‘တည်နေရာပြောင်းကူ’အား သန့်စင်ခြင်း၊ မိုင်ထောင်ချီ နေရာရွှေ့ပြောင်းခြင်း။
Vol. 13 Ch. 177
ဤအချိန်တွင်၊ အင်မော်တယ်ရှားတောင်ထွတ်။
"ဘာ.."
"ယောက်ျား.. ရှင် ခုလေးတင် တစ္ဆေမိစ္ဆာဂိုဏ်း အခြေတည်အဆင့်အကြီးအကဲတွေရဲ့ လုပ်ကြံမှုကို ခံခဲ့ရတယ် ဟုတ်လား.."
လန်ယွဲ့ရှီ၊ ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အားလုံး အံ့အားသင့်သွားကြသည်။ ကျိုးစွေ့ ပြောပြသော ဖြစ်ပျက်ခဲ့သည့်အရာကို ကြားသိလိုက်ရပြီး အလွန် ထိတ်လန့်သွားကာ၊ သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်သော အမူအရာများ ပြည့်နှက်သွားသည်။
"စိတ်မပူကြပါနဲ့.. အပြင်ထွက်သွားတာ ငါ့ရဲ့ကိုယ်ပွားပါ.."
"ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ဒီအင်မော်တယ်ရှားတောင်ထွတ်မှာ ရှိနေတုန်းပဲလေ.."
"မမျှော်လင့်တာတစ်ခုခု ဖြစ်ခဲ့ရင်တောင်.. ကိုယ်ပွား ဆုံးရှုံးသွားတာထက် မပိုဘူး.."
ကျိုးစွေ့က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"ကိုယ်ပွားလား.. တော်ပါသေးရဲ့.. အခုမှပဲ စိတ်သက်သာရာရတော့တယ်.."
ဤသို့ ကြားလိုက်ရသောအခါ၊ ကျိပင်းယွီနှင့် အခြားသူများ သက်ပြင်းချလိုက်ကြသည်။
သူတို့၏ယောက်ကျား ကျိုးစွေ့သည် ကိုယ်ပွားပညာတွင် ကျွမ်းကျင်ပြီး၊ သူ၏ကိုယ်ပွားများသည် ခန္ဓာကိုယ်အစစ်နှင့် ခွဲခြားမရနိုင်လောက်အောင် တူညီကြောင်းကို သိရှိကြသည်။
ယခင်က၊ သူသည် ကိုယ်ပွားများကို မီယွင်မြို့တွင် လှည့်လည်သွားလာရန်၊ ဝိညာဉ်အရက်ရောင်းချရန်၊ သတင်းအချက်အလက်စုဆောင်းရန် စသည်တို့အတွက် မကြာခဏ အသုံးပြုခဲ့သည်။
"ဒါပေမဲ့ တစ္ဆေမိစ္ဆာဂိုဏ်းက တကယ်ကို ယုတ်မာလွန်းတယ်… သူတို့ အင်မော်တယ်ရှားဂိုဏ်းနဲ့ ငြိမ်းချမ်းရေး သဘောတူထားတာ မဟုတ်ဘူးလား…"
"အခုတော့ သူတို့က ယောက်ျားကို ချုံခိုတိုက်ခိုက်ဖို့ အခြေတည်အဆင့် အကြီးအကဲတွေကို တကယ် လွှတ်လိုက်တယ်ပေါေ.. သူတို့ ဘာတွေ ကြံစည်နေကြတာလဲ…"
မုဇီယန် အလွန် ဒေါသထွက်နေသည်။
"ကျွန်မ ထင်တာတော့ ဒါ ကျွန်မနဲ့ ပတ်သက်နေပုံရတယ်.."
"ကျွန်မ ဝင်ပါခဲ့လို့.. တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ နှစ်ပေါင်းများစွာ ကြံစည်ခဲ့တဲ့အစီအစဉ် ပျက်စီးသွားခဲ့ရတာ"
"နောက်ဆုံးအခိုက်အတန့်မှာ တစ္ဆေမိစ္ဆာဂိုဏ်းကို ကျရှုံးစေခဲ့တယ်လေ.."
"သူတို့က ကျွန်မကို ဘာမှမလုပ်နိုင်တော့.. ကျွန်မယောက်ျားကို ဒုက္ခပေးဖို့ လှည့်လာကြတာပဲ.."
လန်ယွဲ့ရှီက ကျိုးစွေ့ကို တောင်းပန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
အကယ်၍ သူမကြောင့်သာ မဟုတ်လျှင်၊ တစ္ဆေမိစ္ဆာဂိုဏ်းသည် သူမ၏ခင်ပွန်း ကျိုးစွေ့ကို ပစ်မှတ်ထားရန် ဤမျှလောက်ထိ ကြိုးပမ်းအားထုတ်ခဲ့မည် မဟုတ်ပေ။
ကံကောင်းစွာဖြင့် ယောက်ျားဖြစ်သူကျိုးစွေ့က အရည်အချင်းရှိသူမလို့သာ တော်သေးသည်၊ သို့မဟုတ်ပါက အကြီးအကျယ် ဒုက္ခရောက်နိုင်ပေသည်။
"ယွဲ့ရှီ မင်း တောင်းပန်စရာ မလိုပါဘူး.."
"ဒါ မင်းအမှား မဟုတ်ဘူး.. ဒါ တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ အမှား.."
"တကယ့်တရားခံ တစ္ဆေမိစ္ဆာဂိုဏ်းကို တာဝန်မခံခိုင်းဘဲ မင်းကို အပြစ်တင်တာက ကျိုးကြောင်းမဆီလျော်ဘူး…"
ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ယောက်ျား.."
ဤသို့ ကြားလိုက်ရသောအခါ၊ လန်ယွဲ့ရှီ အလွန် ကျေးဇူးတင်သွားသည်။ သူမ၏ယောက်ျားသည် အမှန်တကယ်ပင် အသိတရားရှိပြီး ကျိုးကြောင်းဆီလျော်သော လူတစ်ဦး ဖြစ်သည်။
သို့သော်၊ မကြာမီ သူမ၏ လှပသောမျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။ "တစ္ဆေမိစ္ဆာဂိုဏ်းကိုတော့ သင်ခန်းစာပေးဖို့ လိုအပ်တယ်.. သူတို့က ကျွန်မ ပတ်ဝန်းကျင်က လူတွေကိုတောင် လက်လှမ်းဝံ့တယ်.. သူတို့က တကယ့်ကို သေမင်းကို လက်ယပ်ခေါ်နေတာပဲ.."
"မင်း တစ္ဆေမိစ္ဆာဂိုဏ်းကို တိုက်ခိုက်ဖို့ စဉ်းစားနေတာလား…"
ကျိုးစွေ့က မေးလိုက်သည်။
"ဟုတ်တယ်.."
"ဒါပေမဲ့ ကျွန်မက တစ္ဆေမိစ္ဆာဂိုဏ်းဌာနချုပ်ကို တိုက်ခိုက်မှာ မဟုတ်ဘူး.."
"ဘာပဲဖြစ်ဖြစ်.. သူတို့ရဲ့ ဌာနချုပ်ကို တတိယအဆင့် အစီအရင်နဲ့ ကာကွယ်ထားတယ်.. ပြီးတော့ ငါတို့ လက်ရှိပိုင်ဆိုင်ထားတဲ့ အစွမ်းနဲ့ဆို ဖောက်ဝင်ဖို့ ခက်တယ်.."
"ဒါပေမဲ့.. သူတို့မှာ ဈေးတွေ.. မြို့တွေ.. သတ္တုတွင်းတွေ အများကြီး ရှိနေသေးတယ်.. ငါတို့ အဲ့ဒါတွေကို သိမ်းပိုက်ဖို့ ကြိုးစားနိုင်တယ်.."
"နောက်ပြီးတော့ သူတို့က သူတို့ဌာနချုပ်မှာပဲ ပုန်းနေကြတော့ အဲဒီနေရာတွေမှာ အကာအကွယ်မရှိဘူး.."
"ဒါ့အပြင်.. တစ္ဆေမိစ္ဆာဂိုဏ်းက သူတို့ရဲ့ အခြေတည်အဆင့်အကြီးအကဲ လေးယောက်ကို ဆုံးရှုံးထားတယ်.. လက်ရှိမှာ သူတို့ရဲ့အင်အားက အများကြီး ယုတ်လျော့သွားပြီ.."
"တစ္ဆေမိစ္ဆာဂိုဏ်း အားနည်းနေတုန်း မတိုက်ခိုက်ရင်.. ဘယ်အချိန် သွားတိုက်ခိုက်မှာလဲ.."
လန်ယွဲ့ရှီက လက်သီးများကို ဆုပ်လိုက်ပြီး သတ်ဖြတ်လိုသောအရှိန်အဝါက ဖြာထွက်လာသည်။
ခင်ပွန်းသည် လုပ်ကြံခံရသည့်တိုင် သူမ ဘာမှမလုပ်ခဲ့ပါက၊ သူမသည် လန်ယွဲ့ရှီဖြစ်လာမည် မဟုတ်ပေ။
တစ္ဆေမိစ္ဆာဂိုဏ်းကို မဖျက်ဆီးနိုင်သည့်တိုင်၊ သူတို့ ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရမည်ကို သူမ သေချာအောင် လုပ်မည် ဖြစ်သည်။
"ကောင်းပြီ.. ဒါဆို ဒီကိစ္စကို မင်းဆီပဲ ငါ ထားခဲ့လိုက်မယ်.. ဒါပေမဲ့ သတိထားဖို့နဲ့ တစ္ဆေမိစ္ဆာဂိုဏ်း ရဲ့ ထောင်ချောက်ထဲ မကျစေဖို့ကို သတိရပါ…"
ကျိုးစွေ့က သတိပေးလိုက်သည်။
လက်စားချေခြင်းသည် အမှန်တကယ် လိုအပ်သော်လည်း၊ အကယ်၍ လန်ယွဲ့ရှီသာ ထိုကိစ္စအတွင်း ထိခိုက်သွားခဲ့ပါက၊ ၎င်းသည် ထိုက်တန်မည် မဟုတ်ပေ။
ယောက်ျားကောင်းအတွက် လက်စားချေခြင်းသည် ဆယ်နှစ်ကြာသည့်တိုင် ပြဿနာမရှိချေ။
သူသာ ရွှေအမြုတေ ဆရာသခင်တစ်ဦး ဖြစ်လာပါက၊ တစ္ဆေမိစ္ဆာဂိုဏ်းသည် အနှေးနှင့်အမြန် သူတို့၏အဆုံးသတ်အား တွေ့ကြုံရမည်သာ ဖြစ်၏။ အလျင်စလိုလုပ်ဆောင်ရန် မလိုအပ်ချေ။
"စိတ်ချပါ ယောက်ျား.."
လန်ယွဲ့ရှီက သူမ၏ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
မှန်ပေသည်၊ ကျိုးစွေ့ တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရသည့်သတင်းသည် အင်မော်တယ်ရှားဂိုဏ်းအတွင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မည်သို့ပင်ဖြစ်စေ၊ ဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော် တိုက်ခိုက်ခံရခြင်းသည် မကြုံစဖူး ဖြစ်ရပ်တစ်ခု ဖြစ်ပြီး၊ ပေါ့ပေါ့တန်တန် သဘောထားရမည့် ကိစ္စမဟုတ်ပေ။
အကယ်၍ မှားယွင်းစွာ ကိုင်တွယ်မိပါက၊ ၎င်းသည် အဓိကဂိုဏ်းကြီး နှစ်ခုကြား စစ်ပွဲကို ဖြစ်ပွားစေနိုင်သည်။
သို့သော်၊ ကျိုးစွေ့သည် ဤကိစ္စကို သူ၏တာအိုလက်တွဲဖော် လန်ယွဲ့ရှီထံ ထားခဲ့ရုံမျှဖြင့် လုံလောက်သည်ထက် ပိုသည်ကို သိသောကြောင့်၊ သူ့ကိုယ်သူ ဒုက္ခမခံတော့ပေ။
သူ့အတွက်၊ အရေးကြီးဆုံးအရာမှာ သူ၏ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန်နှင့် သူ၏ ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန်သာ ဖြစ်သည်။
…
ထိုည၌၊ တိတ်ဆိတ်သော အခန်းတစ်ခုတွင်။
"စလိုက်ကြတာပေါ့…"
ကျိုးစွေ့သည် ဖျာပေါ်တွင် ခြေချိတ်ထိုင်နေပြီး၊ လေမဲ့မြက်နှင့် အခြား အရန်ပစ္စည်းများစွာကို ကူနတ်ဘုရားပန်းကန်ထဲသို့ ပစ်ထည့်လိုက်သည်။
ရှူး…။
ချက်ချင်းပင်၊ မီးခိုးရောင် စွမ်းအင်စီးကြောင်းတစ်ခု ပေါ်လာပြီး ပါဝင်ပစ္စည်းများကို လျင်မြန်စွာ သန့်စင်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ လေမဲ့မြက်နှင့် အခြား ပါဝင်ပစ္စည်းများ အရည်ပျော်သွားပြီး၊ သန့်စင်သော စွမ်းအင်အမျှင်တန်းများအဖြစ် ပြောင်းလဲသွားသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိချေ။ လေကဲ့သို့ ထွင်းဖောက်မြင်နေရသော ကူပိုးကောင်တစ်ကောင် မွေးဖွားလာသည်။ ၎င်း၏ခန္ဓာကိုယ်သည် လေဟာနယ်ထဲသို့ ပေါင်းစပ်သွားသကဲ့သို့ဖြစ်နေပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေကာ၊ ထွင်းဖောက်မြင်နေရသော ရုန်းသင်္ကေတများက ပြွတ်သိပ်စွာက နေရာယူထားချေသည်။
“နောက်ဆုံးတော့ ‘တည်နေရာပြောင်းကူ’ကို သန့်စင်နိုင်ခဲ့ပြီ.."
ဤကူပိုးကောင်၏ မွေးဖွားလာမှုကို မျက်မြင်တွေ့လိုက်ရသောအခါ၊ ကျိုးစွေ့၏ မျက်လုံးများ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်ကာ အလင်းရောင်များဖြင့် တောက်ပသွားသည်။
ကြီးမားလှသော သတင်းအချက်အလက် လှိုင်းတစ်ခု သူ၏သိစိတ်ပင်လယ်ထဲသို့ နက်ရှိုင်းစွာ နစ်မြုပ်ဝင်ရောက်လာသည်ကို သူ ခံစားလိုက်ရသည်။
[ ‘တည်နေရာပြောင်းကူ’၊ လေဟာနယ်မှ မွေးဖွားလာသော ကောင်းကင်မြေကြီး အံ့ဖွယ်ပိုးကောင်တစ်မျိုး၊ မည်သည့် မြေပြင်အနေအထားကိုမျှ ထည့်မတွက်ဘဲ ပိုင်ရှင်နှင့် သက်ရှိများစွာကို ချက်ချင်း နေရာရွှေ့ပြောင်းပေးနိုင်သော ထူးခြားသည့် အာကာ်စွမ်းအင် ပါဝင်သည်။]
ချက်ချင်းဆိုသလို၊ ကျိုးစွေ့သည် ‘တည်နေရာပြောင်းကူ’နှင့် ပတ်သက်သော သတင်းအချက်အလက်များနှင့် စွမ်းဆောင်ရည် အမျိုးမျိုးကို နားလည်သွားသည်။
၎င်းတွင် နေရာရွှေ့ပြောင်းနိုင်စွမ်း နှစ်မျိုး ရှိသည်။
ပထမတစ်မျိုးမှာ အကွာအဝေးတို နေရာရွှေ့ပြောင်းခြင်း ဖြစ်ပြီး၊ ၎င်းသည် မီတာတစ်ရာ အတွင်း နေရာရွှေ့ပြောင်းနိုင်ကာ အကြိမ်ရာနှင့်ချီ၍ ရွှေ့ပြောင်းနိုင်သည်။
ဒုတိယတစ်မျိုးမှာ အကွာအဝေးရှည် နေရာရွှေ့ပြောင်းခြင်း ဖြစ်ပြီး၊ ၎င်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ အသုံးပြုနိုင်သည်။
သို့သော်၊ နေရာရွှေ့ပြောင်းမှု တစ်ကြိမ်စီသည် မိုင် ထောင်ချီ၊သောင်းချီအထိပင် လွှမ်းခြုံနိုင်သည်။
ဤစွမ်းရည်သည် အလွန်အစွမ်းထက်သည်မှာ သေချာပေသည်။ အရေးကြီးသော အခိုက်အတန့်တွင်၊ ၎င်းသည် အသက်တစ်ချောင်းကို ကယ်တင်နိုင်သည်။
မည်သို့ပင်ဖြစ်စေ၊ ရွှေအမြုတေ ဆရာသခင်တစ်ဦးပင်လျှင် ဤကဲ့သို့သော နေရာရွှေ့ပြောင်းနိုင်စွမ်းမျိုး ရှိမည် မဟုတ်ပေ။
"အဆင့်တစ် ‘တည်နေရာပြောင်းကူ’က တစ်ရက်ကို အာကာသစွမ်းအင် တစ်မိုင် စုဆောင်းနိုင်တယ်.. မိုင်တစ်ထောင်က အကန့်အသတ်ပဲ.. ပြီးတော့ ဒါကို နေရာရွှေ့ပြောင်းမှု တစ်ကြိမ်တည်းအတွက်ပဲ သုံးနိုင်တယ်.. တစ်ကြိမ် သုံးပြီးသွားရင် သူက နောက်တစ်ခါ ထပ်စုဆောင်းဖို့ လိုတယ်.."
"အဆင့်နှစ် ‘တည်နေရာပြောင်းကူ’က တစ်ရက်ကို အာကာသစွမ်းအင် ဆယ်မိုင် စုဆောင်းနိုင်တယ်.. မိုင်တစ်သောင်းက အကန့်အသတ်ပဲ.. နေရာရွှေ့ပြောင်းမှု ဆယ်ကြိမ်စာ စုဆောင်းနိုင်တယ်.. ဒါပေမဲ့ အဲ့ဒီအကြိမ်တွေကို အသုံးမပြုမချင်း သူ ထပ်စုဆောင်းလို့ မရတော့ဘူး.. သုံးပြီးမှသာ သူ ထပ် စုဆောင်းနိုင်လိမ့်မယ်…"
ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်သည်။
‘တည်နေရာပြောင်းကူ’သာ အဆင့်နှစ်သို့ ရောက်ရှိသွားပါက၊ ၎င်းသည် တစ်နှစ်လျှင် အာကာသစွမ်းအင် ၃၆၅၀မိုင် စုဆောင်းနိုင်သည်။ ၃နှစ်အတွင်း ၎င်းသည် မိုင်တစ်သောင်း စုဆောင်းနိုင်ပြီး၊ နှစ်၃၀ အတွင်း မိုင်သုံးသိန်း စုဆောင်းနိုင်သည်။
စုစုပေါင်း တည်နေရာရွှေ့ပြောင်းမှု ဆယ်ကြိမ် ဖြစ်၏။
"သိပ်ကောင်းတယ်.."
ကျိုးစွေ့ အတိုင်းမသိ ဝမ်းသာသွားသည်။
သံသယဖြစ်ဖွယ်မရှိ ‘တည်နေရာပြောင်းကူ’၏ ပေါ်ထွက်လာမှုသည် သူ့အား အလွန်အစွမ်းထွက်သော အသက်ကယ်စွမ်းရည်ကို ပေးလေသည်။
အကယ်၍ အင်မော်တယ်ရှားဂိုဏ်းသာ ပြဿနာများနှင့်ရင်ဆိုင်ရပါက သို့မဟုတ် ပျက်စီးမည့် အန္တရာယ်နှင့်ပင် ကြုံတွေ့ရပါက၊ သူသည် ‘တည်နေရာပြောင်းကူ’၏ စွမ်းအားကို အသုံးပြု၍ သူ၏ ဇနီးမယားများကို ဘေးကင်းရာသို့ ခေါ်ဆောင်သွားနိုင်ပြီး၊ မိုင်ပေါင်း သောင်းနှင့်ချီ ဝေးသောနေရာသို့ နေရာရွှေ့ပြောင်းနိုင်သည်။
သူ ဆယ်ကြိမ် နေရာရွှေ့ပြောင်းနိုင်ပါက၊ သူတို့သည် မိုင်တစ်သိန်း အထိ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
ထိုသို့သော အံ့အားသင့်ဖွယ် အကွာအဝေးဖြင့်၊ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ဦး၏ လိုက်လံခြင်းကို ခံရသည့်တိုင်၊ သူ အလွယ်တကူ လွတ်မြောက်နိုင်သည်။
မှန်ပေသည်၊ အင်မော်တယ်ရှားဂိုဏ်း ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ဤသည်မှာ ကျိုးစွေ့၏ ကြိုတင်ပြင်ဆင်မှုသာ ဖြစ်၏။
အကျပ်အတည်း မရှိပါက၊ အရာအားလုံး ပိုကောင်းသည်။
အကျပ်အတည်းတစ်ခု ပေါ်ပေါက်လာပါက၊ သူ အချိန်မရွေး လွတ်မြောက်နိုင်ပြီး အရန်အစီအစဉ်မရှိ၍ ချောင်ပိတ်မိနေမည် မဟုတ်တော့။
သူသည် မီယွင်မြို့တွင် ရှိစဉ်ကလည်း ဤကဲ့သို့ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပုန်းခိုရာနေရာအား ကြိုတင်ပြင်ဆင်ထားခဲ့ဖူးသည်။
အကယ်၍ သူ့တွင် ထိုကဲ့သို့သော ကြိုတင်ကာကွယ်မှုများ မရှိခဲ့ပါက၊ သူသည် တစ္ဆေမိစ္ဆာဂိုဏ်း၏ လက်ချက်ဖြင့် ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့လောက်ပြီ ဖြစ်သည်။