ငါ့ဘက်မှာ အင်မော်တယ်ရှားဂိုဏ်း ရှိနေတဲ့အချိန် ဘယ်သူက လက်တုံ့ပြန်ရဲမှာလဲ။
Vol. 13 Ch. 176
"အကြီးအကဲကျိုး.. ကျွန်တော့်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေက ရှေ့ကတောင်ကြားထဲမှာပါပဲ"
ဤအချိန်တွင် ယွီဝမ်ရိ၏ အသံ ထွက်ပေါ်လာပြီး၊ သူသည် ကျိုးစွေ့၏ နောက်ထပ်ကိုယ်ပွားတစ်ယောက်အား တောင်ကြားထဲသို့ ဦးဆောင် ခေါ်လာခဲ့သည်။
မကြာမီပင်၊ မလှမ်းမကမ်းတွင် ရပ်နေသော ကျိုးစွေ့နောက်တစ်ယောက်အား သူ မြင်လိုက်ရပြီး ချက်ချင်းပင် ကြက်သေသေသွားသည်။
"ဒါ..ဒါ.. ဘာတွေဖြစ်နေတာလဲ.. ဒီနေရာမှာ ဒုတိယမြောက် အကြီးအကဲကျိုး ဘယ်လိုလုပ် ရှိနေရတာလဲ.."
သူသည် လုံးဝရှုပ်ထွေးသွားပြီး သူ၏မျက်စိများကိုပင် မယုံနိုင်ဖြစ်သွားသည်။
ဤလောကတွင် ကျိုးစွေ့ နှစ်ယောက် ရှိနေသည်မှာ ယုံကြည်ရန် လွန်စွာ ထူးဆန်းလွန်းသည်။ ဘာတွေ ဖြစ်ပျက်နေသည်ကို သူ နားမလည်နိုင်တော့ပေ။
"ရင်းနှီးတဲ့မိတ်ဆွေ ဟုတ်လား.. မင်းပြောတာ ဒီတစ္ဆေမိစ္ဆာဂိုဏ်းက အခြေတည်အဆင့် အကြီးအကဲတွေလား… ဟဟ.."
ကိုယ်ပွားနှစ်ယောက်လုံးက ယွီဝမ်ရိကို ပြုံးစိစိဖြင့် ကြည့်လိုက်သည်။
ဘာရယ်..။
ဤသို့ ကြားလိုက်ရသောအခါ ယွီဝမ်ရိ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး ပြာနှမ်းသွားသည်။ သူသည်လည်း မြေပြင်ပေါ်တွင် လဲကျနေသော အလောင်း၄လောင်းကို မြင်တွေ့လိုက်ရသည်။
သူတို့သည် အမှန်တကယ်ပင် တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့်အကြီးအကဲ လေးဦး ဖြစ်ကြသည်။
ဤကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူ၏ မူလတာဝန်မှာ ကျိုးစွေ့ကို ချောင်းမြောင်းသတ်ဖြတ်နိုင်ရန် ဤနေရာသို့ ခေါ်ဆောင်လာရန်သာ ဖြစ်သည်။
မှန်ပေသည်၊ ဤကိစ္စ ပေါ်ပေါက်သွားပြီးနောက် သူသည် အင်မော်တယ်ရှားဂိုဏ်းတွင် ဆက်လက် နေထိုင်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် အင်မော်တယ်ရှားဂိုဏ်း၏ နယ်မြေမှ တစ်ခါတည်း အပြီးတိုင် ထွက်ခွာသွားရန်၊ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။
သို့သော် ယခုမူ၊ ဤတစ္ဆေမိစ္ဆာဂိုဏ်းမှ အကြီးအကဲ လေးဦးစလုံး ဤနေရာတွင် အသေဆိုးဖြင့် သေဆုံးခဲ့ပြီး ၎င်းတို့၏ခန္ဓာကိုယ်များပင် အကောင်းအတိုင်း မကျန်ရစ်ခဲ့ပေ။
တစ္ဆေမိစ္ဆာဂိုဏ်း၏ အစီအစဉ်သည် လုံးဝ ကျရှုံးသွားခဲ့ပြီမှာ ထင်ရှားလှသည်။
သူ၏ရည်ရွယ်ချက်များအား ကျိုးစွေ့က ကြာမြင့်စွာကတည်းက သိမြင်ထားပြီးသား ဖြစ်ပြီး၊ အစကတည်းက ထိုမအူမလည်ပုံစံကျိုးစွေ့က သူ့အား ကစားနေခြင်းသာ ဖြစ်လေ၏။
"အကြီးအကဲကျိုး.. ဒါ နားလည်မှု လွဲတာပါ… နားလည်မှု လွဲတာပါ…"
ယွီဝမ်ရိက အော်ဟစ်လိုက်ပြီး တစ်စုံတစ်ခု ဆက်ပြောရန် ကြိုးစားလိုက်သည်။
ဘန်း…။
နောက်တစ်စက္ကန့်တွင်၊ မမြင်နိုင်သော မှော်စွမ်းအင်လှိုင်းလုံးတစ်ခုက ဖိချလိုက်ပြီး၊ သူ၏ခန္ဓာကိုယ်အား ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ချေမွပစ်လိုက်သည်။
သူသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ရုတ်တရက်သတ်ဖြတ်ခြင်းကို ခံလိုက်ရသကဲ့သို့၊ သူ့တွင် ရုန်းကန်နိုင်စွမ်းပင် မရှိဘဲ နေရာတွင်ပင် ပွဲချင်းပြီးသွားလေသည်။
အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်၊ သူသည် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူလေးမျှသာ ဖြစ်ရာ တန်ဖိုးမရှိလှပေ။
သူသည် မည်သည့်ခုခံမှုမျှပင် မလုပ်လိုက်နိုင်ဘဲ တစ်ချက်တည်းဖြင့် ရိုက်သတ်ခံလိုက်ရတော့သည်။
ကျိုးစွေ့သည် ယွီဝမ်ရိနှင့် စကားအပိုပြောရန် ပျင်းရိနေသည်။ သူသည် သူ့ကိုပင် သစ္စာဖောက်ခဲ့ပြီး တစ္ဆေမိစ္ဆာဂိုဏ်း၏သူလျှိုဖြစ်နေတာတောင်မှ သူ့ထံမှ သနားငဲ့ညှာမှုအား တောင်းခံချင်နေသေး၏။
သူ့အား အရူးတစ်ယောက်ဟု ထင်နေလေသည်လော။
ထို့ကြောင့် သူသည် စကားတစ်ခွန်းမျှ ဆိုမနေဘဲ လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်လိုက်ခြင်းသာ ဖြစ်သည်။
သင်ပြုသောကံသည် သင့်ထံသို့ ပြန်လာပေမည်။
…
"ဒီလူငါးယောက်ရဲ့ ခေါင်းတွေကို ယူသွားမယ်.."
ကျိုးစွေ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုလူငါးယောက်၏ ခေါင်းများကို ချက်ချင်း ယူဆောင်သွားလိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် ၎င်းတို့၏ အကြွင်းအကျန်များကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက် မရှိပေ။
ယခင်က၊ သူသည် အားနည်းပြီး ရန်သူများ၏ လက်စားချေခြင်းကို ကြောက်ရွံ့သောကြောင့် ထိုသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ခြေရာလက်ရာအားလုံးကို ဖျက်ဆီးပစ်ရန် လိုအပ်ခဲ့သည်။
သို့သော် ယခုတွင်မူ၊ သူ့တွင် ရွှေအမြုတေဂိုဏ်းဖြစ်သော အင်မော်တယ်ရှားဂိုဏ်း၏ ကျောထောက်နောက်ခံ ရှိနေချေပြီ။
ထို့အပြင်၊ သူ၏တာအိုလက်တွဲဖော် လန်ယွဲ့ရှီသည် ရွှေအမြုတေ ဆရာသခင်တစ်ဦး ဖြစ်သည်။
ရန်သူများ၏ လက်စားချေခြင်းကို သူ မည်ကဲ့သို့ ကြောက်ရွံ့နေရပါမည်နည်း။
ဆန့်ကျင်ဘက်အနေဖြင့်၊ တစ္ဆေမိစ္ဆာဂိုဏ်းသည်သာ သူ၏လက်စားချေမှုအား ကြောက်ရွံ့သင့်ပေသည်။ အခန်းကဏ္ဍများက ပြောင်းပြန်ဖြစ်သွားပြီဟု ဆိုနိုင်သည်။
သူသည် ခြေရာခံအမှတ်အသားများအား ဂရုပင်မစိုက်ဘဲ သိုလှောင်အိတ်များကို ပေါ့ပေါ့ပါးပါး ယူဆောင်လိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် အင်မော်တယ်ရှားဂိုဏ်း၏ ဌာနချုပ်တွင် နေထိုင်သည်။
ရန်သူက သူ ဘယ်မှာရှိနေသည်ကို သိသည့်တိုင်၊ အင်မော်တယ်ရှားဂိုဏ်းကို တိုက်ခိုက်ဝံ့မည်လော။
၎င်းသည် အားကောင်းသော ကျောထောက်နောက်ခံ ရှိခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်၏။
တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ အဘယ်ကြောင့် သတိကြီးစွာ ထားနေရမည်နည်း။ သူလက်တုံပြန်ခြင်းအား သတိထားရန် လိုသည်မှာ ရန်သူသာ ဖြစ်ပေသည်။
ဝှစ်…။
မကြာမီပင်၊ ကျိုးစွေ့သည် အင်မော်တယ်ရှားဂိုဏ်း၏ ဆေးလုံးတောင်ထွတ်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာခဲ့သည်။ မှန်ပေသည်၊ အခြားကိုယ်ပွားသည် ကူပိုးကောင်များနှင့်အတူ ထွက်ခွာသွားပြီး အနီးအနားရှိ တောင်တန်းများတွင် ပုန်းအောင်းနေလိုက်သည်။
"ရောင်းရင်းကျိုး.. ခင်ဗျား ဒီလောက်မြန်မြန် ပြန်လာတာပဲ.. အရောင်းအဝယ် အောင်မြင်ခဲ့လား…"
"ထူးဆန်းလိုက်တာ.. ကျုပ်တပည့် ယွီဝမ်ရိရော.. ဘာလို့ သူ ခင်ဗျားနဲ့ အတူ ပြန်မလာတာလဲ.."
ဆေးလုံးတောင်ထွတ်၏ တောင်ထွတ်သခင် မာချန်ကျွင်းက စူးစမ်းစွာ မေးလိုက်သည်။
"သူ သေပြီ.."
ကျိုးစွေ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး သွေးများစွန်းထင်းနေသော ခေါင်းငါးလုံးကို မြေပြင်ပေါ်သို့ ချက်ချင်း ချလိုက်သည်။
ဘာ…။
ဤသို့ ကြားလိုက်ရသောအခါ၊ ဆေးလုံးတောင်ထွတ်မှ အကြီးအကဲများ၏ မျက်နှာများ ဖြူဖျော့သွားပြီး၊ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ခေါင်းငါးလုံးကို စူးစိုက်ကြည့်နေမိသည်။
"သေစမ်း.. ဒါ တစ္ဆေမိစ္ဆာဂိုဏ်းက အခြေတည်အဆင့်အကြီးအကဲ ခန်းယွမ်မဟုတ်လား…"
" ခန်းယွမ်တစ်ယောက်တည်း မဟုတ်ဘူး…ဇန်ဟီ.. လျူကျောက်.. ကျောက်ဇီ… အားလုံး တစ္ဆေမိစ္ဆာဂိုဏ်းက အခြေတည်အဆင့်အကြီးအကဲတွေချည်းပဲ.."
"အရင်တိုက်ပွဲတုန်းက ငါတို့ အင်မော်တယ်ရှားဂိုဏ်းတပည့် အများကြီးကို သတ်ခဲ့တဲ့သူတွေ.. နက်ရှိုင်းတဲ့သွေးကြွေးရှိတဲ့ကောင်တွေပဲ.."
"ဒါပေမဲ့ အခု သူတို့ သေကုန်ပြီ.. ခေါင်းတွေပဲ ကျန်တော့တယ်.."
ဆေးလုံးတောင်ထွတ်မှ အကြီးအကဲများက ကျိုးစွေ့ကို မယုံနိုင်သလို ကြည့်လိုက်ကြသည်။
ချီသန့်စင်ခြင်းအဆင့် တပည့်ယွီဝမ်ရိမှလွဲ၍၊ ကျန်လေးဦးအား သူတို့ ချက်ချင်းမှတ်မိသည်။
နောက်ဆုံးတွင် အင်မော်တယ်ရှားဂိုဏ်းနှင့် တစ္ဆေမိစ္ဆာဂိုဏ်းတို့သည် နှစ်ပေါင်းများစွာ စစ်ဖြစ်ခဲ့ကြပြီး၊ နှစ်ဖက်စလုံးက ၎င်းတို့၏ ထိပ်တန်းပညာရှင်များကို ဖြန့်ကျက်ထားခဲ့သည်။
နှစ်ဖက်စလုံးမှ အခြေတည်အဆင့် အကြီးအကဲများသည် အခြေခံအားဖြင့် တစ်ဖက်နှင့်တစ်ဖက် ကောင်းကောင်းသိကြပြီး၊ ပြာကျသွားသည့်တိုင် သူတို့ မှတ်မိနိုင်ကြသည်။
"ရောင်းရင်းကျိုး.. ဒီအရောင်းအဝယ်က ထောင်ချောက်တစ်ခုလား…"
ဆေးလုံးတောင်ထွတ်၏ တောင်ထွတ်သခင် မာချန်ကျွင်း၏မျက်နှာ ဖြူဖျော့သွားသည်။ သူသည် ငတုံးတစ်ယောက် မဟုတ်သဖြင့် အခြေအနေကို လျင်မြန်စွာ သဘောပေါက်သွားသည်။
သူ၏တပည့် သေဆုံးမှု၊ တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့်အကြီးအကဲများ၏ သေဆုံးမှုနှင့် ဂိုဏ်းချုပ်၏ လက်တွဲဖော်ဖြစ်သူ ကျိုးစွေ့။
ဤဇာတ်ကောင်များ ပေါင်းစပ်လိုက်ခြင်းသည် ကြီးမားသော ပြဿနာများကို ညွှန်ပြနေပြီး၊ ၎င်းသည် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုကိုလည်း ကိုယ်စားပြုသည်။
"ဟုတ်တယ်…"
ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားရဲ့ အဲ့ဒီတပည့် ယွီဝမ်ရိက တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ သူလျှိုပဲ.. လေမဲ့မြက်ကို ငါးစားအဖြစ်သုံးပြီး ကျုပ်ကို ဂိုဏ်းအပြင်ဘက်ကို မျှားခေါ်ထုတ်တယ်.. ပြီးတော့ ကျုပ်ကို ချုံခိုတိုက်ခိုက်ဖို့ အခြေတည်အဆင့်အကြီးအကဲ လေးယောက်ကိုလည်း လွှတ်ထားတယ်..”
“ကံကောင်းစွာနဲ့ပဲ ကျုပ်ဆီမှာ ယွဲ့ရှီလက်ဆောင်ပေးထားတဲ့ တတိယအဆင့် အဆောင်တစ်ခု ရှိနေတယ်… အင်း.. ဒုတိယအဆင့် ထိပ်တန်းအဆောင် ဒါဇင်နည်းနည်းရောပေါ့.. သူတို့ သတိမရှိတဲ့ အခိုက်အတန့်မှာ ကျုပ်လျှပ်တစ်ပြတ် ဝင်တိုက်လိုက်တယ်… ဒါကြောင့်ပဲ တန်ပြန်တိုက်ခိုက်မှု အောင်မြင်သွားတာ.. မဟုတ်ရင် ကျုပ် သူတို့ ထောင်ချောက်ထဲ ကျသွားနိုင်တယ်.."
သူ၏တန်ပြန်တိုက်ခိုက်မှု ဖြစ်စဉ်ကို အတိုချုံး ရှင်းပြလိုက်သည်။
သူသည် ဤအခြေတည်အဆင့်အကြီးအကဲများကို တန်ပြန်သတ်ဖြတ်နိုင်ခဲ့သည့် သူ၏စွမ်းရည်ကို တတိယအဆင့် အဆောင်ကြောင့်ဟုသာ အကြောင်းပြလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ အဆောင်ဆိုသည်မှာ အရေးပေါ်အခြေအနေများတွင် အလှည့်အပြောင်းလုပ်ပေးနိုင်သည် ရတနာများထဲမှ တစ်ခုဖြစ်၏။
အထူးသဖြင့် တတိယအဆင့် အဆောင်တစ်ခု၏ စွမ်းအားသည် ရွှေအမြုတေ ဆရာသခင်တစ်ဦး၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်ပြီး၊ ၎င်းသည် အလွန်အမင်း တန်ဖိုးကြီးသည်။
ထိုကဲ့သို့သော တန်ဖိုးကြီး လက်နက်မျိုးကို ငွေပေး၍ပင် ဝယ်ယူမရပေ။
အင်မော်တယ်မြူခိုးကျွန်းတစ်ခုလုံးတွင် တတိယအဆင့် အဆောင်ပညာရှင်များမှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့ သူ့အား စစ်ဆေးမေးမြန်းမည်ကို မကြောက်ပေ။ မည်သူက ဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော်အား မေးခွန်းထုတ်ရဲမည်နည်း။ ၎င်းသည် သေမင်းကို လက်ယပ်ခေါ်နေခြင်း မဟုတ်လော။
"ဒါ…"
ဆေးလုံးတောင်ထွတ် အကြီးအကဲများစွာသည် ခန်းယွမ်နှင့် အခြားတစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့်အကြီးအကဲများကို သနားသည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
ထိုသနားစရာလူများက ဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော်အား ရန်စဝံ့ချေသည်။ ၎င်းသည် သေမင်းကို လက်ယပ်ခေါ်နေခြင်း မဟုတ်လော။
သူ့တွင် တတိယအဆင့် အဆောင်ပင် ရှိနေသေးသည်။ ဤကောင်ချောလေးသည် ဂိုဏ်းချုပ်ထံမှ မည်မျှ မျက်နှာသာပေးခံရသည်ကို စိတ်ကူးကြည့်နိုင်ပေသည်။ အဆောင်များကို အလကားရသည့်အလား ပေးကမ်းထားပေသည်။
သာမန်အခြေတည်အဆင့် ကျင့်ကြံသူများသာ ကျိုးစွေ့နှင့် တိုက်ခိုက်ရဲပါက၊ ၎င်းသည် နေရတာပျင်း၍ ကိုယ့်ကိုယ်ကို သတ်သေခြင်းသာ ဖြစ်၏။
“ရောင်းရင်းကျိုး.. ကျုပ် တကယ် တောင်းပန်ပါတယ်.."
"ဒီတစ်ကြိမ် ကျုပ်တို့ ဆေးလုံးတောင်ထွတ်က ကိစ္စရပ်တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်လို့ တစ္ဆေမိစ္ဆာဂိုဏ်းသူလျှိုတစ်ယောက် ပေါ်ထွက်လာရတာ.."
"ရောင်းရင်းကျိုး ကံကြီးလို့သာပေါ့.. မဟုတ်ရင် ဒီဘေးအန္တရာယ်ကို ရှောင်တိမ်းနိုင်ခဲ့မှာ မဟုတ်ဘူး.."
"ကျုပ် ရောင်းရင်းကျိုးကို ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်.."
"ဒီမှာ မူလရေစင်ဆေးလုံး ဆယ်ပုလင်းပါ.. ဒါက ကျုပ်တို့ ဆေးလုံးတောင်ထွတ်က လက်ဆောင်အနေနဲ့ ပေးတာပါ.. ခင်ဗျား အငြိုးမထားဘူးလို့ မျှော်လင့်ပါတယ်.."
ဆေးလုံးတောင်ထွတ်၏ တောင်ထွတ်သခင် မာချန်ကျွင်းသည် မူလရေစင်ဆေးလုံး ဆယ်ပုလင်းကို တွန့်ဆုတ်စွာ ထုတ်ယူလိုက်ရသည်။
သို့သော် သူ့တွင် အခြား ရွေးချယ်စရာ မရှိပေ။
မည်သို့ပင်ဖြစ်စေ၊ ဆေးလုံးတောင်ထွတ်တွင် တစ္ဆေမိစ္ဆာဂိုဏ်း သစ္စာဖောက်တစ်ဦး ပေါ်ထွက်လာခဲ့ခြင်းသည် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။
အကယ်၍ ဤတစ်ကြိမ်တွင် ကျိုးစွေ့သာ သေဆုံးသွားခဲ့ပါက၊ သူသည် ပြင်းထန်သော ပြစ်ဒဏ်နှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်သည်။
သူသည် လန်ယွဲ့ရှီ၏ အမျက်ဒေါသနှင့်ပင် ရင်ဆိုင်ရနိုင်ပြီး၊ ပြန်လမ်းမဲ့သည့် အခြေအနေသို့တိုင် ရောက်သွားနိုင်ပေသည်။
ကျိုးစွေ့ မည်သည့်ထိခိုက်မှုမျှ မရှိလျှင်ပင်၊ ကျိုးစွေ့၏ဒေါသကို ဖြေဖျောက်နိုင်ရန် လိုအပ်သည်။
သို့မဟုတ်ပါက၊ သူသည် ကြီးမားသောဒုက္ခနှင့် ရင်ဆိုင်ရနိုင်သည်။
ထို့ကြောင့် သူသည် ကျိုးစွေ့ကို နှုတ်ဆိတ်စေရန် မူလရေစင်ဆေးလုံး ဆယ်ပုလင်းကို ထုတ်ပေးခဲ့ရသည်။
"ကောင်းပြီ ဒီလိုဆိုရင်တော့.. ဒီကိစ္စကို ခင်ဗျားဆီပဲ ကျုပ် ထားခဲ့လိုက်မယ်.."
"နောင်အနာဂတ်မှာ ခင်ဗျားရဲ့ ဆေးလုံးတောင်ထွတ်ကနေ သစ္စာဖောက်တွေ ထပ်ပေါ်မလာတော့ဖို့ မျှော်လင့်ပါတယ်…"
ကျိုးစွေ့ အလွန် ကျေနပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤမူလရေစင်ဆေးလုံးများသည် အလွန် တန်ဖိုးကြီးသော ဒုတိယအဆင့် ဆေးလုံးများ ဖြစ်သောကြောင့် ဖြစ်၏။
၎င်း၏တန်ဖိုးသည် သူယခင်က ရရှိခဲ့သော မီးတောက်နီဆေးလုံး၊ ကြည်လင်သစ်သားဆေးလုံးတို့ထက် မနိမ့်ကျပေ။
ယခုအခါ တစ်ဖက်လူက ဆယ်ပုလင်း ထုတ်ပေးခဲ့သည်ဖြစ်ရာ၊ ၎င်းသည် သူတို့အတွက် အမှန်တကယ်ပင် သိသာထင်ရှားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
ထို့ကြောင့် ထုံးစံအတိုင်း သူသည် ၎င်းအပေါ် ဆက်လက် ငြင်းခုံနေ၍ မဖြစ်တော့ပေ။
ဤစကားများကို ပြောပြီးနောက်၊ သူ လှည့်ထွက်သွားပြီး အင်မော်တယ်ရှားတောင်ထွတ်သို့ ပြန်သွားတော့သည်။