အဆက်အသွယ်ဖြတ်ခြင်း
Vol. 7 Ch. 105
စုထင်လည်း မနက်တုန်းက ဖြစ်ပျက်ခဲ့သော ကိစ္စများအကြောင်း အားလုံးကို ပြောပြလိုက်သည်။
ထိုမိန်းကလေးများခမျာ မျက်လုံးအပြူးသားဖြစ်သွားကြသည်။
"ဘုရားရေ...ကမ္ဘာပေါ်မှာ ဒီလိုကိစ္စမျိုးလည်းရှိသေးတာလား"
"အမှန်ပဲ။ ဒါက တကယ်ရောဟုတ်ရဲ့လား"
"တကယ်ပါဆိုမှ ငါတို့ဥက္ကဋ္ဌက မစ္စတာယဲ့ကို ဒီည ဖိတ်ထားတယ်"
"သူက ငယ်လည်းငယ်တယ်။ ချောလည်းချောတယ်။ မယုံနိုင်လောက်အောင်လည်း မိမိုက်လွန်းတယ်"
ခါရန်က တက္ကစီဒရိုင်ဘာတစ်ယောက်ကို လှောင်ပြောင်နေချိန်မှာ စုထင်ကတော့ တက္ကစီဒရိုင်ဘာတစ်ယောက်၏ ဒဏ္ဍာရီလာဇာတ်လမ်းတစ်ခုကို ပြောပြလာသည်။
ထို့ပြင် ခါရန်၏ခံစားချက်များ ရုတ်တရက်ကြီး မကောင်းတော့ချေ။
ငယ်ရွယ်ချောမောပြီး ရှားလိကားစုတ်ကို စီးတယ်တဲ့လား? လူတစ်ယောက်တည်းများ ဖြစ်နေမလား?
စုထင် မေးလိုက်လေသည်။
"ခါရန် နင့်သူငယ်ချင်းရဲ့နာမည်က ဘာတဲ့လဲ"
ခါရန်လည်း ကိုးရိုးကားရားပြန်ဖြေလိုက်သည်။
"ကျွန်မ သူနဲ့မတွေ့တာ နှစ်တွေတော်တော်ကြာပြီဆိုတော့ မေ့သွားပြီရယ်"
စုထင်ပြောပြသည့် တက္ကစီဒရိုင်ဘာက ယဲ့ချန်းဖြစ်နေမှာ ကြောက်မိသည်။
တိုက်ဆိုင်မှုတစ်ခုသက်သက်ဆိုပါက သူ(မ)လည်း ခပ်မြန်မြန်မေ့ပစ်လိုက်မည်ဖြစ်၏။
စုထင်က ရယ်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ငါတို့ဥက္ကဋ္ဌ ညစာစားလို့ပြီးတာနဲ့ ငါ သူ့ကို စာရွက်စာတမ်းတချို့ သွားပေးရမှာ။ အဲဒီကျရင် ချောမောခန့်ညားတဲ့ အဲဒီဥက္ကဋ္ဌကို မြင်ခွင့်ပေးမယ်လေ"
ခါရန်လည်း နေရခက်နေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူ(မ)ကိုယ်သူ(မ)လည်း ဤသို့နှစ်သိမ့်နေရှာသည်။
"မဟုတ်ပါဘူး။ မဖြစ်နိုင်ဘူး။ ဒီလောက်အထိ တိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူး"
အခြားသီးသန့်အခန်းတစ်ခန်းထဲ၌...
ယဲ့ချန်းက ဝေ့ရန်၊ ချန်းဝမ်နှင့် အခြားအမှုဆောင်များနှင့်အတူ ညစာစားသောက်နေပေသည်။
ချန်းဝမ်က သူ့ဖန်ခွက်ကို မြှောက်လိုက်၏။
"မစ္စတာယဲ့.. အရင်ဆုံး အသုံးမကျတဲ့ ကျွန်တော့်သားမက်အစား တောင်းပန်တဲ့အနေနဲ့ အရက်သုံးခွက်သောက်ပေးပါ့မယ်"
ဤသို့ဖြင့် ချန်းဝမ်လည်း အရက်သုံးခွက်ကို အားပါးတရမော့ချလိုက်သည်။
ယဲ့ချန်းက တွန့်တိုတတ်သူတစ်ယောက်မဟုတ်ပေ။ တစ်ဖက်လူက ကိုယ့်ပါးကိုယ် ဆယ်ကြိမ်လောက်ရိုက်ထားပြီး ပြစ်ဒဏ်ကို လက်ခံထားပြီးဖြစ်ရာ ယဲ့ချန်းလည်း ရန်ငြိုးထားမနေတော့ပေ။
"ပရောဂျက်ကိစ္စကိုတော့ အရင်အတိုင်းပဲ ဆက်သွားကြတာပေါ့။ ဥက္ကဋ္ဌဝေ့ရဲ့ ကုမ္ပဏီအရေးအရာကိစ္စတွေကို ကျုပ် တအားဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ ခင်ဗျားတို့ပဲ ဆက်တာဝန်ယူရမှာ"
ယဲ့ချန်း၏စကားများကို ကြားလိုက်ရချိန်၌ ဝေ့ရန်နှင့် ချန်းဝမ်တို့နှစ်ယောက်စလုံး သက်မချလိုက်မိကြသည်။
ဝေ့ရန်က အာဏာကို လက်လွှတ်ရမှာစိုးရိမ်နေပြီး ချန်းဝမ်ကတော့ သူ့လုပ်ငန်းကို ဆုံးရှုံးလိုက်ရမှာ ကြောက်နေလေသည်။ သို့သော် ယဲ့ချန်း၏စကားကြောင့် သူတို့နှစ်ယောက်စလုံး စိတ်အေးသွားရသည်။
ထို့နောက် သူတို့နှစ်ယောက်လည်း ယဲ့ချန်းအတွက် ခွက်မြှောက်ဂုဏ်ပြုလိုက်ပြီး ပျော်ပျော်ပါးပါးစကားစမြည်ပြောနေလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ယောက်က လူငယ်လေးတစ်ယောက်ကို ခေါ်ဆောင်လာချိန်ဝယ် မိန်းကလေးတစ်သိုက်က စားသောက်နေကြဆဲပင်။ ထိုအမျိုးသားနှစ်ယောက်မှာ ဝေ့ရန်နှင့် ချန်းဝမ်တို့ဖြစ်ပြီး လူငယ်လေး၏အနောက်နားတွင် ခယလိုဟန်အပြုံးများဖြင့် ရပ်နေကြသည်။
အဆင့်အတန်းမြင့်မားသူများ ဖြစ်သည့်အားလျော်စွာ သူတို့သည် ကျင့်ဝတ်ကို အလွန်အလေးထားကြ၏။ အထူးသဖြင့် ယခုလိုအနေအထားမျိုးတွင် ရှေ့ဆုံးမှ လျှောက်လာသူသည် အထက်တန်းလွှာတစ်ယောက်ပင် ဖြစ်ရမည်။
ရှေ့ဆုံးက ဦးဆောင်လာသော လူငယ်လေးကို မြင်သောအခါ ခါရန်၏အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားလေသည်။
သူ(မ)၏ဘေးနားရှိ စုထင်ကလည်း ခါရန်၏ပြောင်းလဲမှုကို သတိထားမိသည်။
"ခါရန် ဘာဖြစ်လို့လဲ"
"ဘာ..ဘာမှမဖြစ်ပါဘူး"
စုထင်က အေးတိအေးစက်လေသံဖြင့် မေးလာပြန်သည်။
"နင်လှောင်ပြောင်ခဲ့တဲ့ တက္ကစီဒရိုင်ဘာက မစ္စတာယဲ့များလား"
"ကျွန်မ... သူက ဒီလောက်အရည်အချင်းရှိပြီး အစ်မရဲ့ဘော့စ်နဲ့ ဆက်ဆံရေးကောင်းလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး"
ခါရန်၏စကားများကို နားထောင်ပြီးနောက် စုထင်၏အမူအရာမှာ အေးစက်စက်နိုင်သွားလေသည်။
သာမန်ဝန်ထမ်းအဆင့်မှ ဥက္ကဋ္ဌ၏အတွင်းရေးမှူးအဆင့်အထိ တက်လှမ်းလာခဲ့သော စုထင်က သဘာဝအားဖြင့် အလွန်လိမ္မာပါးနပ်ပေသည်။
ခါရန်က ဥက္ကဋ္ဌယဲ့ကို အပြစ်ပြုမိထားသည်။ အကယ်၍များ ဘော့စ်က သူ(မ) ခါရန်နှင့်အတူ ရှိနေတာကို မြင်သွားပါက ဘယ်လိုလုပ်ရမည်နည်း။
သူငယ်ချင်းဆိုတာကို မေ့ထားလိုက်..အနာဂတ်နဲ့ပတ်သက်လာရင် ဘယ်အရာကမှ အရေးမပါဘူး..
စုထင်လည်း ခါရန်နှင့် အကွာအဝေးတစ်ခုခြားရန်အတွက် အနောက်ကို ခြေလှမ်းအနည်းငယ်မျှ ဆုတ်လိုက်သည်။
"ခါရန်.. ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်းတွေမဟုတ်ကြတော့ဘူး။ လူတွေကို လှောင်ပြောင်ရတာကို သဘောကျပြီး မရိုးဖြောင့်တဲ့လူစားမျိုးနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး။ ကျေးဇူးပြုပြီး အခုချက်ချင်းထွက်သွားပေးပါ"
ခါရန်ခမျာ ကြောင်အသွားရသည်။
စုထင်ကို အပိုင်ပေါင်းထားပြီး သူ(မ)၏သူငယ်ချင်းအသိုင်းအဝိုင်းထဲကို ဝင်နိုင်ရန်အတွက် ခါရန် မနားမနေကြိုးစားခဲ့ရသည်။ ယဲ့ချန်းကို လှောင်ပြောင်မိရုံဖြင့် ယခုလိုကန်ထုတ်ခံလိုက်ရမည်ဟု သူ(မ) ထင်မထားပေ။
"ဘာလို့လဲ။ ကျွန်မက တက္ကစီဒရိုင်ဘာတစ်ယောက်ကို လှောင်ခဲ့မိရုံနဲ့ အကြာကြီးပေါင်းလာခဲ့တဲ့ ကျွန်မတို့သံယောဇဉ်ကိုတောင် မထောက်တော့ဘဲ ကျွန်မကို ကန်ထုတ်မလို့လား"
သူတို့ စကားများနေကြတာကို ကြားသွားသည့်အခါ ဝေ့ရန်က ခြေလှမ်းများကို တုံ့ခနဲရပ်တန့်လိုက်သည်။
"စုထင်.. ဘာဖြစ်တာလဲ"
စုထင်ကလည်း ပြန်ဖြေလိုက်သည်။
"ဥက္ကဋ္ဌဝေ့.. ကျွန်မ သူငယ်ချင်းအရွေးမှားသွားလို့ပါ။ ခါရန်က မစ္စတာယဲ့ကို လှောင်ပြောင်ခဲ့တယ်လို့ အခုမှသိလိုက်ရလို့ သူနဲ့ အဆက်အသွယ်ဖြတ်ဖို့ ဆုံးဖြတ်လိုက်တာ"
ဝေ့ရန်လည်း ယဲ့ချန်းကို တစ်ချက်ငဲ့ကြည့်လိုက်သည်။
သို့သော် ယဲ့ချန်းကတော့ ခါရန်ကို တစ်ချက်မျှပင် မကြည့်ဘဲ ထွက်ပေါက်ကိုသာ ဦးတည်နေချေသည်။
ယဲ့ချန်းအတွက်တော့ ခါရန်က လူပြက်တစ်ယောက်သာသာပင်။ အာရုံစိုက်နေဖို့ပင် မတန်ပေ။
ဝေ့ရန်က ခါရန်ကို အေးတိအေးစက်အကြည့်များဖြင့် စိုက်ကြည့်၍ ပြောလိုက်သည်။
"ရှောင်ထင်..မင်းလုပ်တာမှန်တယ်။ သူများကို အထင်သေးတတ်တဲ့လူတွေနဲ့ ငါတို့ ပြတ်ပြတ်သားသားရေစက်ဖြတ်သင့်တယ်"
"ဟုတ်ကဲ့ ဥက္ကဋ္ဌဝေ့.. ဥက္ကဋ္ဌပြောတာ အမှန်ပါပဲ။ ကျွန်မ သူနဲ့ အခုချက်ချင်း အဆက်အသွယ်အကုန်ဖြတ်လိုက်ပါ့မယ်"
စုထင်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်လေသည်။
ဝေ့ရန်ကတော့ ယဲ့ချန်းနှင့်အတူ အပြင်ကိုထွက်လာခဲ့ပြီး ကျန်မိန်းကလေးများမှာမူ ခါရန်ကို ကပ်ရောဂါတစ်ခုအလား ကြည့်နေမိကြသည်။
ခါရန်၏ဘေးနားတွင် ထိုင်နေသော မိန်းကလေးများမှာ ချက်ချင်းဆိုသလို ခပ်ဝေးဝေးသို့ ရွှေ့သွားကြသည်။
တစ်ယောက်တည်း အပယ်ခံလိုက်ရသော ခါရန်ခမျာ ထိုနေရာတွင် ထိုင်ရင်း ကျန်ရစ်နေခဲ့ချေသည်။
သူ(မ)လှောင်ပြောင်ခဲ့သော တက္ကစီဒရိုင်ဘာတစ်ယောက်က ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။
နှစ်ပေါင်းများစွာကြာအောင် သူ(မ) ခက်ခက်ခဲခဲတည်ဆောက်ထားခဲ့ရသော သူငယ်ချင်းအသိုင်းအဝိုင်းလည်း ယဲ့ချန်းကြောင့် ပြိုလဲသွားခဲ့ရသည်။
စုထင်က အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ခါရန်.. ဒီနေရာက နင့်ကို မကြိုဆိုဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါ"
"ဟုတ်တယ်။ သူများကို အထင်သေးတတ်တဲ့မိန်းမတစ်ယောက်နဲ့ ငါတို့ သူငယ်ချင်းမဖြစ်ချင်တော့ဘူး"
"အခုချက်ချင်းထွက်သွား"
တစ်ချိန်တုန်းက ရင်းနှီးခဲ့ဖူးသော မိန်းကလေးများထံမှ အေးတိအေးစက်ပြောဆိုသံများကို ကြားလိုက်ရသောအခါ ခါရန်ခမျာ လုံးဝတုန်လှုပ်သွားရပြီးနောက် မျက်နှာကိုအုပ်၍ ငိုကြွေးလျက် ထွက်ပြေးသွားလေတော့သည်။
တံခါးနားသို့ ရောက်သွားချိန်၌ ယဲ့ချန်းက သူ(မ) သဘောကျခဲ့သော Lykanပြိုင်ကားထဲသို့ ဝင်သွားတာကို မြင်လိုက်ရ၏။
ကားမောင်းသူထိုင်ခုံတွင် ထိုင်နေသူမှာ ထန်းလုပင်တည်း။
ဇိမ်ခံကားနှင့် အလှလေးတို့၏ ပေါင်းစပ်မှုပင်။ ယဲ့ချန်းက အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီမှန်း ခါရန် သဘောပေါက်သွားသည်။
ထန်းလုက ကားမောင်းရင်း ရယ်မောလိုက်၏။
"အဲဒီအယောင်ဆောင်မ အော်ငိုရင်း ပြေးထွက်လာတာကို ကျွန်မ မြင်လိုက်သလိုပဲ"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွင်မူ ခပ်ညစ်ညစ်အပြုံးတစ်ပွင့် တွဲလဲခိုနေပေသည်။
"အယောင်ဆောင်မတစ်ယောက်အတွက် အဲဒါနဲ့ပဲ တန်တယ်"
အိမ်ပြန်ရောက်သောအခါ ယဲ့ချန်း ရေချိုးသန့်စင်၍ တဘက်ပတ်လျက်သား ထွက်လာခဲ့ချိန်မှာ ထန်းလုက ညအိပ်ဝတ်စုံဝတ်ထားပြီး ခုတင်ပေါ်၌ ထိုင်နေတာကို မြင်လိုက်ရ၏။
ထန်းလုလည်း ယခုမှ ရေချိုးပြီးခါစဖြစ်သောကြောင့် သူ(မ)၏ဆံပင်များမှာ စိုနေဆဲပင်။
သူ(မ)၏ညအိပ်ဝတ်စုံက ဇာပန်းထည်များဖြင့် ပြည့်နှက်နေလေရာ ရင်သပ်ရှုမောဖွယ်ကောင်းသော သူ(မ)၏ရုပ်ရည်နှင့် လိုက်ဖက်ညီနေသဖြင့် ယဲ့ချန်း ငေးမောသွားရသည်။
ယဲ့ချန်းကို မြင်လိုက်ရချိန်၌ ထန်းလုလည်း အံ့သြမှင်တက်သွားသည်။
ယဲ့ချန်း၏ ဗိုက်ကြွက်သားများနှင့် ချောမောခန့်ညားလှသော မျက်နှာလေးကြောင့် ထန်းလုခမျာ တဒင်္ဂမျှ ဆွံ့အသွားရလေသည်။
အခန်းထဲရှိ လေထုကလည်း မရေမရာဖြစ်သွားလေသည်။
ထန်းလုခမျာ ရှက်သွေးဖြာသွားရပြီးနောက် စားပွဲပေါ်ရှိ ဂျင်းလက်ဖက်ရည်ကို လက်ညှိုးထိုးပြလိုက်၏။
"အစ်ကိုယဲ့ချန်း.. ကျွန်မ ရှင့်အတွက် အမူးပြေဂျင်းလက်ဖက်ရည်ဖျော်ပေးထားတယ်"
ထိုသို့ပြောပြီးနောက် နီမြန်းနေသောမျက်နှာဖြင့် သူ(မ) ပြေးထွက်လာခဲ့လိုက်သည်။
အပြင်သို့ရောက်သော် ထန်းလုမှာ သူ(မ)၏ရင်ဘတ်ကို အုပ်ကိုင်ထားလိုက်မိသည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ အရမ်းချောလွန်းလို့ ငါ သတိလက်လွတ်ဖြစ်တော့မလို့"
ယဲ့ချန်းလည် စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။
အစောတုန်းက သူကိုယ်တိုင်လည်း ထိန်းချုပ်မှုကင်းမဲ့သွားလုနီးပါးပင်။
ထန်းလုက အလွန်ဖြူစင်လှသည်ဆိုသော်ငြား သူ(မ)၏ဇာပန်းထည်ညအိပ်ဝတ်စုံကို ဘယ်ယောက်ျားမဆို လွန်ဆန်နိုင်မည်မဟုတ်ပေ။
ယဲ့ချန်းလည်း ဂျင်းလက်ဖက်ရည်တစ်ငုံ သောက်လိုက်သောအခါ ချိုမြမြအရသာတစ်မျိုးကို ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းထဲသို့ ဝီချက်မက်ဆေ့ချ်တစ်စောင် ဝင်လာလေသည်။ ထိုမက်ဆေ့ချ်ကား လင်းယောင်ယောင်ပို့လိုက်ခြင်းပင်။
အကြောင်းအရာမှာ ကုမ္ပဏီတည်ထောင်ရေးအတွက် စီမံကိန်းတစ်ခုပင်။
လင်းယောင်ယောင်တွင် စီးပွားရေးအမြင်ရှိသည်ဟု ဆိုနိုင်သည်။
ယခုအချိန်တွင် ယဲ့ချန်း၌ ကုမ္ပဏီရှယ်ယာပေါင်းများစွာ ပိုင်ဆိုင်ထားပြီဖြစ်ရာ ထိုအရာများကို စီမံခန့်ခွဲပေးရန်အတွက် လူတစ်ယောက် လိုလာလေပြီ။ ထိုတာဝန်အတွက် လင်းယောင်ယောင်က အသင့်တော်ဆုံးပင်။
သို့သော် ထိုကိစ္စမတိုင်ခင် လင်းယောင်ယောင်အတွက် လက်စားချေပေးဖို့ ယဲ့ချန်း ဆုံးဖြတ်ချက်ချထားသည်။
လင်းယောင်ယောင်က လက်စားချေဖို့ မတွေးတော့သော်ငြား ဤသည်မှာ သူ(မ)၏ရင်ထဲ၌ ဆူးတစ်ချောင်းလို စိုက်နေဆဲသာ။
လင်းယောင်ယောင်အနေနှင့် သူ့အတွက် စိတ်ပါလက်ပါအလုပ်လုပ်ပေးနိုင်ဖို့ ဤဆူးကို ဖယ်ရှားဖို့လိုပေသည်။
•••••••••••••••••