ဥပဒေနိယာမ အလုံးစုံ နယ်ပယ်
Vol. 72 Ch. 1076
လုချန်း၏ စကား မဆုံးသေးမီမှာပင် သူ၏ လက်ထဲရှိ ဝိညာဉ်တစ်သောင်း အလံကို ရှောင်ချန်ဟွာ ချက်ချင်း စစ်ဆေးလိုက်၏။ အံ့အားသင့်စရာ ကောင်းစွာပင် လုချန်း ဖယ်ရှားလိုက်သော ဝိညာဉ်များသည် ပြန်လည် မွေးဖွားလာခြင်း မရှိပဲ လုံးဝ သေဆုံးသွားခဲ့ကြောင်း တွေ့ရှိရပြီး သူ၏ အလံမှ ထွက်ပေါ်လာသော ဝိညာဉ်များအားလည်း ပို၍ ပို၍ နည်းပါးလာစေသည်ကို ရှောင်ချန်ဟွာ တွေ့ရှိလိုက်ရသည်။
ရှောင်ချန်ဟွာ မယုံကြည်နိုင်ဖြစ်သွားသည်။
လုချန်း၏ စိတ်ဝိညာဉ် စွမ်းအားသည် ဝိညာဉ်များကို အမှန်တကယ် သန့်စင်စေပြီး ၎င်းတို့အား လွတ်မြောက်ခွင့် ပေးနိုင်လား။
ဤလူ ယနေ့ သေကို သေရမည်။
ရှောင်ချန်ဟွာ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု လက်သွား၏။ ထို့နောက် သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားကို ထုတ်လွှတ်လိုက်ရာ ၎င်းသည် ဝိညာဉ်များနှင့်အတူ အရိုးစုများအဖြစ် ပြောင်းလဲသွားပြီး လုချန်းထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
လုချန်းလည်း အချိန်ထပ်မဖြုန်းရန် ဆုံးဖြတ်လိုက်တော့သည်။ သူက သူ၏ လက်ထဲရှိ ရွှေနက်ဓားကို ပစ်လိုက်ပြီး သူ၏ ရှေ့တွင် ပျံဝဲစေကာ သူ၏ ခန္ဓာကိုယ် အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို စုစည်းလိုက်သည်။
ရေခဲရှင်ဆင့်ဓား။
ခုနက နှစ်ကြိမ်လုံးတွင် တိုက်ပွဲငယ်များ ဖြစ်သဖြင့် ကောင်းကင်အဆင့် ဓားသိုင်း၏ စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်ခဲ့ပေ။ သို့သော် ဤတစ်ကြိမ်မှာမူ ကွဲပြားခြားနား၏။ လုချန်း သူ၏ ဓားစွမ်းအင်ကို ထုတ်လွှတ်လိုက်သောအခါ ကောင်းကင်တစ်ခုလုံးသည် ချက်ချင်း ဆိုသလို ခဲသွားပုံရ၏။
အေးစက်သော လေသည် ဝိညာဉ်များ အားလုံးအပြင် ရှောင်ချန်ဟွာကိုပါ ချက်ချင်း ဖုံးလွှမ်းသွားပြီး လုချန်း ထုတ်လွှတ်လိုက်သော အေးစက်သည့် ဓားစွမ်းအင်များ ရှောင်ချန်ဟွာ၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သောအခါ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ခဏငယ်တစ်ခုအတွင်း အေးခဲသွားတော့သည်။
အေးစက်သော လေက သူ့အား ခဲသွားစေနိုင်သည်ကို ရှောင်ချန်ဟွာ မယုံနိုင်ခဲ့ပေ။ သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နတ်ဆိုး စွမ်းအား အားလုံးကို အလျင်အမြန် ထုတ်လွှတ်လိုက်သော်လည်း ကောင်းကင် နတ်ဆိုးစွမ်းအားများသည် သူတို့၏ သဘာဝ ရန်သူနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ ချက်ချင်းပင် အခြား လမ်းကြောင်းများသို့ ထွက်ပြေးသွားသည်။
သို့သော် လုချန်းက ကောင်းကင်နတ်ဆိုး စွမ်းအားကို ထွက်ပြေးခွင့် မပေးခဲ့ချေ။ သူက ဓားစွမ်းအင်ကို ဆက်လက် မောင်းနှင်လိုက်ရာ ချက်ချင်းပင် ကောင်းကင်နတ်ဆိုး စွမ်းအားများလည်း အေးစက်သော ဓားစွမ်းအင်ကြောင့် ခဲသွားသည်။
ရှောင်ချန်ဟွာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။
“မဟုတ်ဘူး... မဖြစ်နိုင်ဘူး”
ရှောင်ချန်ဟွာ၏ စကားသံဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး လုံးဝ ခဲသွားပြီး ထို့နောက် ဓားစွမ်းအင် အလင်းတန်း ရှစ်ခုက သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားကာ ရေခဲတုံး များအဖြစ်သို့ ပြောင်းလဲစေလိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ ပိုင်ဝမ်ပင်း၏ မျက်နှာတွင် သွေးရောင်မရှိသကဲ့သို့ ဖြူဖျော့သွားပြီး သူ၏ ခန္ဓာကိုယ်ကလည်း မရပ်မနား တုန်ရီနေ၏။
ထိုသူက ဥပဒေ နိယာမ အလုံးစုံအဆင့်မှ ဖြစ်သည်။
ကောင်းကင်နတ်ဆိုး စွမ်းအားကို ပိုင်ဆိုင်ထားသော နိယာမ အလုံးစုံအဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦးသည် ယင်ယန်အဆင့် ကျင့်ကြံသူ တစ်ဦး၏ လက်ချက်ဖြင့် ချက်ချင်း အသတ်ခံလိုက်ရတာလား။
ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။
ပိုင်ဝမ်ပင်း သာမက ရှိနေသူတိုင်း အံ့အားသင့် မှင်သက်သွားကြသည်။
ယင်ယန်အဆင့် ကျင့်ကြံသူ တစ်ဦးက နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန် တစ်ဦးကို လွယ်ကူစွာ သတ်ဖြတ်လိုက်တာလား။ ထိုနေရာ၌ ရှိနေသူများလည်း သူတို့ အိပ်မက် မက်နေကြတာလားဟုပင် သံသယ ဝင်လာကြသည်။
အထူးသဖြင့် တစ်ချိန်က လုချန်းအား အထင်သေးခဲ့ကြသော လနက်မြို့ စစ်သားအချို့ဖြစ်သည်။ ယခုအခါ သူတို့ လုချန်းကိုလုံးဝ အသိအမှတ် ပြုသွားကြပြီဖြစ်သည်။
အချိန်မည်မျှ ကြာသွားသည် မသိ ပိုင်ဝမ်ပင်း ရုတ်တရက် သတိပြန်ဝင်လာပြီး လုံးဝ တွန့်ဆုတ်မနေပဲ ထွက်ပြေးလိုက် တော့သည်။
လုချန်း၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဉ် စွမ်းအား အနည်းငယ်သာ ကျန်တော့သည်ကို သူ ခံစားမိနိုင်သော်လည်း လုချန်း၏ စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးနောက် သူ့အား တိုက်ခိုက်လိုစိတ် လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ ယင်ယန်အဆင့်၏ အင်အားဖြင့် ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ဦးကို လွယ်ကူစွာ သတ်ဖြတ်နိုင်သော ထိုကဲ့သို့သော လူမျိုးသည် သူ ရင်ဆိုင် ကိုင်တွယ်နိုင်သော သူမျိုး လုံးဝ မဟုတ်ပေ။
လုချန်း၏ အင်အား မည်မျှ ကြီးမားသည်ကို ပိုင်ဝမ်ပင်း သဘောပေါက်သွားခဲ့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်၏။ လုချန်း မလှုပ်ရှားမီတွင်ပင် ကြီးမားသော သွေးလက်ကြီး တစ်ဖက်သည် ပိုင်ဝမ်ပင်း၏ ခေါင်းပေါ်တွင် ချက်ချင်း ပေါ်လာသည်။ သူ မတုံ့ပြန်နိုင်မီတွင် ၎င်းက သူ့အား သွေးမြူမှုန်များ အဖြစ်သို့ ကြေမွသွားစေလိုက်သည်။
တစ်ချိန်က ပိုင်ဝမ်ပင်း ဖြစ်ခဲ့သော သွေးမြူမှုန်များအား လုချန်း လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အကြည့်က နန်းကုန်းချင်ရ ထံသို့ ကျရောက်သွားသည်။
လုချန်းက သူမအား စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ နန်းကုန်းချင်ရ၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွား၏။ စောစောက လုချန်း၏ တိုက်ခိုက်ရေး အစွမ်းကို တွေ့မြင်ပြီးနောက် သူမထံ၌ သူ့အပေါ် ကြောက်ရွံ့စိတ်အချို့ ဖြစ်ပေါ်လာခဲ့သည်။
ထို့ပြင် လုချန်း၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားက သူမ၏ သွေးစွမ်းအားကို ဖိနှိပ်နေသည်ကို နန်းကုန်းချင်ရ ရှင်းရှင်းလင်းလင်း ခံစားမိနိုင်၏။ ဆိုလိုသည်မှာ လုချန်းသည် သူ့ထက် အဆင့်မြင့်သော နတ်ဆိုးကျင့်ကြံသူ တစ်ဦးကို လွယ်ကူစွာ သတ်နိုင်ရုံသာမ မိစ္ဆာကျင့်ကြံသူ ဖြစ်သော သူမကိုပါ သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု အဓိပ္ပာယ်ရသည်။
ထိုအခိုက်တွင် စိတ်အတွင်း တင်းမာတစ်ခုမှုကို နန်းကုန်းချင်ရ ခံစားနေရသည်။
ခဏအကြာတွင် ကျိချိုးယု လုချန်း ရှေ့သို့ ပျံသန်းလာသည်။ လုချန်းက ကျိချိုးယု၏ ခန္ဓာကိုယ်ကို ကြည့်ရှုစစ်ဆေးပြီးနောက် သူမ ပြန်လည် နာလန်ထူစေရန် ထာဝရစိမ်းလန်း အသက်ရှည်ကျင့်စဉ်ကို အသုံးပြုလိုက်သည်။
သူမ၏ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းလာသည်ကို ခံစားမိသောအခါ ကျိချိုးယုက လုချန်းအား
“ကျေးဇူးတင်ပါတယ်”
ဟု ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်သည်။
စကားသံဆုံးသွားသည်နှင့် သူမ၏ ရှေ့မှ လုချန်းအား ကျိချိုးယု ထပ်ကြည့်လိုက်သည်။ ဤ လုချန်းသည် ရုပ်သေး တစ်ခုလား သို့မဟုတ် သူ၏ တကယ့် ခန္ဓာကိုယ် အစစ်လားဟု သူမ သိချင်နေမိသည်။
ယင်ယန်အဆင့်၏ အင်အားကို ပိုင်ဆိုင်ထားလျှင် သူသည် ရုပ်သေးရုပ် မဖြစ်နိုင်လောက်ဘူး မဟုတ်ပါလား။
ထိုသို့ တွေးမိသောအခါ ကျိချိုးယု၏ နှလုံး ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်လာသည်။ အကယ်၍ ဒါက လုချန်း၏ တကယ့် ခန္ဓာကိုယ် အစစ် ဖြစ်ပါက သူမသည် မကြာမီ လုချန်း၏ အမျိုးသမီး တကယ်ဖြစ်လာတော့မည်ဟု ဆိုလိုနေသည် မဟုတ်ပါလား။
ထိုအခိုက်တွင် လုချန်းက ပြုံးလျက် နန်းကုန်းချင်ရအား
“လနက်မြို့ကို ကူညီပေးတဲ့အတွက် နန်းကုန်းဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားသာ အဲဒီ နတ်ဆိုးကျင့်ကြံသူတွေကို တားဆီး မထားခဲ့ရင် ချိပ်ပိတ်နတ်ဆိုး နယ်မြေထဲက နတ်ဆိုး သတ္တဝါတွေ လွတ်မြောက်သွားနိုင်တယ်။”
လုချန်း၏ အသံကို ကြားသောအခါ နန်းကုန်းချင်ရလည်း နောက်ဆုံးတွင် ငေးငိုင်နေရာမှ သတိပြန်ဝင်သွားပြီး
“မ... မလိုပါဘူး။ ဒီမှာ ကျွန်မ မရှိရင်တောင် ဒုမြို့သခင် လုရဲ့ အင်အားနဲ့ ဒီနေ့ ပြဿနာတွေကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့မှာပါ။”
နန်းကုန်းချင်ရသည် သိသိသာသာ စိတ်လှုပ်ရှားနေပုံရပြီး သူမ၏ မျက်နှာ အမူအရာသည် အနည်းငယ် အေးစက်နေသော်လည်း စကားပြောသည့်အခါ ထစ်ငေါ့နေသည်အထိ ဖြစ်နေ၏။ လုချန်း၏ နောက်ဆုံး တိုက်ပွဲသည် သူမအား အမှန်တကယ် တုန်လှုပ်စေခဲ့သည်။
ထိုအချက်က ဤလုချန်း တကယ်တမ်း ဘယ်သူလဲ ဆိုတာကို နန်းကုန်းချင်ရအား ပို၍ပင် သိချင်စိတ် ပြင်းပြစေသည်။
ဤလူ မည်သူနည်း။
သူ ဘယ်က လာသနည်း။
အဘယ်ကြောင့် မိမိကိုယ်ကိုယ် ဖျက်ဆီးခြင်းမှ လွတ်မြောက်နိုင်ရုံသာမက သူ၏ စွမ်းအားကို ယင်ယန်အဆင့်သို့ လျင်မြန်စွာ မြှင့်တင်နိုင်ခဲ့သနည်း။
ယင်ယန်အဆင့် ပထမအလွှာ၏ အင်အားဖြင့် ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန် တစ်ဦးကိုပင် အဘယ့်ကြောင့် သတ်ဖြတ်နိုင်ခဲ့သနည်း။
အကယ်၍ ထိုဖြစ်ရပ်ကို သူမ ကိုယ်တိုင် မျက်ဝါးထင်ထင် မမြင်တွေ့ခဲ့ရပါက ချဲ့ကားလွန်းသော ဇာတ်လမ်းတစ်ပုဒ်ဟု သတ်မှတ်ပြီး သူမ ဘယ်သောအခါမှယုံကြည်မည် မဟုတ်ပေ။
ယခု ဖြစ်ရပ်က လုချန်း သာမန်မဟုတ်ကြောင်း နန်းကုန်းချင်ရအား သဘောပေါက်စေသည်။ သူမ သူ့အား ယခင်တစ်ကြိမ်ကဲ့သို့ ဆက်ဆံ၍ မဖြစ်တော့ချေ။ ရှောင်ချန်ဟွာ အပေါ် အသုံးပြုခဲ့သော တိုက်ခိုက်မှုမျိးဖြင့် အဆုံးသတ်ရန် သူမ မလိုလားပေ။
ကျိချိုးယု၏ ဒဏ်ရာများကို ကုသပေးပြီးနောက် လုချန်း၏ အကြည့်များ အဝေးရှိ ချိပ်ပိတ်နတ်ဆိုး နယ်မြေထံသို့ ရောက်သွားသည်။ ထိုနေရာတွင် နတ်ဆိုး စွမ်းအားများ လေထဲ၌ လွင့်ပျံနေဆဲ ဖြစ်ကာ နတ်ဆိုးများ စုရုံးနေဆဲ ဖြစ်ကြောင်း ညွှန်ပြနေသည်။
ချက်ချင်းပင် လုချန်း၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် မြို့ရိုးပေါ်၌ ပေါ်လာသည်။ ထို့နောက် သူ၏ အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်ရာ စိတ်ဝိညာဉ် စွမ်းအား လှိုင်းများ သူ၏ ထံမှ ပျံ့နှံ့ ထွက်ပေါ်သွားသည်။
ခဏတာ အတွင်းမှာပင် ချိပ်ပိတ်နတ်ဆိုး နယ်မြေ အထက်ရှိ နတ်ဆိုး စွမ်းအားများ တဖြည်းဖြည်း ပို၍ အားနည်း မှိန်ဖျော့လာတော့သည်။ နတ်ဆိုး စွမ်းအားများ ပျောက်ကွယ်သွားသည်နှင့်အမျှ လနက်မြို့လည်း အလင်းရောင်ကို ပြန်လည် ရရှိလာသည်။ နီရဲသော ညနေခင်း ကောင်းကင်၏ ကျန်ရှိနေသော နေရောင်ခြည်သည် လူတိုင်းအပေါ်သို့ အလင်းရောင်တစ်ခု ကျရောက်စေကာ နွေးထွေးသော ခံစားချက်တစ်မျိုးကို ဖန်တီးပေး နေသည်။
လုချန်းသည် စောစောက ရေခဲရှစ်ဆင့် ဓားကို ဆက်တိုက် အသုံးပြုခဲ့သဖြင့် လနက်မြို့ တစ်ခုလုံး၏ အပူချိန်ကို အလွန်အမင်း ကျဆင်းသွားခဲ့ပြီး စစ်သားများ ချမ်းတုန်နေခဲ့ကြသည်။ ယခု နေဝင်ဆည်းဆာ၏ နေရောင်ခြည် ရုတ်တရက် ပေါ်ပေါက်လာသဖြင့် လူတိုင်းလည်း နေ၏နွေးထွေးမှုကို ခံစားလိုက်ရသည်။
နန်းကုန်းချင်ရသည် မြို့ရိုးပေါ်တွင် ရပ်နေသော လုချန်းအား တိတ်တဆိတ် ကြည့်ရင်း အတွေးထဲ နစ်မြောနေ၏။
ထို့နောက် လုချန်းအား မည်သည့် နှုတ်ဆက်စကားမျှ မပြောပဲ လနက်မြို့မှ တိုက်ရိုက် ထွက်ခွာသွားလိုက်သည်။ လုချန်းဟု သိကြသော အန္တရာယ်ရှိသည့် ထိုပုဂ္ဂိုလ်ကို လက်နက်မြို့တွင် ထားခဲ့ရမည်ဖြစ်သည်။
အရာအားလုံး ပြီးစီးသွားပြီးနောက် လုချန်းနှင့် ကျိချိုးယုတို့ မြို့သခင် စံအိမ်သို့ ပြန်လာခဲ့ကြသည်။ သူ၏ ခန္ဓာကိုယ် အစစ် ပျော်ပါးနိုင်ရန် ရုပ်သေးအား အခန်းထဲသို့ ပြန်နားခိုင်းဖို့ လုချန်း စဉ်းစားနေစဉ်မှာပင် သူ အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျိချိုးယုက နောက်မှ လိုက်လာဝင်လာပြီး ရုပ်သေး လုချန်းအား နောက်မှ သိုင်းဖက်လိုက်သည်။
လုချန်း အနည်းငယ် အံ့အားသင့်သွား၏။ကျိချိုးယု သူ့အတွက် စိတ်ပူနေတာဖြစ်မည်ဟု သူထင်မှတ်လိုက်သေး၏။ ထို့နောက် သူက သူမအား
“ကိုယ် အရင်က မပြောခဲ့ဖူးဘူးလား။ အဲဒါက ရုပ်သေးပါ။ သူ့ဘာသူ ဖျက်ဆီးသွားရင်တောင် ကိုယ့်ကို ထိခိုက်မှာ မဟုတ်ဘူး။ မင်း ကိုယ့်အတွက် စိတ်ပူစရာ မလိုပါဘူး” ဟု နှစ်သိမ့်လိုက်သည်။
ကျိချိုးယုက ချက်ချင်းပင်
“အဲ့ဒီ အတွက်ကြောင့် မဟုတ်ပါဘူး...”
သူမ၏ အသံသည် အလွန် တိုးနေပြီး သူမ၏ ပါးပြင်များမှာ နီမြန်းနေကာ သူမ၏ နှလုံးသည် မယုံနိုင်လောက်အောင် ခုန်ပေါက်နေသည်။
………………