ဒါ ကောင်းကင်နတ်ဆိုးလား
Vol. 72 Ch. 1072
ကျိချိုးယု အမိန့်ပေးပြီးနောက် သူမ၏ လက်ထောက်များ လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး မကြာမီ လနက်မြို့မှ စစ်သားများ တိုက်ပွဲအတွက် အသင့်ဖြစ်နေခဲ့ကြသည်။
ယခု လနက်မြို့မှ စစ်သားများသည် နတ်ဆိုးဒီရေကို ရင်ဆိုင်ရသည့်တိုင် ယခင်ကကဲ့သို့ စိုးရိမ်သောက များနေခြင်း မရှိတော့ပေ။ သူတို့၏ ဒုတိယ မြို့သခင်သည် နတ်ဆိုးစွမ်းအင်ကို ဖိနှိပ်နိုင်သည်ဟု သိထားကြသောကြောင့်ဖြစ်သည်။
သူတို့၏ ဒုတိယ မြို့သခင် ရှိနေသမျှ ကာလပတ်လုံး ပြီးခဲ့သည့်တစ်ကြိမ်ကဲ့သို့ ကြီးမားသော နတ်ဆိုးဒီရေကို ရင်ဆိုင်ရလျှင်ပင် သူတို့ လွယ်ကူစွာ ခုခံနိုင်မည် ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် ကျိချိုးယု၏ မျက်နှာ သိပ်ကောင်းမနေပေ။ သူမသည် အဝေးရှိ စုပုံနေသော နတ်ဆိုးစွမ်းအင်ကို စိုးရိမ်ပူပန်စွာ ကြည့်ရှုနေခဲ့သည်။ နတ်ဆိုးစွမ်းအင်များသည် ယခုလို နေမဝင်မီ စုဝေးတတ်ခြင်းမျိုး မရှိပေ။ ထို့ပြင် ယခု နတ်ဆိုး စွမ်းအင် စုဝေးနှုန်းက သိသိသာသာ အရှိန်မြန်နေသည်။
ယခုမှ စတင်ရုံသာ ရှိသေးသော်လည်း နတ်ဆိုးစွမ်းအင်များသည် နတ်ဆိုး ချိပ်ပိတ်နယ်မြေ အပေါ်ရှိ ကောင်းကင်တစ်ခြမ်းကို ဖုံးလွှမ်းသွားသည်အထိ ထူထပ်နေခဲ့ပြီ ဖြစ်သည်။
နတ်ဆိုး ချိပ်ပိတ်နယ်မြေထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သေချာ၏။
ကောင်းကင်နတ်ဆိုးက ချိပ်ပိတ်မှုကို ဖောက်ထွက်သွားခဲ့ပြီလား။
ထိုသို့ တွေးမိသောအခါ ကျိချိုးယု၏ စိတ်နှလုံးထဲရှိ စိုးရိမ်မှုများ ပို၍ပင်ပြင်းထန်လာခဲ့သည်။
ခဏအကြာတွင် နတ်ဆိုး ချိပ်ပိတ်နယ်မြေ လှုပ်ရှားလာခဲ့ပြီး လနက်မြို့ကိုပါ သက်ရောက်မှု ရှိစေခဲ့သည်။ နတ်ဆိုး ချိပ်ပိတ်နယ်မြေအတွင်း၌ ဧရာမ သတ္တဝါကြီးတစ်ကောင် လှုပ်ရှားနေသည့်အလား မြို့တစ်ခုလုံး တုန်ခါသွားစေခဲ့သည်။
ဤအခိုက်အတန့်တွင် စစ်သားတစ်ဦးက
“မြန်မြန်... ကြည့်ကြ။... အားလုံး၊ ကြည့်ကြ”
ဟု အလျင်အမြန် အော်ဟစ်လိုက်သည်။
မြို့ရိုးပေါ်ရှိ စစ်သားများ နတ်ဆိုး ချိပ်ပိတ်နယ်မြေဆီသို့ အလျင်အမြန် ကြည့်ရှုလိုက်ကြရာ သူတို့ မြင်တွေ့လိုက်ရသည့်အရာက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။
ဧရာမ ခန္ဓာကိုယ်ကြီးတစ်ခု နတ်ဆိုး ချိပ်ပိတ်နယ်မြေမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုခန္ဓာကိုယ်ကြီးသည် နတ်ဆိုး ချိပ်ပိတ်နယ်မြေ အတွင်းရှိ နတ်ဆိုးများဖြင့် ဖွဲ့စည်းထားပုံရသည်။
ဒါက...
ကျိချိုးယု လနက်မြို့သခင်အဖြစ် တာဝန်ယူခဲ့သည့် အချိန်မှစ၍ မြို့ရိုးကို ခွကျော်ကာ လနက်မြို့တွင်းသို့ တိုက်ရိုက် ဝင်ရောက်နိုင်လောက်အောင် ကြီးမားသည့် နတ်ဆိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် မြို့ရိုးမျှော်စင်ပေါ်ရှိ စစ်သားများ ကစဉ့်ကလျား ဖြစ်သွားကြသည်။
“ဒါ... ဒါက ဘာကြီးလဲ”
“ဒီလောက်ကြီးတဲ့ ဧရာမ နတ်ဆိုးကြီးက ဘယ်လိုလုပ် ရှိနေနိုင်တာလဲ။”
“ဒါက ကောင်းကင်နတ်ဆိုးလား။”
“ဘုရား ဘုရား ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားတာကနေ လွတ်သွားပြီ”
လုချန်းမှလွဲ၍ ဤနေရာတွင် ရှိနေသူ မည်သူမှ ကောင်းကင်နတ်ဆိုးကို မမြင်ဖူးကြပေ။ ကောင်းကင်နတ်ဆိုးသည် သူတို့၏ စိတ်ကူးများထဲတွင်သာ တည်ရှိသော ပုံရိပ်တစ်ခုဖြစ်သည်။ ထိုကောင်းကင်နတ်ဆိုးသည် အလွန်တရာ ကြီးမားကာ ကြောက်မက်ဖွယ် ဖိနှိပ်နိုင်သော အငွေ့အသက် ရှိလိမ့်မည်ဟု သူတို့ ယူဆထားကြသည်။
ယခု နတ်ဆိုး ချိပ်ပိတ်နယ်မြေ အတွင်းမှ သတ္တဝါသည် သူတို့၏ အမြင်တွင် ကောင်းကင်နတ်ဆိုးနှင့် ဘာမှ မခြားနားတော့ပေ။
ထိုဧရာမ သတ္တဝါကြီး ကောင်းကင်နတ်ဆိုး ဖြစ်နိုင်သည်ဟု တွေးမိသောအခါ စစ်သားများ ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။ ထိုစဉ် ကျိချိုးယု သတိပြန်ဝင်လာပြီး
“နတ်ဆိုးသတ် မြားတွေ အားလုံး အဲဒီ ဧရာမ သတ္တဝါကြီးကို ချိန်ထား”
ဟု လျင်မြန်စွာ အမိန့်ပေးလိုက်သည်။
ကျိချိုးယုသည်လည်း ကောင်းကင်နတ်ဆိုးကို မမြင်ဖူးသဖြင့် ထိုဧရာမ သတ္တဝါကြီးသည် ကောင်းကင်နတ်ဆိုး ဖြစ်နိုင်သည်ဟု သံသယရှိနေခဲ့သည်။
ကောင်းကင်နတ်ဆိုး ချိပ်ပိတ်ထားရာမှ လွတ်မြောက်သွားပြီဟု တွေးမိသောအခါ ကျိချိုးယု၏ နှလုံးသားထဲတွင် ကြီးမားသော ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။ ယခင်က သူမ တစ်ခါမှ မကြောက်ရွံ့ခဲ့သော်လည်း ယခု သူမသည် ကောင်းကင်နတ်ဆိုးကို ကြောက်ရွံ့နေခဲ့သည်။
သမိုင်း မှတ်တမ်းများအရ ကောင်းကင်နတ်ဆိုးသည် ကျင့်ကြံသူများကို သတ်ဖြတ်စားသောက်တတ်ရုံတင် မကပဲ သူတို့ စိတ်ဝိညာဉ်များကိုပါ ဖမ်းချုပ်ထားတတ်သည်။ ထို့နောက်မှ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များကို အစာအဖြစ် ဖြည်းဖြည်းချင်း စုတ်ဖြဲတတ်သည်။
အကယ်၍ လူတစ်ဦးသည် လုံးဝ မသေဆုံးပဲ ကောင်းကင်နတ်ဆိုး၏ လက်ထဲသို့ ကျရောက်သွားပါက ညှဉ်းပန်းနှိပ်စက်မှုကို ခံစားရမည့်အစား တိုက်ရိုက် သေဆုံးပြီး စိတ်ဝိညာဉ်ပါ ပျက်စီးသွားခြင်းက ပို၍ ကောင်းသည်။
လုချန်းလည်း ထိုဧရာမ သတ္တဝါကို ခဏခန့် အကဲခတ်ကြည့်ရှုခဲ့နေပြီး ၎င်းတွင် အမှန်တကယ် ပြင်းထန်သော ကောင်းကင်နတ်ဆိုး စွမ်းအား ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော် ကောင်းကင်နတ်ဆိုးအစစ်နှင့် နှိုင်းယှဉ်ပါက ထိုဧရာမ သတ္တဝါ၏ ကောင်းကင်နတ်ဆိုး စွမ်းအားသည် ထူးခြားမှု မရှိပေ။
ထိုဧရာမ သတ္တဝါသည် ကောင်းကင်နတ်ဆိုး အစစ်မဟုတ်ပါ။ နတ်ဆိုး ချိပ်ပိတ်နယ်မြေရှိ နတ်ဆိုးများကို ထိန်းချုပ်ရန် ကောင်းကင်နတ်ဆိုးက ၎င်း၏ စွမ်းအားကို အသုံးပြု၍ တည်ဆောက်ထားသော နတ်ဆိုးခန္ဓာကိုယ်တစ်ခုသာ ဖြစ်သည်။ လနက်မြို့၏ ပိတ်ဆို့တားဆီးမှုကို တိုက်ရိုက် ဖောက်ထွက်ပြီး နတ်ဆိုးများ ပျံ့နှံ့စေရန် ကောင်းကင်နတ်ဆိုး ရည်ရွယ်နေခြင်း ဖြစ်နိုင်သည်။
လုချန်း အတွေးထဲနစ်မြောနေစဉ် သူ၏ ဘေးရှိ ကျိချိုးယုက
“လုချန်း။ ရှင် အဲဒါကို ကောင်းကင်နတ်ဆိုးလို့ ထင်လား။”
လုချန်း သတိပြန်ဝင်လာပြီး ဖြူဖျော့နေသော ကျိချိုးယုကို လှည့်ကြည့်ကာ ပြုံးလျက်
“ဒါ့ရဲ့ ကောင်းကင်နတ်ဆိုး စွမ်းအားက ကောင်းကင်နတ်ဆိုး အစစ်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။”
လုချန်း၏ အဖြေကို ကြားရသောအခါ ကျိချိုးယုသည် ခဏခန့် ကြက်သေသေသွားသည်။ လုချန်း၏ စကားအရ သူက ကောင်းကင်နတ်ဆိုးအစစ်ကို မြင်ဖူးသကဲ့သို့ ဖြစ်နေ၏။ မဟုတ်လျှင် ထိုဧရာမ သတ္တဝါ၏ ကောင်းကင်နတ်ဆိုး စွမ်းအားက ကောင်းကင်နတ်ဆိုး အစစ်ထက် များစွာ နိမ့်ကျသည်ဟု သူ မည်သို့ သိနိုင်မည်နည်း။
ကျိချိုးယုက စူးစမ်းစွာဖြင့်
“ရှင် ကောင်းကင်နတ်ဆိုး အစစ်ကို မြင်ဖူးလို့လား။”
ကျိယန်ကမ္ဘာတွင် ကောင်းကင်နတ်ဆိုး တစ်ကောင်တည်းသာ ရှိပြီး ၎င်းကို နတ်ဆိုး ချိပ်ပိတ်နယ်မြေတွင် ချိပ်ပိတ်ထားသည်။ လုချန်းက ကောင်းကင်နတ်ဆိုးအစစ်ကို မည်သို့ မြင်ဖူးနိုင်မည်နည်း။
လုချန်းက ပြုံးလျက်
“ကျွန်တော် ကောင်းကင်နတ်ဆိုး အစစ်ကို တကယ် မြင်ဖူးတယ်။”
ကျိချိုးယု အံ့အားသင့်သွားသည်။ သူမက ဆက်လက်၍
“ကျိယန်ကမ္ဘာမှာ ကောင်းကင်နတ်ဆိုး တစ်ကောင်ပဲ ရှိတာ။ အဲဒါကလည်း နတ်ဆိုး ချိပ်ပိတ်နယ်မြေထဲမှာ ချိပ်ပိတ်ခံထားရတာ။ ရှင်က ကောင်းကင်နတ်ဆိုးကို ဘယ်လိုလုပ် မြင်ဖူးနိုင်မှာလဲ။”
လုချန်းက
“တိကျတဲ့ အကြောင်းပြချက်ကိုတော့ အချိန်တန်ရင် ကျွန်တော် ခင်ဗျားကို ပြောပြမယ်။”
ကျိချိုးယု လုချန်းကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး
“ရှင်က နတ်ဆိုးကျင့်ကြံသူတော့ မဟုတ်ဘူးမလား”
ဟု စမ်းသပ် မေးမြန်းလိုက်သည်။
လုချန်းက ပြုံးလျက်
“ကျွန်တော့်မှာ ကောင်းကင်နတ်ဆိုးတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရှိတယ်။ အဲ့ဒီ ကောင်းကင်နတ်ဆိုးက ကျွန်တော့်ကို လက်ခံပြီး နတ်ဆိုးကျင့်ကြံသူ ဖြစ်ခွင့်ပေးမယ်လို့ ခင်ဗျားတကယ်ထင်လား။”
ကျိချိုးယု စဉ်းစားကြည့်လိုက်သည်။ သူပြောတာ အကျိုးအကြောင်းဆီလျော်ပုံရသည်။ အကယ်၍ ကောင်းကင်နတ်ဆိုးသာ လုချန်း၏ တည်ရှိမှုကို သိပါက သူ့ကို နတ်ဆိုးကျင့်ကြံသူ ဖြစ်ခွင့်ပြုမည့်အစား သတ်ပစ်ရန် အစွမ်းကုန် ကြိုးစားကြမည်မှာ သေချာသည်။
သို့သော် ထိုသို့ဆိုလျှင်လည်း ထူးဆန်းနေပြန်သည်။ လုချန်းက ကောင်းကင်နတ်ဆိုးကို မည်သည့်အချိန်က မြင်တွေ့ခဲ့ဖူးသနည်း။
ဖြစ်နိုင်သည်မှာ...
ကျိချိုးယုသည် ဖြစ်နိုင်ခြေတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။
ဖြစ်နိုင်သည်မှာ။
လုချန်း၏ ပင်မခန္ဓာကိုယ် နှစ်ပေါင်း မည်မျှကြာအောင် အသက်ရှင်ခဲ့သည်ကို မည်သူ သိနိုင်မည်နည်း။ ဟိုးယခင်က ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ခဲ့စဉ်က သူ ရှိနေခဲ့ပြီး ကံကောင်းစွာ အသက်ရှင် လွတ်မြောက်ခဲ့တာလား။
အဲ့ဒီအချိန်တုန်းကတည်းက ကောင်းကင်နတ်ဆိုးကို လုချန်း တွေ့ဖူးခဲ့တာလား။
ထိုသို့ဆိုလျှင် လုချန်းသည် သူမ၏ ဘိုးဘေးများနှင့် မျိုးဆက်တူ ဖြစ်နေမည် မဟုတ်ပါလား။
ကျိချိုးယုလည်း လျှောက်မတွေးတော့ရန် သူမကိုယ်သူမ ချက်ချင်း တားဆီးလိုက်သည်။ ကျင့်စဉ်လောကတွင် အသက် တစ်ထောင် သို့မဟုတ် တစ်သောင်း ကွာခြားသော ကျင့်ကြံဖော် ရှိခြင်းက ထူးဆန်းသည့်အရာ မဟုတ်ပေ။
ထိုအချက်ကို သဘောပေါက်လိုက်သောအခါ ကျိချိုးယု သူမ၏ အာရုံများကို စုစည်းလိုက်ပြီး နတ်ဆိုး ချိပ်ပိတ်နယ်မြေရှိ ဧရာမ သတ္တဝါအပေါ်သို့ သူမ၏ အာရုံစိုက်မှု အားလုံးကို ပို့လွှတ်လိုက်သည်။
ထို့နောက် ကျိချိုးယုက လုချန်းအား
“လုချန်း။ ဒါက အရမ်းကြီးတဲ့ နတ်ဆိုးကြီးတစ်ကောင်ပဲ။ ရှင် ဒါကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မှု ရှိလား”
ဟု သတိဖြင့် မေးလိုက်သည်။
လုချန်းသည် နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်သော်လည်း ယခုလာမည့် နတ်ဆိုးသည် အလွန် အစွမ်းထက်ပုံရ၏။ လုချန်း၏ စွမ်းအားသည်လည်း အဆုံးစွန်၌ အကန့်အသတ် ရှိနိုင်သည်။ သူ ဤ ဧရာမ သတ္တဝါကြီးကို ဖြေရှင်းနိုင်မှာလားဆိုတာကို ကျိချိုးယု မသေချာနိုင်ပေ။
လုချန်းက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ဒီသတ္တဝါကြီးက နတ်ဆိုး ချိပ်ပိတ်နယ်မြေကနေ ထွက်လာတာနဲ့ ကိုယ် ချက်ချင်း သူ့ကို ဖျက်ဆီးပစ်မယ်။”
နတ်ဆိုးသည် အလွန် အစွမ်းထက်ပုံ ပေါ်သော်လည်း ၎င်း၏ အားနည်းချက်ကို လုချန်း သတိပြုမိခဲ့သည်။ ဤနတ်ဆိုးသည် အခြား မရေမတွက်နိုင်သော နတ်ဆိုးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
နတ်ဆိုးစွမ်းအင်ကို ထိန်းချုပ်နိုင်သော သူ၏ စွမ်းအားများ ဧရာမ သတ္တဝါကြီးထံ ချဉ်းကပ်လိုက်သည်နှင့် ထိုဧရာမ သတ္တဝါ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးများသည် ထို ခန္ဓာကိုယ်မှ ခွဲထွက်ရန် ချက်ချင်း ရုန်းကန်လာကြလိမ့်မည်။ ထိုအခါ ဧရာမ သတ္တဝါကြီး ပြိုကွဲသွားလိမ့်မည် ဖြစ်သည်။
ထို့ပြင် ကောင်းကင်နတ်ဆိုး စွမ်းအားအပေါ် သူ၏ ထိန်းချုပ်နိုင်မှုသည် အကြွင်းမဲ့ ဖြစ်သည်။ ထိုဧရာမ သတ္တဝါထံ၌ ကောင်းကင်နတ်ဆိုး စွမ်းအား ရှိနေလျှင်ပင် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။
အချိန် တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ ဧရာမ သတ္တဝါကြီးသည် ပို၍ ပို၍ ကြီးမားလာပြီး နတ်ဆိုးစွမ်းအင်များလည်း ပိုမို အားကောင်းလာသည်။
မကြာမီတွင် လနက်မြို့ တစ်မြို့လုံးကို အမှောင်ထုက ဝါးမြိုသွားခဲ့သည်။
နေမဝင်သေးသော်လည်း ပျံ့နှံ့လာသော နတ်ဆိုးစွမ်းအင်များသည် နေဝင်ဆည်းဆာ၏ နေရောင်ခြည်ကို လုံးဝ ဖုံးကွယ်သွားစေခဲ့သည်။
နောက်တစ်ခဏတွင် ဧရာမ သတ္တဝါကြီးသည် ကြီးမားသော ခြေလှမ်းများဖြင့် လနက်မြို့ဆီသို့ တည့်တည့် ဦးတည်လျှောက်လှမ်းလာခဲ့သည်။
ဤအခိုက်အတန့်တွင် စစ်သားတစ်ဦး
ကျိချိုးယုထံ ပြေးလာပြီး
“မြို့သခင်။ တပ်မှူး ပိုင်က စစ်ကူတွေနဲ့အတူ ရောက်လာပါပြီ”
ထိုသို့ ကြားရသောအခါ ကျိချိုးယု နှာခေါင်းရှုံ့လိုက်သည်။ ပိုင်ဝမ်ပင်း ပြီးခဲ့သည့်တစ်ကြိမ်က ထွက်ပြေးခဲ့သည်ကို သူမ မှတ်မိနေသေးသည်။ ပိုင်ဝမ်ပင်းသည် လုချန်း ရှိနေသဖြင့် ဘေးကင်းသည်ဟု ခံစားရသောကြောင့် ယခုလာ၍ အကူအညီပေးရန် သတ္တိရှိလာခြင်းဟု သူမမြင်သည်။
သို့သော် သူ၏ ရည်ရွယ်ချက် မည်သို့ပင် ရှိစေကာမူ သူ အကူအညီပေးရန် လာရောက်ခြင်းသည် လနက်မြို့၊ ချူးနိုင်ငံနှင့် ကျိယန်ကမ္ဘာ တစ်ခုလုံး၏ အကျိုးစီးပွားအတွက် ဖြစ်သည်။ ပိုင်ဝမ်ပင်းကို လှည့်ပြန်ခိုင်းဖို့ ကျိချိုးယု မရည်ရွယ်တော့ပေ။