ပေါက်ကရတွေ
Vol. 7 Ch. 91
ယဲ့မိသားစု၏ ဝမ်ချွင်းသိုင်းပညာခန်းမ၌…
ယဲ့ရှန်း ပြောလိုက်သည်။
"အဖေ ကျွန်မ ကြိုးစားကြည့်ပြီးပြီ။ သူက ဝမ်ချွင်းသိုင်းကို တကယ်ကျွမ်းတာ။ ကျွန်မတို့အစား သူ့ကို ဘာလို့မပြိုင်ခိုင်းရတာလဲ"
ယဲ့ရှောင်း ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်ကြားက ပြောလိုက်သည်။
"ဒါက ငါတို့ယဲ့မိသားစုသိုင်းပညာခန်းမရဲ့ ကိစ္စပဲ။ ယဲ့ချန်းက ယဲ့မိသားစုသိုင်းပညာခန်းမနဲ့ ဆိုင်လို့လား"
"ဒါဆို သမီးကိုယ်တိုင် အဖေ့အစား ဝင်ပြိုင်မယ်"
ယဲ့ရှန်းလည်း စိတ်တိုတိုဖြင့် ပြောလိုက်၏။
"မင်း….မင်း သူနဲ့မပြိုင်နိုင်ဘူး"
ယဲ့ရှောင်း ခါးသက်သက်ပြုံးလျက် ပြောလိုက်၏။
ဟွားနိုင်ငံ၏ သိုင်းပညာလောကမှာ တဖြည်းဖြည်းယိုယွင်းလာလေပြီ။ မကောင်းသောရည်ရွယ်ချက်ရှိသူများက သူတို့ကို အနိုင်ကျင့်နေသည်မှာလည်း မထူးဆန်းတော့ပေ။
ယဲ့မိသားစု၏ ဝမ်ချွင်းသိုင်းပညာခန်းမကိုပင် ဥပမာကြည့်ပါလေ။
နှစ်ပေါင်းများစွာကြာသည့်တိုင် ထူးချွန်ထက်မြက်သော တပည့်ဟူ၍ တစ်ယောက်မှ ပေါ်ထွန်းလာခြင်းမရှိ။ ယဲ့ရှန်းကိုယ်တိုင်လည်း ကြိုးစားပါသော်ငြား သာမန်အရည်အချင်းမျှသာ။
သားအဖနှစ်ယောက် စကားများတော့မည့်ဆဲဆဲမှာပင် တံခါးဝ၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ တိုက်ကွမ်ဒိုဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က အထဲသို့ ဝင်လာခြင်းပင်။
သူ့အနောက်မှ လူတချို့ကလည်း ရိုက်ကူးရေးကိရိယာများကိုသယ်၍ လိုက်လာချေသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူက လှောင်ပြုံးပြုံးရင်း ပြောလိုက်၏။
"မင်္ဂလာပါ အားလုံးပဲ.. ကျွန်တော်က လီချန်းပါ။ တိုက်ကွမ်ဒိုခါးပတ်နက်အဆင့်ကိုးပေါ့။ ဒါက ယဲ့မိသားစုရဲ့ဝမ်ချွင်းသိုင်းပညာခန်းမလား။ ဟုတ်ပြီ Streamerရေ… ငါကိုယ်တိုင်လည်း ဒီနိုင်ငံကပါ။ ဒါပေမဲ့ ဟွားနိုင်ငံရဲ့သိုင်းပညာက အမှိုက်ဆန်တယ်လို့ ခံစားမိလို့ တိုက်ကွမ်ဒိုသင်ခဲ့တယ်။ ဒီနေ့ ငါ လိမ်လည်မှုတစ်ခုကို ဖော်ထုတ်တော့မှာ"
"လီချန်း.. ရှင် ဒါဘာသဘောလဲ"
အထဲဝင်လာသူကို မြင်သောအခါ ယဲ့ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။
လီချန်းသည် ယခင်တုန်းက ဝမ်ချွင်းသိုင်းပညာခန်းမ၏ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ထို့ပြင် သူ့အရည်အချင်းက ယဲ့ရှန်းထက်ပင် သာလွန်လေသည်။
သို့သော် လွန်ခဲ့သည့်တစ်နှစ်တုန်းက ဤလူမှာ အမျိုးသမီးတပည့်တစ်ယောက်ကို ပရောပရည်လုပ်ခဲ့သဖြင့် သူ(မ)၏အဖေက ဒေါသထွက်ပြီး နှင်ထုတ်ပစ်ခဲ့သည်။
ယခုမူ သူသည် တိုက်ကွမ်ဒိုသင်ယူလာပြီး ဟွားနိုင်ငံ၏ကွန်ဖူးပညာကို စော်ကားနေလေပြီ။
လီချန်းက ယဲ့ရှန်းကို ကလူကျီစယ်ဟန်ဖြင့် ကြည့်၍ ပြောလိုက်၏။
"ဆရာတူညီမယဲ့..မင်း ပိုလှလာတယ်နော်။ စကားမစပ် ငါအနိုင်ရရင် အနမ်းတစ်ပွင့်လောက် ရနိုင်တယ်မလား။ ဒီစကားက အကျုံးဝင်သေးလား"
"သွားစမ်းပါ။ ရှင်နဲ့မတန်ဘူး"
ယဲ့ရှန်းကတော့ အေးတိအေးစက်သာ ပြန်ဖြေလိုက်သည်။
ယဲ့ရှောင်းခမျာ ချောင်းတဟွတ်ဟွတ်ဆိုးလျက် ပြောလိုက်လေသည်။
"လီချန်း.. မင်းကို ဒီနေရာက မကြိုဆိုဘူး။ ထွက်သွားတော့"
လီချန်းကလည်း အေးတိအေးစက်သရော်ချေသည်။
"ဆရာ..အိုး နေပါဦး.. အခု ခန်းမအရှင်ယဲ့လို့ ခေါ်ရမယ်ထင်တယ်။ ကျွန်တော်က ဒီခန်းမကို စိန်ခေါ်ဖို့အတွက် တိုက်ကွမ်ဒိုပညာကို ကိုယ်စားပြုရင်း ရောက်လာတာလေ"
"မင်းကို ဘယ်သူက အဲဒီလိုလုပ်ခွင့်ပေးလိုက်တာလဲ"
ယဲ့ရှောင်းက အေးတိအေးစက်ဆိုလာလေသည်။
လီချန်း၏အကြည့်ကလည်း အေးတိအေးစက်နိုင်သွားပြီးနောက် တံခါးဝရှိ ဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လွှားခနဲခုန်၍ လေထဲသို့ဆန်တက်ကာ ထိုဆိုင်းဘုတ်ကို ကန်ပစ်လိုက်၏။
ခွမ်း!
တံခါးဝတွင် ချိတ်ဆွဲထားသော ယဲ့မိသားစု၏ဝမ်ချွင်းသိုင်းခန်းမ၏ ကမ္ပည်းကျောက်ပြားမှာ ကန်ချက်တစ်ချက်တည်းဖြင့် ကွဲကြေသွားလေတော့သည်။
"လီချန်း မင်း တော်တော်မာန်တက်နေတာပဲ'
ထိုအခိုက်ဝယ် ပုံရိပ်တစ်ခုက ဝမ်ချွင်းသိုင်းခန်းမ၏ အပြင်ဘက်မှ ဖျတ်ခနဲပေါ်ပေါက်လာသည်။ ထိုလူမှာ ဝမ်ချွင်းသိုင်းခန်းမ၏တပည့်ဟောင်းဖြစ်သူ ရှီလဲ့ပင်။ သူသည် ခွန်အားအရာ၌ ယဲ့ရှန်း၏နောက်တွင် ရှိ၏။
ရှီလဲ့က စကားတစ်ခွန်းမဆိုပါဘဲ လီချန်း၏မျက်နှာကို လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လီချန်းကလည်း အေးတိအေးစက်သရော်လိုက်၏။
"ရှီလဲ့.. ဒီနှစ်တွေအတွင်းမှာ မင်း ဘာမှတိုးတက်မလာပါဘူး"
လီချန်းကိုယ်တိုင်က ဝမ်ချွင်းသိုင်းကို ရင်းနှီးကျွမ်းဝင်ပြီးသားပင်။ သူ့ခန္ဓာကိုယ်က လက်သီးချက်ကို အမြန်ရှောင်တိမ်းလိုက်ပြီးနောက် ဝှစ်ခနဲကန်လိုက်လေရာ ရှီလဲ့၏ရှေ့ခြေထောက်ပေါ်သို့ တန်းတန်းမတ်မတ်ကျရောက်သွားသည်။
ဖောင်း!
ရှီလဲ့ခမျာ မရှောင်တိမ်းလိုက်နိုင်သဖြင့် ရှေ့ခြေထောက် ကျိုးသွားကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် နာကျင်မှုကြောင့် လူးလိမ့်နေချေတော့သည်။
လီချန်းက သရော်ပြုံးပြုံးလျက် ရှီလဲ့ကို ဘေးဘက်သို့ ကန်ထုတ်လိုက်သည်။
"တွေ့လား အားလုံးပဲ… ဟွားနိုင်ငံရဲ့သိုင်းပညာက အမှိုက်ဆန်တယ်။ တော်သေးလို့ပေါ့။ ဒီသိုင်းခန်းမမှာ ငါ ဆက်မနေခဲ့မိတာ"
[အမလေး ဝမ်ချွင်းသိုင်းက ဒီလောက်တောင်အသုံးမကျတာလား]
[ငါ့သမီးကို တိုက်ကွမ်ဒိုသင်ခိုင်းခဲ့မိလို့ တော်သေးတာပေါ့]
[အမှန်ပဲ။ ဒါကြီးက တကယ့်ကိုအရေးမပါတာ။ ကြည့်နေဖို့တောင် မတန်ဘူး]
….
ယဲ့ရှောင်း၏အမူအရာကား သုန်မှုန်သွားလေသည်။ ယဲ့ရှန်းလည်း ဒေါသကြောင့် တုန်ယင်နေပေသည်။
သူတို့နှစ်ယောက်စလုံးမှာ တပည့်ဟောင်းများ ဖြစ်ခဲ့ဖူးသောကြောင့် လီချန်းအနေနှင့် ဤမျှရိုင်းပျလိမ့်မည်ဟု သူ(မ) ထင်မထားပေ။
လီချန်းက မောက်မာစွာ လက်ချင်းယှက်လိုက်၏။
"မကျေနပ်တဲ့လူရှိရင် လက်စားချေလို့ရပါတယ်"
သိုင်းခန်းမထဲတွင် တစပြင်အလား တိတ်ဆိတ်သွားသည်။ လီချန်း၏ခွန်အားက ဆရာတူအစ်မယဲ့ရှန်းထက်ပင် ပိုသာသေးသည်။
ယဲ့ရှန်းကလွဲလျှင် သူနှင့်ယှဉ်နိုင်သူဟူ၍ တစ်ယောက်မှမရှိကြောင်း လူတိုင်း နားလည်ထားကြသည်။
ယဲ့ရှန်းလည်း ရှီလဲ့ကို ထူမပေးဖို့အတွက် လူတချို့ကိုခိုင်းလိုက်ပြီး အကိုက်အခဲပျောက်ဆေး လိမ်းပေးပြီးနောက် သုန်မှုန်နေသောအမူအရာဖြင့် မတ်တတ်ထရပ်လိုက်သည်။
"လီချန်း.. ဆန်ကုန်မြေလေး.. ဒီနေ့ ငါ သိုင်းခန်းမရဲ့ဂုဏ်သတင်းကို ပြန်အဖတ်ဆည်ပြီး ရှီလဲ့အတွက် လက်စားချေမယ်"
စကားဆုံးသည်နှင့် ယဲ့ရှန်းမှာ လီချန်းနှင့် စတင်တိုက်ခိုက်လေတော့သည်။ မည်သို့ပင်ဖြစ်စေ လီချန်းက သုံးနှစ်ကြာအောင် ဝမ်ချွင်းသိုင်းကို လေ့လာကျင့်ကြံဖူးသောကြောင့် ထိုအကွက်များနှင့် ရင်းနှီးပြီးသားပင်။
ထို့ပြင် ယခုအခါ တိုက်ကွမ်ဒိုကိုပါ တတ်ကျွမ်းထားသည်ဖြစ်ရာ ယဲ့ရှန်းဘက်က အရေးနိမ့်နေသည်မှာ အသိသာကြီးပင်။
ယဲ့ရှန်းက အယောင်ဆောင်အကွက်တစ်ကွက်ထုတ်ပြီးနောက် ခြေထောက်ဖြင့် ကန်လိုက်သည်။ လီချန်းလည်း အယုတ်တမာပြုံးပြုံးကာ လက်ဆန့်ထုတ်၍ ယဲ့ရှန်း၏ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"ဆရာတူညီမလေးရဲ့ခြေထောက်က ချောမွေ့ပြီး နူးညံ့နေတာပဲ။ အရမ်းအံ့ဩဖို့ကောင်းလိုက်တာ"
လီချန်းက ထိုသို့ပြောရင်း အရှေ့ကို အရှက်မရှိငုံ့ကိုင်းကာ နှာခေါင်းနှင့် တရှုံ့ရှုံ့လုပ်လိုက်သေးသည်။
"လူယုတ်မာ!"
ယဲ့ရှန်း ပျို့အန်မိမတတ်ပင်။ သူ(မ)၏ ခြေထောက်ကို ပြန်ဆွဲလိုက်ချင်ပါသော်ငြား လီချန်းက တင်းနေအောင် ဆုပ်ထားသည်။
သမီးဖြစ်သူ အနိုင်ကျင့်ခံရနေတာကို မြင်နေရသော ယဲ့ရှောင်းကလည်း ဆက်သည်းမခံနိုင်တော့ချေ။
သူသည် လူကြီးတစ်ယောက်ဖြစ်သောကြောင့် ဝင်မပါသင့်သော်လည်း ဤလူယုတ်မာက လွန်လွန်းအားကြီးသွားချေပြီ။
ထိုအချိန်မှာပင် လူအုပ်ထဲမှ တစ်စုံတစ်ယောက် အပြေးထွက်လာပြီးနောက် လီချန်း၏ရင်ဘတ်တည့်တည့်ကို ဆတ်ခနဲကန်ပစ်လိုက်သည်။
လီချန်းလည်း ရုတ်တရက်တိုက်ခိုက်ခံလိုက်ရသောကြောင့် ခြေလှမ်းခုနစ်လှမ်းရှစ်လှမ်းလောက် နောက်ဆုတ်သွားပြီးမှ အရှိန်သတ်လိုက်သည်။
ဟန်ချက်ပျက်သွားသော ယဲ့ရှန်းကလည်း ကြမ်းပြင်ပေါ်သို့ လဲကျလုမတတ်ဖြစ်သွားရသည်။ ထိုအခိုက် လက်တစ်ဖက်က ယဲ့ရှန်း၏ခါးကို ဖမ်းဆုပ်၍ လဲမကျသွားအောင် ထိန်းပေးထားပြီး တစ်ပတ်လည်လိုက်လေသည်။
ယဲ့ရှန်းကတော့ သူ(မ) လဲကျတော့မည်ဟု ထင်ထားသော်ငြား တစ်စုံတစ်ယောက်က သူ(မ)ကို ဖမ်းထားလိုက်နိုင်သည်။ ချောမောခန့်ညားလှသော ထိုမျက်နှာကို မြင်လိုက်ရပြီးနောက် သူ(မ) အံ့လည်းအံ့ဩသွားသလို ပျော်လည်းပျော်သွားရသည်။
ယဲ့ချန်းပင်တည်း။ သူရောက်လာလေပြီ။
"ဆောရီး ငါနောက်ကျသွားတယ်"
ယဲ့ချန်းက ကြော့ကြော့မော့မော့ဟန်ထုတ်၍ ပြုံးပြလိုက်၏။ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်မူ မှတ်ချက်များ ပလူပျံနေလေသည်။
[ဝိုး… ဒီလူ့ရဲ့ကန်ချက်က တော်တော်မိုက်တာပဲ]
[အဲဒီအကြည့်နဲ့ ကောင်မလေးကိုပွေ့ထားလိုက်တဲ့ အဲဒီအကွက်ကို ကြည့်စမ်းပါဦး။ အရမ်းကြည့်ကောင်းတာပဲ]
[ဒီလူ့ကို ချစ်မိသွားပြီ…Streamerရေ… သူ့ဖုန်းနံပါတ်လေး သိလို့ရမလား]
….
လီချန်းကတော့ ဒေါသများပွက်ပွက်ဆူနေလေသည်။
ဤသည်မှာ သူ ဟိတ်ဟန်ထုတ်ရမည့် အချိန်အခါကောင်းဖြစ်ပါသော်လည်း ယဲ့ချန်းက လုယူသွားခဲ့သည်။
အရှက်ခွဲခံလိုက်ရသဖြင့် ဒေါသူပုန်ထနေသော လီချန်းက ပြောလိုက်၏။
"အဆင့်မရှိတဲ့လူယုတ်မာ.. ချုံခိုတိုက်တယ်ပေါ့"
ယဲ့ချန်း သူ့သမီးကိုပွေ့ထားသည့် မြင်ကွင်းကို မြင်သောအခါ ယဲ့ရှောင်းလည်း ချောင်းတဟွတ်ဟွတ်ဆိုးလိုက်မိသည်။
လူကြီးတစ်ယောက်ဖြစ်သည့်အားလျော်စွာ သူကိုယ်တိုင်လည်း အတန်ငယ်ရှေးရိုးစွဲနေဆဲပင်။
ထိုအခါမှသာ ယဲ့ချန်းလည်း ယဲ့ရှန်းကို အင်တင်တင်ဖြင့်လွှတ်ပေးလိုက်ပြီးနောက် လီချန်းကို ရန်စလေဟန်ဖြင့် လက်ဟန်တစ်ခုထုတ်ပြလိုက်သည်။
"ခွေးတစ်ကောင်ကိုမရိုက်ခင် ကြိုအသိပေးရဦးမှာလား။ ဟာသပဲ.. မကျေနပ်ရင် လာလေ"
ယဲ့ချန်း၏ မောက်မာလှသော လက်ဟန်အမူအရာကိုမြင်သော် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ မိန်းကလေးပရိသတ်များမှာ စိတ်လှုပ်ရှားသွားပြန်သည်။
[ဝိုး ဒီအကွက်က အရမ်းကြည့်ကောင်းတာပဲ]
[အထင်သေးသလိုကြည့်လိုက်တဲ့ သူ့ရဲ့အဲဒီအကြည့်လေးကလည်း အရမ်းဆွဲဆောင်မှုရှိတာပဲ]
[ချစ်မိသွားပြီ..ချစ်မိသွားပြီ..ဒါက ငါ့အကြိုက်ပုံစံလေးပဲ]
လီချန်းခမျာ ဆွံ့အသွားရလေသည်။
သေစမ်း မင်းတို့က ငါ့ပရိသတ်တွေလေ? ဘယ်လိုလုပ်ပြီး ဘက်ပြောင်းတာ တအားမြန်ရတာလဲ?
လီချန်း အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။
ဆက်ကြွားလုံးထုတ်နေလိုက်… မကြာခင် ငါ မင်းကို ကြမ်းပြင်ပေါ်မှာ ဝပ်တွားနေရအောင် လုပ်ပေးမယ်…
"လူယုတ်မာ.. မင်း သေချင်နေတာလား။ ဒီနေ့ ငါ မင်းကို…"
လီချန်းက သူ့ပရိသတ်များရှေ့တွင် ဟိတ်ဟန်ထုတ်တော့မည့်ဆဲဆဲ ယဲ့ချန်း၏ခန္ဓာကိုယ်က ရုတ်ခြည်းဆိုသလို သူ့ရှေ့တွင် ပေါ်လာပြီးနောက် သူ့ရှေ့ခြေထောက်ကို ကန်ကျောက်လိုက်သည်။
ဒုန်း!
လီချန်းခမျာ ယဲ့ချန်းရှေ့မှာတင် ဒူးထောက်လျက် လဲကျသွားသည်။
ယဲ့ချန်းက အလွန်မြန်လွန်းလှ၏။ မြန်လွန်းသောကြောင့် မည်သူမှ မတုံ့ပြန်လိုက်နိုင်ပေ။
လီချန်းက ယဲ့ချန်းရှေ့တွင် ဒူးထောက်နေရလေပြီ။
ယဲ့ရှောင်းကတော့ ထိုင်နေရာမှ ဤတိုက်ပွဲကို အာရုံတစိုက်ကြည့်ရှုနေသည်။ ဤလူငယ်လေးက အလွန်သန်မာလှချေသည်။
လီချန်းတစ်ယောက် ဒူးထောက်ကျသွားပြီး လေအေးတစ်ရှိုက် ရှူသွင်းလိုက်ရတာကို ယဲ့ရှန်း မြင်လိုက်ရချိန်မှာ တစ်နေ့တုန်းက ယဲ့ချန်း သူ(မ)ကို အများကြီးသက်ညှာပေးခဲ့ကြောင်း သဘောပေါက်သွားသည်။
ယဲ့ချန်းက ခေါင်းငုံ့၍ လီချန်းကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။
"မင်းက ပေါက်ကရတွေ တော်တော်ပြောတာပဲ"
လီချန်း၏ပရိသတ်များမှာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြခြင်းဖြစ်ပြီး ဤမြင်ကွင်းကို မြင်သောအခါ စိတ်ဓာတ်ကျရမည့်အစား ပို၍ပင် စိတ်လှုပ်ရှားကုန်ကြသည်။
[ဝိုး ဒီလူက အံ့ဩဖို့ကောင်းသား]
[နောက်ဆုံးတော့ တကယ့်ကျွမ်းကျင်သူအစစ်က ဘာလဲဆိုတာ ငါ နားလည်သွားပြီ]
[သူက ချောလည်းချောတယ်။ သိုင်းပညာလည်း တော်တယ်။ ငါ ဒီလူ့ကို လုံးဝချစ်မိသွားပြီ]
ရုတ်ခြည်းပင် တိုက်ရိုက်ထုတ်လွှင့်ခန်းက ယဲ့ချန်း၏စင်မြင့်တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။
•••••••••••••