ကျိယန်ကမ္ဘာတွင် ကပ်ဘေးတစ်ခု ကျရောက်တော့မည်
Vol. 72 Ch. 1079
အဘိုးအိုကို မြင်သည်နှင့် နန်းကုန်းယွဲ့ဟွာ အဆောင်အတွင်းသို့ ချက်ချင်း ရွေ့လျားသွားပြီးနောက်
“ရဲတိုက်သခင် ကုန်းရယ်က ကျိရှောင်နိုင်ငံတော်ကို ဘာကိစ္စနဲ့ ကြွရောက်လာတာပါလဲ။”
အဆောင်းငယ်အတွင်းရှိ အဘိုးအိုသည် အမှန်စင်စစ် ထျန်းကျိမျှော်စင် ဟုလည်း ခေါ်တွင်သော ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင် ကုန်းရယ်လျှံဖုန်းဖြစ်သည်။ သူတို့၏ အဓိက အစွမ်းမှာ ကောင်းကင်ဘုံ လမ်းစဉ်၏ လျှို့ဝှက်ချက်များကို ကြိုတင်ဟောကိန်းထုတ်နိုင်ခြင်း ဖြစ်၏။
စုစုပေါင်း အင်အားအရ ထျန်းကျိရဲတိုက်သည် ဤကမ္ဘာတွင် အငြင်းပွားဖွယ်မရှိသော အင်အား အကြီးမားဆုံးသော အင်အားစု ဖြစ်သည်။
ဟုတ်ပါသည်။ ထျန်းကျိရဲတိုက်သည် လောကီရေးရာ ကိစ္စများတွင် ပါဝင်ပတ်သက်လေ့ မရှိပေ။ ထို့ကြောင့် ကြားနေ အင်အားစုအဖြစ်သာ အမြဲသတ်မှတ်ခံရသည်။
ကျိယန်ကမ္ဘာတွင် ကြီးမားသော ကပ်ဘေးများ ကျရောက်သည့် အချိန်မှသာလျှင် ထျန်းကျိရဲတိုက်က အပြည့်အဝ ပါဝင်လာလေ့ ရှိသည်။
ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်တစ်ဦးဖြစ် သော ကုန်းရယ်လျှံဖုန်းက အထင်ရှားဆုံး နိုင်ငံတော်၏ ဧကရီနှင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံခြင်းက အရေးကြီးသော ကိစ္စရပ် တစ်ခုရှိနေသည်ဟု အဓိပ္ပာယ်ရသည်။
ကုန်းရယ်လျှံဖုန်းက သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်ပြီးနောက် နန်းကုန်းယွဲ့ဟွာကို မော့ကြည့်ကာ
“ကျိယန်ကမ္ဘာကို ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးတစ်ခု ကျရောက်တော့မယ်ဆိုတာ ခင်ဗျား သိသလား ဧကရီ။”
ထိုအရာ ကြားရသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် ကွေးသွားသည်။
ကြောက်မက်ဖွယ် ကပ်ဘေးတစ်ခုတဲ့လား။
ချိပ်ပိတ်နယ်မြေမှ ကောင်းကင်နတ်ဆိုးက ချိပ်ပိတ်ထားရာက လွတ်မြောက်တော့မှာလား။
ကောင်းကင်ဘုံ လမ်းစဉ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်သော ထျန်းကျိရဲတိုက်၏ စွမ်းရည်အပေါ် နန်းကုန်းယွဲ့ဟွာ အတော်အတန် ယုံကြည်မှု ရှိသည်။ ကုန်းရယ်လျှံဖုန်းသည် အကြောင်းပြချက်မရှိပဲ သူမကို လာရောက် လှည့်ဖြားမည် မဟုတ်ပေ။
သူက ကြောက်မက်ဖွယ် ကပ်ဘေးတစ်ခုဟု ဆိုခဲ့သည်။ ဒါက ကျိယန်ကမ္ဘာတွင် ဆိုးရွားသော အရာတစ်ခု အမှန်တကယ် ဖြစ်ပွားတော့မည်ဟု အတည်ပြုလိုက်သကဲ့သို့ ဖြစ်နေသည်။
သူမ၏ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် နန်းကုန်းယွဲ့ဟွာက
“ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာကနေ လွတ်မြောက်တော့မှာမို့လို့လား”
ဟု တိုက်ရိုက် မေးလိုက်သည်။
ကုန်းရယ်လျှံဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက်
“ကျွန်တော့်ရဲ့ တွက်ချက်မှုတွေအရ ကျိယန်ကမ္ဘာရဲ့ ရန်သူဟာ ချိပ်ပိတ်နယ်မြေထဲက ကောင်းကင်နတ်ဆိုးထက်တောင် ပိုပြီး အစွမ်းထက်နိုင်တယ်။”
နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ ထပ်မံ တွန့်သွား၏။ ကမ္ဘာသို့ ကပ်ဘေး ယူဆောင်လာမည်သူ့က ချိပ်ပိတ်ထားရာမှ လွတ်မြောက်လာမည့် ကောင်းကင်နတ်ဆိုးဟု သူမ ထင်မှတ်ခဲ့သည်။
ကောင်းကင်နတ်ဆိုး မဟုတ်ဘူးလား။
ကောင်းကင်နတ်ဆိုးထက်ပင် ပို၍ အစွမ်းထက်နေတာလား။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ဖြစ်နိုင်သည်က...
နန်းကုန်းယွဲ့ဟွာ တစ်စုံတစ်ခုကို ချက်ချင်း တွေးမိလိုက်သည်။
အခြားကမ္ဘာများသို့ လမ်းကြောင်းများ ဖွင့်နိုင်စွမ်းရှိသော ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများသည် ကျိယန်ကမ္ဘာ အပြင်ဘက်၌ ကမ္ဘာများ တည်ရှိနေမှုကို ကောင်းစွာ သိကြသည်။
ထို့ပြင် ကျိယန်ကမ္ဘာနှင့် အခြားကမ္ဘာတစ်ခု တိုက်မိမှုကို နန်းကုန်းယွဲ့ဟွာ အာရုံခံမိပြီး ဖြစ်သည်။ တိုက်မိသည့် နေရာသည် ချိပ်ပိတ်နယ်မြေတွင် တည်ရှိနေသောကြောင့် ကျိယန်ကမ္ဘာ၏ ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများက ထိုနေရာကို လျစ်လျူရှုခဲ့ကြသည်။
သူတို့သည် ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း စုံစမ်းစစ်ဆေးရန်အတွက် ချိပ်ပိတ်နယ်မြေ အတွင်းသို့ စွန့်စား ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ကောင်းကင်နတ်ဆိုးသည် ချိပ်ပိတ်ခံထားရသော်လည်း ကျင့်ကြံသူများကို လွှမ်းမိုးရန် နည်းလမ်း အမျိုးမျိုးကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
သူတို့ ချိပ်ပိတ်နယ်မြေအတွင်းသို့ မဆင်မခြင် ဝင်ရောက်ခဲ့ပါက ကောင်းကင်နတ်ဆိုး၏ လွှမ်းမိုးမှုကို ခံရနိုင်၏။ ကံကောင်းပါက အဆိုးဆုံးအနေနှင့် သူတို့၏ ကျင့်စဉ်ကို မိစ္ဆာစွမ်းအား လွှမ်းမိုးခံရနိုင်ခြေ ရှိနိုင်သည်။ သို့သော် ကံမကောင်းပါက ကောင်းကင်နတ်ဆိုး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီး သူ၏ လက်အောက်ခံ ဖြစ်သွားနိုင်သည်။
ထို့နောက် နန်းကုန်းယွဲ့ဟွာက
“ကျိယန်ကမ္ဘာနဲ့ တိုက်မိခဲ့တဲ့ ကမ္ဘာက အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုလား။”
အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုတွင် သာလျှင် ကောင်းကင်နတ်ဆိုးထက် ပိုမို အစွမ်းထက်သော သတ္တဝါများ တည်ရှိနိုင်ခြေ ရှိသည်။
ကုန်းရယ်လျှံဖုန်းက
“ကျွန်တော့်ရဲ့ တွက်ချက်မှုတွေအရ အစွမ်းထက်တဲ့ သတ္တဝါဟာ အိမ်နီးချင်း ကမ္ဘာက မဟုတ်ပဲ အများကြီး ပိုဝေးတဲ့ နေရာက လာတာပါ။”
နန်းကုန်းယွဲ့ဟွာ အနည်းငယ် အံ့အားသင့်သွားသည်။
အိမ်နီးချင်း ကမ္ဘာမှ မဟုတ်ဘူးလော။
ပို၍ ဝေးကွာသော နေရာမှလား။
စကြဝဠာထဲရှိ ကျိယန်ကမ္ဘာ၏ တည်နေရာကို သူမ ရှင်းရှင်းလင်းလင်း မသိသော်လည်းစကြဝဠာကြီး တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက ကျိယန်ကမ္ဘာသည် သာမည အဆင့်နိမ့် ကျင့်စဉ်ကမ္ဘာတစ်ခုမျှသာ ဖြစ်သည်ကိုတော့ သူမ သိထားသည်။
သူတို့၏ ကမ္ဘာမှ ထွက်ခွာသွားခဲ့သူများ ရှိခဲ့ဖူးပြီး အခြားကမ္ဘာများအကြောင်း သတင်းအချက်အလက်များ ယူဆောင်လာကာ ကျိယန် ကမ္ဘာသို့ ဝင်ရောက်လာခဲ့သည့် အပြင်လူများလည်း ရှိခဲ့ဖူးသည်။
ကျိရှောင်နိုင်ငံတော်ကို တည်ထောင်ခဲ့သော ဧကရာဇ်သည်ပင် အခြားကမ္ဘာတစ်ခုမှ လာသည်ဟု ဆိုကြသည်။ ထို့ကြောင့် သူမ ကျိယန်ကမ္ဘာမှ တစ်ခါမှ ထွက်မသွားဖူးသော်လည်း ထိုအစွမ်းထက် သတ္တဝါများအတွက် သူတို့၏ ကမ္ဘာက များစွာတန်ဖိုး မရှိလှသည်ကို နန်းကုန်းယွဲ့ဟွာ သိထား၏။
မက်မောစရာ များစွာ မရှိသော ကျင့်စဉ်ကမ္ဘာတစ်ခုကို အဘယ်ကြောင့် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ဦးက စိတ်ဝင်စားမည်နည်း။
နန်းကုန်းယွဲ့ဟွာ တိတ်ဆိတ်သွားစဉ် ကုန်းရယ်လျှံဖုန်းက
“လနက်မြို့မှာ ဥပဒေ နိယာမ အလုံးစုံအဆင့် နတ်ဆိုးတမန်တစ်ယောက်ကို ယင်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်က လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့တဲ့အကြောင်း ဧကရီ ကြားမိပြီး ဖြစ်ရမယ်။”
နန်းကုန်းယွဲ့ဟွာက
“ဟုတ်ကဲ့ ကြားပြီးပါပြီ။ ရဲတိုက်သခင် ကုန်းရယ် ဆိုလိုချင်တာက လုချန်းဟာ အဲဒီ အစွမ်းထက် သတ္တဝါနဲ့ ဆက်စပ်နေတယ်လို့ ဆိုလိုတာလား”
ကုန်းရယ်လျှံဖုန်းက
“ထျန်းကျိရဲတိုက်က လုချန်းအကြောင်းကို အတော်ကြာကြာကတည်းက သိခဲ့ပါတယ်။ သူ့ရဲ့ နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်တဲ့ စွမ်းရည်ကိုလည်း သိခဲ့တယ်။ ဒါကြောင့် သူ့ကို စောင့်ကြည့်ဖို့ ကျွန်တော်တို့လူတွေကို လနက်မြို့ချက်ချင်း စေလွှတ်ခဲ့တယ်။ ကျွန်တော် ကိုယ်တိုင်လည်း သူ့ရဲ့ ဇာစ်မြစ်ကို တွက်ချက်ကြည့်ခဲ့တယ်။”
“ဒါပေမဲ့”
ကုန်းရယ်လျှံဖုန်း ခဏရပ်တန့်လိုက်ပြီးနောက်
“ကျွန်တော် သူ့ရဲ့ ဇာစ်မြစ်ကို ကြိုတင်ဟောကိန်းထုတ်ဖို့ ကြိုးစားတိုင်း ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ တန်ပြန်မှုကို ခံရတယ်။ သူ့ရဲ့အကြောင်း အရာအားလုံးကို တစ်စုံတစ်ခုက ကာကွယ်ပေးထားသလိုမျိုးဖြစ်နေတယ်။”
“နောက်ပြီး သူက နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်တယ်။ သူက ဒါကို လုပ်နိုင်တယ် ဆိုကတည်းက သူ့နောက်ကွယ်က လူမှာလည်း နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှိနေနိုင်တယ်။ ဒါကြောင့် သူဟာ ကျိယန်ကမ္ဘာက လူတစ်ယောက် မဖြစ်နိုင်ပဲ အခြားကမ္ဘာတစ်ခုက လူတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော် ကောက်ချက်ချမိတယ်။”
“ဖြစ်နိုင်တာကတော့ ကျိယန်ကမ္ဘာကို သူလျှိုလုပ်ဖို့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ယောက်က သူ့ကို စေလွှတ်လိုက်တာပဲ။”
ကုန်းရယ်လျှံဖုန်း၏ စကားကို ကြားပြီးနောက် နန်းကုန်းယွဲ့ဟွာ မျက်မှောင် ထပ်မံ ကြုတ်လိုက်၏။ တစ်ဆက်တည်းပင် သူမ၏ မျက်နှာတွင်လည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်သွား၏။ အဘယ်ကြောင့် တစ်စုံတစ်ယောက်က နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်သည်ကို သူမလည်း အစကတည်းက စူးစမ်းမိခဲ့သည်။
အထူးသဖြင့် သူမ လုချန်းနှင့် ကိုယ်တိုင် တွေ့ဆုံပြီးနောက် ထိုလူသည် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သည်ဟု သူမ ခံစားခဲ့ရ၏။ သူ့တွင် နှလုံးခုန်သံပင် မရှိပဲ သူ၏ ခန္ဓာကိုယ်ကတော့ အဆင်ပြေနေပုံရသည်။ အရေးကြီးဆုံးမှာ သူမနှင့် တွေ့ဆုံစဉ်က သူ့ထံတွင် ကြောက်ရွံ့မှု လုံးဝ ရှိမနေခြင်းဖြစ်သည်။
သူမ လုချန်းနှင့် တွေ့ဆုံစဉ်က သူသည် မူလအစကမ္ဘာ နယ်ပယ်အဆင့် တွင်သာရှိနေသော်လည်း သူမကို လုံးဝ မကြောက်ရွံ့ခဲ့ပေ။ ထိုအချက်က အလွန် ထူးဆန်းလှသည်။
လုချန်း၏ နောက်ကွယ်၌ ထျန်းကျိရဲတိုက် ရှိနေလျှင်ပင် ထျန်းကျိရဲတိုက်မှ မူလအစကမ္ဘာ နယ်ပယ်အဆင့် တပည့်များသည် ကျိရှောင်နိုင်ငံတော်၏ ဧကရိီဖြစ်သော သူမ၏ ရှေ့မှောက်တွင် အတိုင်းအတာတစ်ခုအထိ ကြောက်ရွံ့မှု ပြသသင့်သည်။
ယခု ပြန်စဉ်းစားကြည့်လျှင် လုချန်း၏ နောက်ခံ အထောက်အပံ့က ထျန်းကျိရဲတိုက်ထက်ပင် ကြောက်စရာကောင်းနေပုံရသည်။ ထို့ကြောင့် သူက သူမကို လုံးဝ မကြောက်ရွံ့ခဲ့သည့်အပြင် အလေးလည်းမထားခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် အဆောင်ငယ်သည် ကြီးမားသော တိတ်ဆိတ်မှုထဲသို့ နစ်မြုပ်သွား၏။ ကုန်းရယ်လျှံဖုန်းကလည်း စကားဆက် မပြောခဲ့သလို နန်းကုန်းယွဲ့ဟွာသည်လည်း တိတ်ဆိတ်သွားခဲ့သည်။
ကောင်းကင်နတ်ဆိုး၏ ပြဿနာကိုလည်း မဖြေရှင်းရသေးပေ။ ချိပ်ပိတ်နယ်မြေရှိ ချိပ်ပိတ်ထားမှုမှာ ကျိုးပေါက်တော့မည် ဖြစ်ပြီး တချိန်တည်းမှာပင် အခြားကမ္ဘာမှ ကျူးကျော်သူတစ်ဦးလည်း ပေါ်ပေါက်လာခဲ့သည်။ အရေးကြီးဆုံး အချက်က ဤ ကျူးကျော်သူသည် ကောင်းကင်နတ်ဆိုးထက်ပင် ပိုအစွမ်းထက်နိုင်သည် ဟူသည့်အချက်ဖြစ်သည်။
ကောင်းကင်နတ်ဆိုးကို ရင်ဆိုင်ဖြေရှင်းဖို့ တစ်ခုတည်းကပင် ကျိယန်ကမ္ဘာအတွက် အလွန် ခက်ခဲနေခဲ့ပြီ ဖြစ်သည်။ ယခု ကောင်းကင်နတ်ဆိုးထက် ပိုအစွမ်းထက်သော အခြား သတ္တဝါတစ်ဦး ရောက်ရှိလာခဲ့၏။ အင်အားစုအားလုံး ပေါင်းစည်းလိုက်လျှင်ပင် ဤ အစွမ်းထက် ကျူးကျော်သူကို ယှဉ်နိုင်မည် မဟုတ်ဟု ယူဆရသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် ရှည်လျားသော တိတ်ဆိတ်မှုအပြီးတွင် နန်းကုန်းယွဲ့ဟွာက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။
“ရဲတိုက်သခင် ကုန်းရယ် ဘာလုပ်ဖို့ ရည်ရွယ်ထားပါသလဲ”
“ရဲတိုက်သခင် ကုန်းရယ်ရဲ့ အင်အားနဲ့ဆိုရင် ထျန်းကျိရဲတိုက် တစ်ခုလုံးကို ခေါ်ပြီး ကျိယန်ကမ္ဘာကနေ ထွက်သွားဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး ထင်ပါတယ်။”
ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူများသည် ၎င်းတို့၏ ကမ္ဘာမှ ထွက်ခွာရန် ကမ္ဘာကျော်ဖြတ် လမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်သည်။ ထို့ပြင် ထျန်းကျိရဲတိုက်မှ ပိုင်ဆိုင်သော အထူး နည်းဗျူဟာ ပုံစံ အချို့ဖြင့် ဤကမ္ဘာမှ ထွက်ခွာရန် တည်ငြိမ်သော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု တည်ဆောက်ခြင်းက အတော်လေး လွယ်ကူပေလိမ့်မည်။
ထို့ပြင် ထျန်းကျိရဲတိုက်သည် ကျိယန်ကမ္ဘာနှင့် အံမဝင်သကဲ့သို့ နန်းကုန်းယွဲ့ဟွာ အမြဲ ခံစားခဲ့ရ၏။ သူတို့သည် ဤကမ္ဘာမှ အင်အားစုတစ်ခုနှင့် မတူပေ။
ထျန်းကျိရဲတိုက်သည်လည်း အခြား အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခုမှ လာရောက်ခြင်း ဖြစ်နိုင်သည်ဟု ဟိုးအရင်ကတည်းက နန်းကုန်းယွဲ့ဟွာ သံသယရှိခဲ့သည်။ ထျန်းကျိရဲတိုက်ကဲ့ အနေနှင့် ဤကမ္ဘာမှ အချိန်မရွေး ထွက်ပြေးနိုင်သည်။ ကျိယန်ကမ္ဘာရှိ အခြား အင်အားစုများ၏ ရှင်ခြင်းနှင့် သေခြင်းကို သူတို့ ဂရုစိုက်ရန် မလိုအပ်ပေ။
နန်းကုန်းယွဲ့ဟွာ၏ စကားကို ကြားသောအခါ ကုန်းရယ်လျှံဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက်
“ဧကရီက စိုးရိမ်လွန်းနေပါပြီ။ ကျွန်တော်တို့ ထျန်းကျိရဲတိုက်က ကျိယန်ကမ္ဘာကို စွန့်ပစ်ဖို့ အစီအစဉ် မရှိပါဘူး။ ဒီ အကျပ်အတည်းမှာ ကျွန်တော်တို့ ထျန်းကျိရဲတိုက်က ကျိယန်ကမ္ဘာရဲ့ အခြား အင်အားစုတွေနဲ့အတူ ရင်ဆိုင်သွားမှာပါ။”
နန်းကုန်းယွဲ့ဟွာက
“ဟိုးတုန်းက ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ဖို့ ကျိယန်ကမ္ဘာက နတ်ဘဝပြောင်းလဲခြင်း အဆင့်ကျင့်ကြံသူတွေ အားလုံး ပျက်စီးခဲ့ရတယ်။ အခု ကောင်းကင်နတ်ဆိုးက ချိပ်ပိတ်ထားရာကနေ လွတ်မြောက်တော့မှာ ဖြစ်သလို ကောင်းကင်နတ်ဆိုးထက်တောင် ပို အစွမ်းထက်တဲ့ သတ္တဝါတစ်ဦးလည်း ပေါ်လာခဲ့ပြီ။ လက်ရှိ ကျိယန်ကမ္ဘာမှာ နတ်ဘဝပြောင်းလဲခြင်း အဆင့်ကို ရောက်နေတဲ့သူ တစ်ယောက်မှ မရှိသေးဘူးဆိုတော့ ဒီ အကျပ်အတည်းကို ကျော်လွှားဖို့က တကယ် ခက်ခဲပါတယ်။”
ကုန်းရယ်လျှံဖုန်းက
“ဟုတ်ပါတယ်။ တကယ် မလွယ်ပါဘူး။ ဒါပေမဲ့ ကောင်းကင်နတ်ဆိုးနဲ့ အဲဒီ အစွမ်းထက် ပုဂ္ဂိုလ်သာ တိုက်ရိုက် ထိပ်တိုက်တွေ့ကြမယ်ဆိုရင် သူတို့ နှစ်ယောက်လုံးကို ချိပ်ပိတ်နိုင်ဖို့ မျှော်လင့်ချက်က ရှိနေပါသေးတယ်။”
ထိုစကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာသည် ခဏခန့် ကြက်သေသေသွားသည်။
ဟုတ်ပါသည်။ ထျန်းကျိရဲတိုက်မှ ကြိုတင်ဟောကိန်းထုတ်ခဲ့သော အစွမ်းထက် ပုဂ္ဂိုလ်သည် ကောင်းကင်နတ်ဆိုးထက် ပိုမို ကြောက်စရာကောင်းသော်လည်း ကောင်းကင်နတ်ဆိုးသည် ကောင်းကင်နတ်ဆိုး ဖြစ်၏။ သူ့၌ ကျင့်ကြံသူများကို ပင်ကို သဘာဝအရ ထိန်းချုပ်နိုင်စွမ်း ရှိသည်။
အကယ်၍ သူတို့ နှစ်ဦး တိုက်ရိုက် ထိပ်တိုက်တွေ့ခဲ့ပါက နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန် ရသွားနိုင်ခြေ အလွန် ရှိသည်။ ထိုအချိန်တွင် ကျိယန်ကမ္ဘာ၏ အခြား အင်အားစုများသည် သူတို့၏ အားနည်းသွားသော အခြေအနေကို အခွင့်ကောင်းယူ၍ နှစ်ဦးစလုံးကို ချိပ်ပိတ်နိုင်မည် ဖြစ်သည်။
ကောင်းကင်နတ်ဆိုးထက် ပိုမို အစွမ်းထက်သော သတ္တဝါတစ်ဦးကို သတ်ဖြတ်ခြင်းက လွယ်ကူမည် မဟုတ်တာတော့ အမှန်ပင်ဖြစ်သည်။ သို့သော် ချိပ်ပိတ်ရန်သက်သက်သာ ဖြစ်ပါက အလွန်ဖြစ်နိုင်ခြေရှိသည်။ ထိုသို့ဖြင့် ဤအကျပ်အတည်းကို ကျော်လွှားနိုင်မည့် အခွင့်အရေးတစ်ခု ရရှိလာနိုင်သည်။
သို့သော်...
နန်းကုန်းယွဲ့ဟွာက
“ ကောင်းကင်နတ်ဆိုးနဲ့ အဲဒီ အစွမ်းထက် ပုဂ္ဂိုလ်ကို ထိပ်တိုက်တွေ့စေချင်ရင် ကျွန်မတို့ ကောင်းကင်နတ်ဆိုးကို အရင် လွှတ်ပေးရလိမ့်မယ်။ ဒါပေမဲ့ ကောင်းကင်နတ်ဆိုးက အဲဒီ အစွမ်းထက် ပုဂ္ဂိုလ်ကို မဆန့်ကျင်ပဲ ကျိယန်ကမ္ဘာကို တိုက်ခိုက်ခဲ့ရင်ရော.....
ဒါဆို ကျွန်မတို့ ကြောက်စရာ ရန်သူ နှစ်ယောက်ကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။”
ကုန်းရယ်လျှံဖုန်းက
“အဲဒီ လုချန်းက ကောင်းကင်နတ်ဆိုး စွမ်းအားကို ထိန်းချုပ်နိုင်တယ်။ လုချန်းရဲ့ နောက်ကွယ်က လူမှာလည်း အဲဒီလို စွမ်းအားမျိုး ရှိနေရင် ကောင်းကင်နတ်ဆိုးက သူ့ဘက်မှာ ရပ်တည်လိမ့်မယ်လို့ ခင်ဗျား ထင်လား။”
နန်းကုန်းယွဲ့ဟွာ ခဏခန့် စဉ်းစားကြည့်လိုက်ပြီး အကျိုးအကြောင်းဆီလျော်ကြောင်း သဘောပေါက်လိုက်သည်။ ပင်ကို သဘာဝအရ မာနကြီးသော ကောင်းကင်နတ်ဆိုးများသည် ၎င်းတို့၏ စွမ်းအားများကို ထိန်းချုပ်နိုင်သူများနှင့် မဟာမိတ် ဖွဲ့မည် တော့ မဟုတ်ပေ။ ၎င်းတို့သည် ခြိမ်းခြောက်မှုများကို ကြောက်ရွံ့ကြပြီး ၎င်းတို့အား ခြိမ်းခြောက်နိုင်သူ မည်သူ့ကိုမဆို ဖယ်ရှားရန် ဧကန်မုချ ကြိုးစားကြပေလိမ့်မည်။
ကုန်းရယ်လျှံဖုန်းက
“ကျွန်တော် လုချန်းကို အနီးကပ် စောင့်ကြည့်ဖို့ လူတွေ စီစဉ်ထားပြီးသားပါ။ လုချန်းရဲ့ နောက်ကွယ်က အဲ့ဒီ အစွမ်းထက် ပုဂ္ဂိုလ် ပေါ်လာဖို့ နှစ်အများကြီး ကြာတော့မှာ မဟုတ်ဘူး။ အချိန်တန်တဲ့အခါ ထျန်းကျိရဲတိုက်က ချိပ်ပိတ်ထားတာကို ဖျက်ဆီးပြီး ကောင်းကင်နတ်ဆိုးကို လွှတ်ပေးဖို့ လုပ်တဲ့အခါ ကျိရှောင်နိုင်ငံက ကူညီ ပံ့ပိုးပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”
ကုန်းရယ်လျှံဖုန်း၏ စကားများကို နန်းကုန်းယွဲ့ဟွာ ချက်ချင်း ပြန်လည် တုံ့ပြန်ခြင်း မရှိပေ။ သူမ အတွေးထဲ နစ်မြောနေခဲ့၏။ အကယ်၍ ကောင်းကင်နတ်ဆိုးထက် ပိုမို အစွမ်းထက်သော ရန်သူတစ်ဦး အမှန်တကယ် ရှိနေပါက ကျန်ရှိတော့သည့် တစ်ခုတည်းသော နည်းလမ်းက ဤနည်းလမ်းသာ ဖြစ်သည်။
သို့သော်လည်း ကျူးကျော်သူများကို ဖြေရှင်းရန် ကောင်းကင်နတ်ဆိုးကို အသုံးပြုရခြင်းကတော့ အလွန်တရာ ရူးသွပ်သော အတွေးအခေါ်တစ်ခု ဖြစ်သည်။
ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာမှ လွတ်မြောက်မည်ကို သူတို့ အမြဲ ကြောက်ရွံ့ခဲ့ကြရသည် မဟုတ်ပါလား။
ယခု သူတို့ ကိုယ်တိုင်က ကောင်းကင်နတ်ဆိုးကို တက်ကြွစွာ လွှတ်ပေးရန် အမှန်တကယ် အစီအစဉ် ဆွဲနေကြသည်။
အကယ်၍ ကောင်းကင်နတ်ဆိုးသာ တွက်ဆထားသည့်အတိုင်း မပြုမူပါက ဤကမ္ဘာအတွက် ပိုမို ကြီးမားသော ကပ်ဘေးတစ်ခုကို သေချာပေါက် ဖြစ်ပေါ်စေမည်ဖြစ်သည်။
နန်းကုန်းယွဲ့ဟွာက
“ရဲတိုက်သခင် ကုန်းရယ် ဒီနေ့ ပြောခဲ့တာတွေ အားလုံးက အမှန်တွေပဲလား”
ဟု အတည်ပြု မေးမြန်းလိုက်သည်။
ဒါကို နန်းကုန်းယွဲ့ဟွာ အလွယ်တကူ ယုံကြည်မည် မဟုတ်ကြောင်း ကုန်းရယ်လျှံဖုန်း တွေးမိသွားပြီး
“ဧကရီက ဒါကို အလွယ်တကူ ယုံမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တွက်ချက်မှုတွေအရ ငါးနှစ်အတွင်းမှာ အဲဒီ အစွမ်းထက် ပုဂ္ဂိုလ်က ကျိယန်ကမ္ဘာမှာ ပေါ်လာလိမ့်မယ်။ အဲဒီ အစွမ်းထက် ပုဂ္ဂိုလ် ရောက်လာတဲ့အခါ ကျွန်တော် ပြောခဲ့တာတွေက မှန်မမှန်ကို ဧကရီ နားလည်သွားပါလိမ့်မယ်။”
“အဲဒီအချိန်ကျရင်လည်း ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ထားတာ ဖွင့်ဖို့ ထျန်းကျိရဲတိုက်နဲ့ ပူးပေါင်းမလား မပူးပေါင်းဘူးလား ဆိုတာကို ဆုံးဖြတ်ဖို့ နောက်ကျဦးမှာ မဟုတ်ပါဘူး။”
………………