← Chapters

လက်ဖက်စိမ်းမ၏သရုပ်မှန်

Vol. 7 Ch. 103

လက်ဖက်စိမ်းမ၏သရုပ်မှန်

Vol. 7 Ch. 103

ခါရန် တကယ်စိတ်တိုသွားသည်။

သူ(မ)မှာ မယားငယ်ဖြစ်ရဖို့အရေး မနည်းအကြံထုတ်ပြီး ထန်းဟောင်ကို မြှူဆွယ်ချင်ခဲ့သော်လည်း ထန်မိသားစုထဲရှိ အကြီးဆုံးသမီးကို ယဲ့ချန်းက အပိုင်ကြံထားနိုင်နေပြီဖြစ်၏။

ဘုရားရေ.. ဒါကတော့ မတရားဘူး..

ငါ့ရဲ့ကြိုးစားအားထုတ်မှုက တက္ကစီဒရိုင်ဘာတစ်ယောက်ကိုတောင် ဘာလို့မယှဉ်နိုင်ရတာလဲ!

ယဲ့ချန်းလည်း တခစ်ခစ်ရယ်လိုက်မိသည်။

"ရှောင်လု… မင်းနဲ့မိတ်ဆက်ပေးရဦးမယ်။ ဒါက မင်းအဖေရဲ့အတွင်းရေးမှူးလေ"

ထန်းလု ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မတို့ အရင်က တွေ့ဖူးပါတယ်"

ခါရန် ရှက်သွားဟန်တူသည်။

"မိန်းကလေးထန်…တိုက်ဆိုင်လိုက်တာနော်"

ယဲ့ချန်းက ရယ်၏။

"မိန်းကလေးခါရန်က သာမန်မိန်းကလေးတွေနဲ့ မတူဘူး။ သူ့ရည်မှန်းချက်က မင်းအဖေကိုအရယူပြီး မင်းအမေရဲ့နေရာကိုအပိုင်သိမ်းပြီးတာနဲ့ မင်းတို့မိသားစုရဲ့စည်းစိမ်တွေကို ယူဖို့တဲ့။ သူက နောင်အနာဂတ်မှာ မင်းရဲ့မိထွေးဖြစ်လာမလားဆိုတာ ဘယ်သိနိုင်မလဲ"

ခါရန်၏အမူအရာမှာ ဤစကားကိုကြားပြီးနောက် သိသိသာသာပြောင်းလဲသွားလေသည်။

"မိန်းကလေးထန်.. သူ့ရဲ့ပေါက်ကရစကားတွေကို မယုံပါနဲ့။ ကျွန်မ ဘယ်တုန်းကမှ မပြော…"

ထန်းဟောင်၏နှလုံးသားထဲရှိ ထန်းလု၏အဆင့်အတန်းကို ခါရန် ကောင်းကောင်းနားလည်သည်။

သူ့သမီးအကြီးဆုံးကို ရန်စမိပါက ထန်းဟောင်ကလည်း သူ(မ)အား ကုမ္ပဏီထဲမှ ကန်ထုတ်ပေလိမ့်မည်။ ထိုသို့ဆိုပါက ထန်းဟောင်ကို မြှူဆွယ်ဖို့ဝေးစွ။ အလုပ်ပါ ပြုတ်သွားပေလိမ့်မည်။

ထန်းလုက သူ(မ)အဖေကို မြှူဆွယ်ပြီး အမေနေရာကို အပိုင်သိမ်းမည့်အရေးကို သဘောတူမည်တဲ့လား။

ယဲ့ချန်းက ထန်းလု၏ချစ်သူဖြစ်နေလိမ့်မည်ဟု ခါရန် လုံးဝထင်မထားချေ။

"မိန်းကလေးထန် ကျွန်မ တကယ်..ကျွန်မမှာ အဲဒီလိုအကြံမျိုး တကယ်မရှိပါဘူး"

အစတုန်းကတော့ ခါရန်က ထန်းလုနှင့် ခင်မင်ရင်းနှီးနိုင်မည့် အခွင့်အရေးကို ရှာဖွေရန် တွေးခဲ့မိသည်။ ညီအစ်မများကဲ့သို့ သူငယ်ချင်းကောင်းများ ဖြစ်လာပြီးနောက် ထန်မိသားစုထဲသို့ တဖြည်းဖြည်းဝင်ရောက်ရမည်။

သို့သော် ယခုမူ သူ(မ)၏ပါးနပ်လှသော ဗျူဟာကား စတောင်မစရသေးခင်မှာပင် ဖော်ထုတ်ခံလိုက်ရသည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ ထန်းလု မျက်နှာပျက်သွားလေသည်။

"အရှက်မရှိတဲ့မိန်းမ… ရှင်ကများ ကျွန်မအဖေကို မြှူဆွယ်ပြီး ကျွန်မတို့မိသားစုကို ပျက်စီးအောင် ကြံရဲတယ်ပေါ့"

ထန်းလုက ကြင်နာတတ်သော မိန်းကလေးတစ်ယောက်ဖြစ်သော်ငြား သူ(မ)အဖေ၏အတွင်းရေးမှူးက သူ(မ)အဖေကို မြှူဆွယ်ပြီး ထန်းမိသားစု၏အရှင်သခင်ဖြစ်လာရန်အတွက် သူ(မ)အမေ၏နေရာကို အစားထိုးဝင်လာချင်နေကြောင်း ကြားလိုက်ရချိန်၌ သူ(မ) မည်သို့များ လက်ခံနိုင်မည်နည်း။

ထန်းလုမှာ ခါရန့်ကို ပါးရိုက်ချလိုက်သည်။

ထိုရိုက်ချက်ကြောင့် ခါရန်၏အောက်ခံမိတ်ကပ်များပင် ပျက်သွားချေသည်။ တကယ်တမ်းတွင် ခါရန်၏ရုပ်ရည်က ရွက်ကြမ်းရည်ကျိုမျှသာဖြစ်ပြီး ထိုမျက်နှာကို မိတ်ကပ်အထူကြီးဖြင့် အမြဲဖုံးအုပ်ထားခဲ့သည်။

ထိုရိုက်ချက်ကြောင့် သူ(မ)၏မျက်နှာအစစ် ပေါ်လာခဲ့သည်။ မျက်တောင်အတု ကျွတ်ကျသွားပြီး အောက်ခံမိတ်ကပ်များလည်း ကွာကျသွားသောကြောင့် ယခု ခါရန်၏ပုံစံမှာ သရဲတစ်ကောင်နှင့်ပင် တူလှသည်။

ခါရန်ခမျာ သူ(မ)၏မျက်နှာကို အလန့်တကြား အုပ်ကိုင်ထားလိုက်ပြီးနောက် ရှင်းပြရန် ကြိုးစားလိုက်သည်။

"မိန်းကလေးထန်း.. နားလည်မှုလွဲတာပါ။ ရှင်ထင်သလိုမဟုတ်ပါဘူး"

ထန်းလုက အေးတိအေးစက်လေသံဖြင့် ပြောလိုက်လေသည်။

"ငါ့အဖေနဲ့ဝေးဝေးနေစမ်းပါ လက်ဖက်စိမ်းမ။ ငါ နင့်ကို သတိပေးလိုက်မယ်။ နင် ငါ့အဖေကို ထပ်မြှူဆွယ်ဖို့ကြိုးစားရင် ငါလည်း နင့်ကို အလွတ်ပေးမှာမဟုတ်ဘူးနော်"

ထန်းလု၏မျက်နှာထက်တွင် ဒေါသရိပ်များပြည့်နှက်လာသည်ကို မြင်သောအခါ ယဲ့ချန်းက သူ(မ)၏လက်ကိုဆွဲ၍ ပြောလိုက်၏။

"ရှောင်လု.. သွားရအောင်။ သူနဲ့ပြိုင်ပြောမနေနဲ့တော့"

သူတို့နှစ်ယောက်သား အခြားစားသောက်ဆိုင်တစ်ဆိုင်သို့ ပြောင်းလိုက်သည်။

ထန်းလုက အသားလွှာစားနေရင်း ကျေးဇူးတင်စကားဆိုလာသည်။

"အစ်ကိုချန်း.. ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်မအဖေနားမှာ လက်ဖက်စိမ်းမတစ်ယောက်ရှိနေမှန်းတောင် သိရမှာမဟုတ်ဘူး။ ကျွန်မ ဒီအကြောင်း အမေ့ကို သတိပေးမှဖြစ်မယ်"

ယဲ့ချန်းက ပြုံး၍ ပြောလိုက်လေသည်။

"ဒီကမ္ဘာပေါ်မှာ လက်ဖက်စိမ်းမတွေအများကြီးရှိတယ်။ ငါလည်း တချို့ကို တွေ့ခဲ့ဖူးတယ်။ သူတို့အကြောင်း ကြားချင်လား.."

ညစာစားပြီးနောက် ယဲ့ချန်းနှင့် ထန်းလုတို့ အိမ်ပြန်လာခဲ့လိုက်သည်။

နောက်တစ်နေ့တွင် ယဲ့ချန်း မနက်ကတည်းက တက္ကစီမောင်းနေခဲ့သည်။ ပထမဆုံးကားငှားသူမှာ ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး သွားလိုသည့်နေရာကတော့ ဝမ်သိုက်ကုမ္ပဏီပင်။

တိုက်ဆိုင်ချင်တော့ မနေ့ကပင် အတွင်းရေးမှူးဖြစ်သူက ရှယ်ယာလွှဲပြောင်းရေးစာချုပ်ကို လက်မှတ်ထိုးရန်အတွက် ဝမ်သိုက်လုပ်ငန်းစုကို လာခဲ့ပေးနိုင်မလားဟု ဖုန်းဆက်ပြီး မေးထားသည်။

ယခု လမ်းကြုံနေပြီဖြစ်ရာ ယဲ့ချန်းလည်း ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ရုံးဝန်ထမ်းအမျိုးသမီး ကားထဲကထွက်သွားပြီးနောက် ယဲ့ချန်းလည်း ကားပါကင်တွင် ကားရပ်ပြီးနောက် ဝမ်သိုက်ကုမ္ပဏီထဲကို ဝင်လာခဲ့သည်။

ဝင်ပေါက်နားသို့ ရောက်လာချိန်မှပင် လုံခြုံရေးနှစ်ယောက်က သူ့ကို ပိတ်တားလေသည်။

"ခင်ဗျားက ဘယ်သူလဲ"

ထိုရုံးဝန်ထမ်းအမျိုးသမီးလည်း ယဲ့ချန်းကို မြင်လိုက်ရချိန်၌ အံ့အားသင့်သွားသည်။

"ဟေ့..တက္ကစီဒရိုင်ဘာလေး.. ကျွန်မတို့ကုမ္ပဏီကို ဘာလာလုပ်တာလဲ"

"ဪ.. ကိစ္စလေးတစ်ခုရှိလို့"

ယဲ့ချန်း ပြုံးပြလိုက်သည်။

ထိုအမျိုးသမီးက အလုပ်တက်ရန် အလျင်လိုနေသဖြင့် ယဲ့ချန်းကို ပြုံးပြပြီးနောက် ဓာတ်လှေကားထဲ ဝင်သွားခဲ့သည်။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာဖြစ်ကြောင်း သိလိုက်ရသောအခါ လုံခြုံရေးနှစ်ယောက်က ဖယ်မပေးကြတော့ပေ။

"ငါတို့ကုမ္ပဏီက စာရင်းဝင်ကုမ္ပဏီတစ်ခုနော်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီနေရာကို ဘာကိစ္စရှိလို့ လာတာလဲ"

ဤစကားကိုကြားသော် ယဲ့ချန်း မကျေမနပ်ဖြစ်သွားလေသည်။

သူက ကုမ္ပဏီဥက္ကဋ္ဌဖြစ်နေပါသော်ငြား သူ့ကုမ္ပဏီထဲကိုတောင် မဝင်နိုင်ဘူးတဲ့လား?

သို့သော် ယဲ့ချန်းကတော့ ထိုလုံခြုံရေးနှစ်ယောက်ကို စိတ်ထဲ ထားမနေဘဲ ဖုန်းထုတ်၍ အတွင်းရေးမှူးကို အောက်ဆင်းပြီး လာခေါ်ပေးရန် ပြောလိုက်၏။

လုံခြုံရေးနှစ်ယောက်ကတော့ သူ့အား သူခိုးတစ်ယောက်လို စိုက်ကြည့်နေကြသည်။

ယဲ့ချန်း ဖုန်းခေါ်တော့မည့်ဆဲဆဲမှာပင် အသံတစ်သံက အနောက်မှ ထွက်လာသည်။

"မစ္စတာယဲ့.. ဒီကိုဘာလာလုပ်တာလဲ"

ယဲ့ချန်းလှည့်ကြည့်လိုက်သောအခါ မိတ်ဟောင်းဆွေဟောင်းကြီး ဟယ့်လျန်ကို တွေ့လိုက်ရသည်။

ဟယ့်လျန်က ယဲ့ချန်းကို စော်ကားမိသောကြောင့် ဈေးဝယ်စင်တာထဲတွင် ပါးနှစ်ဖက်ရောင်ကိုင်းသည်အထိ ဖြစ်ခဲ့ရသူပင်။

သူ့မျက်နှာမှာ ယခုအထိ အနည်းငယ်ရောင်ကိုင်းနေသေးသည်။

ဟယ့်လျန်ကို မြင်သောအခါ လုံခြုံရေးနှစ်ယောက်လည်း ချက်ချင်းသတိကပ်သွားသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌယဲ့"

ဟယ့်လျန်က ကုမ္ပဏီကို အလုပ်ကိစ္စဖြင့် မကြာခဏရောက်လာတတ်သောကြောင့် လုံခြုံရေးများကလည်း သူ့ကို ရင်းနှီးပြီးသားဖြစ်နေလေပြီ။

"ဥက္ကဋ္ဌဟယ့်.. ဒီလူက တက္ကစီဒရိုင်ဘာတစ်ယောက်တဲ့။ သူက ဒီကို အလုပ်ကိစ္စရှိလို့လာတာလို့ ပြောပါတယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်က ကျွန်တော်တို့ကုမ္ပဏီကို ဘာအလုပ်ကိစ္စများ ရှိနိုင်မှာလဲ။ ဒါ သက်သက်လိမ်နေတာ အသိသာကြီးလေ။ ကျွန်တော်တို့ သူ့ကို မောင်းထုတ်တော့မလို့"

လုံခြုံရေးတစ်ယောက်က မျက်နှာလိုမျက်နှာရ ပြောလာလေသည်။

သို့သော် ဟယ့်လျန်ကတော့ ထိုလုံခြုံရေးကို လျစ်လျူရှုထားပြီး ယဲ့ချန်းကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဥက္ကဋ္ဌယဲ့.. မနေ့တုန်းက ကျွန်တော့်ကို ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားက ကျွန်တော့်ရဲ့အသက်သခင်ကျေးဇူးရှင်ပါပဲ"

ပုံမှန်ဆိုလျှင် မောက်မာနေတတ်သော ဥက္ကဋ္ဌဟယ့်က တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဖော်ရွေလှိုက်လှဲနေသဖြင့် လုံခြုံရေးနှစ်ယောက်လည်း ကြောင်အသွားချေသည်။

ဒီနေ့ကျမှ ဥက္ကဋ္ဌဟယ့်က အရင်ကနဲ့မတူဘဲ ဘာဖြစ်နေတာပါလိမ့်?

ဟယ့်လျန်က ပြောလိုက်သည်။

"ခင်ဗျား ကုမ္ပဏီကိုရောက်လာတာတောင် အဲဒီလူတွေက ဘာလို့ ခင်ဗျားကို ထွက်မကြိုကြတာလဲ"

ယဲ့ချန်းက ပြောလိုက်၏။

"ကျုပ်က ဒီအတိုင်းလမ်းကြုံလို့ ဝင်ခဲ့လိုက်တာ။ ဒါပေမဲ့ ဒီလုံခြုံရေးနှစ်ယောက်က ကျုပ်ကို ဝင်ခွင့်မပေးဘူးလေ"

ဟယ့်လျန်မှာ ထိုလုံခြုံရေးနှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

"ဒါက ဘယ်သူလဲဆိုတာ မင်းတို့သိလား။ မင်းတို့က မစ္စတာယဲ့ကို တားရဲလောက်တဲ့အထိ သတ္တိတွေရှိနေတယ်ပေါ့"

လုံခြုံရေးနှစ်ယောက်လည်း ခေါင်းရှုပ်သွားပေသည်။

မစ္စတာယဲ့တဲ့လား? သူက တက္ကစီဒရိုင်ဘာတစ်ယောက်မဟုတ်ဘူးလား?

ထိုအခိုက် လုံခြုံရေးတစ်ယောက်က တိုးတိုးလေးမေးလိုက်လေသည်။

"ဥက္ကဋ္ဌဟယ့်.. မစ္စတာယဲ့ဆိုတာ ဘယ်သူလဲဗျ"

"ဘယ်သူလဲ…ဟုတ်လား။ သူူက မင်းတို့ကုမ္ပဏီရဲ့ သူဌေးအသစ် မစ္စတာယဲ့ချန်းတဲ့"

ဘော့စ်!

လုံခြုံရေးနှစ်ယောက်ခမျာ ကြောက်လန့်သွားချေသည်။

ကုမ္ပဏီက ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်ကြောင်းနှင့် သတိကြီးကြီးထားရန်လိုကြောင်း လုံခြုံရေးခေါင်းဆောင်က သူတို့ကို အတန်တန်သတိပေးထားခဲ့သည်။

သို့သော် သူတို့ဘော့စ်ရောက်လာချိန်တွင် သူတို့ကိုယ်တိုင်က သူ့ကို မောင်းထုတ်မိမတတ်ဖြစ်လိမ့်မည်ဟု လုံးဝထင်မထားပေ။

လုံခြုံရေးနှစ်ယောက်က ယဲ့ချန်းကို ကပျာကယာဦးညွှတ်လိုက်လေသည်။

"ဥက္ကဋ္ဌယဲ့ မင်္ဂလာပါ… ခင်ဗျားက သူဌေးဆိုတာကို ကျွန်တော်တို့ တကယ်မသိခဲ့လို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ယဲ့ချန်း လက်ခါယမ်းပြလိုက်သည်။

"ရပါတယ်။ ငါလည်း သေချာမှမရှင်းပြခဲ့တာ။ မင်းတို့က ကိုယ့်အလုပ်ကိုယ်လုပ်နေရုံပဲလေ"

ဟယ့်လျန်ကလည်း မျက်နှာလိုမျက်နှာရ ဝင်ပြောလိုက်သည်။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျား ဘယ်သူ့ကိုလာရှာတာလဲ။ ကျွန်တော်လိုက်ပို့ပေးမယ်လေ"

မနေ့တုန်းက သူ့မှာ သူ့ယောက္ခမထံမှ အပြင်းအထန်အဆူခံခဲ့ရသည်။

ယဲ့ချန်းကသာ သူ့ကို ခွင့်မလွှတ်ပါက သူလည်း အိမ်ထဲကရော ကုမ္ပဏီကပါ မောင်းထုတ်ခံရလိမ့်မည်။

ယဲ့ချန်း၏ခွင့်လွှတ်မှုကြောင့်သာ သူ အဆူခံခဲ့ရသည့်တိုင် အနည်းဆုံးတော့ အလုပ်မပြုတ်ခဲ့ပေ။ သူ့ဇနီး၏တောင်းပန်တိုးလျှိုးမှုကြောင့်လည်း အိမ်က ကန်ထုတ်မခံခဲ့ရပေ။

ထို့ကြောင့် ဟယ့်လျန်တစ်ယောက် ယဲ့ချန်းအား သူ့အဖေအရင်းတစ်ယောက်လို ခခယယဆက်ဆံနေရခြင်းဖြစ်၏။

ဝန်ထမ်းပေါင်းများစွာ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဟယ့်လျန်က ယဲ့ချန်းကို ဓာတ်လှေကားဆီသို့ ရိုရိုကျိုးကျိုးဟန်ပန်ဖြင့် ခေါ်သွားလေသည်။

လူတော်တော်များများလည်း သိချင်စိတ်ဖြစ်သွားရသည်။

ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌဟယ့်ကိုယ်တိုင် တလေးတစားဆက်ဆံနေရသော ဤလူငယ်လေးက ဘယ်သူလဲ!

ထိုအချိန်မှာ အဖြစ်အပျက်အစအဆုံးကို မြင်လိုက်ရသော အမျိုးသမီးဝန်ထမ်းလေးက မှတ်ချက်ပေးလိုက်သည်။

"အဲဒီလူက တက္ကစီဒရိုင်ဘာတစ်ယောက်လေ။ ဒီမနက်တုန်းက ငါ သူ့ကားကိုစီးပြီး အလုပ်ကိုလာခဲ့တာ"

"တက္ကစီဒရိုင်ဘာလား"

ရှိသမျှလူအပေါင်းမှာ ပို၍ပင် နားလည်ရခက်သွားလေတော့သည်။

•••••••••••••••

All Chapters