုက်လာတယ်.."

"ပြီးတော့ ဘယ်သူ့ကိုမှ ခေါ်မလာခဲ့ဘူး.. ကြည့်ရတာ သူတစ်ယောက်တည်း လာပုံပဲ…"

ထိုအချိန်တွင်၊ အနက်ရောင်ဝတ်ရုံဝတ် ကျင့်ကြံသူက သူ၏ ဆက်သွယ်ရေး အဆောင်မှ သတင်းစကားတစ်ခု လက်ခံရရှိပြီး စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

"မဖြစ်နိုင်တာ.. ဟိုကောင်လေးက ဒီကို တစ်ယောက်တည်း လာရဲလောက်အောင် သတ္တိရှိတယ်လား…"

"ဖြစ်နိုင်တာက.. အခြေတည် အစောပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တော့ သူ့ရဲ့ အရည်အချင်းတွေကို ယုံကြည်မှု ရှိနေလို့.. ဒီလို လုပ်ရဲတာပဲ ဖြစ်မယ်…"

"အေးလေ.. ဒါက ချီသန့်စင်ခြင်းအဆင့်တစ်ယောက်နဲ့ အရောင်းအဝယ် လုပ်တာပဲလေ.. သူသာ အကူခေါ်လာခဲ့ရင်.. ဒါက တော်တော် ရယ်စရာကောင်းသွားလိမ့်မယ်… အခြေတည်အဆင့် ကျင့်ကြံသူ လေးယောက်က တိတ်တိတ်လေး စောင့်ကြည့်နေမယ်လို့တော့ သူဘယ်ထင်ပါ့မလဲကွာ.. ဟားဟား.."

"ငါတို့ ကံကောင်းပြီကွာ.. အခြေအနေတွေက ဒီလောက် ချောချောမွေ့မွေ့ ဖြစ်နေတာ မယုံနိုင်စရာပဲ.. ကြည့်ရတာ ဂိုဏ်းရဲ့တာဝန်ကို သိပ်မကြာခင် ပြီးမြောက်တော့မယ်ထင်တယ်.. အဟေးဟေး.."

တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူသုံးဦးက ဝမ်းသာအားရဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။

သူတို့သည် အခြေအနေများ အလွန်အမင်း ချောမွေ့နေသည်ဟု ခံစားနေရသည်။

ရိုးရိုးသားသား ပြောရလျှင်၊ သူတို့သည် ဤစစ်ဆင်ရေးအတွက် များပြားလှသော အရေးပေါ် အစီအစဉ်များကိုပင် ယခင်က ပြင်ဆင်ထားခဲ့ကြသည်။

ယခုအခါ၊ ထိုအရာများ တစ်ခုမျှ လိုအပ်ပုံ မရတော့ပေ။

မမျှော်လင့်ဘဲ၊ ကောင်ချောလေး ကျိုးစွေ့သည် သူတို့၏ ထောင်ချောက်ထဲသို့ ဤမျှ လွယ်ကူစွာ ကျရောက်လာခဲ့ပြီး၊ သူတို့၏သူလျှိုနောက်သို့ လိုက်ကာ အင်မော်တယ်ရှားဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။

စစ်ဆင်ရေးသည် သူတို့ စိတ်ကူးထားနိုင်သည်ထက်ပင် ပိုမို ချောမွေ့နေသည်။

"တစ်ခုခုတော့ မူမမှန်ဘူး.. တာဝန်ကို ဖျက်သိမ်းလိုက်.. ပစ်မှတ်နဲ့ အဆက်အသွယ် ဖြတ်လိုက်တော့.."

ဤအခိုက်အတန့်တွင်၊ ခန်းယွမ်၏ မျက်နှာသည် လေးနက်တည်ကြည်သွားပြီး၊ စိတ်မသက်မသာမှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ ရောထွေးနေသည့်ခံစားချက်က သူ့ကို ဝန်းရံလာသည်။

"အစ်ကိုခန်း.. ခင်ဗျား ဘာတွေ ပြောနေတာလဲ.. ငါတို့ ဟိုကောင်လေးနဲ့ တွေ့တော့မလို့ကို ခင်ဗျားက အခုမှလာနောက်ဆုတ်ခိုင်းနေတယ်.. ခင်ဗျား ရူးသွားတာလား.."

အခြား အစောပိုင်းအဆင့် အခြေတည်မိစ္ဆာကျင့်ကြံသူ သုံးဦးက အံ့အားသင့်သွားပြီး၊ ခန်းယွမ်အား မယုံနိုင်သလို စိုက်ကြည့်လိုက်ကြရင်း သူ၏တွေးခေါ်ပုံကို နားမလည်နိုင် ဖြစ်နေကြသည်။

"ငတုံးတွေ…"

ခန်းယွမ်က ကျိန်ဆဲလိုက်ပြီး "မင်းတို့ ဘာမှ နားမလည်ဘူး.. ဟိုကောင်လေးက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်.. ပြောချင်တာက သူက ပင်ကိုသဘာဝအရကို သတိကြီးတဲ့သူ.. အရောင်းအဝယ်လုပ်ဖို့ သူစိမ်းတစ်ယောက်နောက်ကို လိုက်ပြီး.. မရင်းနှီးတဲ့နေရာတစ်ခုဆီ ဒီလောက် လွယ်လွယ်ကူကူ လိုက်လာစရာ အကြောင်းမရှိဘူး.."

"သေချာပေါက် ယုံကြည်မှုမရှိဘဲနဲ့.. သူ ဒီလောက် မဆင်မခြင်လုပ်မှာ မဟုတ်ဘူး… ဖြစ်နိုင်တာက ငါတို့အားလုံးကို ထောင်ချောက်ဆင်ဖို့ အဲ့ဒီ ရွှေအမြုတေ ဆရာသခင် လန်ယွဲ့ရှီ သူ့အနားမှာ ရှိနေနိုင်တယ်.."

"မဖြစ်နိုင်တာ… ဒါကြီးကတော့ အရမ်းများလွန်းသွားပြီ…"

"ဟုတ်တယ်.. ငါတို့ ပြောနေတာ ရွှေအမြုတေ ဆရာသခင် တစ်ယောက်နော်.. သူက ဟိုလူချောလေး ခိုင်းတိုင်း လုပ်ရမယ့်သူ ဖြစ်နိုင်ပါ့မလား.. မင်းဟာက တစ်စိတ်ကို တစ်အိတ်လုပ်နေတာ…"

“အေးလေ.. ငါ ခုနကပဲ ပတ်ဝန်းကျင်ကို စစ်ကြည့်ပြီးသား.. ဟိုကောင်လေးကလွဲလို့ တခြား အင်မော်တယ်ရှားဂိုဏ်း ကျင့်ကြံသူတွေ တစ်ယောက်မှမရှိဘူး.. သူ တစ်ယောက်တည်း လာတာ သေချာတယ်.."

"မင်းက ဘာမှ မဟုတ်တာကို အပိုတွေလုပ်နေတာ.. အောင်မြင်မှုက လက်တစ်ကမ်းတောင် ရောက်နေပြီ.. ငါတို့ ဘယ်လိုနောက်ဆုတ်နိုင်မှာလဲ…”

အခြေတည်အဆင့် မိစ္ဆာကျင့်ကြံသူများ မကျေမနပ် ဖြစ်သွားကြပြီး၊ ခန်းယွမ်သည် သွေးကြောင်ပြီး အလွန်အမင်း ကြောက်လန့်နေသည်ဟု ထင်လိုက်ကြသည်။

"မင်းတို့ ဘယ်လိုထင်ထင် သောက်ဂရုမစိုက်ဘူး..ဒါပေမဲ့ ငါကတော့ ဒီတာဝန်ကနေ နှုတ်ထွက်ပြီ..ဒါပဲ.."

ခန်းယွမ်သည် အခြားသူများ၏ အတွေးများကို ဂရုမစိုက်ဘဲ ဆုတ်ခွာရန်သာ စိတ်အားထက်သန်နေသည်။

ဤသို့ ပြင်းထန်သော အန္တရာယ် ခံစားချက်ကိုရရှိခြင်းမှာ သူသည် အန္တရာယ်ကို ရှောင်ရှားနိုင်သည့် ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားသောကြောင့် ဖြစ်၏။

ထို့ကြောင့် သူသည် အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း၊ ကျရောက်တော့မည့် ဘေးအန္တရာယ်ကို ဆဌမအာရုံဖြင့် ပြင်းပြင်းထန်ထန် ခံစားမိတတ်သည်။

ဤပင်ကိုအသိစိတ်ဖြင့်ပင် သူသည် မရေမတွက်နိုင်သော အသက်ဘေးများမှ ရှောင်တိမ်းနိုင်ခဲ့သည်။

ယခုတစ်ကြိမ်တွင်လည်း ထိုအချက်ပြနိမိတ်သည် ပို၍ပင် ပြင်းထန်လာသည်။

ထို့ကြောင့် သူသည် ဂနာမငြိမ် ဖြစ်နေပြီး၊ ဤတာဝန်ကို လက်ခံခဲ့သည့်အတွက် နောင်တပင် ရနေမိသည်။

"စိတ်ဝင်စားဖို့ကောင်းသားပဲ.. မင်းက အန္တရာယ်ကို အာရုံခံနိုင်တယ်ပေါ့.."

"အဲ့ဒီတော့ ပိုပြီးတော့တောင် မင်းတို့ကို အလွတ်ပေးလို့ မဖြစ်တော့ဘူး.."

ဤအခိုက်အတန့်တွင်၊ အသံတစ်ခုက တောင်ကြားထဲတွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။

အသံပိုင်ရှင်မှာ ကျိုးစွေ့ပင် ဖြစ်၏။

အရောင်းအဝယ် လုပ်မည့်နေရာကို သိရှိပြီးနောက်၊ ကျိုးစွေ့သည် ကိုယ်ပွားတစ်ခုကို နှင်းဆီတိမ်တိုက်တောထဲသို့ စေ့စေ့စပ်စပ် ရှာဖွေရန် ချက်ချင်းစေလွှတ်ခဲ့သည်။

အခြေတည်အစောပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးကတည်းက၊ သူသည် ကိုယ်ပွား ၁၈ယောက်ကို ကျင့်ကြံမွေးမြူထားခဲ့သည်။

ထို့ကြောင့် ထိုကိုယ်ပွား၁၈ယောက်၏ စုပေါင်းစွမ်းအားဖြင့် ပတ်ဝန်းကျင်သစ်တောကို ရှာဖွေနိုင်ခဲံပြီး၊ ဤမိစ္ဆာကျင့်ကြံသူလေးဦး၏ တည်ရှိမှုကို သူ အာရုံခံမိခဲ့သည်။

ထို့နောက်၊ သူ၏ ကိုယ်ပွားတစ်ယောက်အား ကူပိုးကောင်တပ်ဖွဲ့ကို တောင်ကြားထဲသို့ ဦးဆောင်ကာ တိုက်ခိုက်စေခဲ့သည်။

ဟူးလား..။

အသံနှင့်အတူ ‘အိပ်မက်ဝိညာဉ်ကူ’၏ စွမ်းအားက ပေါက်ကွဲထွက်လာသည်။

အိပ်မက်ဆိုး စွမ်းရည်…။

'အိပ်မက်ဝိညာဉ်ကူ'သည် အဆင့်နှစ် အလယ်အလတ်သို့ တက်လှမ်းထားပြီး ဖြစ်ရာ၊ ၎င်း၏ စွမ်းအားသည် ယခင်ကထက် ဆယ်ဆမက ပိုမိုအားကောင်းသည်။

ကျိုးစွေ့၏ အစွမ်းထက်ဝိညာဉ်စွမ်းအားနှင့် တွဲဖက်လိုက်ပါက၊ ၎င်းသည် အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ ထိခိုက်နိုင်သည်။

အစောပိုင်းနှင့် အလယ်အလတ်အဆင့် အခြေတည်ကျင့်ကြံသူများအတွက်မူ စကားထဲထည့်ပြောနေစရာပင် မလိုတော့။

ဝှီး…။

ချက်ချင်းဆိုသလိုပင်၊ ခန်းယွမ်နှင့် အခြား တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူ လေးဦးလုံးသည် မူးဝေပြီး လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့၏ဝိညာဉ်များကို အိပ်မက်ဆိုးကမ္ဘာထဲသို့ ဆွဲခေါ်သွားသကဲ့သို့ပင်။

၎င်းသည် နက်ရှိုင်းသော အိပ်မက်ကမ္ဘာတစ်ခုထဲသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရပြီး၊ အပြင်ဘက်လက်တွေ့၌ တိုက်ခိုက်ခံရလျှင်ပင် အလွယ်တကူ နိုးထလာနိုင်တော့မည် မဟုတ်ချေ။

"မကောင်းတော့ဘူး…"

ခန်းယွမ်၏ ဆံပင်များ ထောင်သွားသည်။ အလယ်အလတ်အဆင့် အခြေတည် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက်၊ သူသည် ဝိညာဉ်ကို ကာကွယ်ရန် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ၎င်းမှာ အစွမ်းထက်ပုံရိပ်ယောင်အတတ်များကို တွန်းလှန်နိုင်စွမ်းရှိသော 'မိစ္ဆာဝိညာဉ် လက်ဝတ်ရတနာ' ဖြစ်သည်။

ထို့ကြောင့် တခြားသော အစောပိုင်း အခြေတည်အဆင့် ကျင့်ကြံသူများကဲ့သို့ သူသည် အိပ်မက်ကမ္ဘာထဲကို ဆွဲသွင်းမခံလိုက်ရချေ။

သို့သော်ငြား၊ တစ်စုံတစ်ယောက်က သူ့ခေါင်းအား တူဖြင့်ထုလိုက်သကဲ့သို့ မူးဝေမှုကို ခံစားလိုက်ရပြီး၊ မေ့လဲလုမတတ် ဖြစ်သွားသည်။

ဟူးလား..။

သို့သော် ထိုအခိုက်အတန့်တွင်၊ ပိုးကောင်တစ်ရာခန့်က ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်ပေါက်လာသည်။

သူတို့သည် တောင်ပံများကို ခတ်လိုက်ကြပြီး ထိုဧရိယာအား အပြည့်အဝ ဝန်းရံလိုက်ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်သွားများနှင့် ချွန်ထက်သောလက်သည်းများကို ထုတ်ဖော်ထားကြပြီး၊ ၎င်းတို့ခန္ဓာကိုယ်အား လွှမ်းခြုံထားသည် နက်ရွှေရောင် အရှိန်အဝါက ကြမ်းကြုတ်ရက်စက်မှုအား ထုတ်လွှတ်နေချေသည်။

၎င်းတို့သည် အဆင့်နှစ် ရွှေစားပိုးကောင်များ ဖြစ်ကြ၏။

All Chapters