ခင်ဗျား... ခင်ဗျား တကယ် မသေဘူး
Vol. 72 Ch. 1075
လုချန်း ပေါ်လာသည်ကို မြင်သောအခါ ကျိချိုးယု မှလွဲ၍ ရှိနေသူအားလုံး အံ့အားသင့်သွားကြ၏။
လွန်ခဲ့သော ခဏခန့်က လုချန်း ကိုယ့်ကိုယ်ကို ဖျက်ဆီးသွားသည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြရသည်။ သူ မည်သို့ အသက်ရှင်နေနိုင်သေးသနည်း။
နန်းကုန်းချင်ရ၏ နီရဲသော မျက်လုံးများသည် လုချန်းအား စူးစိုက်ကြည့်နေပြီး သူ၏ အဆင့် ယင်ယန်နယ်ပယ်သို့ တက်လှမ်းသွားပုံရသည်ကိုလည်း အာရုံခံလိုက်မိ၏။
သူသည် မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းမှ လွတ်မြောက်ရုံသာမက အဆင့်ပါ တက်သွားခဲ့တာလား။
ဒါဖြစ်နိုင်ပါ့မလား။
သို့မဟုတ် လုချန်း သူ့ကိုယ်သူ ဖျက်ဆီးခြင်းသည် ဟန်ပြသက်သက်လား။
လုချန်း ပြန်လည်ပေါ်ထွက်လာသည်ကို မြင်သောအခါ ပိုင်ဝမ်ပင်းနှင့် အနက်ရောင် ဝတ်ရုံခြုံ အဘိုးအိုတို့ကိုယ်ထဲ ကြီးမားသော ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ကြရသည်။ လုချန်းထံမှ ထွက်ပေါ်နေသော အငွေ့အသက်သည် သူတို့ အတွင်းရှိ ကောင်းကင်နတ်ဆိုး စွမ်းအားများအား ကြီးစွာသော ကြောက်ရွံ့မှုကို ခံစားရစေသည်။
ပိုင်ဝမ်ပင်းက မယုံနိုင်စွာဖြင့်
“ခင်ဗျား... ခင်ဗျား တကယ် မသေဘူး”
“ဒါ... ဒါ မဖြစ်နိုင်ဘူး”
လုချန်းသည် သူ၏ မျက်စိရှေ့တွင်ပင် မိမိကိုယ်ကိုယ် ဖျက်ဆီးခဲ့ပြီး သူ၏ ခန္ဓာကိုယ်လည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။
ယခု သူ ပြန်လည် အသက်ရှင်နေပြန်ပြီလား။
ဒါမှမဟုတ် စောစောက မိမိကိုယ်ကိုယ် ဖျက်ဆီးသွားခဲ့သူက လုချန်း လုံးဝ မဟုတ်ဘူးလား။
လုချန်း မဟုတ်ပါက ထိုသူ မည်သူနည်း။
ထိုအခိုက်တွင် အနက်ရောင် ဝတ်ရုံခြုံ အဘိုးအိုက မည်းမှောင်သော မျက်နှာဖြင့်
“ခင်ဗျားဆီမှာ အသက်ကယ် လှည့်ကွက်တွေ တော်တော်များများ ရှိပုံပဲ။”
လုချန်းက
“ကျွန်တော့်မှာ အသက်ကယ် လှည့်ကွက်တွေ သိပ်မရှိပါဘူး။ ခင်ဗျားတို့ ကျွန်တော့်ကို သတ်ဖို့က သိပ်မလွယ်တာပဲ ရှိတာ”
ဟု ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။
ထိုသို့ ဆိုပြီးနောက် လုချန်းက အနက်ရောင် ဝတ်ရုံခြုံ အဖိုးအိုကို လှမ်းကြည့်လိုက်ရာ နောက်တစ်ခဏတွင် ထိုသူ၏ အချက်အလက်များ လုချန်း၏ မျက်စိရှေ့တွင် ပေါ်လာ၏။
[အမည်: ရှောင်ချန်ဟွာ]
[အချက်အလက်: ချူးနိုင်ငံတော်၏ နိုင်ငံတော် ပညာရှိ။ ကောင်းကင်နတ်ဆိုး စွမ်းအားရှိသော နတ်ဆိုးတမန်]
[အဆင့်: ဥပဒေ နိယာမ အလုံးစုံအဆင့် အဆင့်ရှစ်]
[သစ္စာစောင့်သိမှု: ၀]
ရှောင်ချန်ဟွာ၏ အချက်အလက်များကို မြင်တွေ့ပြီးနောက် လုချန်း ခပ်ရေးရေး ပြုံးလိုက်ပြီး
“ခင်ဗျား ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း ဖုန်းကွယ်ထားနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ချူးနိုင်ငံတော်ရဲ့ နိုင်ငံတော်ပညာရှိက နတ်ဆိုးကျင့်ကြံသူ ဖြစ်နေပြီး ကောင်းကင်နတ်ဆိုး စွမ်းအားရှိတဲ့ နတ်ဆိုးတမန်တောင် ဖြစ်နေသေးတယ်။”
ထိုစကားများကို ကြားသောအခါ လူအုပ်ကြီး နောက်တစ်ကြိမ် အံ့အားသင့်သွားသည်။ ထိုအနက်ရောင် ဝတ်ရုံခြုံ ပုဂ္ဂိုလ်က ချူးနိုင်ငံတော်၏ နိုင်ငံတော် ပညာရှိ ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ သံသယ မဝင်ခဲ့ဖူးပေ။
ရှောင်ချန်ဟွာ ကိုယ်တိုင်လည်း တုန်လှုပ်သွားသည်။ သူ၏ နတ်ဆိုးတမန် အဆင့်အတန်းကို သိသူ အလွန်နည်းပါး၏။ သူ၏ မျက်နှာနှင့် အငွေ့အသက်ကို ဖုံးကွယ်ထားသည့်တိုင် တစ်ချက်ကြည့်ရုံဖြင့် သူ မည်သူမည်ဝါ ဖြစ်သည်ကို လုချန်းက မည်သို့ သိရှိသွားသနည်း။
ထို့ပြင် သူ ဤ လုချန်းနှင့် ယခင်က တစ်ခါမှ မဆုံတွေ့ခဲ့ဖူးကြောင်း သေချာနေ၏။
ဒါဆို လုချန်းက သူ့အား အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ မှတ်မိနိုင်ရသနည်း။
ခဏခန့် စဉ်းစားကြည့်သော်လည်း အဖြေထွက်မလာခဲ့ပေ။ ရှောင်ချန်ဟွာလည်း ဆက်လက် မစဉ်းစားတော့ပဲ လုချန်းနှင့် စကားအပို ထပ်မပြောရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဤနေရာသို့ လုချန်းအား သတ်ရန် လာခဲ့ခြင်း ဖြစ်၏။
အစကတော့ သူကိုယ်တိုင် ဝင်ရောက်ပါဝင်ရန် အစီအစဉ် မရှိခဲ့ပေ။ လုချန်းအား ကာကွယ်ရန် လနက်မြို့တွင် နေရာယူထားသော သွေးသက်တံရဲတိုက်မှ ယင်ယန်အဆင့် သခင်များကို မတွေ့ရှိခဲ့ပါက သူ အစကတည်းက လောရောက် လှုပ်ရှားမည် မဟုတ်ချေ။
ယခုအချိန် သူ၏ သရုပ်အမှန် ပေါ်သွားသင့်သည့် အချိန်လည်း မဟုတ်သေးပေ။
သို့သော် ယခု သူမည်သူ ဖြစ်သည်ကို သိသွားပြီးပြီ ဖြစ်၍ ဘာမှဆက်ပြောနေစရာ အကြောင်းမရှိတော့ပေ။ လုပ်စရာရှိတာကို လုပ်ရတော့မည်သာဖြစ်သည်။
နောက်တစ်စက္ကန့်တွင် ရှောင်ချန်ဟွာ၏ ခန္ဓာကိုယ်မှ နတ်ဆိုးစွမ်းအားများ ကြမ်းတမ်းစွာ ထိုးထွက်လာပြီး လနက်မြို့ အထက်ရှိ ကောင်းကင်တစ်ခုလုံးကို ထူထပ်သော နတ်ဆိုးစွမ်းအားများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ထိုဖိနှိပ်ချုပ်ချယ်သော အင်အားသည် မြို့တွင်းရှိ ကျင့်ကြံသူများကို အသက်ရှူရ ခက်ခဲစေသည်။
ရှောင်ချန်ဟွာက လုချန်းအား ကြည့်လိုက်ပြီး
“ကောင်လေး။ ဒီလူအိုကြီးရဲ့ သရုပ်မှန်ကို မင်း ဘယ်လို သိသွားလဲတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ မင်း သိသွားပြီ ဆိုတော့ ဒီနေ့ မင်းတို့အားလုံး ဒီနေရာမှာ သေရမယ်”
စကားပြောနေစဉ်ပင် ရှောင်ချန်ဟွာ၏ ခန္ဓာကိုယ်မှ ကောင်းကင်နတ်ဆိုး စွမ်းအားများ ထိုးထွက်လာပြီး လောကကြီး တစ်ခုလုံးသည် ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ မရေမတွက်နိုင်သော အရိုးစုများ မြေကြီးထဲမှ တွားသွား ထွက်ပေါ်လာကြသည်။
“ငရဲဘုံ တိုက်ကွက်”
ဤမြင်ကွင်းကို မြင်သောအခါ နန်းကုန်းချင်ရ ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း တစ်ချက်ပြန်စဉ်းစားလိုက်သည်။ လုချန်းတွင် နတ်ဆိုးစွမ်းအားကို နှိမ်နင်းနိုင်စွမ်း ရှိနေသည်။ ထို့ပြင် သူသည် မိမိကိုယ်ကိုယ် ဖျက်ဆီးပြီးနောက်တောင် မသေဆုံးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ့ထံ၌ သူမ မသိသေးသော အခြား လျှို့ဝှက်ချက်များ သေချာပေါက် ရှိရမည် ဖြစ်ကြောင်း နန်းကုန်းချင်ရ သဘောပေါက်သွား၏။ သူမ အလွန်အမင်း စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။
ဖြစ်နိုင်သည်မှာ လုချန်းသည် နတ်ဆိုးတမန် ရှောင်ချန်ဟွာကို အောင်မြင်စွာ နှိမ်နင်းနိုင်ခြေများသည်။
ထိုသို့ တွေးမိသဖြင့် နန်းကုန်းချင်ရလည်း ဝင်မစွက်ဖက်တော့ပဲ ခပ်လှမ်းလှမ်း နေရာတစ်ခုတွင် ရပ်ကြည့်နေလိုက်သည်။
ထို မရဏ အရိုးစုများ လုချန်း၏ ခန္ဓာကိုယ်ကို ထိမိခါနီးတွင် လုချန်းက သူ၏ ညာလက်ကို မြှောက်လိုက်ပြီး
“ဓားတွေလာကြ”
ဟု ကြွေးကြော်လိုက်သည်။
စကားသံဆုံးသည်နှင့် မြို့ရိုးပေါ်ရှိ ရွှေနက်ဓားများသည် လုချန်းထံသို့ တည့်တည့် ပျံသန်းလာကြသည်။ ယင်ယန်အဆင့်၏ စွမ်းအားဖြင့် ဤဓားများအားလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်ရန် သူ အဖို့ အတော်လေး လွယ်ကူလှ၏။
ချက်ချင်းပင် ရွှေနက်ဓား ထောင်ပေါင်းများစွာသည် လုချန်း၏ ရှေ့မှောက်တွင် ပေါ်လာပြီး ၎င်းတို့ထဲမှ တစ်ချောင်းသည် သူ၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာသည်။
ထို့နောက် သူ၏ နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို လည်ပတ်စေလိုက်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းမှ စိတ်ဝိညာဉ် စွမ်းအားကို ရွှေနက်ဓားများထဲသို့ ထည့်သွင်းလိုက်သည်။ သူ၏ ဓားကို လွှဲလိုက်ရာ ရွှေနက်ဓားများသည် မြားများကဲ့သို့ ရှေ့သို့ တိုးလာသော အရိုးစုများထံသို့ ပျံသန်းသွားကြ၏။
ရွှေနက်ဓားများ အရိုးစု ပုံရိပ်ယောင်များနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် နတ်ဆိုးမြေမြုပ်ကျင့်စဉ်၏ စိတ်ဝိညာဉ် စွမ်းအားကြောင့် ချက်ချင်းပင် အရိုးပြာများအဖြစ် သန့်စင်သွားပြီး လေထဲတွင် လွင့်ပျယ်သွားကြ၏။
ထိုအခိုက်တွင် ရှောင်ချန်ဟွာ၏ မျက်နှာအလွန်တရာ အရုပ်ဆိုး အကျည်းတန်သွားသည်။ လုချန်း၏ စိတ်ဝိညာဉ် စွမ်းအားက နတ်ဆိုးစွမ်းအားကို တန်ပြန်နိုင်ကြောင်း သူ သိထားသော်လည်း သူ၏ စိတ်ဝိညာဉ် စွမ်းအားက နတ်ဆိုးစွမ်းအားကို ဤမျှ ထိရောက်စွာ နှိမ်နင်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ လုချန်း၏ သာမန် တိုက်ခိုက်မှုတစ်ခုက သူ၏ ငရဲဘုံ တိုက်ကွက်ကို ချက်ချင်း ပျက်စီးစေခဲ့သည်။
ဤ လုချန်းသည် နတ်ဆိုးကျင့်ကြံသူများနှင့် ကောင်းကင်နတ်ဆိုးများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်၏။ သူ့အား လုံးဝ အသက်ရှင်ခွင့် မပြုသင့်ပေ။ အကယ်၍ သူ့အား ဆက်လက် ကြီးထွားခွင့် ပြုထားပါက ချိပ်ပိတ်နယ်မြေမှ လွတ်မြောက်လာသောအခါ ကောင်းကင်နတ်ဆိုး ကိုယ်တိုင်ပင် လုချန်း၏ နှိမ်နင်းခြင်းကို ခံရနိုင်ခြေ အလွန် များလှ၏။
ထိုသို့ စိတ်ထဲတွင် တွေးလျက် အလံတစ်ခုကို ရှောင်ချန်ဟွာ ချက်ချင်း ထုတ်ယူလိုက်သည်။
ဝိညာဉ်တစ်သောင်း အလံ။
ချက်ချင်းပင် မရေမတွက်နိုင်သော နာကျင်မှုကြောင့် အော်ဟစ်ညည်းညူသံများသည် ဝိညာဉ်တစ်သောင်း အလံထဲမှ ထွက်ပေါ်လာ၏။ မကြာမီတွင် များပြားလှသော တွန့်လိမ်ခြောက်သွေ့နေသည့် ဝိညာဉ်များ အလံထဲမှ ထွက်လာကြပြီး လုချန်းထံသို့ တည့်တည့် ဦးတည်လာကြသည်။
ရှောင်ချန်ဟွာက အေးစက်စွာ တစ်ချက် ပြုံးလိုက်ပြီး
“မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ဒီ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ဝိညာဉ်တွေရဲ့ ဝါးမြိုတာကို ခံနိုင်ရည် ရှိလိမ့်မယ်လို့ ကျုပ် မယုံဘူး။”
ထိုဝိညာဉ်များထံမှ ထွက်ပေါ်နေသော စွမ်းအားကို ခံစားမိသောအခါ ထိုနေရာတွင် ရှိနေသူတိုင်း ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားကြ၏။ ထိုဝိညာဉ်များ၏ စွမ်းအားသည် ယင်ယန်အဆင့် အဆင့်နီးပါး ရှိနေသည်။
ထိုအချိန်၌ နန်းကုန်းချင်ရ ကိုယ်တိုင်ပင်လျှင် ယိုင်နဲ့သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူမ ယခု ဝင်မပါလျှင် လုချန်းအပေါ် မကောင်းသော အရာတစ်ခု ထပ်မံ ဖြစ်ပျက်သွားနိုင်၏။
ရှောင်ချန်ဟွာ ကိုင်စွဲထားသော ဝိညာဉ်တစ်သောင်း အလံသည် မြေအဆင့် ဝိညာဉ်ပစ္စည်းတစ်ခုထက်ပင် ကျော်လွန်သော ဖိအားကို ထုတ်လွှတ်နေပြီး လုချန်း၏ အင်အားမှာ ယင်ယန်အဆင့် အဆင့်တွင်သာ ရှိနေသဖြင့် သူ့ထံ၌ ခုခံနိုင်ခြေ သိပ်မရှိနိုင်ပေ။
နောက်တစ်ခဏတွင် နန်းကုန်းချင်ရ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။
ဤအခိုက်တွင် ညှဉ်းပန်းနှိပ်စက်ခံရသော ဝိညာဉ်များ သူ့ထံ တည့်တည့် ပြေးဝင်လာသည်ကို မြင်နေရသော်လည်း လုချန်းကတော့ တည်ငြိမ်နေဆဲ ဖြစ်၏။ သူသည် လေထဲတွင် တည်ငြိမ်စွာ ပျံဝဲနေသည်။
ညှဉ်းပန်းနှိပ်စက်ခံရသော ဝိညာဉ်များ နီးကပ်လာသည်နှင့် လုချန်း သူ၏လက်ထဲရှိ ဓားကို ရုတ်တရက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။
ရေခဲရှစ်ဆင့် ဓားး။
အေးစက်သော လှိုင်းများသည် ညှဉ်းပန်းနှိပ်စက်ခံရသော ဝိညာဉ်များအားလုံးကို ခဲသွားစေပြီးနောက် ဓားစွမ်းအင် အလင်းတန်း ရှစ်ခုသည် ဝိညာဉ်များ၏ ခန္ဓာကိုယ်များကို ခုတ်ဖြတ်သွားကာ ၎င်းတို့အား ရေခဲ အပိုင်းအစများအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲစေလိုက်သည်။
ထိုမြင်းကွင်းကို မြင်သောအခါ ရှောင်ချန်ဟွာက ရယ်မောလျက်
“ကျုပ်ရဲ့ ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ်တွေကို သတ်လို့ မရဘူး။ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကျုပ် ကြည့်ချင်သေးတယ်။”
ရှောင်ချန်ဟွာ၏ ဝိညာဉ်တစ်သောင်း အလံမှ ညှဉ်းပန်းနှိပ်စက်ခံရသော ဝိညာဉ်များသည် ကြေမွသွားပြီးနောက် ၎င်းတို့သည် အလံအတွင်း၌ တစ်ဖန် ပြန်လည် မွေးဖွားလာကြမည် ဖြစ်သည်။ အသုံးပြုသူ၏ နတ်ဆိုးစွမ်းအား မခမ်းခြောက်သရွေ့ အလံ၏ ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ်များသည် တစ်ဖက် ရန်သူ နောက်ဆုံးတွင် အားအင်ကုန်ခန်းသွားသည်အထိ စဉ်ဆက်မပြတ် ပြန်လည် ရှင်သန်နိုင်၏။
ထိုအခိုက်တွင် မရေမတွက်နိုင်သော ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ်များသည် ရှောင်ချန်ဟွာ၏ ဝိညာဉ်တစ်သောင်း အလံထဲမှ နောက်တစ်ကြိမ် ပျံထွက်လာကြသည်။
လုချန်းက ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းလိုက်ပြီး သူ၏ ဓားဖြင့် နောက်တစ်ကြိမ် ထပ်မံ ခုတ်ပိုင်းလိုက်သည်။
ရေခဲရှစ်ဆင့်ဓား။
ဝိညာဉ်တစ်သောင်း အလံထဲမှ ပျံထွက်လာသော ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ်များသည် နောက်တစ်ကြိမ် ခဲသွားကြပြီး ရေခဲ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ယခု တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရှောင်ချန်ဟွာ သတိပြုမိလိုက်သည်။ ဝိညာဉ်တစ်သောင်း အလံမှ ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ်များ ပိုမို၍ ဖယ်ရှားခံလာရသည်နှင့်အမျှ အလံထဲမှ ထွက်ပေါ်လာသော ဝိညာဉ်အရေအတွက်လည်း တဖြည်းဖြည်း နည်းလာပုံရ၏။
ဘာတွေ ဖြစ်ကုန်တာလဲ။
ဝိညာဉ်တစ်သောင်း အလံ၏ ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ်များသည် ထာဝရ တည်ရှိပြီး သေဆုံးခြင်း မရှိဟု ဆို၏။
လုချန်းလည်း ဝိညာဉ်တစ်သောင်း အလံမှ ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ် အရေအတွက် နည်းပါးလာသည်ကို သတိပြုမိသဖြင့်
“နိုင်ငံတော် ပညာရှိ။ ခင်ဗျားရဲ့ အလံထဲက ညှဉ်းပန်းနှိပ်စက်ခံ ဝိညာဉ်တွေက ခင်ဗျားကို သပိတ်မှောက်တော့မယ့် ပုံပဲ။ သူတို့ နောက်ထပ် ထွက်လာဖို့တောင် ကြောက်နေကြပြီ။”
………………