ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေး
Vol. 7 Ch. 101
"မစ္စတာယဲ့.. ဒီအစီအစဉ်ကို စိတ်တိုင်းကျရဲ့လား "
လျိုဝေ့ဝေ့က တောက်ပစွာပြုံးရယ်လျက် ပြောလိုက်သည်။
ဘာကိုစိတ်တိုင်းကျရမှာလဲ?
အရင်တုန်းက ငါကိုယ်တိုင် သူ့ကို ထောင်ထဲထည့်လိုက်တာလေ...
သူလည်းငါ့ကိုတော်တော်မုန်းနေမှာကို အခုကျတော့ သူ့ကို ငါ့အတွင်းရေးမှူးအဖြစ် ခန့်ထားမယ်ပေါ့လေ...
တစ်နေ့နေ့တော့ သူ့လက်ထဲ ငါ သေချာပေါက်သေရမှာပဲ...
"အမ်...တခြားလူကိုခေါ်ထားလို့မရဘူးလား"
ယဲ့ချန်း ရှက်ရွံစွာ ပြောလိုက်သည်။
"ဘာလို့လဲ မစ္စတာယဲ့... ကျွန်မကိုမကျေနပ်လို့လား"
လင်းယောင်ယောင်က အတိတ်ကိုလွမ်းဆွတ်နေဟန်ဖြင့် ယဲ့ချန်းကိုကြည့်၍ ပြောလိုက်သည်။
"မဟုတ်တာ။ ငါ့အတွင်းရေးမှူးလုပ်ရင် အရမ်းပင်ပန်းရမှာ။ ငါက မင်း အလုပ်ပိုမှာစိုးလို့ပါ"
ယဲ့ချန်း ကိုးရိုးကားရားဟန်ဖြင့် ပြောလိုက်လေသည်။
"မလိုပါဘူး။ ကျွန်မကတော့ ရှင့်အတွက် အလုပ်လုပ်ပေးဖို့ လိုလားပါတယ်"
လင်းယောင်ယောင်က တက်ကြွစွာပြုံးရင်း ပြောလိုက်လေသည်။
လျိုဝေ့ဝေ့ကလည်း ပြုံးလိုက်သည်။
"ဒါဆို ကောင်းပြီလေ။ ရှင့်ဘက်က ကန့်ကွက်စရာမရှိဘူးဆိုရင် ဒီလိုပဲလုပ်ကြတာပေါ့။ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်"
ယဲ့ချန်း : “…”
ဘာပြဿနာမှမရှိပါဘူးဆိုတာ မင်း ဘယ်မျက်လုံးနဲ့ကြည့်လိုက်တာလဲ?
ဒီမှာ ပြဿနာမှ အကြီးကြီးရှိတယ်ကွ!
လျိုဝေ့ဝေ့က ကားမောင်း၍ ထွက်ခွာသွားပြီးနောက် ယဲ့ချန်းကို ကိုးရိုးကားရားအခြေအနေထဲတွင် ထားရစ်ခဲ့သည်။
"အတန်းဖော်ဟောင်း..မင်းကို ကော်ဖီဝယ်တိုက်ရဦးမလား"
ယဲ့ချန်းလည်း နေရခက်ဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်မလို အညတရမိန်းမတစ်ယောက်က ဥက္ကဋ္ဌယဲ့ကို ဘယ်လိုလုပ်ပြီးခိုင်းရဲမှာလဲ"
လင်းယောင်ယောင်၏ လေသံထဲတွင် ချဉ်စူးစူးအငွေ့အသက်တစ်ခု ကိန်းအောင်းနေပေသည်။
ထို့ကြောင့် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဟုတ်တယ်.. အရင်တုန်းက မင်းကို ငါ ထောင်ထဲထည့်ခဲ့မိတာမှန်ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း မင်းကောင်းဖို့အတွက်ပဲလေ...
အခု မင်းရဲ့အတိတ်ကို ရှင်းလင်းပြီးပြီဆိုတော့ ငါ့ကိုတောင် ကျေးဇူးတင်ရဦးမှာမလား? ရွဲ့တဲ့တဲ့သဘောထားက ဘာတုန်း?
ယဲ့ချန်းက ဤသို့ဆို၏။
"အဲဒီတုန်းက မင်း ငါ့ကိုချဉ်းကပ်လာခဲ့တာ မင်းမှာလည်း ရည်ရွယ်ချက်ကောင်းမရှိခဲ့ဘူးလေ။ ငါတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် လှည့်စားခဲ့ကြတာပဲ။ ဒီတော့ ကျေသွားပြီပေါ့။ မင်း ငါ့အတွင်းရေးမှူးဖြစ်ချင်တယ်ဆိုရင် အတိတ်အကြောင်း ပြန်အစမဖော်နဲ့။ ငါလည်း စိတ်တိုတတ်တယ်"
"ယဲ့ချန်း ရှင်.."
ယဲ့ချန်းတစ်ယောက် ရုတ်တရက်ဒေါသထွက်လာလိမ့်မည်ဟု လင်းယောင်ယောင် ထင်မထားသည့်အတွက် အံံ့ဩမှင်တက်သွားချေသည်။
ထိုအချိန်ဝယ် ယဲ့ချန်း အဆင်သင့်ပြင်ထားလိုက်သည်။ လင်းယောင်ယောင်က ကိုယ်ခံပညာသင်ယူထားသူပင်။ အကယ်၍ သူ(မ) ဒေါသူပုန်ထပြီး ရိုက်နှက်လာခဲ့လျှင် သူ့အနေနှင့် မည်သူ့ကိုများ တိုင်ရလေမလဲ။
သို့သော် လင်းယောင်ယောင်က မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချပြီး စတင်ငိုကြွေးလိမ့်မည်ဟု ယဲ့ချန်း လုံးဝထင်မထားပေ။
ဒါက ဘာအဓိပ္ပာယ်လဲ?
ယဲ့ချန်း လုံးဝကြောင်အသွားသည်။
တစ်ဖက်လူက ခပ်ကြမ်းကြမ်းပြုမူလာခဲ့လျှင်ပင် ယဲ့ချန်း ကြောက်မိမည်မဟုတ်။ သို့သော် မိန်းကလေးများ ငိုတာကိုတော့ သူ တကယ်ကြောက်သည်။
ယဲ့ချန်းမှာ လင်းယောင်ယောင်ကို နှစ်သိမ့်ပေးချင်သော်ငြား ဘာပြောရမှန်းမသိသောကြောင့် သက်ပြင်းသာ ချမိသည်။
"ကားထဲကိုဝင်တော့"
ကုမ္ပဏီသို့ ရောက်သောအခါ ကုမ္ပဏီရှိ လုံခြုံရေးဝန်ထမ်းများအားလုံးကိုလည်း လုံခြုံရေးဗျူရိုက လူစားထိုးထားလိုက်ပြီဖြစ်ကြောင်း ယဲ့ချန်း သိလိုက်ရသည်။
လင်းယောင်ယောင်တစ်ယောက် နီရဲနေသောမျက်လုံးများဖြင့် ရုံးခန်းထဲသို့ ဝင်လာတာကို မြင်သောအခါ ယဲ့ချန်း၏ လုံခြုံရေးအတွက် တာဝန်ယူထားသော လင်းယန်က ပြောလိုက်သည်။
"မစ္စတာယဲ့.. ယောင်ယောင့်ကို အတွင်းရေးမှူးအဖြစ် ခန့်ထားရင် ပျော်ရမှာ ကျိန်းသေပါတယ်"
"ချီးကိုပျော်ရမှာလား"
ယဲ့ချန်းခမျာ ပြောစရာစကား ရှာမရတော့ချေ။ ခေါင်းလည်းကိုက်လှပြီ။
မည်သို့ပင်ဖြစ်စေ လင်းယောင်ယောင်ကို ထောင်ထဲ ပို့ခဲ့သူမှာ သူဖြစ်သောကြောင့် သူ့နှလုံးသားထဲတွင် အရိပ်မည်းကြီးတစ်ခု ကျန်မနေခဲ့တာလည်း မဖြစ်နိုင်ပေ။
ထားလိုက်ပါတော့.. တခြားတစ်ယောက်ကို ပြောင်းပေးဖို့ လျိုဝေ့ဝေ့ကို ပြောလိုက်ပါ့မယ်လေ..
လင်းယန်က ယဲ့ချန်းကို ဘေးနားသို့ ဆွဲခေါ်သွားပြီးနောက် တီးတိုးပြောလိုက်လေသည်။
"မစ္စတာယဲ့.. ယောင်ယောင်က ရှင့်ကို တော်တော်သဘောကျတာ။ သူ ထောင်ထဲမှာတုန်းက ဘယ်အကြောင်းကို အဓိကထားပြီး သင်ယူခဲ့လဲဆိုတာသိလား"
"ဘာသင်ခဲ့တာလဲ"
ယဲ့ချန်း မေးကြည့်လိုက်မိသည်။
"သူ့ခန္ဓာကိုယ်ကို ဘယ်လိုသုံးရမလဲဆိုတာကို သင်ခဲ့တာ.."
"ဘာ?"
ယဲ့ချန်း တဒင်္ဂမျှ ကြက်သေသေသွားချေသည်။
အဲဒီလိုကိစ္စမျိုးက ယောက်ျားတစ်ယောက်နဲ့ပဲ လုပ်ရတာမဟုတ်ဘူးလား?
ထို့နောက် ယဲ့ချန်း သတိပြန်ဝင်လာသည်။
လင်းယန်၏မျက်နှာထက်တွင်မူ "အခု ရှင်နားလည်ပြီပေါ့"ဟူသော အမူအရာတစ်ခု ရှိနေလေသည်။
လင်းယောင်ယောင်ကို သူ အထင်လွဲခဲ့မိကြောင်း ယဲ့ချန်း သဘောပေါက်လိုက်သည်။
လင်းယောင်ယောင်က ထိုအကြောင်းအရာကို ဘာကြောင့် သင်ယူလေ့လာခဲ့သလဲဆိုတာကို ယဲ့ချန်း နားလည်သည်။ ထိုစဉ်က သူ(မ)၏ မကျွမ်းကျင်မှုကို သူ လှောင်ပြောင်ခဲ့မိသောကြောင့် ဖြစ်ရပေမည်။
မိန်းမတစ်ယောက်က ထိုကဲ့သို့သောကိစ္စမျိုးကို သူ့အတွက် သင်ယူလေ့လာခဲ့ခြင်းမှာ မည်သို့သော စိတ်ဓာတ်မျိုးဟု ခေါ်ရလေမလဲ။
အစောတုန်းက သူ(မ)ကို သူ နှစ်သိမ့်ပေးခဲ့သင့်သည်။
ယဲ့ချန်း လှည့်ကြည့်လိုက်ချိန်ဝယ် လင်းယောင်ယောင်က အတွေးလွန်နေကြောင်း မြင်လိုက်ရသည်။
"ယောင်ယောင် ငါတောင်းပန်ပါတယ်"
ယဲ့ချန်းခမျာ ကိုးရိုးကားရားပြောလိုက်ရသည်။
"ရှင် ကျွန်မကို ဘာမှတောင်းပန်စရာမလိုပါဘူး"
လင်းယောင်ယောင်ကလည်း အေးတိအေးစက်ပြောလိုက်လေသည်။
"တကယ်တော့ မင်း ပြန်လွတ်လာလို့ ငါ တကယ်ဝမ်းသာနေတာ"
ယဲ့ချန်းက ထိုသို့ပြောလိုက်၏။
လင်းယောင်ယောင်က ယဲ့ချန်းကိုကြည့်ရင်း အမူအရာများလည်း နူးညံ့ပျော့ပျောင်းလာသည်။
"စကားမစပ်..မင်း လက်စားချေပြီးပြီလား"
ယဲ့ချန်း မေးကြည့်လိုက်သည်။
"အခုအချိန်မှာ လက်စားချေဖို့ ခက်သွားပြီ။ နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတော့ သက်သေတချို့လည်း ပျောက်ကုန်ပြီလေ။ ကျွန်မ လက်လျှော့လိုက်ပါပြီ။ အခု ကျွန်မ အရင်ကလုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ပေးဆပ်ရမဲ့အချိန်ရောက်ပြီ"
ယဲ့ချန်း ခေါင်းညိတ်လိုက်၏။
"စိတ်မပူပါနဲ့။ တရားမျှတမှုဆိုတာ နှောင့်နှေးရင်သာ နှောင့်နှေးမယ်။ ဒါပေမဲ့ သေချာပေါက်ရောက်လာမှာပါ။ ငါ မင်းအတွက် လက်စားချေပေးမယ်"
ယဲ့ချန်း၏စကားများကို ကြားသောအခါ လင်းယောင်ယောင်လည်း ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ယဲ့ချန်းကိုကြည့်ကာ ရုတ်တရက်ပြောလိုက်သည်။
"ရှင် ကြိုးစားကြည့်ချင်လား"
ယဲ့ချန်း : "ငါတို့ကြိုးစားမယ်ဆိုရင်လည်း ကြိုးစားကြတာပေါ့။ ဘယ်သူက ကြောက်နေလို့လဲ"
လင်းယောင်ယောင်၏ လက်ရှိခွန်အားက စင်စစ်ဖြုံလောက်ကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။
ယဲ့ချန်း ရုံးခန်းထဲမှ ထွက်လာချိန်ဝယ် လုံးဝအားကုန်သွားသလို ခံစားလိုက်ရသည်။
သေလိုက်ပါတော့... ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေးက မတူဘူးပဲ..
မဖြစ်ဘူး.. ငါ ရှေ့လျှောက် ပိုကြိုးစားရမယ်..
ယဲ့ချန်းလည်း ကုမ္ပဏီတည်ထောင်ရေးတာဝန်ကို လင်းယောင်ယောင်အား ပေးလိုက်သည်။ ထိုအချိန်အတောအတွင်း သူကတော့ တက္ကစီမောင်းနေခဲ့သည်။
ညနေဘက်တွင် ထန်းလုက အသားလွှာစားချင်သည်ဟု သူ့အား ဝီချက်မက်ဆေ့ချ်မှတစ်ဆင့် စာပို့လာသည်။ ယဲ့ချန်းလည်း သူ(မ)အတွက် အနောက်တိုင်းစားသောက်ဆိုင်တစ်ခုကို ဘိုကင်ချိတ်လိုက်သည်။
အချိန်ကား ခြောက်နာရီဖြစ်ပြီး ယဲ့ချန်းကတော့ ငါးနာရီခွဲတွင် ရောက်လာခဲ့သည်။
ထို့ကြောင့် ကြိုတင်မှာယူထားသော စားပွဲတွင် ဖုန်းကြည့်ရင်း စောင့်နေလိုက်သည်။
"ယဲ့ချန်း"
ဆံပင်ရွှေအိုရောင်ပိုင်ရှင် မိန်းကလေးတစ်ယောက်က အနားသို့လျှောက်လာသည်။ ဆံပင်က ရွှေအိုရောင်ဖြစ်နေသော်ငြား သူ(မ)၏မျက်နှာကတော့ ဟွားနိုင်ငံသူတစ်ယောက်၏ ရုပ်ရည်ဖြစ်ကြောင်း မှားနိုင်စရာမရှိပေ။
"ဝူချန်းလား"
ယဲ့ချန်းလည်း သူ(မ)ကို ခပ်မြန်မြန်အမှတ်ရလိုက်သည်။
သူတို့နှစ်ယောက်က ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်ခဲ့ဖူးသော်ငြား ဝူချန်းက နိုင်ငံခြားသို့ ပညာတော်သင်သွားရမည်ဟုဆိုကာ အလုပ်ထွက်သွားခဲ့သည်။
ဝူချန်းက ယဲ့ချန်းနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီးနောက် ပြုံးပြလိုက်သည်။
"ယဲ့ချန်း..ကျွန်မက ဝူချန်းမဟုတ်တော့ဘူး။ အခု ခါရန်ဖြစ်သွားပြီ"
ခါရန်?
ယဲ့ချန်းခမျာ ဆွံ့အသွားရလေတော့သည်။ သူ(မ)က ပညာတော်သင်သွားပြီးနောက် နာမည်ပါ ပြောင်းသွားခဲ့သည်။
ယဲ့ချန်းကမူ နိုင်ငံခြားသားများကို အားကျတတ်တာကို သဘောမကျချေ။ သို့သော် ဤသည်မှာ သူတစ်ပါး၏အကြိုက်ဖြစ်သောကြောင့် သူ့အတွေးကို သူ့စိတ်ထဲမှာသာ သိမ်းထားလိုက်သည်။
"အခု ရှင်က မန်နေဂျာဖြစ်နေလောက်ပြီနော်"
ခါရန်က ပြုံးတုံ့တုံ့ဖြင့် စကားဆိုလာလေသည်။
"မဟုတ်ပါဘူး။ ငါ ကုမ္ပဏီကနေ အလုပ်ထွက်လိုက်ပြီ"
ယဲ့ချန်း ပြန်ဖြေလိုက်၏။
"အိုး..အလုပ်ပြောင်းတာလား? အခု ဘယ်ကုမ္ပဏီမှာ လုပ်နေတာလဲ"
ခါရန်က စူးစမ်းလိုဟန်ဖြင့် မေးလာသည်။
ယဲ့ချန်းက ကုမ္ပဏီထဲတွင် ချောမောခန့်ညာသူတစ်ယောက်အဖြစ် နာမည်ကြီးလေသည်။ ထိုစဉ်တုန်းက ခါရန်လည်း သူ့ကို တိတ်တဆိတ်သဘောကျခဲ့ဖူးသည်။
သို့သော် ယခုမူ နိုင်ငံခြားမှ ပြန်လာပြီးနောက် သူ(မ) ပြောင်းလဲသွားခဲ့သည်။
ရုပ်ရည်ဆိုသည်မှာ အပေါ်ယံမျှသာဖြစ်၏။ သူ(မ)အနေနှင့် အောင်မြင်သောအမျိုးသားတစ်ယောက်ကိုသာ ရှာခဲ့သည်။
ရုပ်လည်းချောပြီး အောင်လည်းအောင်မြင်တယ်ဆိုရင်တော့ ပိုကောင်းတာပေါ့...
"ဪ.. အခု ငါ့ကိုယ်ပိုင်အလုပ်ပဲ လုပ်တော့တယ်"
ယဲ့ချန်း ပြုံးလိုက်လေသည်။
"ကိုယ်ပိုင်လုပ်ငန်းစလုပ်နေတယ်ဆိုတော့ ကောင်းသားပဲ။ ငါ နိုင်ငံခြားမှာနေခဲ့တုန်းက ဟွားနိုင်ငံက ဘက်ပေါင်းစုံက ခေတ်နောက်ကျနေတာကို ငါ သိလိုက်ရတယ်လေ။ လူတွေရဲ့အပြုအမူမှာပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးမှာပဲဖြစ်ဖြစ်ပေါ့"
ခါရန်က သူ(မ)ကိုယ်သူ(မ) သိပ်ကြီးကျယ်မြင့်မြတ်နေသလို ပြုမူနေပေသည်။ နိုင်ငံခြားသို့ ပညာတော်သင်ပြန်လာရုံမျှဖြင့် နိုင်ငံခြားသူတစ်ယောက် ဖြစ်သွားသည့်အလားပင်။
ယဲ့ချန်းကတော့ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။
"နိုင်ငံခြားက တအားကောင်းနေတယ်ဆိုရင်လည်း ဘာလို့ပြန်လာသေးလဲ"
"ကျွန်မလည်း ပြန်မလာချင်ပါဘူး။ ကျွန်မမိဘတွေက အတင်းပြန်လာခိုင်းနေတာ။ အမှန်အတိုင်းပြောရရင် ကျွန်မလည်း ဒီနေရာမှာ နေသားကျအောင်ပြန်လုပ်ဖို့ ခက်တယ်လေ။ လေထုကလည်း မကောင်းဘူး။ အစားအသောက်တွေကလည်း ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ရှင်သိလား။ နိုင်ငံခြားက ပြန်လာပြီးတဲ့နောက်ပိုင်း အစားအသောက်ကြောင့် တစ်ပတ်လောက် ဗိုက်နာလိုက်သေးတယ်"
အစကတော့ ယဲ့ချန်း ခါရန့်အပေါ် ခင်မင်ရင်းနှီးစိတ်နည်းနည်း ရှိခဲ့သော်ငြား သူ(မ)က နိုင်ငံခြားမှ ပြန်လာပြီးနောက် ယခုလိုပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယခုတော့ဖြင့် သူ့ကျောင်းနေဖက်ဟောင်းကို နည်းနည်းရွံရှာနေမိပြီဖြစ်၏။
"ဟူး..ကျွန်မမိဘတွေ ဖိအားပေးလို့သာမဟုတ်ရင် ဟွားနိုင်ငံမှာ တစ်ရက်လေးတောင် နေနိုင်မှာမဟုတ်ဘူး"
ယဲ့ချန်းကတော့ ခပ်ဆိတ်ဆိတ်သာနေလိုက်၏။ ယခုအချိန်၌ သူအဖြစ်ချင်ဆုံးကိစ္စမှာ ဤအမျိုးသမီးကို စကားမြန်မြန်ပြောပြီး မြန်မြန်ထွက်သွားစေချင်ရုံသာ။
သူ(မ)၏ နိုင်ငံခြားအတွေ့အကြုံများအကြောင်း လေလုံးထွားပြနေခြင်းမှာ အော်ဂလီဆန်ချင်စရာကောင်းလှသည်။
•••••••••••••••