← Chapters

အလှလေးတစ်ယောက် မင်းကိုလာရှာတယ်

Vol. 1 Ch. 97

အလှလေးတစ်ယောက် မင်းကိုလာရှာတယ်

Vol. 1 Ch. 97

ရေခဲသားရဲ၏ ကိစ္စသည် အတော်လေး အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ အပြင်ဆောင် ကျောင်းသားများသည် မြောက်များစွာ ရှိနေခဲ့ပြီး နတ်ဆိုးသားရဲများကို နေ့စဉ် အမဲလိုက်ရ လေသည်။ သူတို့၏ အသက်အတွက် ဘေးကင်းမှု အာမခံချက် မရှိဘဲ ဘယ်သူက ကိုယ့်အသက်ကို လွှတ်ပစ်နိုင်ပါမည်နည်း။

ကျောင်းအုပ်ကျူးကော့သည် ဒေါသထွက်နေကာ သေသေချာချာ စုံစမ်းစစ်ဆေးရန် အမိန့်ချလိုက်သည်။ သို့သော် မမျှော်လင့်စွာပင် အဖွဲ့ခေါင်းဆောင် တစ်ယောက်နှင့် အနားကှိ ကင်းလှည့် အဖွဲ့သားတို့သည် အပြစ်ပေးမှုကို ရှောင်ရှားရန် ကိုယ့်ကိုယ်ကို သတ်သေခဲ့ ကြသည်။ ကျောင်းအုပ်ကျူးကော့ စုံစမ်းစေချင်လျှင်တောင် စုံစမ်းစရာ နည်းလမ်း မရှိတော့ပေ။ ကျောင်းအုပ်ကျူးကော့သည် ကင်းလှည့်အဖွဲ့၏ ခေါင်းဆောင်ဟူသော ရာထူးမှ ကူရှန်းဟယ်ကို ဖြုတ်ချလိုက်ပြီး ဒုကျောင်းအုပ် တစ်ယောက်ကို ထိုတာဝန် ယူစေလိုက်သည်။ သူသည် သေဆုံးသွားသော ကျောင်းသားများကို ခမ်းခမ်းနားနား မြှုပ်နှံပေးမည် ဖြစ်ပြီး ငွေကြေး အမြောက်အများနှင့်လည်း ကျန်ရစ်သူ မိသားစုကို တောင်းပန်ဦးမည်ဟု ဆိုကြသည်။ သို့နှင့် ကျောင်းသားများသည် ဒေါသ ထွက်သော်လည်း စိတ်ကို ချိုးနှိမ်ထား ကြရသည်။

ကျန်းရီသည် နောက်တစ်နေ့ နံနက်တွင် နိုးလာခဲ့သည်။ သူ့တွင် ဒဏ်ရာအများကြီး မရှိသော်လည်း သူသည် တော်တော်လေး မောပန်းနွမ်းနယ် နေခဲ့သည်။ သူသည် ခဏနိုးလာခဲ့ပြီး နှစ်နှစ်ခြိုက်ခြိုက် ပြန်အိပ်ပျော် သွားခဲ့လေသည်။

သူထပ်နိုးလာသော် ညရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သူ့ကိုယ်သည် အတော်လေး ပြန်ကောင်းနေပြီ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော် သူ့ဗိုက်သည် ဆာလောင်လွန်း၍ တဂွီဂွီ မြည်နေခဲ့ပြီ ဖြစ်သည်။ သူသည် ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် မရင်းနှီးသော အခန်းတစ်ခုထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ အခန်းသည် အတော်လေး ခမ်းနားပြီး လူတစ်ယောက်မှ ရှိမနေခဲ့ပေ။

"ငါမသေဘူးလား ... ဒါက ဘယ်နေရာလဲ ... ဘယ်သူငါ့ကို ကယ်ခဲ့တာလဲ"

ကျန်းရီသည် ပြန်တွေး နေခဲ့သည်။ သူသတိလစ် မသွားခင်တွင် နတ်ဆိုးသားရဲသည် စုလောရွှယ်ထံသို့ ပြေးသွား နေသည်ကိုသာ သူမှတ်မိခဲ့သည်။ အနားတွင် လူတစ်ယောက်မှ ရှိမနေခဲ့လျှင် သူသေနေလောက်ပြီ ဖြစ်သည်။

သူသည် အချိန်အတော် ကြာအောင် တွေးတော လိုက်သော်လည်း ဘာကိုမှ မမှတ်မိခဲ့ပေ။ သူသည် ဗိုက်ထဲမှ ဆာလောင်မှုကို သည်းမခံနိုင်တော့ရာ အစားအစာရှာရန် ပတ်ဝန်းကျင်ကို စူးစမ်းရန် မတ်တပ်ရပ်လိုက်သည်။ သို့သော် သူသည် အားနည်းလွန်းနေရာ သူ့ကိုယ်ဘက် လဲကျ ပေတော့သည်။ သူ့ခေါင်းသည် စားပွဲဝိုင်းလေး တစ်ခုနှင့် ဆောင့်မိသွားခဲ့ပြီး အပေါ်ရှိ လက်ဖက်ရည်ခွက်ကို ကျကွဲ သွားစေခဲ့သည်။

"အလိုလေး"

အခန်း အပြင်ဘက်ရှိ အစေခံဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးသည် လန့်သွားခဲ့သည်။ သူမသည် တံခါးကို တွန်းဖွင့်လိုက်သော မတ်တတ်ရပ်ရန် ကြိုးစားနေသော ကျန်းရီကို တွေ့လိုက်ရသည်။ သူမသည် မေးမြန်းလိုက်သည်။

"သခင်လေး ... အဆင်ပြေရဲ့လား"

"မင်းက ဘယ်သူလဲ ... ဒါက ဘယ်နေရာလဲ"

ကျန်းရီ မေးလိုက်သည်။

မိန်းကလေးသည် ပြုံးလိုက်သည်။

"ဒါက ကျောင်းအုပ်ချီရဲ့ အဆောင်ပါ ... ကျွန်မကတော့ ကျောင်းအုပ်ချီရဲ့ အစေခံပေါ့ ... သခင်လေး ထိုင်လိုက်ပါဦး ... ကျောင်းအုပ်ချီက အပြင်ထွက်သွားတယ် ... မကြာခင် ပြန်လာလိမ့်မယ်"

"ငါ့ကို ကယ်ခဲ့တာ ကျောင်းအုပ်ချီလား"

ကျန်းရီ၏ စိတ်သည် တုန်လှုပ် သွားခဲ့သည်။ သူသည် ရုတ်တရက် စုလောရွှယ်နှင့် ချမ်ဖူတို့ အုပ်စုကို သတိရ သွားခဲ့သည်။ သူသည် သတိလက်လွတ် မေးမြန်းလိုက်သည်။

"ဆရာမစုနဲ့ ချမ်ဖူတို့ အုပ်စုကိုရော ကယ်လို့ရလိုက်လား အစေခံ မိန်းကလေးသည် ပြုံး၍ ဖြေလာခဲ့သည်။

"ဆရာမစုက နတ်ဆိုးသားရဲကို သတ်လိုက်တယ် ... သူမက ဘေးခန်းထဲမှာ ရှိနေပြီးတော့ တော်တော်လေး ပြန်ကောင်းနေပြီ ... ကျန်တဲ့ ကိစ္စတွေကိုတော့ ရှင်သူမကို မေးသင့်တယ်"

"ကောင်းပြီ"

ကျန်းရီသည် ချမ်ဖူနှင့် ကျန်လူများ အတွက်ကို စိုးရိမ်နေခဲ့သည်။ သူသည် ချက်ချင်းထရန် ကြိုးစားလိုက်ကာ ဘေးခန်းသို့ သွားလိုက်သည်။

သူအခန်းထဲကို ဝင်သွားသော အချိန်တွင် စုလောရွှယ်သည် နိုးနေခဲ့ပြီ ဖြစ်သည်။ သူမသည် ခုတင်ပေါ်တွင် ထိုင်နေကာ စာအုပ်ဖတ် နေခဲ့သည်။ သူမ၏ ဆံပင်ရှည်များသည် မစည်းနှောင် ထားသောကြောင့် ပခုံးထက်မှ ပြိုဆင်း ကျနေခဲ့သည်။ ကျန်းရီသည် သူမ၏ မျက်နှာလေးကို ဘေးဘက်မှ ငေးကြည့်ရင်း သူမ၏ အလှတွင် နစ်မျော သွားခဲ့သည်။

စုလောရွှယ်သည် လှည့်ကြည့်လိုက်သော် သူမကို နက်နက်နဲနဲ ငေးကြည့်နေသော ကျန်းရီကို တွေ့သွားလေသည်။ သူမသည် ရုတ်တရက် ကျန်းရီသူမအပေါ် လဲကျလာသော တောင်ပေါ်မှ မြင်ကွင်းကို မြင်ယောင်မိသွားသည်။ သူမ၏ မျက်နှာသည် ချက်ချင်း နီရဲသွားကာ အစေခံ မိန်းကလေးကို အပြစ်တင်လိုသော မျက်လုံးများနှင့် ကြည့်လိုက်သည်။

"ရွှယ်အာ ... မင်းဘာလို့ တစ်ယောက်ယောက် ဝင်လာတာကို မပြောတာလဲ"

ကျန်းရီသည် ချက်ချင်း အသိဝင်သွားကာ အလျင်အမြန် မေးလိုက်သည်။

"ဆရာမစု ... ချမ်ဖူနဲ့ ကျန်တဲ့လူတွေရော ဘယ်လိုနေလဲ"

စုလောရွှယ်သည် သူမ၏ ဝတ်ရုံကို ပြန်ပြင်လိုက်ပြီး အနည်းငယ် ပွနေသော သူမ၏ ဆံပင်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်လိုက်သည်။ ထို့နောက် သူမသည် ပြန်ဖြေလိုက်သည်။

"သူတို့ အဆင်ပြေတယ် ... မင်းစိုးရိမ်စရာ မလိုဘူး ... သူတို့ မသေကြဘူး ... ဒဏ်ရာတွေကိုတော့ ကုသနေဆဲပဲ"

"အိုး ... ဒါက အဆင်ပြေတယ်"

ကျန်းရီသည် နောက်ဆုံးတွင်တော့ စိတ်သက်သာရာ ရသွားခဲ့သည်။ သူတို့အားလုံးသာ သေသွားကြပါလျှင် သူသည် ချမ်ဝမ်ကွမ်ကို မည်သို့ ရှင်းပြရမည်မှန်း သိတော့မည် မဟုတ်ပေ။ သူသည် အားနည်းနေ၍ သူ့ကိုယ်ကို အတင်းထိန်းကာ အိပ်ရာဘေးရှိ စားပွဲတွင် အားတင်း၍ ထိုင်လိုက်သည်။ ထို့နောက် သူသည် အစေခံ မိန်းကလေးကို လှည့်ကြည့်၍ ရှက်ရွံ့စွာ မေးမြန်းလိုက်သည်။

"အစ်မ ...  ကျွန်တော်စားဖို့ တစ်ခုခု ယူပေးနိုင်မလား ... ကျွန်တော် ဗိုက်ဆာနေပြီ"

"ကောင်းပြီ ... ခဏစောင့်ပါ"

သူမသည် ကျန်းရီမှ အစ်မဟု သုံးနှုန်းလိုက်သည်အား ကြားလိုက်လျှင် ပျော်ရွှင်စွာ ထွက်သွားခဲ့သည်။

အစေခံ မိန်းကလေး ထွက်သွားသည်နှင့် ကျန်းရီသည် မေ့လျော့၍ စုလောရွှယ်အား လှည့်ကြည့်လိုက်သည်။ သူတို့မျက်လုံးများ ဆုံသွားသည်နှင့် အခန်းတွင်းတွင် သူတို့သာ ရှိကြောင်း နှစ်ယောက်လုံး သတိထားမိ သွားခဲ့ကြသည်။ ထို့ပြင် စုလောရွှယ်သည် ညအိပ် ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သည်။

စုလောရွှယ်သည် ချက်ချင်း အကြည့်လွှဲလိုက်သော်လည်း ပါးနှစ်ဖက်သည် အနီရောင် သမ်းနေခဲ့သည်။ သူမသည် တစ်ခုခု ပြောချင်နေသော်လည်း ပြောမထွက်ပေ။ သူမသည် ကျန်းရီကို နှင်မထုတ်နိုင်ပေ။ သူသည် ယခုအချိန်တွင် အားနည်းလွန်းနေရာ လမ်းတွင် လဲကျ သွားပါလျှင် မည်သို့ လုပ်မည်နည်း

ကျန်းရီသည် ထိုအချိန်တွင် ဘာပြောရမည်ကို မသိပေ။ အခန်းတွင်းရှိ လေထုသည် ပို၍ ထူးဆန်းသွားကာ ကြောင်တောင်တောင် နိုင်လာခဲ့သည်။

"အာ ... ငါဘာပြောရမလဲ"

ကျန်းရီသည် ပေါ့ပေါ့ပါးပါး စကားဆိုလိုက်သည်။

"ဆရာမစု ... ကျွန်တော် စားပြီးတာနဲ့ ချက်ချင်း ထွက်သွားပါ့မယ် ... ဟုတ်သား ... ကျွန်တော့်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ... အနာဂတ်မှာ တစ်ခုခု ပြဿနာရှိခဲ့ရင် ကျွန်တော့်ကို လာရှာပါ ... ကျွန်တော်ကျန်းရီက ဓားတောင်ကို ကျော်ရကျော်ရ ... မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ တစ်ခွန်းမှ မငြင်းပါဘူး"

ကျန်းရီသည် ထိုသို့ ပြောလာသောအခါ စုလောရွှယ်သည် နေရခက် မနေတော့ပေ။ သူမသည် သူမ၏ သလင်းကျောက်လို ကြည်လင်နေသော မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ကျန်းရီကို မေးလိုက်သည်။

"ကျန်းရီ ... ဘာဖြစ်ခဲ့တယ် ဆိုတာ မင်းလုံးဝ မမှတ်မိဘူးလား ..."

ကျန်းရီသည် ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"အဲဒီရေခဲသားရဲကြီး ဆရာမစုဆီ ပြေးသွားတာကိုပဲ ကျွန်တော် မှတ်မိလိုက်တယ် ... အဲဒီနောက် ကျွန်တော် အရမ်းနာကျင်ပြီး သတိလစ် သွားခဲ့တယ် ... ဘာတွေဖြစ်ခဲ့တာလဲ ... ဆရာမစု"

စုလောရွှယ်သည် အစေခံမိန်းကလေး၏ ခြေသံများကို ကြားလိုက်ရသောကြောင့် အများကြီး မပြောတော့ဘဲ ခပ်တိုးတိုးသာ ဆိုလာခဲ့သည်။

"မင်းစားပြီးသွားရင် အနားယူဖို့ အနောက်ဘက် အဆောင်ကို ပြန်တော့ ... ငါ့ရဲ့ ဒဏ်ရာတွေ ပြန်မကောင်း လာမချင်း မင်းတို့အားလုံး အမဲလိုက်ထွက်စရာ မလိုဘူး ... အထူးသဖြင့် မင်းပဲ ... သင်တန်းကျောင်း အပြင်ကိုလည်း မထွက်နဲ့ ... ငါမင်းကို နောက်ထပ် ပြောစရာတွေ ရှိသေးတယ်"

ကျန်းရီသည် အတော်လေး စိတ်ရှုပ် သွားခဲ့သော်လည်း နောက်ထပ်ဘာမှ ထပ်မမေးတော့ပေ။ သူသည် အစေခံမိန်းကလေး ယူလာပေးသော အသားဆန်ပြုတ်ကြီး တစ်ခွက်ကို အလျင်အမြန် စားသောက်လိုက်သည်။ သူသည် စားပြီးသွားသည်နှင့် နှုတ်ခမ်းတစ်ချက် သပ်လိုက်ပြီး အစေခံ မိန်းကလေးကို မေးလိုက်သည်။

"ကျွန်တော် ... ထပ်စားလို့ ရဦးမလား"

အစေခံ မိန်းကလေးသည် ကျန်းရီ၏ စားနိုင်ပုံကို ကြည့်၍ ဆွံ့အ သွားခဲ့သည်။ သူမသည် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဟားဟား ... ဒီလောက်ဆို ရပါပြီ"

စုလောရွှယ်သည် ရယ်မောကာ ပြောလိုက်သည်။

"ကျန်းရီ ... မင်းက အတွင်းအားတွေ အများကြီး ဆုံးရှုံးထားရတယ် ... ဒီအချိန်မှာ အများကြီး စားတာက မကောင်းဘူး ... အနောက်ဘက် အဆောင်ကို ပြန်ပြီး အနားယူတော့"

ကျန်းရီသည် ခေါင်းညိတ်လိုက်ပြီး ဆရာမစုကို ပြုံးပြလိုက်သည်။ သူသည် ထရပ်ကြည့်လိုက်သော် သူ့ကိုယ်သည် သက်သာလာပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူသည် စုလောရွှယ်ကို နှုတ်ဆက်စကား ဆိုကာ အစေခံမိန်းကလေးနှင့် အတူ ထွက်လာခဲ့သည်။

ကျောင်းအုပ်ချီ၏ အဆောင်မှ ထွက်လာကာ ကျန်းရီသည် အနောက်ဘက် အဆောင်များရှိရာ ပြန်လာခဲ့သည်။ သူပြန်ရောက်သော် တစ်နာရီနီးပါး ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူအဆောင်တွင်းသို့ ဝင်လိုက်သည်နှင့် ကိုယ်လုံးလုံးကြီးသည် ပြေးလာခဲ့ပြီး အဝေးတည်းက အော်လာခဲ့သည်။

"အစ်ကိုကြီး ... မင်းအဆင်ပြေလား ... မင်းက ငါ့ကို လန့်ပြီး သေအောင် လုပ်နေတာပဲ"

ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူ့ကိုယ်သူ အပြစ်တင်လိုဟန်နှင့် မေးလိုက်သည်။

"ချမ်ဖူနဲ့ ကျန်တဲ့လူတွေ ဘယ်လိုနေလဲ ... ဟူး ... ငါက သူတို့ကို ဆွဲထည့်မိတာပါ"

"အဆင်ပြေပါတယ် ... သူတို့ မသေပါဘူး ... ဒါပေမဲ့ ချမ်ကျွင်းရဲ့ ခြေထောက်တစ်ဖက် ကတော့ ကျိုးသွားခဲ့တယ်"

ချမ်ဝမ်ကွမ်၏ မျက်နှာအေးစက် သွားကာ အသံကိုနှိမ့်၍ ပြောလာခဲ့သည်။

"အစ်ကိုကြီး ... ဒါက ကျန်းရိလျှိုရဲ့ လက်ချက်ပဲ ... ကူရှန်းဟယ်က ကျန်းဂိုဏ်းရဲ့ နောက်လိုက်ခွေးပဲ ... တခြားသူတွေသာ ဒါကိုမသိရင် နေမယ် ... ကျွန်တော်ကတော့ သေချာပေါက် သိတယ်"

"သူလား"

ကျန်းရီ၏ မျက်လုံးများတွင် သတ်ဖြတ်ချင် စိတ်များ ဖြတ်ပြေး သွားခဲ့သည်။ သူတို့အားလုံးသည် ထိုကိစ္စတွင် သေမလို ဖြစ်ခဲ့ရသည်။ ကျန်းရိလျှိုသည် လူကောင်း တစ်ယောက်ဟု ထင်ရသော်လည်း ကျန်းချီလင်းနှင့် အတူတူ ဖြစ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ကျန်းရိလျှိုကပင် ပိုယုတ်မာလိမ့်မည်။ သူသည် နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်ကြောင်း ခန့်မှန်းမိလျှင်တောင် သက်သေ လုံးဝမရှိပေ။ ကောလာဟလများ ပျံ့နှံ့သွားလျှင်လည်း ဘယ်သူမှ ယုံကြမည် မဟုတ်ပေ။

"ငါ့ကို တစ်နှစ်ပဲ အချိန်ပေး ... ငါသေချာပေါက် ချမ်ကျွင်းအတွက် သွေးကြွေး ပြန်ဆပ်ပေးမယ်"

ကျန်းရီ၏ မျက်နှာထက်တွင် အေးစက်စက် အငွေ့အသက်များ ရှိနေခဲ့သည်။ ကျန်းရိလျှိုသည် သူ့ကို လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားခဲ့ရာ သေချာပေါက် ပြန်ပေးဆပ် ရပေမည်။ ချမ်ဖူနှင့် ကျန်လူများသည် ဒဏ်ရာများသာ ရခဲ့သော်လည်း ချမ်ကျွင်းသည် ခြေထောက် ကျိုးသွားခဲ့ပေသည်။ သူဒီအတိုင်း မထားလိုက်နိုင်ပေ။ သူသည် အချိန်တစ်နှစ်သာ လိုသည်။ သူသည် တစ်နှစ်အတွင်း ကျန်းရိလျှိုထက် သာအောင် လုပ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

မြောက်ဘက်မှ အနောက်ဘက် အဆောင်သို့ အချိန်အတော်ကြာ လမ်းလျှောက်လာခဲ့ရသောကြောင့် ကျန်းရီသည် အတော်လေး ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။ သူသည် ချမ်ဝမ်ကွမ်နှင့် စကားခဏ ပြောပြီးနောက် သူ့အခန်းကို ပြန်၍ အနားယူရန် ပြင်ဆင်လိုက်သည်။ သူအခန်းထဲသို့ ဝင်ဝင်ချင်းပင် အော်သံ တစ်ခုကို ကြားလိုက်ရသည်။

"အစ်ကိုကြီး ... အလှလေးတစ်ယောက် မင်းကို လာရှာတယ်"

ကျန်းရီသည် ထွက်ကြည့်လိုက်သော် အဝါရောင် ပုံရိပ်လေးကို မြင်လိုက်ရသည်။ ကျီထင်ယွီသည် ရပ်နေခဲ့ပြီး သူ့ကို ပြုံးပြနေခဲ့သည်။ ထိုလှပသော မိန်းကလေးသည် ပီအိုနီပန်းပွင့်လေး တစ်ခုကဲ့သို့ လှပကာ မျက်စိကျိန်းမတတ် တောက်ပနေခဲ့သည်။

***

All Chapters