အဖွဲ့အစည်း အသီးသီး၏ သဘောထားများ
Vol. 72 Ch. 1078
လနက်မြို့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ကျိယန်ကမ္ဘာတစ်ဝှမ်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် လုချန်းက နတ်ဆိုးတမန်ကို လွယ်ကူစွာ သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည့် မျက်မြင်သက်သေ အများအပြား ရှိနေခဲ့သဖြင့် ထိုဖြစ်ရပ်ကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ထို့ပြင် အဖွဲ့အစည်း အများအပြားသည် လုချန်း၌ နတ်ဆိုးနှင် ဓားသိုင်း ရှိသည်ဟု ကြားသိထားကြသဖြင့် သတင်းအချက်အလက် စုဆောင်းရန် လနက်မြို့သို့ သူလျှို အများအပြား စေလွှတ်ထားခဲ့သည်။ ထိုသူလျှိုများသည်လည်း ထိုအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့ကြပြီး နောက်တစ်နေ့ မိုးမလင်းမီမှာပင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ သတင်း ပြန်လည် ပို့ပေးခဲ့ကြသည်။
……
ချူးနိုင်ငံ။
နိုင်ငံရေးရာ ခန်းမအတွင်း။
ချူးဧကရာဇ်သည် နဂါးပလ္လင်ပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏ မျက်နှာသည် ဖြူဖျော့နေကာ မျက်နှာပေါ်တွင် သွေးရောင် လုံးဝ ကင်းမဲ့နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ခန်းမကြီးအတွင်းရှိ အမတ်များ စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ ချူးဧကရာဇ်သည် ချူးနိုင်ငံ၏ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုကိုပင် မထိန်းသိမ်းနိုင်သော အသုံးမကျသည့် အုပ်စိုးသူတစ်ဦးအဖြစ် အမတ်များ အမြဲ ထင်မှတ်ခဲ့ကြသည်။
သို့သော် လနက်မြို့မှ အဖြစ်အပျက် ပေါ်ပေါက်လာပြီးနောက် ချူးဧကရာဇ်ကို သူတို့ လျှော့တွက်ခဲ့ကြကြောင်း အမတ်များ သဘောပေါက်သွားကြ၏။ သူ့အနားရှိ နိုင်ငံတော် ပညာရှိမှာ အမှန်တကယ်တော့ ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ဦး ဖြစ်နေခဲ့ပြီး သွေးသက်တံရဲတိုက်၏ သခင်မပင်လျှင် သူ့ကို မယှဉ်နိုင်ခဲ့ပေ။
ပို၍ ကြောက်မက်ဖွယ်ကောင်းသော လုချန်းသာ မရှိခဲ့ပါက သူ့ကို ဆန့်ကျင်သူများအား အချိန်တိုအတွင်း ရှင်းလင်းနိုင်စွမ်း ချူးဧကရာဇ်တွင် ရှိနေသည်။
ကံမကောင်းစွာဖြင့် ထိုသို့သော မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ထိုအရာက ချူးနိုင်ငံမှ အမတ်များအတွက် သတင်းကောင်းတစ်ခု ဖြစ်ခဲ့သော်လည်း ချူးဧကရာဇ်သည် သူ၏ စွမ်းရည် အမှန်များကို ဖုံးကွယ်ထားခဲ့သည်ဟုလည်း သူတို့အား သဘောပေါက်သွားစေသည်။ ထို့ကြောင့် ဝမ်းသာ အားရခြင်း အောင်ပွဲခံ ပျော်ရွှင်ခြင်းများ မပြုကြပေ။
နတ်ဆိုးတမန်တစ်ဦးသည် ချူးဧကရာဇ်၏ ဘေးတွင် အမြဲ ရှိနေခဲ့သည်။
ချူးဧကရာဇ်သည် မည်သို့သော လူစားမျိုး ဖြစ်နိုင်သနည်း။
ချူးဧကရာဇ်သည်လည်း နတ်ဆိုးကျင့်ကြံသူတစ်ဦး သို့မဟုတ် နတ်ဆိုးတမန်တစ်ဦးပင် ဖြစ်နေနိုင်လား။
ထိုအချက်က ချူးနိုင်ငံမှ အမတ်များနှင့် အစိတ်စိတ်အမြွှာမြွှာ ကွဲပြား၍ ခွဲထွက်နေသော အင်အားစုများကို ရုတ်တရက် သတိထားလာစေသည်။
ချူးဧကရာဇ်သည် ခန်းမအတွင်းရှိ အမတ်များကို ဝေ့ဝဲ ကြည့်ရှုလိုက်ပြီးနောက် အံကြိတ်လျက်
“ဒုတိယ မြို့သခင် လုက ချူးနိုင်ငံတော်အတွက် နတ်ဆိုးတစ်ကောင်ကို ရှင်းလင်းပေးခဲ့ပြီး ပြည်သူတွေအတွက် ဘေးအန္တရာယ်တစ်ခုကို တားဆီးပေးခဲ့တယ်။ သူ့ကို ကျုပ်ဘာ ဆုချီးမြှင့်သင့်တယ်လို့ ခင်ဗျားတို့ ထင်လဲ။”
ချူးဧကရာဇ်၏ လေသံသည် နာကြည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ထို နတ်ဆိုးအဘိုးကြီး ရှောင်ချန်ဟွာ၏ ထိန်းချုပ်မှုမှ လွတ်မြောက်လိုခဲ့သည်မှာ မှန်သော်လည်း ရှောင်ချန်ဟွာ ဤမျှ လျင်မြန်စွာ ရှင်းလင်းခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အထူးသဖြင့် ချူးနိုင်ငံ၏ ပညာရှိက နတ်ဆိုးတမန်တစ်ယောက်ဟု ဖော်ထုတ်ခံလိုက်ရသည့် အချက်ကို ဖြစ်သည်။
ယခုအခါ ကျိယန်ကမ္ဘာ၏ အဓိက အင်အားစုများ အားလုံးက ချူးနိုင်ငံ၏ နိုင်ငံတော် ပညာရှိ ရှောင်ချန်ဟွာသည် နတ်ဆိုးတမန်တစ်ဦး ဖြစ်ကြောင်း သိသွားတော့မည်ဖြစ်သည်။ မကြာမီတွင် နတ်ဆိုးကျင့်ကြံသူများကို သုတ်သင်ရှင်းလင်းခြင်း ဟူသော အကြောင်းပြချက်ဖြင့် ချူးနိုင်ငံကို တိုက်ခိုက်မည့် အင်အားစုများ ရှိလာနိုင်သည်။
ဤအခိုက်အတန့်တွင် ချူးဧကရာဇ် လုချန်းကို သူကိုယ်တိုင် သတ်ပစ်ချင်နေမိသည်။ သို့သော် သူ၏ကိုယ်ပိုင် စွမ်းရည်ကို သူကောင်းစွာ သိရှိထား၏။ ရှောင်ချန်ဟွာပင်လျှင် လုချန်းကို မယှဉ်နိုင်ခဲ့ပေ။ သူကိုယ်တိုင် လုချန်းကို ရင်ဆိုင်ပါက သေခြင်းတရားနှင့်သာ ဆုံတွေ့ရဖွယ် ရှိသည်။
လုချန်း ကျိရှောင်နိုင်ငံတော်မှ လာသည်ပင် သူ ယခု သံသယရှိလာသည်။ ကျိရှောင်နိုင်ငံသည် ပြည်တွင်း ပဋိပက္ခများ ကြားတွင် ရှိနေသော်လည်း ချိပ်ပိတ်နယ်မြေ၏ အခြေအနေကို အမြဲ စိုးရိမ်ခဲ့သည်။ ဖြစ်နိုင်သည်မှာ ထိုနေရာမှ လှုပ်ခတ်မှုများက ကျိရှောင်နိုင်ငံတော်၏ အာရုံစိုက်မှုကို ဖမ်းစားခဲ့ပြီး လုချန်းကို အထူး စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ချူးဧကရာဇ် ပြောပြီးသည့်နောက် ခန်းမတွင်းရှိ အမတ်များ စကား မပြောကြသေးပေ။ ခန်းမကြီးတွင်း အလွန်တရာ ဖိအားပြင်းထန်နေခဲ့ပြီး အမတ်မျာ၏ နဖူးမှချွေးစက်များ လည်ပင်းသို့ပင် စီးကျလာသည်။ ခန်းမကြီးသည် အသက်ရှူသံကိုပင် ကြားနိုင်သည်အထိ တိတ်ဆိတ်နေခဲ့သည်။
အချိန် အတော်ကြာသွားပြီးနောက် အမတ်တစ်ဦး နောက်ဆုံးတွင် မတ်တပ်ရပ်လိုက်ပြီး တုန်ယင်သော အသံဖြင့်
“ကျွန်တော့် အမြင်အရတော့ ဒုတိယ မြို့သခင် လုဟာ ကြီးကျယ်တဲ့ စွမ်းဆောင်မှုကိုလုပ်ဆောင်ခဲ့ပြီး ချူးနိုင်ငံတော်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားပေးခဲ့ကာ ကျိယန်ကမ္ဘာ တစ်ခုလုံးအတွက် ကြီးမားတဲ့ ပံ့ပိုးမှုတစ်ခု ပြုလုပ်ခဲ့တဲ့အတွက် သူ့ကို နယ်စားဘွဲ့ ချီးမြှင့်ထိုက်တယ်လို့ ယုံကြည်ပါတယ်။”
“နယ်စားဘွဲ့ ချီးမြှင့်ထိုက်သည်” ဟူသော စကားလုံးများကို ကြားရသောအခါ အမတ်များ အားလုံး၏ မျက်လုံးများ ထိုသူအပေါ်သို့ စူးစိုက်သွားကြသည်။ ဤ အဘိုးကြီး တကယ်သတ္တိရှိပါလားဟု သူတို့ မတွေးပဲ မနေနိုင်ခဲ့ကြပေ။
နယ်စားဘွဲ့ ချီးမြှင့်ခြင်းရမှာလား။
ချူးဧကရာဇ် လုချန်းကို အဆုံးသတ်ပစ်ချင်စိတ် ပြင်းပြနေသည်ကို သူ မမြင်နိုင်ဘူးလား။
သို့ပါလျက် သူက လုချန်းအား နယ်စားဘွဲ့ချီးမြှင့်ရန် အကြံပြုရဲတာလား။
နယ်စားဘွဲ့ အဆိုပြုခဲ့သူ ဒုက္ခရောက်တော့မည်ဟု အမတ်များအားလုံးနီးပါး ထင်မှတ်နေချိန်မှာပင် ချူးဧကရာဇ်က
“အမတ်ကြီး ကျန်းက ပညာရှိရှိပီပီ အကြံပေးလိုက်တာပဲ။ ဒုတိယ မြို့သခင် လုက အမှန်တကယ် ကြီးကျယ်တဲ့ စွမ်းဆောင်မှုတစ်ခုကို ပြီးမြောက်ခဲ့လို့ နယ်စားဘွဲ့ ချီးမြှင့်ခံရဖို့ အမှန်တကယ် အရည်အချင်း ပြည့်မီပါတယ်။”
ထိုစကားများနှင့်အတူ နဂါးပလ္လင် အောက်ရှိ မိန်းမစိုးကို
“အမိန့်တော်တစ်ရပ် ရေးဆွဲ။ လုချန်းဟာ...” ဟု ညွှန်ကြားလိုက်သည်။
ချူးဧကရာဇ်က လုချန်းအား အမှန်တကယ် နယ်စားဘွဲ့ ချီးမြှင့်နေသည်ကို မြင်သောအခါ အမတ်များသည် ကြက်သေသေသွားကြသည်။
သို့သော် ချူးဧကရာဇ်သည် လုချန်းကို အမှန်တကယ် ဆုချီးမြှင့်ရန် ရည်ရွယ်ခြင်း မဟုတ်ပဲ အခြား နိုင်ငံတော်များနှင့် အင်အားစုများကို ပြသရန်အတွက် သူ့ကို ဆုချီးမြှင့်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်ကို သူတို့ လျင်မြန်စွာ သဘောပေါက်သွားကြသည်။
ယခုအခါ ချူးနိုင်ငံ၏ နိုင်ငံတော် ပညာရှိသည် နတ်ဆိုးတမန်တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရသဖြင့် ချူးဧကရာဇ်နှင့် နတ်ဆိုးကျင့်ကြံသူများ ဆက်နွှယ်မှု ရှိမရှိကို လူများ သေချာပေါက် သံသယဝင်ကြလိမ့်မည် ဖြစ်သည်။
လုချန်းသည် နတ်ဆိုးတမန်ကို ရှင်းလင်းခဲ့သည့် သူရဲကောင်းအဖြစ် ပေါ်ထွက်လာခဲ့သောကြောင့် ချူးနိုင်ငံ အနေနှင့် သူ့ကို ဆုချီးမြှင့်ရန် တာဝန်ရှိသည်။ ထိုသို့မလုပ်ပါက ချူးနိုင်ငံတော်၏ တော်ဝင်မိသားစုနှင့် နတ်ဆိုးကျင့်ကြံသူများကြား ဆက်နွှယ်မှု ရှိနေကြောင်း အတည်ပြုလိုက်သလို ဖြစ်သွားမည် မဟုတ်ပါလား။
လုချန်းအား ဆုချီးမြှင့်ခြင်းသည် အခြား နိုင်ငံတော်နှင့် အင်အားစုများထံသို့ ပြသမှု တစ်ခုမျှသာ ဖြစ်သည်။
…….
တစ်ချိန်တည်းမှာပင်။
ကျိရှောင်နိုင်ငံတော်။
နိုင်ငံရေးရာ ခန်းမအတွင်း။
တောက်ပသော အနီရောင် ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ပြီး ဦးခေါင်းထက်တွင် ဖီးနစ်သရဖူကို ဆင်မြန်းထားသော နန်းကုန်းယွဲ့ဟွာသည် ကြီးမားသော ဖီးနစ်ပလ္လင်ပေါ်တွင် ထိုင်နေရင်း ခန်းမအတွင်းရှိ တိတ်ဆိတ်နေသော အမတ်များကို ဝေ့ဝဲ ကြည့်ရှုလိုက်သည်။
ခဏအကြာတွင် နန်းကုန်းယွဲ့ဟွာက
“ကျွန်မရဲ့ သစ္စာခံ အမတ်အားလုံး လနက်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကြားသိပြီးလောက်ပြီလို့ ကျွန်မ ယုံကြည်ပါတယ်။”
“လနက်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ အရာနဲ့ ပတ်သက်ပြီး ကျိရှောင်နိုင်ငံတော်က ဘာလုပ်သင့်တယ်လို့ ကျွန်မရဲ့ အမတ်တွေက ယုံကြည်ကြပါသလဲ။”
သူမ၏ စကားဆုံးသွားသည်နှင့် အမတ်တစ်ဦး မတ်တပ်ရပ်လိုက်ပြီး
“အခု ချူးနိုင်ငံရဲ့ နိုင်ငံတော် ပညာရှိက နတ်ဆိုးတမန်တစ်ဦး ဖြစ်နေပါတယ်။ ချူးနိုင်ငံရဲ့ တော်ဝင်မိသားစုဟာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ ရှုပ်ထွေးတဲ့ ဆက်နွှယ်မှုတွေ ရှိနေဖို့ အလွန် ဖြစ်နိုင်ခြေ များပါတယ်။ ကျွန်တော် ယုံကြည်တာကတော့ ချူးနိုင်ငံကို တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေ ချက်ချင်း စေလွှတ်သင့်ပါတယ်။ ပြီးတော့ အဲ့ဒီ နတ်ဆိုးကျင့်ကြံသူတွေကို သုတ်သင်ရှင်းလင်းပြီး ဒီလောကကြီးကို ပိုကြီးမားတဲ့ အန္တရာယ်တွေ ယူဆောင်လာမှာကို ကြိုတင် တားဆီးသင့်တယ်လို့ ယူဆပါတယ်။”
“ကျွန်တော်လည်း စစ်သူကြီး ချင် ရဲ့ စကားကို သဘောတူပါတယ်။ နတ်ဆိုးကျင့်ကြံသူတွေက ဒီလောကကြီးကို ပိုကြီးမားတဲ့ ဒုက္ခတွေ မပေးခင်မှာ ကျွန်တော်တို့ တပ်ဖွဲ့တွေကို အမြန်ဆုံး ဖြန့်ကျက်သင့်ပါတယ်။ ဒါ့အပြင် ချူးနိုင်ငံက နတ်ဆိုး ချိပ်ပိတ်နယ်မြေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ကျွန်တော်တို့ ဘာမှ မလုပ်ဘူးဆိုရင် ချူးနိုင်ငံက ကောင်းကင်နတ်ဆိုးနဲ့ ပူးပေါင်းကြံစည်ပြီး ကောင်းကင်နတ်ဆိုးကို လွှတ်ပေးဖို့က အချိန်ပိုင်းပဲ လိုတော့မှာပါ။ အဲဒီအချိန်ကျမှ နတ်ဆိုးကျင့်ကြံသူတွေကို ချေမှုန်းဖို့ တပ်ဖွဲ့တွေ စေလွှတ်မယ်ဆိုရင် နောက်ကျသွားပါလိမ့်မယ်။”
ထို့နောက် အခြား အမတ်များစွာတို့လည်း တစ်ဦးပြီးတစ်ဦး ထရပ်ကြပြီး ချူးနိုင်ငံကို တိုက်ခိုက်ရန် တပ်ဖွဲ့များ စေလွှတ်ရေးကို ထောက်ခံကြောင်း ဖော်ပြကြသည်။
သို့သော် နန်းကုန်းယွဲ့ဟွာက ချက်ချင်း မတုံ့ပြန်ခဲ့ပေ။
သူမ၏ နီရဲသော မျက်လုံးများသည် ခန်းမအတွင်းရှိ အမတ်များကို ဝေ့ဝဲ ကြည့်ရှုနေခဲ့သည်။ တစ်စုံတစ်ခုကို တွေးတော ဆင်ခြင်နေသည့်အလား ဖြစ်သည်။
လနက်မြို့မှ သတင်းစကားကို လက်ခံရရှိစဉ်က အစပိုင်းတွင် သူမလည်း လူအများစုကဲ့သို့ပင် တုန်လှုပ်ခြောက်ခြားခဲ့ရသည်။
လုချန်းတွင် နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်သည့် စွမ်းရည်ရှိကြောင်း သူမ သိထားခဲ့သော်လည်း လုချန်းသည် သူ၏ အင်အားတစ်ခုတည်းဖြင့် ကောင်းကင်နတ်ဆိုး စွမ်းအား ပိုင်ဆိုင်သော ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ဦးကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူမ မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ပေ။
သူမ လနက်မြို့သို့ နောက်ဆုံးတစ်ကြိမ် သွားရောက်စဉ်က လုချန်းသည် မူလအစကမ္ဘာ နယ်ပယ်အဆင့်၏ အောက်ပိုင်း အဆင့်တွင်သာရှိကြောင်း သူမ မှတ်မိနေသည်။ ဤမျှ တိုတောင်းသော အချိန်တိုအတွင်း သူသည် ယင်ယန်အဆင့်သို့ မည်သို့ တက်လှမ်းနိုင်ခဲ့သနည်း။
ထို့ပြင် ယင်ယန်အဆင့် ကျင့်ကြံသူတစ်ဦးက ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။ မိမိထက် များစွာ အဆင့်မြင့်သော ရန်သူကို သတ်ဖြတ်နိုင်သည့် ထိုသို့သော စွမ်းဆောင်မှုက အနည်းကယ် လွန်ကဲလှသည်။
ဒါက ဤပုဂ္ဂိုလ်သည်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ထူးခြားနေခြင်း သက်သက်ကြောင့် ဖြစ်နိုင်သလား။
မျက်မြင်သက်သေများ၏ အဆိုအရ သွေးသက်တံရဲတိုက်၏ သခင်မ ဖြစ်သူပင် ရှောင်ချန်ဟွာကို မနိုင်ခဲ့ပေ။ သို့ပါလျက် လုချန်းက ရှောင်ချန်ဟွာကို လွယ်ကူစွာ ချေမှုန်းနိုင်ခဲ့သည်။
လုချန်း၏ နတ်ဆိုးစွမ်းအင်အပေါ် ဖိနှိပ်နိုင်စွမ်းသည် အမှန်တကယ်ပင် ဤမျှ ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီလား။
အကယ်၍ လုချန်း ကောင်းကင်နတ်ဆိုးနှင့် ရင်ဆိုင်ရလျှင်လည်း အကျိုးသက်ရောက်က ယခုကဲ့သို့ပင် ရှင်းလင်း ပြတ်သားနေမှာလား။
ဤအခိုက်အတန့်တွင် ခန်းမအတွင်း၌ ချူးနိုင်ငံသို့ တပ်ဖွဲ့များ စေလွှတ်ရေး အကြောင်း ဆွေးနွေးမှုများဖြင့် ဆူညံနေဆဲ ဖြစ်သည်။ နန်းကုန်းယွဲ့ဟွာ သတိပြန်ဝင်လာပြီးနောက် သူမက
“အဲ့ဒီ လုချန်းက ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့တယ်။ သူက ကျွန်မတို့ ကျိရှောင်နိုင်ငံတော်က မဟုတ်ပေမဲ့ သူက ကျွန်မတို့ရဲ့ ရည်မှန်းချက်အတွက် သွယ်ဝိုက်သောအားဖြင့် ပံ့ပိုးကူညီခဲ့တယ်။ သူ့အတွက် သင့်လျော်တဲ့ ဆုလာဘ်က ဘာဖြစ်သင့်တယ်လို့ ကျွန်မရဲ့ အမတ်တွေက ထင်မြင်ကြပါသလဲ။”
နန်းကုန်းယွဲ့ဟွာ၏ စကားကို ကြားသောအခါ အမတ်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တပ်ဖွဲ့များ စေလွှတ်ရေး ကိစ္စကို မဆုံးအဖြတ် မရသေးပဲ ကျိရှောင်နိုင်ငံတော်မှ မဟုတ်သော တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးကို ဆုချီးမြှင့်ရန် ဧကရီက ရုတ်တရက် အဆိုပြုလာခဲ့သည်။
ဘာကို ဆုချီးမြှင့်စရာ ရှိသနည်း။ ဤ တစ်ကိုယ်တော် ကျင့်ကြံသူသည် ကျိယန်ကမ္ဘာအတွက် အမှန်တကယ် ပံ့ပိုးကူညီခဲ့သော်လည်း ဒါက သူ၏ ကိုယ်ပိုင် အကျိုးစီးပွားအတွက်လည်း ဖြစ်သည်။ ထို့ပြင် လနက်မြို့သည် ကျိရှောင်နိုင်ငံတော်၏ အုပ်ချုပ်မှုအောက်တွင် မရှိပေ။
ထိုအခိုက်အတန့်တွင် အမတ်တစ်ဦး မတ်တပ်ရပ်လိုက်ပြီး
“ကျွန်တော် ကြားသိရတာက လုချန်းမှာ နတ်ဆိုးနှင် ဓားသိုင်း ရှိတယ် ဆိုတာပါပဲ။ သူက သူ့ရဲ့ ယင်ယန်အဆင့် ကျင့်စဉ်နဲ့ ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့တာဟာ ဒီ ဓားသိုင်းကို အားကိုးခဲ့လို့ ဖြစ်နိုင်ခြေ များပါတယ်။”
“အခု နတ်ဆိုး ချိပ်ပိတ်နယ်မြေရဲ့ ချိပ်ပိတ်ထားမှုက စတင် လျော့ရဲလာပြီ ဖြစ်လို့ ကောင်းကင်နတ်ဆိုးက ဘယ်အချိန်မဆို ဖောက်ထွက်လာနိုင်ပါတယ်။ လုချန်းရဲ့ နတ်ဆိုးနှင် ဓားသိုင်းက ကျွန်တော်တို့အတွက် အလွန် အရေးကြီးပါတယ်။ ကောင်းကင်နတ်ဆိုးကို ပြန်လည် ချိပ်ပိတ်ဖို့ ကျွန်တော်မျိုးတို့ ဒီ ဓားသိုင်းကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် ယုံကြည်တာကတော့ လုချန်းကို ကျိရှောင်နိုင်ငံတော်ဆီ ဖိတ်ခေါ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပြီး သူ့ရဲ့ဓားသိုင်းကို ပေးအပ်ဖို့ ဖိအားပေးသင့်ပါတယ်။”
နန်းကုန်းယွဲ့ဟွာက လုချန်းထံမှ နတ်ဆိုးနှင် ဓားသိုင်းကို ယူရန် အကြံပြုခဲ့သော အမတ်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခက်ထန်သော လေသံဖြင့်
“ကျွန်မက သူ့ကို ဘယ်လို ဆုချီးမြှင့်ရမလဲ ဆိုတာ ဆွေးနွေးဖို့ တောင်းဆိုနေတာ။ ရှင်က သူ့ကို ကျိရှောင်နိုင်ငံတော်ဆီ အတင်းအကျပ် ခေါ်ဆောင်လာပြီး နတ်ဆိုးနှင် ဓားသိုင်းကို ပေးခိုင်းဖို့ အကြံပေးနေတယ်။ နတ်ဆိုးတမန်တစ်ဦးကို ခုလေးတင် သတ်ဖြတ်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကို ဖိအားပေးဖို့ ရှင်ကအကြံပေးနေတာလား။ ကမ္ဘာပေါ်က ပြည်သူတွေက ကျွန်မတို့ကို ဘယ်လို ထင်မြင်ကြမလဲ။ ရှင်က ကျွန်မ အရှက်ရအောင်လုပ်ဖို့ ကြိုးစားနေတာပဲ။”
သူမ၏ စကားများ ဆုံးသွားသည်နှင့် နန်းကုန်းယွဲ့ဟွာ၏ သြဇာအာဏာ အငွေ့အသက် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး အမတ်အား ချက်ချင်း ဒူးထောက်ကျသွားစေသည်။
“ကျွန်တော့်ကို သနားညှာတာပါ ဧကရီ။ ကျွန်တော့် အသက်ကို ချမ်းသာပေးတော်မူပါ။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်တွေက ကျိရှောင်နိုင်ငံတော်ရဲ့ ကောင်းကျိုးသက်သက်အတွက်ပါ။ အခြား ဘာမှ မရှိပါဘူး။”
နန်းကုန်းယွဲ့ဟွာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကား ထပ်ပြောမည် အပြုတွင် ရုတ်တရက် အစေခံတစ်ဦးက နန်းကုန်းယွဲ့ဟွာ၏ ဖိနှိပ်မှု အငွေ့အသက်ကို ကြံ့ကြံ့ခံလျက် ဖီးနစ်ပလ္လင်သို့ ချဉ်းကပ်လာပြီး သူမ၏ နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။
နန်းကုန်းယွဲ့ဟွာလည်း သူမ၏ ဖိနှိပ်မှု အငွေ့အသက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး
“ဒီနေ့ ကျွန်မ လုပ်စရာ တခြား ကိစ္စတွေ ရှိနေလို့ ဆုလာဘ်နဲ့ ပတ်သက်တဲ့ အကြံပြုစာစာတစ်စောင်စီ ရေးပြီး ကျွန်မဆီ နောက်မှ တင်သွင်းကြ။ ကျိရှောင်နိုင်ငံတော်ဟာ ကောင်းကင်နတ်ဆိုးကို ဆန့်ကျင်တဲ့ ကျင့်ကြံသူတွေကြားမှာ ဦးဆောင်နေတဲ့ အင်အားစု အဖြစ် အမြဲ ရှိနေခဲ့တယ်။ လောကကြီးက ပြည်သူတွေကို စိတ်ပျက်အားငယ် မသွားပါစေနဲ့။”
ထိုစကားများကို ပြောပြီးနောက် နန်းကုန်းယွဲ့ဟွာ မတ်တပ်ရပ်လိုက်ပြီး နိုင်ငံရေးရာ ခန်းမမှ ခြေလှမ်း မှန်မှန်ဖြင့် ထွက်ခွာသွားခဲ့သည်။
နန်းကုန်းယွဲ့ဟွာ ထွက်ခွာသွားပြီးမှသာ ခန်းမအတွင်းရှိ အမတ်များ သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ နန်းကုန်းယွဲ့ဟွာအပေါ် သူတို့ အလွန် မကျေမနပ် ဖြစ်နေကြဆဲ ဖြစ်သည်။
“ဆုလာဘ် ဟုတ်လား။ ဘာကို ဆုချီးမြှင့်စရာ ရှိလို့လဲ။ သူက တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ယောက်ပါပဲ။”
“ဟုတ်တယ်။ သူက နတ်ဆိုးနှင် ဓားသိုင်းကို ပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့ လူတစ်ယောက်သက်သက်ပဲ။ ကျုပ်တို့ ကျိရှောင်နိုင်ငံတော်က စစ်သားတွေသာ နတ်ဆိုးနှင် ဓားသိုင်း ရှိခဲ့ရင် သူတို့လည်း ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ဦးကို သတ်နိုင်လောက်တယ်။”
“တကယ်ကို နေရာလွဲမှားနေတဲ့ ချီးမြှောက်မှုပဲ။ ကျိရှောင်နိုင်ငံတော်က အဓိက အင်ပါယာ ကြီး ဖြစ်နေပြီးသားပဲ။ ကမ္ဘာကြီးက ဘယ်လိုထင်ထင် ဘာလို့ ဂရုစိုက်ရမှာလဲ။
အဲ့ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ အာဏာနဲ့ မသင့်တော်ဘူးလို့ အစကတည်းက ပြောကြတာ။”
…
ဤအမတ်များသည် နန်းကုန်းယွဲ့ဟွာအပေါ်လုံးဝ မထီမဲ့မြင်သဘောထားနှင့် ခန်းမထဲတွင် သူမအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြသည်။
တစ်ချိန်တည်းတွင် နန်းကုန်းယွဲ့ဟွာ တော်ဝင်ဥယျာဉ်သို့ ရောက်ရှိသွားခဲ့သည်။ ဥယျာဉ်အတွင်းရှိ အဆောင်ငယ်တစ်ခုထဲတွင် အဘိုးအိုတစ်ဦး ထိုင်နေပြီး လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်သုံးနေခဲ့သည်။
……………