အတုကြီးပဲဖြစ်ရမယ်
Vol. 7 Ch. 98
ယဲ့ချန်လည်း ဝမ်သိုက်၏ ရုံးဖုန်းနံပါတ်ကို ခေါ်လိုက်လေသည်။
"ဟယ်လို.. ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီကလား"
ယဲ့ချန်းက သူ့ကုမ္ပဏီသို့ တိုက်ရိုက်ဖုန်းခေါ်လိုက်တာကို မြင်သောအခါ ဟယ့်လျန်က အေးတိအေးစက် နှာမှုတ်လိုက်၏။
"ချာတိတ်.. မင်းက တော်တော်နုံအတာပဲ။ ငါ့ကို တိုင်ချင်တယ်ပေါ့လေ။ ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက ငါ့ယောက္ခမကွ။ ဖုန်းခေါ်နေလည်း အသုံးမဝင်ဘူး"
အမျိုးသမီးဖြစ်သူက ပို၍ပင်အလိုတမာပြုံးလိုက်၏။
"မင်း ရူးသွားပြီလား။ ငါ့အဖေဆီမှာ သူ့သမီးနဲ့သားမက်ကို တိုင်မလို့တဲ့လား"
ပွဲကြည့်နေကြသူများကလည်း ဤလူငယ်လေးမှာ အလွန်ရိုးအလွန်းလှသည်ဟုတွေးကာ တိတ်တဆိတ် ခေါင်းတခါခါလုပ်မိကြသည်။
သူတို့က မိသားစုတွေလေ.. ဖုန်းဆက်ပြီး တိုင်တော့ရော အကျိုးရှိမှာလား?
ယဲ့ချန်းလည်း ဖုန်းချပြီးနောက် ဟယ့်လျန်ကိုပြောလိုက်၏။
"ကျုပ် ခင်ဗျားတို့ကို နောက်ထပ်အခွင့်အရေးတစ်ကြိမ်ထပ်ပေးမယ်။ ခင်ဗျားနဲ့ ခင်ဗျားမိန်းမ ကိုယ့်ကိုယ်ကိုယ်ဆယ်ခါပါးရိုက်လိုက်။ ဒါဆို ကျုပ် ခွင့်လွှတ်ပေးချင် ခွင့်လွှတ်ပေးမှာ။ မဟုတ်လို့ကတော့.. နောက်ဆက်တွဲကို ကိုယ့်ဘာသာဖြေရှင်းရမယ်နော်"
ဟယ့်လျန်ကမူ မောက်မောက်မာမာ အော်ရယ်လေသည်။
"ချာတိတ်.. မင်းကိုယ်မင်းဟုတ်လှပြီလို့ ထင်နေလို့ ငါ့ကို လာခြိမ်းခြောက်နေတာလား။ သွားသေလိုက်..ငါက မွေးကတည်းက မကြောက်တတ်ဘူး"
သူ့ဘေးရှိ အမျိုးသမီးကလည်း ယဲ့ချန်းအား လှောင်ရယ်သည်။
"ချာတိတ်.. မင်းမှာ ဟိတ်ဟန်ထုတ်တတ်တဲ့အရည်အချင်းရှိတယ်ဆိုရင် လုပ်ပြလေ။ ဘာအရည်အချင်းမှမရှိဘဲ အပြောသက်သက်ဆိုလို့ကတော့ သောက်ရူးဖြစ်သွားလိမ့်မယ်။ နားလည်လား"
သူတို့နှစ်ယောက်က မောက်မောက်မာမာဖြင့် ယဲ့ချန်းအား လုံးဝအရေးမလုပ်ကြပေ။
ထိုအခိုက်ဝယ် ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီ၏ အထွေထွေမန်နေဂျာချန်းဝမ်က အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပနေသည်။
ချန်းဝမ်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။
"လူကြီးမင်းများနဲ့ အမျိုးသမီးများခင်ဗျာ.. ဝမ်သိုက်လုပ်ငန်းစုကို သိပ်မကြာခင်ကပဲ ယဲ့ချန်းလို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်တစ်ယောက်က ဝယ်ယူလိုက်တယ်လို့ သတင်းကြားထားပါတယ်။ အခု သူက ဝမ်သိုက်လုပ်ငန်းစုရဲ့ပိုင်ရှင်ဖြစ်သွားပြီ"
ရှယ်ယာရှင်အတော်များများ ပင့်သက်ရှိုက်လိုက်မိကြသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်တုန်းက ဝမ်သိုက်လုပ်ငန်းစုက အိမ်ခြံမြေလုပ်ငန်းလောကတွင် ကြီးပွားတိုးတက်လာခဲ့သည်။
ယခုမူ ဤလုပ်ငန်းစုကို ရုတ်တရက်ဝယ်ယူလိုက်ချေသည်။
ဝမ်သိုက်လုပ်ငန်းစုက ဈေးကွက်တန်ဖိုး၄၀ဘီလီယံရှိသော်လည်း ထိုပမာဏကို မည်သူကမှ တစ်ခါတည်း အကုန်မထုတ်နိုင်ပေ။ သို့ဖြစ်လေရာ တစ်ဖက်လူ၏နောက်ခံအင်အားက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။
ချန်းဝမ်က ပူဆွေးသောကရောက်နေလေဟန် အမူအရာဖြင့် ပြောလိုက်ချေသည်။
"ကျုပ်တို့ကုမ္ပဏီရဲ့အမြတ်ငွေက ဝမ်သိုက်လုပ်ငန်းစုရဲ့ ပရောဂျက်တွေကို မှီခိုနေရတာ။ အခု ပိုင်ရှင်ပြောင်းသွားပြီဆိုတော့ ကျုပ်တို့အနေနဲ့ မစ္စတာယဲ့ကို စိတ်ကျေနပ်အောင် အတတ်နိုင်ဆုံးကြိုးစားရမယ်။ ကျုပ်တို့ကုမ္ပဏီရဲ့အနာဂတ်က သူ့စိတ်အခြေအနေအပေါ် မူတည်နေပြီ။ ဒီတော့ ကျုပ်တို့ကုမ္ပဏီရဲ့ လက်ရှိအဓိကအသားပေးတာဝန်က မစ္စတာယဲ့ကို စိတ်တိုင်းကျအောင် လုပ်ပေးဖို့ပဲ"
ရှယ်ယာရှင်အမြောက်အများကလည်း သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။
ဝမ်သိုက်လုပ်ငန်းစု၏ပိုင်ရှင် ပြောင်းလဲသွားသောကြောင့် သူတို့ကုမ္ပဏီလည်း သိသာထင်ရှားလှသော စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရသည်။
ယဲ့ချန်း၏စကားတစ်ခွန်းက ကုမ္ပဏီ၏ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်းရှိ၏။
ယခုဆိုလျှင် ဆောက်လုပ်ရေးကုမ္ပဏီများမှာ ပြိုင်ဆိုင်မှုပြင်းထန်နေလေရာ မြောက်များလှစွာသေု ကုမ္ပဏီများကလည်း ဝမ်သိုက်လုပ်ငန်းစုကို မျက်စိကျနေကြသည်။
ယခင်က သူတို့အနေနှင့် ဝမ်သိုက်လုပ်ငန်းစု၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်လာခဲ့ခြင်းမှာ ယခင်ပိုင်ရှင်ဟောင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခဲဲ့သောကြောင့်ပင်။
ယခုမူ ပိုင်ရှင်ပြောင်းသွားချေပြီ။
ယဲ့ချန်းကသာ ပရောဂျက်များကို အခြားကုမ္ပဏီများကို ပေးလိုက်ပါက သူတို့ကုမ္ပဏီလည်း ပြိုလဲသွားရပေလိမ့်မည်။
ယဲ့ချန်းက သူတို့ကုမ္ပဏီ၏ သေရေးရှင်ရေးအခြေအနေကို ထိန်းချုပ်နိုင်သည်။
ချန်းဝမ်က ဆက်ပြောပြန်သည်။
"လူကြီးမင်းများနဲ့ အမျိုးသမီးတို့.. မစ္စတာယဲ့နဲ့ အဆက်အသွယ်ရှိတဲ့လူ ဒါမှမဟုတ် မစ္စတာယဲ့ကိုသိတဲ့လူတစ်ယောက်ယောက်များ ရှိကြလား"
ထိုနေရာရှိရှယ်ယာရှင်များအားလုံး ခေါင်းခါယမ်းလိုက်ကြသည်။
ချန်းဝမ်လည်း မျက်နှာပျက်သွားရလေတော့သည်။
အဆက်အသွယ်ဟောင်းများမှာ အသုံးမဝင်တော့ပေ။ ထို့ကြောင့် ပိုင်ရှင်အသစ်နှင့်သာ ဆက်ဆံရေးတစ်ခု မတည်ဆောက်နိုင်ခဲ့ပါက သူတို့၏ကုမ္ပဏီလည်း ဒေဝါလီခံရပေလိမ့်မည်။
ထိုအချိန်မှာပင် သူ့အတွင်းရေးမှူးက အထဲသို့လျှောက်လာပြီး စကားတချို့ကို တီးတိုးကပ်ပြောလေသည်။
"ဘာ? မစ္စတာယဲ့က ငါတို့ကို ဆက်သွယ်လာတာလား။ သူ့ဖုန်းနံပါတ်ကဘာလဲ"
ချန်းဝမ်ခမျာ စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။
အတွင်းရေးမှူးကလည်း ချန်းဝမ်ကို ယဲ့ချန်းပေးသွားသည့် ဖုန်းနံပါတ်ကို ပေးလိုက်၏။
ချန်းဝမ်လည်း အသက်ပြင်းပြင်းရှူသွင်း၍ ယဲ့ချန်း၏ဖုန်းနံပါတ်ကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်လေသည်။
သူက ယဲ့ချန်းကို ဘယ်လိုဆက်သွယ်ရမလဲဟု တွေးပူနေဆဲမှာပင် ထင်မှတ်မထားပါဘဲ ဖုန်းဝင်လာခဲ့သည်။
ရှယ်ယာရှင်အမြောက်အများလည်း အလွန်တရာစိုးရိမ်သွားသည်။
မစ္စတာယဲ့ဘက်က ရုတ်တရက်ဖုန်းခေါ်လာခြင်းမှာ ကောင်းလားဆိုးလားဆိုတာကို မည်သူမှမသိနိုင်ချေ။
အစည်းအဝေးခန်းမထဲရှိ လေထုကား အလွန်တင်းမာနေချေသည်။
တစ်ဖက်လူက သူတို့ကုမ္ပဏီ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည့် အထင်ကရပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
ချန်းဝမ်ခမျာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။
အခြားရှယ်ယာရှင်များကိုလည်း ယဲ့ချန်းအကြောင်း ပိုသိစေရန်အတွက် ဖုန်းကို စပီကာဖွင့်ထားလိုက်သေးသည်။
တစ်ဖက်က ဖုန်းကိုင်လိုက်ချိန်ဝယ် ချန်းဝမ်လည်း တလေးတစားပြောလိုက်၏။
"မစ္စတာယဲ့.. ကျွန်တော်က ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီက ချန်းဝမ်ပါ။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ပရောဂျက်အဟောင်းတွေက မစ္စတာယဲ့တို့လုပ်ငန်းစုနဲ့ စာချုပ်ချုပ်ထားတာပါ။ မစ္စတာယဲ့ဘက်က ညွှန်ကြားစရာတစ်ခုခုများ ရှိလို့လား"
ချန်းဝမ်က လိမ္မာပါးနပ်မှုရှိ၏။ အစပိုင်းတွင် ရိုရိုကျိုးကျိုးပြောဆိုပြီးနောက် သူတို့က ယဲ့ချန်းအတွက် အလုပ်လုပ်ပေးနေသည့် ကုမ္ပဏီခွဲတစ်ခုဖြစ်ကြောင်း ချက်ချင်းရှင်းပြလိုက်သည်။
ချန်းဝမ်? ဥက္ကဋ္ဌချန်း..ခင်ဗျားက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"
ယဲ့ချန်းထံမှ ရင်းနှီးဖော်ရွေမှုမရှိသည့် လေသံကို ကြားလိုက်ရချိန်၌ ချန်းဝမ်၏အမူအရာမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။
ယဲ့ချန်းက သူ့ရှေ့တွင် မောက်မောက်မာမာဖြင့် ရပ်နေဆဲဖြစ်သော ဟယ့်လျန်ကို အေးတိအေးစက်စိုက်ကြည့်ရင်း ပြောလိုက်၏။
"ဒါနဲ့ ခင်ဗျားရဲ့သားမက်က ဟယ့်လျန်လား"
ယဲ့ချန်းက ဖုန်းကိုင်ပြီးနောက် သူ့အကြောင်း မေးမြန်းနေတာကို မြင်သောအခါ ဟယ့်လျန် လန့်ဖျပ်သွားရသည်။
ချန်းဝမ်တဲ့လား။ အဲဒါက သူ့ယောက္ခမမဟုတ်လား...
ထိုလူက သူ့ယောက္ခမကို တကယ်သိတာများလား?
မဖြစ်နိုင်တာ... ဒီချာတိတ်က အရှုံးသမားတစ်ယောက်သက်သက်ပါ။ သူ့ယောက္ခမက ဘီလျံနာတစ်ယောက်လေ.. ဒီလိုအရှုံးသမားမျိုးနဲ့ ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။
ဟမ့်! ဒီချာတိတ်က ငါ့ကို လာညစ်ချင်နေတာပဲ! အယောင်ဆောင်နေတာပဲဖြစ်မယ်!
ငါ့ကို လာလှည့်စားနေတယ်ပေါ့! မင်း ငယ်ပါသေးတယ်ကွာ...
ယဲ့ချန်းက သူ့အား ခြောက်လှန့်နေရုံမျှသာဟု ဟယ့်လျန် မှတ်ယူလိုက်လေသည်။ ဖုန်းခေါ်ဆိုသူက သူ့ယောက္ခမမဖြစ်နိုင်ချေ။
သူ သရော်ပြုံးပြုံးလိုက်လေသည်။
"ချာတိတ်..မင်းက ဟန်ဆောင်တတ်သားပဲ။ ဘယ်သူက ငါ့ယောက္ခမလဲ။ သူက မင်းလို အရှုံးသမားမျိုးကို ဘာကိစ္စနဲ့ ဖုန်းခေါ်ရမှာလဲ။ လာနောက်နေတာလား"
ဖုန်းတစ်ဖက်ရှိ ချန်းဝမ်ကတော့ တစ်ဖက်ခြမ်းရှိ မာနထောင်လွှားနေသောလေသံကို ကြားသောအခါ ရုတ်ခြည်းပင် ချွေးစေးပြန်သွားချေသည်။
အေးတိအေးစက်နိုင်လှသော ယဲ့ချန်း၏လေသံမှတစ်ဆင့် အသုံးမကျသော သူ့သားမက်က ယဲ့ချန်းကို အပြစ်ပြုထားခြင်းဖြစ်ကြောင်း သူ ခံစားမိသည်။
"ဒါက..."
ချန်းဝမ်ခမျာ အခြားရှယ်ယာရှင်များကို နေရခက်ဟန်ဖြင့် ကြည့်လိုက်မိသည်။
ရှယ်ယာရှင်များကလည်း ငတုံးငအများ မဟုတ်ကြပေ။ ဖုန်းထဲက အသံများကို နားထောင်ခြင်းဖြင့် ဘာတွေဖြစ်နေလဲဆိုတာကို သူတို့ ခန့်မှန်းမိသည်။
ချန်းဝမ်၏သားမက်က ယဲ့ချန်းကို အပြစ်ပြုမိထားလေဟန်တူ၏။
ပင်မရှယ်ယာရှင်တစ်ယောက်က အေးတိအေးစက်ဆိုလာလေသည်။
"ဥက္ကဋ္ဌချန်း.. ဥက္ကဋ္ဌယဲ့က ခင်ဗျားကိုမေးနေတယ်။ ဖြေလိုက်လေ"
ချန်းဝမ်လည်း နေရခက်ဟန်ဖြင့် ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့.. သူက ကျွန်တော့်သားမက်ပါ။ ပြီးတော့ ကျွန်တော်တို့ဝမ်သိုက်ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဆိုလည်း ဟုတ်ပါတယ်။ သူ ဘယ်လိုမသင့်တော်တာတစ်ခုခုများ လုပ်ခဲ့လို့လဲဗျထ
ယဲ့ချန်းကတော့ အေးတိအေးစက် ပြန်ဖြေလိုက်သည်။
"ခင်ဗျားကိုယ်တိုင် ခင်ဗျားသားမက်ကို ဘာလုပ်ခဲ့လဲဆိုတာ မေးကြည့်ပါ့လား ချန်းဝမ်? တကယ်လို့ ကိုင်တွယ်ဖြေရှင်းနည်းကို ကျုပ် စိတ်တိုင်းမကျဘူးဆိုရင် ခင်ဗျားတို့ကုမ္ပဏီလည်း ကျုပ်တို့ဝမ်သိုက်လုပ်ငန်းစုကနေ ပရောဂျက်တွေ ထပ်ရဖို့ မမျှော်လင့်နဲ့တော့"
ထိုသို့ပြောပြီးနောက် ယဲ့ချန်း ချက်ချင်းဖုန်းချလိုက်သည်။
အစည်းအဝေးခန်းမထဲရှိ လေထုကား ရုတ်ခြည်းအေးခဲသွားသည်။
ရှယ်ယာရှင်များမှာ ချက်ချင်းဆိုသလို မျက်နှာပျက်သွားလေသည်။
လူတိုင်း၏အကြည့်ကလည်း ချန်းဝမ်ထံသို့ ရောက်လာသည်။ သူတို့၏အမူအရာများကတော့ သူ့အား ဝါးမျိုပစ်ချင်သည့်အလားပင်။
ချန်းဝမ်လည်း သောကရောက်သွားရပြီး ခပ်ကျိတ်ကျိတ်ဆဲရေးမိသည်။
"ဟယ့်လျန်က ဘာသောက်ရေးမပါတာတွေ လုပ်ခဲ့တာပါလိမ့်။ ဒီကောင်စုတ်ကတော့..မစ္စတာယဲ့ကို ဒေါသထွက်အောင်လုပ်ခဲ့တာပဲ"
ထိုအချိန်မှာ ပင်မရှယ်ယာရှင်တစ်ယောက်က အေးတိအေးစက်ပြောလာလေသည်။
"ဥက္ကဋ္ဌချန်း..ပြီးခဲ့တဲ့အစည်းအဝေးတွေမှာတုန်းက ခင်ဗျားရဲ့သားမက်ကို ကျုပ်တို့ ကန့်ကွက်ထားတယ်နော်။ သူက မောက်မာပြီး လေးစားမှုလည်းမရှိဘူး။ စီးပွားရေးအမြင်လည်းမရှိတဲ့အတွက် ဒုဥက္ကဋ္ဌရာထူးနဲ့ မသင့်တော်ဘူး။
ဒါပေမဲ့ ခင်ဗျားက ခင်ဗျားရဲ့ရာထူးကို အသုံးချပြီး သူ့ကို ကြီးလေးတဲ့တာဝန်တွေ အပ်နှံခဲ့တယ်။ အခု သူ ပြဿနာရှာလိုက်ပြီနော်။ ခင်ဗျား ကျုပ်တို့ကို ရှင်းပြဖို့လိုပြီ"
နောက်ထပ်ရှယ်ယာရှင်တစ်ယောက်ကလည်း ဒေါသတကြီးမတ်တတ်ထရပ်လိုက်၏။
"ချန်းဝမ်.. ဒီကုမ္ပဏီက လူတိုင်းနဲ့သက်ဆိုင်တယ်နော်။ ဦးနှောက်မရှိတဲ့ ခင်ဗျားသားမက်ရဲ့လုပ်ရပ်တွေကြောင့် ကုမ္ပဏီတစ်ခုလုံးကို အထိခိုက်မခံနိုင်ဘူး။ ကျုပ်တို့ကုမ္ပဏီသာ ဝမ်သိုက်လုပ်ငန်းစုကို လက်လွှတ်လိုက်ရရင် ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမလဲဆိုတာ သိတယ်နော်"
ရှယ်ယာရှင်များ၏ ဖိအားပေးမှုများနှင့် ရင်ဆိုင်ရသောအခါ သူ့သားမက်က သေစေနိုင်လောက်သော ကပ်ဘေးတစ်ခုကို သယ်လာကြောင်း ချန်းဝမ် သဘောပေါက်လိုက်သည်။
••••••••••••••