← Chapters

နေရခက်ခြင်း

Vol. 7 Ch. 100

နေရခက်ခြင်း

Vol. 7 Ch. 100

"ဖြောင်း! ဖြောင်း! ဖြောင်း!"

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟယ့်လျန်က ကိုယ့်ကိုယ်ကိုယ် ပါးဆယ်ချက်လောက် ရိုက်ပစ်လိုက်သည်။

"ကောင်းပြီ။ တော်လိုက်တော့"

ဟယ့်လျန်ခမျာ ယဲ့ချန်းကို အတုန်တုန်အယင်ယင်ဖြင့် ကြည့်လိုက်မိသည်။

ယဲ့ချန်း၏ဒေါသကို ဖြေဖျောက်ပေးရန်အတွက် သူ့အနေနှင့် ထိုရိုက်ချက်များတွင် အားအပြည့်ထည့်ထားခဲ့သည်။

ယခုမူ သူ့မျက်နှာတစ်ခုလုံး ဝက်ခေါင်းအလား ဖူးရောင်နေပေသည်။

"မစ္စတာယဲ့..ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မလား"

ဟယ့်လျန်က ဖြူဖပ်ဖြူရော်ဖြစ်နေသော မျက်နှာဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။ သူ့ဘေးရှိ အမျိုးသမီးကမူ တစ်ကိုယ်လုံးတုန်ရီနေပြီး ဒုန်းခနဲ ဒူးထောက်ချလိုက်လေတော့သည်။

ထို့နောက် သူ(မ)လည်း ဟယ့်လျန်လို ကိုယ့်ပါးကိုယ်ရိုက်လေတော့သည်။

"မစ္စတာယဲ့.. ကျွန်မတောင်းပန်ပါတယ်။ ကျွန်မယောကျ်ားကို ခွင့်လွှတ်ပေးပါ။ ကျွန်မအမှားပါ။ ကျွန်မ ကန်းနေခဲ့လို့"

သူ(မ)က ထိုသို့ပြောရင်း ဟယ့်လျန်လို ကိုယ့်ကိုယ်ကိုယ်ပါးရိုက်လေတော့သည်။

ဟယ့်လျန်၏ဇနီးကပါ ကိုယ့်ပါးကိုယ်ဆယ်ချက်လောက် ရိုက်နေတာကို ယဲ့ချန်း ကြည့်နေပြီးနောက် ပြောလိုက်၏။

"ဟုတ်ပြီ။ တော်လိုက်တော့"

ဟယ့်လျန်ကတော့ စိတ်ရှုပ်ထွေးမှုအထင်းသားဖြင့် ယဲ့ချန်းကို ကြည့်လိုက်မိသည်။

"မစ္စတာယဲ့.. စိတ်ပြေပြီလား။ မပြေသေးရင် ကျွန်တော်တို့ ဆက်ရိုက်နေလိုက်လို့ရပါတယ်"

ယဲ့ချန်းက အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။

"ခင်ဗျားတို့ကို ဆယ်ချက်ပဲရိုက်ဖို့ ကျုပ် ပြောထားတာလေ။ ဒီကိစ္စကို ခဝါချလိုက်ပါပြီ"

ယဲ့ချန်း၏စကားကို ကြားသောအခါမှသာ ဟယ့်လျန် သက်မချလိုက်မိသည်။ ယဲ့ချန်းက ဤမျှအထိ သဘောထားကြီးသူဖြစ်ကြောင်း သူ လုံးဝထင်မထားချေ။

"ဒါဆို ကျွန်တော်တို့ကုမ္ပဏီရဲ့ပရောဂျက်ကရော ဘယ်လိုဖြစ်သွားပြီလဲ"

ယဲ့ချန်း၏မျက်ဝန်းများမှာ အေးစက်သွားလေတော့သည်။

"ကျုပ် စိတ်အခြေအနေကောင်းမှပဲ ပရောဂျက်အကြောင်း ပြောကြတာပေါ့"

သူ့ဘက်က တိုက်ရိုက်သဘောတူလိုက်ခြင်းမဟုတ်သော်လည်း ထိုသို့ကြားလိုက်ရရုံမျှဖြင့် ဟယ့်လျန် စိတ်သက်သာရာရမိသည်။

ယဲ့ချန်းက သူ့အား ခွင့်လွှတ်ပေးလိုက်ပြီဖြစ်ရာ သူလည်း ချန်းဝမ်ကို ရှင်းပြစရာရသွားပြီဖြစ်၏။

အနည်းဆုံးတော့ သူ ထောင်ထဲဝင်စရာမလိုတော့ပေ။

ထိုအချိန်မှာပင် ချန်းဝမ်က အပြင်ဘက်မှ ထိတ်လန့်တကြားရောက်ချလာသည်။ အသက်ခြောက်ဆယ်ကျော်ခါမှသာ အမောတကောပြေးနေရသည်။

ဟယ့်လျန်ကို မြင်သောအခါ သူလည်း ဒေါသတကြီး အချက်ရေနည်းနည်းလောက် ကန်ပစ်လိုက်မိသည်။

"ကျေးဇူးကန်းတဲ့ငမိုက်သား"

ချန်းဝမ်မှာ ဟယ့်လျန်ကို အကြိမ်အနည်းငယ်လောက် ထပ်ကန်လိုက်ပြီးနောက် ခခယယအကြည့်မျိုးဖြင့် ယဲ့ချန်းဘက်ကိုလှည့်၍ ပြောလိုက်လေသည်။

"မစ္စတာယဲ့.. ခင်ဗျားကြိုက်သလို ဒေါသဖြေလို့ရပါတယ်။ သူ့ကို အသေရိုက်သတ်ချင်တယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး"

သူ့ဘေးရှိ ဟယ့်လျန်ခမျာ တစ်စုံတစ်ခုကို သတိရမိလိုက်လေရာ အိတ်ကပ်ထဲရှိ ယွမ်နှစ်သောင်းကို ထုတ်ပြီး တုန်ရီနေသော လက်အစုံဖြင့် ယဲ့ချန်းကို ပေးလိုက်သည်။

"မစ္စတာယဲ့..ဒါက ခင်ဗျား ကျွန်တော့်ကိုပေးထားတဲ့ ယွမ်နှစ်သောင်းပါ။ ကျွန်တော် ခင်ဗျားကို ပြန်ပေးပါ့မယ်"

"ငတုံး.. မင်းကများ မစ္စတာယဲ့ဆီက ပိုက်ဆံတောင်းရဲတယ်ပေါ့? မင်း သေချင်နေတာလား"

ချန်းဝမ်ခမျာ ဒေါသအလိပ်လိုက်ထွက်မိပေတော့မည်။ ထို့ကြောင့် သူ့အား ခပ်ကြမ်းကြမ်းကန်ချက်ရှစ်ခါလောက် ထပ်ပေးလိုက်သည်။

ယဲ့ချန်းက အေးတိအေးစက်ဆိုလာသည်။

"ဒီပိုက်ဆံက ခင်ဗျားအတွက် လျော်ကြေးလို့ ပြောထားတယ်လေ။ ပေးပြီးပြီဆိုရင် ပြန်ယူစရာအကြောင်းမရှိဘူး"

ဤစကားကိုကြားသော် ဟယ့်လျန် ကြောင်အသွားသည်။

ဤပိုက်ဆံက သူ့အတွက်တော့ အာလူးပူတစ်လုံးအလားပင်။ သိမ်းထားရန်လည်း မဖြစ်နိုင်ပေ။

ယဲ့ချန်းက ဘေးနားရှိ ထန်းလုကို အလိုလိုက်လေဟန် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

"လုလု စိတ်ပြေသွားပြီလား"

ထန်းလုကလည်း နာခံစွာ ခေါင်းညိတ်ပြသည်။

"အင်း"

ယဲ့ချန်းမှာ ချန်းဝမ်နှင့် ဟယ့်လျန်တို့ကို တစ်ချက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေတော့သည်။

ပတ်ပတ်လည်ရှိ လူအုပ်ကြီးလည်း အံ့ဩမှင်တက်ကုန်သည်။ ဤသည်မှာ စင်စစ်အံ့ဩဖို့ကောင်းလှသည်။ ဝက်ဝက်ကွဲအောင် ကျော်ကြားသော ဇာတ်လမ်းများထက်ပင် ပိုသာလေသည်။

ယဲ့ချန်းနှင့် ထန်းလုတို့နှစ်ယောက် စီးပွားရေးလမ်းမထက်၌ အတူလမ်းလျှောက်နေကြသည်။

"ယဲ့ချန်း.. ရှင်က အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်လို့ ကျွန်မ ထင်မထားဘူး။ အရမ်းမိုက်တာပဲ"

ထန်းလုက ယဲ့ချန်းကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်လေသည်။

"ဟားဟား.. တကယ်တော့ ငါက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ တခြားဟာတွေက ကြားပေါက်အလုပ်တွေပါ"

သူတို့နှစ်ယောက်လည်း ခဏကြာသည်အထိ လမ်းဆက်လျှောက်ပြီးနောက် အိမ်ပြန်လာခဲ့လိုက်ကြသည်။ ယဲ့ချန်း၏အိမ်ကို မြင်သောအခါ ထန်းလု အံ့အားသင့်သွားသည်။

"ထျန်းချန်ယိပင်အိပ်ရာ.. ရှင်က တော်တော်အထင်ကြီးဖို့ကောင်းတာပဲ။ ထျန်းချန်ယိပင်မှာ အိမ်တစ်လုံးပိုင်ထားတာတဲ့"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်၏။

"ထျန်းချန်ယိပင်က ဘာမှမပြောပလောက်ပါဘူး။ မင်း ကျိုတိုမှာရှိတဲ့ ငါ့အိမ်ကိုသာလိုက်ခဲ့ရင် လုံးဝလန့်ဖျပ်သွားမှာသေချာတယ်"

ထန်းလုကမူ အေးတိအေးစက်နှာမှုတ်လိုက်သည်။

"ကြွားမနေနဲ့တော့။ ထန်းလုဆိုတဲ့ ကျွန်မက ကမ္ဘာပတ်ပြီးသွားပြီ"

ယဲ့ချန်းလည်း ဘာမှပြန်မပြောလိုက်ပေ။ သူ့ဘက်ကတော့ ယုံကြည်မှုအပြည့်ပင်။ သူ့အိမ်က တော်ဝင်မင်းသားအိမ်ရာဖြစ်ကြောင်းကိုသာ ထန်းလုသိသွားလျှင် သေချာပေါက် အံ့ဩသွားပေလိမ့်မည်။

ထျန်းချန်ယိပင်ရှိ အိမ်ခန်းက ကြီးမားလှသည်။ ယဲ့ချန်းတွင် ကိုယ်ပိုင်အခန်းတစ်ခန်းရှိပြီး ကျန်လေးခန်းကိုမူ အလွတ်ထားထားလိုက်သည်။

ထန်းလုက အခန်းတစ်ခန်းကိုရွေးလိုက်သည်။

ယဲ့ချန်းဘက်က အိမ်ငှားခတောင်းခံမည်မဟုတ်သော်ငြား ထန်းလုကတော့ သူ့အတွက် သန့်ရှင်းရေးနှင့် မနက်စာပြင်ဆင်မည့်တာဝန်ကို ယူလိုက်သည်။

ထို့ကြောင့် ယဲ့ချန်းလည်း ထန်းလုပြင်ပေးသော မနက်စာကို အားရကျေနပ်စွာ စားလိုက်လေတော့သည်။

ဟူး… ဒီအိမ်အကူလေးက အရမ်းမိုက်တာပဲ..

တကယ်လို့…

ကျစ် ကျစ်!

သို့သော် ထိုအရာများမှာ စိတ်ကူးယဉ်ရုံမျှသာ။ ယဲ့ချန်းက သူတစ်ပါးကို အခွင့်ကောင်းယူတတ်သူမဟုတ်ပေ။

ယဲ့ချန်းက မနက်စာစားပြီးနောက် တက္ကစီဆက်ဆွဲပြန်သည်။ အိမ်ထဲမှ ထွက်လာပြီးပြီးချင်းမှာပင် ယဲ့ချန်းထံသို့ ဖုန်းဝင်လာသည်။

"မစ္စတာယဲ့လား"

"ဘယ်သူလဲ"

ယဲ့ချန်း၏ဖုန်းနံပါတ်ကို အသိအကျွမ်းတချို့ကသာ သိသည်ဖြစ်ရာ သူ့ကို ဖုန်းခေါ်လာသူများမှာ သူ့အသိများပင် ဖြစ်ရမည်။

"ကျုပ်နာမည်က ကျန်းရှင်းပါ။ ကျုပ်က ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လေ။ ဆရာယဲ့က ခင်ဗျားကို ကျုပ်ဆီမှာ ညွှန်းပေးထားလို့"င

"အိုး..မင်္ဂလာပါ ဒါရိုက်တာကျန်း.. ဘာများလိုအပ်လို့လဲဗျ"

ယဲ့ချန်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိသည်။ု

"မစ္စတာယဲ့.. ကျုပ်တို့က "Yip Man"လို့ခေါ်တဲ့ ရုပ်ရှင်တစ်ကားကို ရိုက်ဖို့ပြင်ဆင်နေတာ။ အဲဒီရုပ်ရှင်က ဝမ်ချွင်းသိုင်းပညာ ယင်မန်အကြောင်းလေ။ အဲဒါကြောင့် ကျုပ်တို့ဘက်က ခင်ဗျားကို အဓိကဇာတ်လိုက်အနေနဲ့ ပါဝင်သရုပ်ဆောင်စေချင်လို့ပါ"

ယခုမှထုတ်လွှင့်ထားသော ယဲ့ချန်း၏ရုပ်ရှင်များမှာ မှတ်ချက်ကောင်းများစွာရရှိထားသည်။

ဤရက်ပိုင်းအတွင်း ဒါရိုက်တာတော်တော်များများက ယဲ့ချန်းကို ကမ်းလှမ်းမှုများစွာ ပေးပို့ခဲ့ကြသည်။ ထိုကမ်းလှမ်းချက်အားလုံးကို ယဲ့ချန်း ငြင်းလိုက်သည်သာ။

သူက တက္ကစီမောင်းပြီး ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များကို စုဆောင်းချင်ရုံမျှသာ။ ရုပ်ရှင်ရိုက်ကူးရေးမှာ အချိန်အများကြီးပေးရသည်။

"မစ္စတာယဲ့..ကျုပ်တို့နိုင်ငံရဲ့သိုင်းပညာကို လူတချို့က မေးခွန်းထုတ်နေကြတယ်။ အဲဒါကြောင့် ကျုပ်က ကျုပ်တို့နိုင်ငံရဲ့သိုင်းပညာကို ဒီရုပ်ရှင်ကတစ်ဆင့် ကြေညာချင်လို့ပါ။ ခင်ဗျား လီချန်းနဲ့တိုက်ခိုက်ထားတဲ့ ဇာတ်ကွက်ကို ကျုပ် ကြည့်ပြီးပြီ။ ခင်ဗျားက ဒီဇာတ်ရုပ်အတွက် အသင့်တော်ဆုံးလူပဲဗျ"

အစကတော့ ယဲ့ချန်း ငြင်းပယ်ရန် ပြင်ဆင်ထားသည်။ သို့သော် ကျန်းရှင်း၏စကားများကို ကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ။ ဒါပေမဲ့ ကျွန်တော် ရိုက်ကူးရေးအတွက် နေ့တစ်ဝက်စာပဲ ပေးနိုင်မှာဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော် တက္ကစီမောင်းရဦးမှာမို့လို့လေ"

"ပြဿနာမရှိပါဘူး"

ကျန်းရှင်းလည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်လေသည်။

ယဲ့ချန်း တက္ကစီမောင်းသည့်ကိစ္စမှာ အနုပညာလောကထဲတွင် လျှို့ဝှက်ချက်တစ်ခုမဟုတ်ချေ။

ယဲ့ချန်းကဲ့သို့ ရုပ်ရှင်ဧကရာဇ်ဖြစ်လာနိုင်ခြေရှိသူတစ်ယောက်က ဘာကြောင့်များ တက္ကစီမောင်းခြင်းကို စိတ်အားထက်သန်နေသလဲဆိုတာကို လူတော်တော်များများ သိချင်နေကြသည်။

အင်တာနက်အသုံးပြုသူတချို့ဆိုလျှင် ယဲ့ချန်းက တက္ကစီမောင်းနေရသောကြောင့် စတားဖြစ်ဖို့ နောက်ကျနေသည်ဟုပင် စနောက်ကြသည်။

ရုပ်ရှင်အကြောင်း ပြောဆိုပြီးနောက် ယဲ့ချန်းလည်း ကားစက်နှိုးလိုက်သည်။ ထိုအချိန် လူတစ်ယောက်က သူ့ကားပြတင်းပေါက်ကို ရုတ်တရက်လာခေါက်လေ၏။

ယဲ့ချန်းလည်း ပြတင်းပေါက်ကို ချလိုက်ပြီးနောက် ဆွဲဆောင်မှုရှိလှသော မျက်နှာလေးကိုမြင်လိုက်ရချိန်၌ သူ့အမူအရာလည်း ပြောင်းလဲသွားရသည်။

"မင်း ဘယ်လိုထွက်လာတာလဲ"

ထိုအလှလေးက ယဲ့ချန်းကို ကလူကျီစယ်လိုဟန်ဖြင့် ကြည့်ပြီးနောက် အေးတိအေးစက်ပြန်ပြောလေသည်။

"ဘာလို့လဲ။ ကျွန်မကို လွတ်မလာစေချင်ဘူးလား။ ဒါမှမဟုတ် ကျွန်မကို ကွပ်မျက်ခံစေချင်တာလား"

ထိုအလှလေးမှာ ယဲ့ချန်းကြောင့် ထောင်ထဲရောက်သွားရသော လင်းယောင်ယောင်အပြင် အခြားလူမဖြစ်နိုင်ပေ။

"အဟွတ် အဟွတ်.. အဲဒီလိုသဘောမျိုးမဟုတ်ပါဘူး။ မင်းလွတ်လာလို့ ပျော်တာပေါ့"

ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြောလိုက်၏။

"ဟမ့်"

လင်းယောင်ယောင်က ယဲ့ချန်းကို စိတ်တိုနေဆဲဖြစ်ကြောင်း သိသာလှသည်။

ထိုအချိန်မှာပင် လျိုဝေ့ဝေ့က အနားသို့လျှောက်လာ၏။

"ယဲ့ချန်း.. ကျွန်မတို့သိထားသလောက်ဆိုရင် နောက်တစ်နိုင်ငံကလည်း ရှင့်အကြောင်း တော်တော်စိတ်ဝင်စားနေတယ်နော်။ ဘာမတော်တဆမှုမှဖြစ်မလာအောင် လင်းယောင်ယောင်က ရှင့်အတွင်းရေးမှူးအနေနဲ့ ဆက်လုပ်လိမ့်မယ်။ ရှင့်ကို ကာကွယ်ပေးတဲ့အနေနဲ့ပေါ့"

လျိုဝေ့ဝေ့က ဆို၏။

"သူက အခု ငါတို့ဘက်ကလား"

ယဲ့ချန်းလည်း စိတ်ရှုပ်ထွေးမှုအထင်းသားဖြင့် မေးလိုက်မိသည်။

လင်းယောင်ယောင် ဘယ်လိုလုပ်ပြီး စောစောလွတ်လာသလဲဆိုတာကို သူသိချင်မိသည်။

"ကျွန်မတို့ရဲ့စုံစမ်းစစ်ဆေးမှုအရဆိုရင် မိန်းကလေးလင်းက အမှားတချို့ကျူးလွန်ခဲ့ပေမဲ့ ပြန်ပြင်လို့ရတဲ့အမှားတွေပါပဲ။ သူက တစ်ဖက်နိုင်ငံကနေ သတင်းအချက်အလက်တွေအများကြီးရအောင်လည်း ကူညီပေးခဲ့သေးတယ်။ အဲဒါကြောင့် အခု သူက ကျွန်မတို့ရဲ့အေးဂျင့်ဖြစ်သွားပြီ"

ဤစကားကိုကြားသော် ယဲ့ချန်း အနည်းငယ်ကိုးရိုးကားရားဖြစ်သွားသည်။

အစတုန်းကတော့ ယဲ့ချန်းမှာ လင်းယောင်ယောင်ကို ဖြေရှင်းရန်အတွက် နည်းလမ်းတချို့ ထုတ်သုံးခဲ့ရသည်။ ယခုမူ သူ(မ)၏အနေအထားက ပြောင်းလဲသွားလေပြီ။ အရာရှိတစ်ယောက် ဖြစ်လာသည့်အပြင် သူနှင့် လုံခြုံရေးဗျူရိုကို ကာကွယ်စောင့်ရှောက်ပေးမည့် တာဝန်ကိုပါ ရလိုက်သည်။

ဤပြောင်းလဲမှုကား အလွန်ကိုးရိုးကားရားနိုင်လှချေသည်။

••••••••••••••••

All Chapters