စုံစမ်းစစ်ဆေးစမ်း
Vol. 1 Ch. 96
စုလောရွှယ် သူမဟာသူမ ရေရွတ်ပြီးသည်နှင့် လူတစ်အုပ်သည် တောင်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိ လာကြသည်။ လူအုပ်ကို ဦးဆောင် လာသူသည် အပြာရောင်သံချပ် ဝတ်ထားသော သန်သန်မာမာနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။ သူသည် ဟိုဟိုသည်သည်နှင့် ကြည့်လိုက်သော် ရေခဲသားရဲကြီးမှာ သေနေခဲ့ပြီး စုလောရွှယ်နှင့် ကျန်းရီ အသက်ရှင် နေသည်ကို တွေ့လိုက် ရလေသည်။ သူ့မျက်လုံးများတွင် မှင်တက်မှုများ ဖြတ်သန်းသွားခဲ့သည်။ သူ့အမူအရာသည် ချက်ချင်းပင် ဒေါသထွက်သည့်ဟန်သို့ ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
"ဒီမှာ ဘာဖြစ်သွားတာလဲ ... ဒီလောက် အားကောင်းတဲ့ နတ်ဆိုးသားရဲက ဒီမှာ ဘာလုပ်နေတာလဲ ... ဘယ်သူ တာဝန်ကို ပေါ့လျော့တာလဲ ဆိုတာ သွားပြီး စုံစမ်းစစ်ဆေးစမ်း ... အဲဒီလူကို တွေ့တာနဲ့ ဆွဲခေါ်လာခဲ့ ... သူက ငြင်းဆန်ရဲရင် ငါကိုယ်တိုင် သတ်ပစ်မယ်"
စုလောရွှယ်၏ မျက်နှာထက်မှ လှောင်ပြောင်လိုသော အမူအရာသည် ချက်ချင်း ပျောက်ကွယ်သွားကာ သူမ၏ ပုံမှန်အေးစက်စက် အမူအရာတို့က ပြန်လည် အစားထိုးသွားသည်။ သူမသည် ရုတ်တရက် စကားပြောလိုက်သည်။
"ခေါင်းဆောင်ကူ ... ဒီက လူတွေကို အရင်ကယ်တာက ပိုကောင်းလိမ့်မယ် ... ကျောင်းအုပ်ချီက ဒီကိစ္စကို သိသွားပြီ မကြာခင် ရောက်လာလိမ့်မယ် ... ဒီနေရာက လူတွေ ထပ်ပြီး သေသွားမယ် ဆိုရင် ရှင်တို့အဖွဲ့ကို အပြစ်တင်တာက ပိုဆိုးသွားလိမ့်မယ်"
"ဟုတ်ကဲ့ ... ဒါက ကျွန်တော့်ရဲ့ ပေါ့လျော့မှုပါပဲ ... ကျွန်တော်သေချာပေါက် တာဝန်ယူမှာပါ"
ကူရှန်းဟယ်သည် လက်ခံသည့် အမူအရာနှင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းတို့ အဲဒီမှာ ဘာရပ် လုပ်နေတာလဲ ... မြန်မြန်လာပြီး လူတွေကို ကယ်လေ"
ကင်းလှည့်အဖွဲ့မှ လူများသည် ချက်ချင်းလူစု ခွဲလိုက်ကြကာ လိုအပ်သော ကုသမှုများ ပြုလုပ် ပေးနေကြသည်။ ချမ်ဖူသည် လုံးဝအေးခဲ နေသော်လည်း မသေသေးသောကြောင့် စုလောရွှယ်သည် စိတ်သက်သာရာ ရသွားခဲ့သည်။ ကျန်ကျောင်းသား ဆယ်ယောက်ကျော်သည်ကား နတ်ဆိုးသားရဲ၏ တိုက်ခိုက်မှုကြောင့် သေသွားခဲ့ပြီ ဖြစ်သည်။
"ဆရာမစုကို ကျွန်တော်အရင် ပြန်ပို့ပေးရမလား"
ကူရှန်းဟယ်သည် စုလောရွှယ်ကို မတ်တတ်ရပ်နိုင်ရန် ကူညီရင်း စိုးရိမ်စွာ မေးမြန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကင်းလှည့်အဖွဲ့မှ တစ်ယောက်ကို ကြည့်ကာ မျက်ရိပ် ပြလိုက်သည်။ ထိုလူသည် ကျန်းရီကို ကုသပေးမည့် ဟန်ဖြင့် ကျန်းရီဘက်သို့ ဦးတည် သွားလိုက်သည်။
"ကျွန်မကို စိတ်မပူပါနဲ့ ... ကျွန်မဒဏ်ရာတွေက မပြင်းဘူး ... ဒီကို ကျောင်းအုပ်ချီ ရောက်လာတဲ့အထိ ကျွန်မစောင့်နေမယ်"
စုလောရွှယ်သည် တည်တည်ငြိမ်ငြိမ်နှင့်ပင် အနားရှိ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
"ဒီကျောင်းသားကိုလည်း စိတ်မပူပါနဲ့ ... သူက ဒဏ်ရာသိပ်မရထားဘူး ... ကျန်တဲ့သူတွေကိုသာ အရင်ကုပေးပါ"
စုလောရွှယ်သည် ထိုအုပ်စု ကျန်းရီကို အောက်တန်းကျသော နည်းလမ်းများ သုံး၍ သတ်လိမ့်မည်စိုး၍ ယခု ထွက်မသွားရဲပေ။ ဤနေရာသို့ ကျောင်းအုပ်ချီ မရောက်လာမချင်း သူမ မည်သူကိုမှ မယုံနိုင်ပေ။
"ကောင်းပါပြီ"
ကူရှန်းဟယ်သည် ရှက်ရွံစွာ သူ့လက်များကို ပြန်ရုပ်သွားပြီး နတ်ဆိုးသားရဲကြီးကို ကြည့်ကာ မေးလိုက်သည်။
"ဆရာမစု ... ဒီနတ်ဆိုးသားရဲကို ဘယ်သူ သတ်လိုက်တာလဲ"
"ဘယ်သူ ရှိသေးလို့လဲ"
စုလောရွှယ်သည် အေးစက်စွာ ရယ်မောလိုက်၍ ပြောလိုက်သည်။
"ကျွန်မပဲပေါ့ ... ခေါင်းဆောင်ကူက ဒီသတင်းကို မပျံ့စေဖို့ မျှော်လင့်ပါတယ် ... "
"ကျွန်တော်သိပါပြီ"
ကူရှန်းဟယ်သည် ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။ စုလောရွှယ်သည် အရမ်း အားမကောင်းသော်လည်း သူမ၏ နောက်ခံ အသိုင်းအဝိုင်းသည် ထူးခြား နေပေသည်။ သူမတွင် ဝှက်ဖဲတချို့ ရှိလောက်သည်မှာ ပုံမှန်သာ ဖြစ်သည်။
စုလောရွှယ်သည် ခေါင်းကို ငုံ့လိုက်ကာ ဆက်မပြောတော့ပေ။ သူမ၏ မျက်နှာသည် နီရဲနေခဲ့သည်။ သူမသည် နာမည်ကောင်း လိုချင်၍ မဟုတ်ဘဲ ကျန်းရီကို ကူညီ၍ အမှန်တရားကို ဖုံးကွယ် ပေးထားလိုခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ကျန်းရီသည် တာအိုသဘောတရားကို နားလည်သွား၍ နတ်ဆိုးသားရဲကို သတ်လိုက်ကြောင်း ထိုလူအုပ် သိသွားပါလျှင် ထိုလူများသည် ကြောက်လန့်သွား၍ သူမတို့ နှစ်ယောက်လုံးကို သတ်ပစ်လိမ့်မည်ကို သူမ ကြောက်နေမိသည်။ ကျန်းရီ၏ အလားအလာသည် ကောင်းလွန်းနေရာ အနာဂတ်တွင် သူတို့အတွက် အနှောင့်အယှက် ဖြစ်လိမ့်မည် မဟုတ်ပါလား
"ဝှစ်"
မကြာခင်တွင် လူတစ်စုသည် ရောက်ရှိ လာခဲ့ကြသည်။ ရှေ့ဆုံးရှိလူသည် ကျောင်းအုပ်ချီဖြစ်သည်။ သူမသည် ရောက်ရှိ လာသည်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အော်လေတော့သည်။
"ကူရှန်းဟယ် ... အသုံးမကျတဲ့ မင်းတို့အဖွဲ့ ... မင်းတို့ ဘာလုပ် နေကြတာလဲ ... ဒီကိစ္စတွေကို ရှင်းပြီးသွားတာနဲ့ ကျောင်းအုပ်ကျူးကော့ဆီ သွားပြီး ခွင့်လွှတ်ဖို့ သွားတောင်းဆိုလိုက်"
ကျောင်းအုပ်ချီသည် စကားဆုံးသည်နှင့် ကူရှန်းဟယ်နှင့် သူ့လူများကို လျစ်လျူရှု ထားလိုက်သည်။ သူမသည် စုလောရွှယ်ကို ရင်းနှီးသည့် အမူအရာနှင့် ကြည့်လိုက်ရင်း စိုးရိမ်စွာ မေးလိုက်သည်။
"လောရွှယ် ... မင်းအဆင်ပြေလား ... တစ်ယောက်ယောက်လာပြီး လောရွှယ်ကို ဆေးကုရအောင် ပြန်ခေါ်သွားဖို့ လုပ်စမ်း"
ဆရာမတစ်ယောက်သည် အလျင်အမြန် ထွက်လာကာ စုလောရွှယ်ကို ကူတွဲလိုက်သည်။ ကျောင်းအုပ်ချီသည် ကူရှန်းဟယ်တို့ တစ်သိုက်ကို ဆက်လက် ကြိမ်းမောင်းကာ စုလောရွှယ်ကို ပြန်ခေါ်သွားရန် ပြင်ဆင် နေလိုက်သည်။ စုလောရွှယ်သည် ရုတ်တရက် စကားပြောလိုက်သည်။
"ကျောင်းအုပ် ... ကျန်းရီကိုလည်း ပြန်ခေါ်ရမယ် ... သူသာ အချိန်ဆွဲ မထားပေးခဲ့ရင် ကျွန်မ ဒီနတ်ဆိုးသားရဲကို သတ်လိုက်နိုင်မှာ မဟုတ်ဘူး ... ဒီတစ်ခေါက်မှာ သူအများကြီး အကျိုးဆောင် ပေးခဲ့တယ် ... "
ကျောင်းအုပ်ချီသည် စုလောရွှယ်ကို တွေးတွေးဆဆဖြင့် တစ်ချက် ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် ကျန်းရီကို ကျောင်းဆီ သယ်ပေးရန် ဆရာတစ်ယောက်ကို ခိုင်းလိုက်သည်။
"ဘန်း"
ကျောင်းအုပ်ချီ ထွက်သွားသည်နှင့် ကူရှန်းဟယ်သည် အနီးရှိ သစ်ပင်ကို လက်သီးနှင့် ထိုးချလိုက်သည်။ သူ့မျက်လုံးများသည် ကျဉ်းမြောင်း သွားခဲ့ပြီး သူ့လူများကို အော်ပြောလိုက်သည်။
"မင်းတို့တွေ ဒီကကိစ္စကို ရှင်းလိုက်ကြ ... ငါ အရှင့်သားနဲ့ ကျောင်းအုပ်ကို သွားတွေ့လိုက်ဦးမယ်"
***
စုလောရွှယ် တွေးလိုက်သည့် အတိုင်းပင် ကူရှန်းဟယ်သည် အရှေ့ဘက် အဆောင်တွင်းရှိ ထည်ဝါသော အခန်းအတွင်း ထိုင်နေသော သခင်လေး တစ်ယောက်၏ ရှေ့တွင် ဒူးထောက် နေခဲ့သည်။ သူသည် ခါးသီးစွာ ပြောလိုက်သည်။
"အရှင့်သား ... ကိစ္စက ကျရှုံး သွားပါတယ် ... စုလောရွှယ်က သံသယ ဝင်သွားဟန် ရပါတယ် ... သူမက ကျွန်တော့်ကို သတိထားနေခဲ့တယ် ..."
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန် မဟုတ်သော အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည့် ကျန်းရိလျှိုသည် မည်သည့် အမူအရာကိုမှ မပြသခဲ့ပေ။ သူသည် ပေါ့ပေါ့ပါးပါးပင် လက်ဖက်ရည်ခွက်ကို မြှောက်ကာ အနည်းငယ် သောက်လိုက်ပြီး အသာအယာပင် စကားပြောခဲ့သည်။
"ဒါက မင်းအမှား မဟုတ်ပါဘူး ... စုလောရွှယ်က သူမအသက်ကို ရင်းပြီးတော့ ကျောင်းသားတွေကို ကယ်လိမ့်မယ်လို့ ငါမထင်မိတာ ... စုလောရွှယ်က အားကောင်းတဲ့ နောက်ခံ ရှိထားပြီးတော့ ရှိန်လောက်စရာ လျှို့ဝှက် ကျင့်စဉ်ကိုလည်း ပိုင်ဆိုင်တယ် ... သူမက အသက်ကို ရင်းပြီးတော့ ရေခဲသားရဲကို သတ်လိုက်နိုင်တာက ပုံမှန်ပါပဲ"
"အရှင့်သား ... ကျွန်တော်တို့ အခု ဘယ်လိုလုပ်သင့်လဲ"
ကူရှန်းဟယ်သည် အတော်လေး စိတ်ဓာတ် ကျနေပေသည်။
"ဓားစာခံရှာလိုက် ... ပိပိရိရိလုပ် ... ခြေရာလက်ရာ မကျန်စေနဲ့ "
ကျန်းရိလျှိုသည် အတော်လေး ခေါင်းကိုက်နေသည့်ဟန်နှင့် လက်ကို ယမ်းပြလိုက်သည်။
"ကျန်းရီကို အခုမထိနဲ့ဦး ... စုလောရွှယ် ငါ့ကို သဘောမကျဖြစ်မှာ မလိုချင်ဘူး ... ငါဒီမိန်းမကို ရမှဖြစ်မယ် ကျန်းရီက သင်တန်းကျောင်းထဲမှာ တစ်သက်လုံးတော့ မနေနိုင်လောက်ဘူးမလား ... သွေးရှင်းတမ်း ပြိုင်ပွဲက မစသေးဘူးလေ ... ယောက်ျားကောင်း တစ်ယောက်က လက်စားပြန်ချေဖို့ အတွက်ဆို ဆယ်နှစ်ကလည်း မကြာပါဘူး"
ကူရှန်းဟယ်သည် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"မစိုးရိမ်ပါနဲ့ ... အရှင့်သား ... လုံးဝ သက်သေ မကျန်စေရပါဘူး ... ကျွန်တော် ကင်းလှည့်အဖွဲ့က လူတွေကို နေရာမှာတင် သတ်လိုက်ဖို့ တစ်ယောက်ယောက်ကို ခိုင်းပြီးပါပြီ"
ကျန်းရိလျှိုသည် တစ်ခဏမျှ သူ့ဟာသူ စဉ်းစားနေပြီးနောက် မေးလိုက်သည်။
"ကျန်းရီရဲ့ အဆင့်အတန်းက ဘာလဲ ... သူက ဘာလို့ ငါ့ကို ဆန့်ကျင်ရဲ နေရတာလဲ ... သူ့မှာ နောက်ခံ မရှိတာတော့ မဖြစ်နိုင်ဘူးမလား"
ကူရှန်းဟယ်သည် စဉ်းစားကာ ခေါင်းယမ်းလိုက်သည်။
"သတင်းတွေ အများကြီး မရှိဘူး ... ကျွန်တော်တို့ လူတွေ ကျန်းရီရဲ့ အဆင့်အတန်းကို စုံစမ်းတာကို နှောင့်ယှက်နေတဲ့ အင်အားကြီး အဖွဲ့အစည်း တစ်ခုခု ရှိနေတယ် ... အဲဒီလူတွေက ချမ်ဂိုဏ်းက လူတွေ ဖြစ်မယ်လို့ ကျွန်တော် သံသယရှိတယ် ... "
"စုံစမ်းစစ်ဆေးစမ်း"
ကျန်းရိလျှို၏ မျက်လုံးများတွင် ဒေါသ အရိပ်အယောင်များ ဖုံးလွှမ်းသွားပြီး အော်ဟစ်လိုက်သည်။
"ဂိုဏ်းက အားကောင်းတဲ့ သူတွေကို ဆင့်ခေါ်ပြီး ဘာပဲ ပေးရပေးရ ရအောင်စုံစမ်းခိုင်း ... ချမ်ဝမ်ကွမ်က ငါတို့ကို နှောင့်ယှက်ရဲရင် သူ့ကို သတ်လိုက် ... ချမ်ဝမ်ကွမ်မှာ ငါတို့ကို ဆန့်ကျင်ရဲတဲ့ သတ္တိရှိမလားလို့ ငါသိချင်တယ်"
***
သင်တန်းကျောင်း၏ မြောက်ဘက် ... ကျောင်းအုပ်ချီ၏ အဆောင် ...
စုလောရွှယ်၏ ဒဏ်ရာများသည် သက်သာသွားပြီး ဖြစ်ကာ အခန်းတစ်ခန်းထဲတွင် ရှိနေခဲ့သည်။ တစ်ဖက်တွင် ကျန်းရီသည်မူ နောက်တစ်ခန်းထဲတွင် ဒဏ်ရာများကို ကုစား နေခဲ့သည်။ ကျောင်းအုပ်ချီသည် သူတို့နှစ်ယောက်လုံးကို အလျင်စလို မထွက်ခိုင်းဘဲ တစ်နာရီလောက် ကြာပြီးမှသာ ထွက်လာရန် ပြောထားခဲ့သည်။
သူမသည် စုလောရွှယ်၏ အခန်းတွင်း ဝင်သွားလိုက်ပြီး ဒေါသထွက်သော အမူအရာနှင့် ညည်းညူလိုက်သည်။
"လောရွှယ် ... ငါဒီကိစ္စမှာ မင်းအတွက် တရားမျှတမှု မရှာပေးနိုင်မှာကို စိုးရိမ်မိတယ် ... ကူရှန်းဟယ်က ကင်းလှည့်အဖွဲ့ တစ်ခုလုံးကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ် လိုက်တယ် ... သူတို့တွေ ရေခဲသားရဲကို ရည်ရွယ်ချက်ရှိရှိ ပေးဝင်ထားတယ် ဆိုတဲ့ သက်သေ မရှိတော့ဘူး ... သက်သေသာ မရှိရင် ကျောင်းအုပ်က ငါဘာပြောပြော နားထောင်မှာ မဟုတ်ဘူး ... နောက်ဆုံး ရလဒ်ကတော့ ကူရှန်းဟယ်က ကင်းလှည့်အဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ်ကနေ အဖြုတ်ခံလိုက်ရတယ် ... "
စုလောရွှယ်သည် အိပ်ရာထဲတွင် လဲလျောင်းနေကာ စောင်တစ်ထည်ကို လွှမ်းခြုံထားခဲ့သည်။ သူမ၏ မျက်နှာလေးသည် ဖြူဖျော့ လွန်းနေရာ မြင်မိလိုက်သော လူတိုင်းသည် သနားစိတ် ဖြစ်သွားကြမည်မှာ သေချာပေါက်ပင်။ သူမ၏ မျက်ခွံလေးများ လှုပ်ခတ်သွားပြီး အားတင်း၍ ပြုံးကာ ပြောလိုက်သည်။
"ရလဒ်က ဒီလိုဖြစ်လာမယ် ဆိုတာ ကျွန်မသိပြီးသားပါ ... တကယ်တော့ သက်သေ ရှိရင်တောင် ကျွန်မတို့ ဘာမှမလုပ်နိုင်ဘူး ... ကျောင်းအုပ်ကျူးကော့က ကျန်းရိလျှိုကို ဘာမှအဖြစ်ခံမှာ မဟုတ်ဘူး ... သူနဲ့ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်မှာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ် ..."
"ဒီတစ်ကြိမ်မှာ မင်းက အရမ်း စိတ်လိုက်မာန်ပါ လုပ်လိုက်တာပဲ ... မင်းရဲ့အသက်ကို ဘယ်လိုများ ဒီအပြင်ဆောင် ကျောင်းသားတွေအတွက် စွန့်စားရဲတာလဲ ... မင်းတစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ... ငါမင်းရဲ့ အဖေ အရှင်မင်းကြီးကို ဘယ်လို ရှင်းပြရမှာလဲ"
ကျောင်းအုပ်ချီသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ဆက်ပြောလိုက်သည်။
"မင်းက ရေခဲသားရဲကို သတ်ဖို့ လျှို့ဝှက် ပညာရပ်ကိုတောင် ထုတ်သုံး လိုက်သေးတယ် ... ဒါကို လူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ ... ဒါဆို မင်းရဲ့သရုပ်မှန်ကို လူတွေ အလွယ်တကူ ခန့်မှန်းနိုင် သွားတော့မှာပေါ့ ... ရန်သူတွေသာ သိသွားရင် မင်းအနာဂတ်မှာ အန္တရာယ် ရှိနိုင်တယ် ... "
စုလောရွှယ်သည် အားတင်းကာ ရယ်မော လိုက်သော်လည်း ရှင်းမပြခဲ့ပေ။ သူမသည် သတ်ဖြတ်ခြင်း တာအိုကို ကျန်းရီ သဘောပေါက် သွားပြီး နတ်ဆိုးသားရဲကို သတ်လိုက်ကြောင်း ရှင်းပြချင်သည်။ သို့သော် သူမသည် သူ့ကိုကူညီ၍ အမှန်တရားကို ဖုံးကွယ် ပေးထားရန် ဆုံးဖြတ်လိုက်သည်။ ထိုသတင်းသာ ပျံ့နှံ့သွားပါလျှင် ကျန်းရီသည် ပို၍ပင် အန္တရာယ် ရှိလာမည် ဖြစ်သည်။
ထိုလူငယ်လေးသည် သူမကို ကယ်တင်ရန် အကြောက်အလန့်မဲ့စွာ ပြေးဝင် လာခဲ့သည်။ သူမထံမှ အမြင်ကောင်းကို သူအောင်မြင်စွာ ရယူနိုင်ခဲ့သည်။ သူမသည် သူ့ကို ပို၍ ကာကွယ်ပေးချင် လာခဲ့သည်။ ဆန်းကြယ်မှုများနှင့်သာ ပြည့်နေသော ထိုပါရမီရှင်လေးသည် ဘယ်လောက်ဝေးဝေး သွားနိုင်မည်လဲ ဆိုသည်ကို သူမ တွေ့မြင်ချင် နေခဲ့သည်။
***