ကံကောင်းခြင်း သယ်ဆောင်လာသူ၊ တစ္ဆေမိစ္ဆာဂိုဏ်း၏ ရက်ရောမှုအတွက် ကျေးဇူးတင်ရှိခြင်း။
Vol. 13 Ch. 175
"သေစမ်းကွာ.. ငါ အကုန်ထုတ်သုံးမှ ရတော့မယ်.."
ခန်းယွမ် တုန်လှုပ်ခြောက်ခြားကာ ဒေါသတကြီးဖြစ်သွားသည်။
စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုသည့် ရန်သူကိုပင် မတွေ့ရသေးဘဲ၊ ယခုအခါ ကြောက်မက်ဖွယ်ကောင်းသည့် ထူးဆန်းသော ပိုးကောင်အုပ်ကြီးနှင့် ထပ်မံရင်ဆိုင်လိုက်ရပြီး၊ ချက်ချင်းဆိုသလိုပင် သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိသွားတော့သည်။
ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် အငွေ့အသက်များက ဧရိယာတစ်ခုစလုံးအား လွှမ်းခြုံထားပြီး၊ သူသည် ဘက်ပေါင်းစုံမှ ချုံခိုတိုက်ခိုက်ခံနေရသကဲ့သို့ ဖြစ်နေသည်။
မည်သည့်လမ်းကြောင်းမှ ဖောက်ထွက်ရန် ကြိုးစားသည်ဖြစ်စေ၊ ရန်သူ၏ တိုက်ခိုက်ခြင်းကို ခံရပေမည်။
သူသည် အမှန်တကယ်ပင် သေရေးရှင်ရေးလမ်းဆုံးတစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် သူသည် အူများအသည်းများပင် စိမ်းလုအောင် အလွန်အမင်းနောင်တရနေတော့သည်။
အကယ်၍ ကျိုးစွေ့က ဤမျှလျှို့ဝှက်စွာ ပြင်ဆင်ထားမှန်းသာ သိခဲ့လျှင်မူ၊ သေအောင် ရိုက်သတ်ခံရလျှင်ပင် ဤတာဝန်ကို လက်ခံခဲ့မည် မဟုတ်ပေ။
သို့သော် အရာအားလုံးအတွက် အရမ်းနောက်ကျသွားလေပြီ၊ ဤလောကတွင် နောင်တအတွက် ဆေး မရှိပေ။
ဝှစ်..။
နောက်တစ်စက္ကန့်တွင်၊ သူသည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ဖြစ်သော 'သွေးမိစ္ဆာဓား' ကို ဆွဲထုတ်လိုက်သည်။ ကြောက်မက်ဖွယ် မိစ္ဆာချီများ ပေါက်ကွဲထွက်လာပြီး၊ ကောင်းကင်သို့တက်ကာ သူ့ပတ်ဝန်းကျင် မိုင်ပေါင်းများစွာ အကျယ်အဝန်းကို လွှမ်းခြုံသွားသည်။
ခန်းယွမ်၏ မျက်နှာသည် ကြမ်းတမ်းခက်ထန်နေပြီး၊ သူ့အတွင်းရှိ မှော်စွမ်းအားပမာဏများစွာကို အရူးအမူး လှည့်ပတ်လိုက်ကာ ချက်ချင်းပင် ကြောက်မက်ဖွယ် သွေးနီရောင် ဓားအလင်းတန်းတစ်ခုကို ဖြစ်ပေါ်စေပြီး၊ ရွှေစားပိုးကောင်အုပ်ကြီးထံသို့ ခုတ်ပိုင်းချလိုက်သည်။
ဤဓားချက်၏ စွမ်းအားသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှပြီး၊ တောင်ကုန်းငယ်လေးတစ်လုံးကို နှစ်ပိုင်းပိုင်းရန် လုံလောက်ပေသည်။
တစ္ဆေများ၊ ဝံပုလွေများကဲ့သို့ ငိုကြွေးအော်ဟစ်သံများ လေထဲတွင် ဝိုးတစ်ဝါး ပဲ့တင်ထပ်သွားသည်။ မရေမတွက်နိုင်သော နာကျည်းဝိညာဉ်များ အော်ဟစ်နေကြသည့်အလား ကျောရိုးထဲတိုင် စိမ့်တက်သွားစေနိုင်သည်။
သွေးနီရောင် ဓားအလင်းတန်းသည် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး အရာအားလုံးကို ထိုးဖောက်နိုင်သည်။
သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဤဓားချက်နှင့် ရင်ဆိုင်ရပါက၊ ချက်ချင်း နှစ်ပိုင်းပြတ်ကာ သေဆုံးသွားပေမည်။
ဤအခိုက်အတန့်တွင် ရွှေစားပိုးကောင်ရာပေါင်းများစွာသည် သူ့ထံသို့ ပြေးဝင်လာကြပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်များမှ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ကာ လိပ်ခွံတစ်ခုနှင့်တူသော ရွှေရောင်အတားအဆီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။
၎င်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်ရွန်းသင်္ကေတများ ပေါ်ထွက်လာပြီး၊ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
ထန်..။
ဖြစ်ပျက်သွားသည်များမှာ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းယွမ်၏ အစွမ်းကုန်သုံးထားသော ဓားချက်သည် ရွှေရောင်အတားအဆီးပေါ်သို့ ကျရောက်သွားပြီး၊ သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာကာ မီးပွားများပင် လွင့်စင်လာကာ သံမဏိအား ခုတ်ပိုင်းလိုက်ရသည့်အလား သူခံစားလိုက်ရသည်။
သို့သော် ထိုမျှသာဖြစ်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ဖြစ်သော သွေးမိစ္ဆာဓားသည် နောက်ထပ် တစ်လက်မမျှပင် ရှေ့မတိုးနိုင်တော့ချေ။
အဆင့်နှစ်သို့ တက်လှမ်းထားပြီးသော ရွှေစားပိုးကောင်များ၏ ခုခံကာကွယ်မှုသည်လည်း အဆပေါင်းများစွာ တိုးပွားလာခဲ့သည်မှာ ထင်ရှားလှသည်။
အလယ်အလတ်အဆင့် အခြေတည်ကျင့်ကြံသူတစ်ဦး၏ အစွမ်းထက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် အလွယ်တကူ ခုခံနိုင်ခဲ့သည်။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ…"
ဤမြင်ကွင်းကို မြင်သောအခါ၊ ခန်းယွမ်သည် သူ၏မျက်လုံးများကိုပင် မယုံနိုင်ဖြစ်သွားသည်။ သူ၏ အစွမ်းကုန်တိုက်ခိုက်မှုက ဤထူးဆန်းသော ပိုးကောင်အုပ်ကြီးပေါ်သို့ ကျရောက်ခဲ့သော်လည်း လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ ဤပိုးကောင်များသည် သူ၏ဓားချက်အား မည်သည့်အားစိုက်ထုတ်မှုမျှမလုပ်ဘဲ လွယ်လင့်တကူ တားဆီးလိုက်နိုင်သည်။
ပိုးကောင်များသည် နောက်မဆုတ်သွားသည့်အပြင်၊ သူ့ထံသို့ ပိုမို ကြမ်းတမ်းစွာ ပြေးဝင်လာကြသည်။
အကယ်၍ သူသာ မျက်စိဖြင့် ကိုယ်တိုင်မမြင်ခဲ့ရပါက၊ ယုံကြည်မိမည် မဟုတ်ပေ။
သိထားရမည်မှာ၊ အဆင့်တူ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရပါက၊ သူ၏ တိုက်ခိုက်မှုသည် ပြိုင်ဘက်ကို ကြောက်လန့်တကြား နောက်ဆုတ်သွားစေနိုင်သည်။
အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုတိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ဝံ့မည်မဟုတ်ဘဲ ရှောင်ရှားရမည်သာ ဖြစ်၏။
ဘန်း…။
သူ မည်သို့ တန်ပြန်တိုက်ခိုက်ရမည်ကို မစဉ်းစားနိုင်မီမှာပင် ရွှေစားပိုးကောင်များ ဒေါသထွက်သွားကြသည်။ သူ၏တိုက်ခိုက်မှုက ၎င်းတို့အား လုံးဝ ဒေါသထွက်စေခဲ့ပြီး၊ သူတို့၏ ရက်စက်ကြမ်းတမ်းမှုကို နှိုးဆော်လိုက်ရာ ကြမ်းတမ်းသော အငွေ့အသက်များ အပြင်သို့ ပေါက်ကွဲထွက်လာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။
ရွှီး.. ရွှီး…။
ဤအခိုက်အတန့်တွင်၊ ရွှေရောင်ဓားအလင်းတန်းများက ရွှေစားပိုးကောင်များ၏ခန္ဓာကိုယ်များမှ ထွက်ပေါ်လာကြပြီး လျှပ်စီးအလျင်ဖြင့် သူ့ထံသို့ ပြေးဝင်လာကာ၊ မယုံနိုင်စရာအရှိန်ကြောင့် လေချွန်သံများ အဆက်မပြတ်ထွက်ပေါ်နေတော့သည်။
ထိုသို့သော ဓားအလင်းတန်းများသည် အဆုံးမရှိသော မုန်တိုင်းတစ်ခုကို နှိုးဆော်လိုက်ပြီး၊ လေထုအား ခွင်းကာ လေဓားသွားများဖွဲ့စည်းလိုက်သည်။
အကာအကွယ်ချိုးဖြတ်ခြင်း စွမ်းရည်…။
ဓားကျင့်ကြံသူများ ထုတ်ဖော်သော မည်သည့်အရာကိုမဆို ချိုးဖျက်နိုင်သော ကြောက်မက်ဖွယ်စွမ်းအားပါဝင်သည့် ဓားအလင်းတန်းများကဲ့သို့ပင်။
ခလွပ်…။
တိုက်ခိုက်မှု တစ်ခုတည်းဖြင့် သူ၏ကာကွယ်ရေး ဝိညာဉ်လက်နက်သည် တို့ဟူးကဲ့သို့ ဖောက်ထွင်းခံရကာ ချက်ချင်းပင် ကွဲအက်သွားသည်။ ယခုအခါ သူ၏ခန္ဓာကိုယ်သည် ပျားအုံကဲ့သို့ အပေါက်များဖြင့် ပြည့်နှက်သွားသည်။
သွေးအမြောက်အများပန်းထွက်လာပြီး ကြမ်းပြင်တစ်ခုစလုံး သူ၏သွေးများဖြင့် နီရဲသွားတော့သည်။
"ဒါ..ဒါ…"
ခန်းယွမ်၏ မျက်လုံးများ ပြူးကျယ်သွားကာ ရင်ထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး၊ သူ၏အသက်စွမ်းအင် လျင်မြန်စွာ ဆုတ်ယုတ်သွားသည်ကို ခံစားလိုက်ရသည်။
ရန်သူ၏မျက်နှာကိုပင် မမြင်လိုက်ရဘဲ သူ၏ကျဆုံးခြင်းမှာ လျင်မြန်လွန်းလှသည်ဟု ခံစားမိသည်။
သူ ဤနေရာတွင် ဤမျှ ဆိုးဆိုးရွားရွား သေဆုံးသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မှန်ပေသည်၊ သေဆုံးသွားသည်မှာ သူတစ်ယောက်တည်း မဟုတ်ပေ။
သူ၏အခြေတည် အစောပိုင်းအဆင့် အဖော်သုံးဦးသည်လည်း အိပ်မက်ဆိုးကမ္ဘာထဲသို့ ဆွဲသွင်းခံလိုက်ရသည့် အခိုက်အတန့်၌ ရွှေစားပိုးကောင်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး၊ ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားသည်။
သေဆုံးသွားသည့်တိုင်၊ ဘာဖြစ်သွားသည်ကိုပင် မသိလိုက်ကြချေ။
တစ်ယောက်ချင်းစီ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားပြီး၊ မျက်လုံးများ ပြူးကျယ်နေတော့သည်။
…
ခဏအကြာ။
တောင်ကြားထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ယင်းမှာ ကျိုးစွေ့၏ ကိုယ်ပွားများထဲမှ တစ်ယောက် ဖြစ်သည်။
သူသည် ကြာမြင့်စွာကတည်းက သေဆုံးသွားပြီဖြစ်သော ခန်းယွမ်နှင့် အခြားသူများကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
ယခုအခါ၊ သူတို့ သေဟန်ဆောင်နေမည်ကို သူ မကြောက်တော့ပေ။
မည်သို့ပင်ဖြစ်စေ၊ သူသည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပြီး၊ ချုံခိုတိုက်ခိုက်ခံရလျှင်ပင် ၎င်းသည် ခန္ဓာကိုယ်အစစ်ကို အနည်းငယ်မျှ ထိခိုက်စေမည် မဟုတ်ပေ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ… 'အိပ်မက်ဝိညာဉ်ကူ'နဲ့ 'ရွှေစားပိုးကောင်'တွေက အဆင့်နှစ်ကိုရောက်ပြီးတဲ့အခါ ပိုသန်မာလာတာပဲ.."
" အခြေတည်အဆင့် ကျင့်ကြံသူ လေးယောက်နဲ့ ရင်ဆိုင်ရတာတောင်.. ချက်ချင်း သတ်ဖြတ်နိုင်တယ်.."
ကျိုးစွေ့ များစွာ ကျေနပ်သွားသည်။
ယင်းက စမ်းသပ်မှုတစ်ခုသာ ဖြစ်၏။ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသ်သုံးဦးနှင့် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရခြင်းသည် ဖရဲသီးခွဲရသည့်အလား လွယ်ကူလှသည်။
ခြုံခိုတိုက်ခိုက်ခြင်း၏ အားသာချက်ကြောင့် ဖြစ်သော်လည်း၊ အဆင့်နှစ်ရှိ ကူပိုးကောင်များ ပြသခဲ့သော စွမ်းအားသည် စိတ်ကူးထားသည်ထက် ကျော်လွန်ကြောင်း သူ ဝန်ခံရပေမည်။
၎င်းသည် သာမန် အခြေတည်အဆင့် ကျင့်ကြံသူများ နှိုင်းယှဉ်နိုင်သော အရာ မဟုတ်ပေ။
ထင်ရှားသည်မှာ၊ သူ၏ လက်ရှိတိုက်ခိုက်ရေး စွမ်းအားသည် အခြေတည်အဆင့် ကျင့်ကြံသူ အများအပြားထဲတွင် သေချာပေါက် နိမ့်ကျနေမည်မဟုတ်ချေ။
"ဝိညာဉ်ရှာဖွေခြင်း..”
ကျိုးစွေ့၏ အတွေးတစ်ချက်နှင့်အတူ၊ ‘အိပ်မက်ဝိညာဉ်ကူ’သည် သေဆုံးသွားသော အခြေတည်အဆင့် ကျင့်ကြံသူလေးဦး၏ ဝိညာဉ်များကို ချက်ချင်း ဝါးမျိုလိုက်သည်။
‘အိပ်မက်ဝိညာဉ်ကူ’သည် အလွန် စိတ်လှုပ်ရှားသွားပြီး၊ ၎င်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များ တိုးပွားလာကာ အိပ်မက်ကမ္ဘာ နေရာသည်လည်း ကျယ်ပြန့်လာသည်။ ၎င်းသည် နောက်ထပ် အိပ်မက်ပူဖောင်းလေးခု ဖန်တီးလိုက်ပုံရပြီး ကြီးမားလှသော မှတ်ဉာဏ်များ ပမာဏသည် ဒီရေလှိုင်းလုံးကြီးတစ်ခုကဲ့သို့ တိုးဝင်လာသည်။
ယခုအခါ သူသည် မည်သူက သူ့အား ပစ်မှတ်ထားနေသည်နှင့် ဇာတ်လမ်းတစ်ခုစလုံးအား နားလည်သွားသည်။
"တစ္ဆေမိစ္ဆာဂိုဏ်းပဲလား… နောက်ထပ် ဒီမိစ္ဆာဂိုဏ်းပဲလား.."
"ဒါနဲ့ဆို သုံးကြိမ် လေးကြိမ်တောင် ရှိနေပြီ.. သူတို့ ငါ့နောက်ကို လူတွေ ဆက်လွှတ်နေတုန်းပဲ…"
ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
မည်သူက သူ့ကို ပစ်မှတ်ထားနေသည်ကို သူ ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။ ထင်ရှားသည်မှာ၊ တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်လော့ဟွာသည် သူ၏ရှုံးနိမ့်မှုကို လက်သင့်မခံနိုင်ဘဲ ဆက်လက် လက်စားချေလိုနေခြင်း ဖြစ်သည်။
သူသည် လန်ယွဲ့ရှီကို မသတ်နိုင်သောကြောင့်၊ သူ့အား အစားထိုးကာ သတ်ဖြတ်လိုခြင်းဖြစ်သည်။
‘အားနည်းသူကို ဦးစားပေး ရွေးချယ်တိုက်ခိုက်သင့်သည်’ဟူသော ဆိုရိုးစကား ရှိပြီး၊ သူသည် ထိုရွေးချယ်ခံရသော ပျော့ညံ့သည့်ပစ်မှတ် ဖြစ်ခဲ့ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် သူသည် အမြဲတမ်း သတိကြီးပြီး သူ၏အသက်ကို ဘယ်တုံးကမျှ စွန့်စားခြင်း မပြုခဲ့ပေ။ သို့မဟုတ်ပါက၊ သူသည် တစ္ဆေမိစ္ဆာဂိုဏ်း၏ ထောင်ချောက်ထဲသို့ အမှန်တကယ် ကျရောက်သွားနိုင်ခဲ့သည်။
ထို့အပြင်၊ ယခုအခါ အရာအားလုံးက ကွဲပြားသွားချေပြီ။
တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်လော့ဟွာကိုယ်တိုင် လှုပ်ရှားခြင်း မရှိပါက၊ သာမန် အခြေတည်အဆင့် ကျင့်ကြံသူများ သူ့ကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သော အရူးအိပ်မက်သာ ဖြစ်၏။
"အင်း ဒီကိစ္စက မကောင်းတဲ့ကိစ္စတော့လည်း မဟုတ်သေးဘူး.."
"ငါ့ကို ဂိုဏ်းထဲကနေ မျှားခေါ်ဖို့.. သူတို့က တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲက လေမဲ့မြက်ကို တကယ်ကြီး ထုတ်ယူလာခဲ့ကြတယ်.."
"တကယ်ကို အံ့ဩစရာပဲ…"
"တကယ်လို့ တစ္ဆေမိစ္ဆာဂိုဏ်းသာ မရှိခဲ့ရင်.. ငါ လေမဲ့မြက်ကို ဘယ်အချိန်မှ ရနိုင်မလဲ မသိဘူး…"
"ဒီလိုဆိုတော့လည်း… တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ရက်ရောမှုအတွက် ငါ ကျေးဇူးတင်သင့်တယ်…"
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
အခြေတည်အဆင့် ကျင့်ကြံသူလေးဦး၏ သိုလှောင်အိတ်များထဲတွင် လေမဲ့မြက်တစ်ပင် အမှန်တကယ် ရှိနေသည်ကို သူ အာရုံခံမိလိုက်သည်။
၎င်းသည် သူလိုအပ်နေသော အဓိကပါဝင်ပစ္စည်း အတိအကျပင်။
ဤလေမဲ့မြက်ဖြင့် သူသည် ‘တည်နေရာပြောင်းကူ’ကို ဖန်တီးသန့်စင်နိုင်တော့မည် ဖြစ်ပြီး၊ ၎င်းသည် အနာဂတ်တွင် သူ၏လုံခြုံရေးကို အကြီးအကျယ် အာမခံချက် ပေးပေလိမ့်မည်။
ထို့ကြောင့် သူသည် လေမဲ့မြက်ကို ရှာဖွေရမည့် အချိန်များစွာအား ချွေတာပေးခဲ့သော တစ္ဆေမိစ္ဆာဂိုဏ်း၏ လုပ်ရပ်များအတွက် ကျေးဇူးတင်သင့်သည် မဟုတ်လော။
မည်သို့ပင်ဆိုစေကာမူ၊ ထိုကဲ့သို့သော အထူး စိတ်ဝိညာဉ်ဆေးတစ်မျိုးကို ရှာဖွေရခြင်းသည် ရိုးရှင်းသော ကိစ္စ မဟုတ်ပေ။