မောက်မာတဲ့ဘော့စ်
Vol. 7 Ch. 97
ယဲ့ချန်း ကားမောင်းထွက်သွားသည့်အချိန်မှာပင် ထန်းဟောင်က ဗီလာဝင်ပေါက်သို့ ကားမောင်း၍ ရောက်ချလာသည်။
ဤတစ်ခေါက်တွင်မူ သူသည် မင်္ဂလာပွဲကိစ္စ ပြင်ဆင်ရန်အတွက် ထန်းလုကို မိုတုမှ ကျိုတိုသို့ပြန်ခေါ်သွားရန် ရောက်လာခြင်းပင်။
"မင်းတို့နှစ်ယောက်က သူ့ကို တံခါးဝမှာ စောင့်ကြည့်မနေဘဲ ဒီနားမှာ ဘာလို့မတ်တတ်ရပ်နေတာလဲ"
ထန်းဟောင်က ငေးငိုင်နေသော ဘော်ဒီဂတ်နှစ်ယောက်ကို အေးတိအေးစက်ကြည့်လိုက်လေသည်။
ထိုဘော်ဒီဂတ်နှစ်ယောက်ခမျာ ပူပင်သောကရောက်နေဟန်ဖြင့် ဆိုလာချေသည်။
"မိန်းကလေးက ပြတင်းပေါက်ကတစ်ဆင့် ထွက်ပြေးသွားပြီး ကားတစ်စီးက သူ့ကိုလာခေါ်သွားပါတယ်"
"အသုံးမကျတဲ့ ငတုံးနှစ်ကောင်.. မိန်းကလေးတစ်ယောက်ကိုတောင် သေချာစောင့်မကြည့်ထားနိုင်ဘူး။ သူ့ကိုရှာကြ.. သူ့ကိုတွေ့မှဖြစ်မယ်"
ထန်းဟောင်ခမျာ ရူးတော့မတတ်ပင်။
လန်ယာ့အထူးတပ်ဖွဲ့ဝင်နှစ်ယောက်ကပင် မိန်းမငယ်လေးတစ်ယောက်ကို စောင့်မကြည့်နိုင်ခဲ့ချေ။
ယဲ့ချန်းက ကားမောင်းရင်း မေးလိုက်သည်။
"မင်း ဘယ်သွားချင်လဲ"
ယခုအချိန်တွင် ထန်းလု စိတ်အခြေအနေမကောင်းကြောင်း သူသိသည်။ ထို့ကြောင့် သူ(မ)ကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားပေးချင်သည်။
"ကျွန်မနဲ့အတူ ဈေးဝယ်လိုက်ခဲ့လေ"
ထန်းလုက ဆိုလာလေသည်။
"ရတယ်လေ"
ယဲ့ချန်း ခေါင်းညိတ်ပြသည်။
ကားက မိုတုဈေးဝယ်စင်တာဝင်ပေါက်၌ ရပ်လိုက်လေသည်။ ထန်းလုကတော့ ဖုန်းထုတ်၍ ယဲ့ချန်းအား ကြယ်ငါးပွင့်ရီဗျူးပေးလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် hostကို ဂုဏ်ပြုပါတယ်။ သုံးခုမြောက်ကြယ်ငါးပွင့်ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီပါ]
ဝမ်သိုက်လုပ်ငန်းစုမှာ အိမ်ခြံမြေလုပ်ငန်းနှင့် ဘဏ္ဍာရေးလုပ်ငန်းကို ပေါင်းစပ်ထားသော ဟွားနိုင်ငံရှိ ထိပ်တန်းလုပ်ငန်းစုတစ်ခုဖြစ်၏။ ပိုင်ဆိုင်မှုတန်ဖိုးဘီလီယံပေါင်းများစွာရှိပြီး နှစ်စဉ်ရောင်းအားမှာ ၄၀ဘီလီယံကျော်ရှိ၏။
ယခုလတ်တလောတွင် အိမ်ခြံမြေလုပ်ငန်းက ဟွားနိုင်ငံ၌ အမြတ်အများဆုံးလုပ်ငန်းတစ်ခုဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းနားလည်သည်။ ထိုဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီကို ဆုလာဘ်အနေနှင့် ရခဲ့လေပြီ။ အိမ်ခြံမြေလုပ်ငန်းလောကတွင် အမှတ်သညာတစ်ခု တည်ထောင်နိုင်ပြီဖြစ်၏။
မိုတုဈေးဝယ်စင်တာထဲသို့ လူနှစ်ယောက် ဝင်လာလေသည်။
ထန်းလုက အခြားမိန်းကလေးများနှင့် မတူပေ။ အခြားလူများက တန်ဖိုးကြီးဖက်ရှင်ဆိုင်များဆီသို့ သွားရခြင်းကို သဘောကျကြသော်ငြား ထန်းလုကတော့ အလှဆင်ပစ္စည်းအရောင်းဆိုင်ကို သွားရတာကိုသာ သဘောကျနေချေသည်။
"ဒီမှာခဏစောင့်ဦး။ ငါ မင်းအတွက် ဖျော်ရည်သွားဝယ်ပေးမယ်"
ယဲ့ချန်းလည်း တစ်ဖက်သို့လှည့်၍ ဖျော်ရည်ဝယ်ရန်အတွက် မုန့်ဆိုင်တစ်ဆိုင်ကို သွားလိုက်၏။
ထိုအခိုက် ထန်းလု၏ဖုန်းက ထမြည်လာသည်။
ဖုန်းနံပါတ်ကို မြင်သောအခါ ဖုန်းခေါ်ဆိုသူမှာ သူ(မ)၏အဖေဖြစ်ကြောင်း သိလိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် ဖုန်းမကိုင်ဘဲ စက်ပိတ်လိုက်သည်။
ထိုအချိန်မှာပင် အမျိုးသမီးတစ်ယောက်နှင့် ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက် အနားသို့ရောက်လာလေသည်။ ထန်းလုက ဖုန်းထဲတွင် အာရုံရောက်နေသောကြောင့် ထိုအမျိုးသမီးကို မတော်တဆဝင်တိုက်မိလေတော့သည်။
"အား"
ထိုအမျိုးသမီးကမူ ချဲ့ကား၍ အော်ဟစ်လိုက်ပြီးနောက် သူ(မ)၏ Gucciအိတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူ(မ)၏ဘေးနားရှိ အမျိုးသားကလည်း သူ့အမျိုးသမီး ဝင်တိုက်ခံလိုက်ရသည်ကို မြင်လိုက်ချိန်၌ ဒေါသတကြီးပြောလာလေသည်။
"မင်း ကန်းနေတာလား"
ထန်းလုခမျာ ကပျာကယာတောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်"
သူ(မ)က အိတ်ကိုပြန်ကောက်ရန်အတွက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် ဖုန်သုတ်လိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ်"
"တောင်းပန်ရုံနဲ့ပြီးသွားပြီလို့ ထင်နေတာလား။ ငါ့အိတ်က ဘယ်လောက်ပေးရလဲဆိုတာ နင်သိလား။ ဒီမှာကြည့်လိုက် Gucciအိတ်အသစ်နော်။ နှစ်သောင်းကျော်တောင် ပေးရတယ်"
ထိုအမျိုးသားက ထန်းလုကို မာနတစ်ခွဲသားဖြင့် တွန်းလိုက်၏။
တစ်ဖက်လူက ဤမျှအထိ ဆင်ခြင်တုံတရားညံ့ဖျင်းလိမ့်မည်ဟု ထင်မထားပေ။ သူ(မ)ဘက်က တောင်းပန်လိုက်သည့်တိုင် သူကတော့ လက်ပါလာချေသည်။
ထန်းလု အတွန်းခံလိုက်ရသောကြောင့် ယိုင်တိုင်တိုင်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုမတတ်ဖြစ်သွားသည်။ ဝိုင်းကြည့်နေကြသူအမြောက်အများကလည်း ဤမြင်ကွင်းကို မြင်သောအခါ ထိုအမျိုးသားကို စတင်ဝေဖန်ကြသည်။
"အရွယ်ရောက်ပြီးသား ယောကျ်ားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တာ ဘယ်လိုတောင်ရိုင်းစိုင်းတာပါလိမ့်"
"ဟုတ်တယ်။ ဟိုဘက်က တောင်းပန်ပြီးနေပြီကို.. ဒီလောက်အထိ ကြမ်းတမ်းစရာလိုလို့လား"
"ကောင်မလေးကဖြင့် ဟိုနားမှာရပ်နေတာ အသိသာကြီးလေ။ သူတို့ဘာသာ စကားပြောရင်း အဲဒီကောင်မလေးကို ဝင်တိုက်ကြတာမဟုတ်ဘူးလား"
အမျိုးသားဖြစ်သူက ဆင်ခြင်တုံတရားမရှိသည့်အပြင် အမျိုးသမီးကပါ အပေါက်ဆိုးလှချေသည်။
"ကောင်မ..ငါ့အိတ်က ဘယ်လောက်ဈေးကြီးလဲဆိုတာ နင်သိလား။ ကြည့်လိုက်.. ညစ်ပတ်သွားပြီ။ နင် ပြန်လျော်နိုင်လို့လား။ ဒီအိတ်ကို ငါ့ယောကျ်ားက အခုလေးတင် ငါ့အတွက်ဝယ်ပေးထားတာ"
ထိုအခိုက် ယဲ့ချန်း ပြန်ရောက်လာသည်။
ထန်းလုကို သက်လတ်ပိုင်းအရွယ်စုံတွဲတစ်တွဲက ဝေဖန်ပြောဆိုနေတာကို မြင်သော် သူလည်း ထန်းလုကို သူ့အနောက်သို့ အလျင်အမြင်ဆွဲခေါ်လိုက်သည်။
"ဘာဖြစ်တာလဲ"
ထိုအမျိုးသားက ယဲ့ချန်းကို တစ်ချက်ငဲ့ကြည့်ပြီးနောက် လှောင်ပြုံးပြုံးလိုက်၏။ ယဲ့ချန်းက ဈေးပေါသည့် အဝတ်အစားများကို ဝတ်ဆင်ထားသည်ဖြစ်ရာ ဘာမှအရေးမပါသူတစ်ယောက်ဖြစ်ကြောင်း သိသာလှ၏။
"ချာတိတ်.. မင်းက ဒီမိန်းမရဲ့ချစ်သူလား။ ခုနတုန်းက မင်းရဲ့ချစ်သူက ငါ့မိန်းမရဲ့အိတ်ကို ကြမ်းပြင်ပေါ်ပြုတ်ကျသွားအောင် ဝင်တိုက်ပစ်လိုက်တာ။ မင်း ဘယ်လိုလုပ်ပေးမှာလဲ"
ထိုလူက ထန်းလုကို တွန်းလှဲပစ်တော့မတတ် လုပ်ခဲ့ကြောင်း ယဲ့ချန်း မြင်ထားပြီးသားပင်။ ထို့ကြောင့် အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ခင်ဗျားအိတ်က ဘယ်လောက်လဲ"
"ဘယ်လောက်လဲတဲ့လား။ ဈေးကြီးလွန်းလို့ မင်း ကြောက်သွားလောက်တယ်။ ယွမ်နှစ်သောင်း"
ထိုအမျိုးသားက မောက်မာဝင့်ကြွားစွာဖြင့် လက်နှစ်ချောင်းထောင်ပြလိုက်သည်။
ပတ်ပတ်လည်ရှိ လူအုပ်ကြီးကလည်း အသည်းအသန်ဝင်ပြောလာကြသည်။
"ဟုတ်ပါပြီ။ သူကလည်း မင်းကို တောင်းပန်ပြီးပြီပဲ"
"ဟုတ်တယ်။ နည်းနည်းလောက်ပေသွားရုံပဲလေ။ သုတ်လိုက်ရင် ပြောင်သွားမှာပဲကို။ လျော်ကြေးတောင်းတာကတော့ အဓိပ္ပာယ်မရှိတာ"
"တော်လိုက်စမ်းပါ။ ဒီလူငယ်လေးတွေက အခုမှ အလုပ်စဝင်ခါစပဲ ရှိဦးမှာ။ သူတို့က ဘယ်နားက ပိုက်ဆံသွားရှာရမှာလဲ"
လူအုပ်ကြီးက သာမန်ဆန်လှသော ယဲ့ချန်း၏အဝတ်အစားများကိုကြည့်၍ သူ့အစား စာနာထောက်ထားစွာဖြင့် ဝင်ပြောပေးကြသည်။
ယဲ့ချန်းက ယခု နာမည်ကြီးနေသော်ငြား သူ့ဆွဲဆောင်မှုရမှတ်ကို သုညသို့ ပြောင်းထားသောကြောင့် မည်သူကမှ သူ့ကို ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ကြောင်း မမှတ်မိကြပေ။
ယဲ့ချန်းလည်း ထိုစကားကိုကြားသော် အမှုမထားဟန်ဖြင့် ပြုံးလိုက်၏။
"နှစ်သောင်းလား။ ကောင်းပြီလေ။ ကျုပ် ခင်ဗျားကို ပေးနိုင်တယ်"
ယဲ့ချန်းက ထိုသို့ပြောရင်း သူ့ပိုက်ဆံအိတ်ကိုထုတ်ကာ ထိုလူ့ကို ငွေနှစ်သောင်းထုတ်ပေးလိုက်သည်။
အစောတုန်းက မာနထောင်လွှားနေခဲ့သော ထိုလူလည်း ကြက်သေသေသွားချေသည်။ အပေါက်ဆိုးသော အမျိုးသမီးလည်း အံ့ဩသွားသည်။
ပတ်ပတ်လည်ရှိ စောင့်ကြည့်နေကြသူများလည်း အလားတူအံ့အားသင့်သွားကြသည်။
ဈေးပေါသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူငယ်လေးက ပိုက်ဆံနှစ်သောင်းကို အသာလေးထုတ်ပေးနိုင်သည်အထိ အလွန်ချမ်းသာနေလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
ထိုလူကလည်း ပိုက်ဆံကိုယူကာ သဘောတူလက်ခံဟန်ဖြင့် ခေါင်းညိတ်ပြသည်။
"မင်းက ထက်မြက်ပုံရတယ်"
ထိုသို့ပြောပြီးနောက် သူက သူ့အမျိုးသမီးကို ဆွဲခေါ်၍ ထွက်ခွာရန်ပြင်လိုက်သည်။
"ခဏနေဦး"
ယဲ့ချန်းက အေးတိအေးစက်ဟန်ပန်ဖြင့် သူ့ကို တားလိုက်လေသည်။
ထိုလူလည်း တွေဝေတုံ့ဆိုင်းသွားပြီး ယဲ့ချန်းကို ကြည့်လိုက်၏။
"ကိစ္စရှိသေးလို့လား"
"ကျုပ် ခင်ဗျားအိတ်အတွက် ပိုက်ဆံပေးပြီးပြီလေ။ အခု ကျုပ်ချစ်သူကို တွန်းတဲ့ကိစ္စကို ဖြေရှင်းကြတာပေါ့"
ထိုအမျိုးသားက ဟွန့်ခနဲနှာမှုတ်လိုက်၏။
"မင်းက ဘယ်လိုဖြေရှင်းချင်လို့လဲ"
သူ့အတွက်တော့ ယဲ့ချန်းက ပိုက်ဆံနှစ်သောင်း လျော်ပေးထားသော်လည်း ဘာမဟုတ်သောလူတစ်ယောက် ဖြစ်နေဆဲပင်။ သူ့စိတ်ထဲတွင် သူသည် မိုတု၌ အထင်ကရပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သူ့အမြင်တွင်လည်း ဤလူငယ်လေးကို သူ အသာလေးနင်းခြေပစ်နိုင်သည်။
ထို့ကြောင့်လည်း ယဲ့ချန်းကို သူ လုံးဝအရေးမလုပ်ခြင်းပင်။
"မင်းရည်းစားကို ငါတွန်းတယ်ဆိုတော့ရော ဘာဖြစ်လဲ"
သူ့ဘေးနားရှိ အမျိုးသမီးကြီးကလည်း မောက်မောက်မာမာ အော်ဟစ်ပြောဆိုလာပြန်သည်။
"ဟေ့ကောင်လေး.. ငါ့ယောက်ျားက နင့်ကောင်မလေးကို အနိုင်ကျင့်ခဲ့တယ်ဆိုတော့ရော နင် ဘာလုပ်နိုင်လို့လဲ"
ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်စလုံးက အရွယ်ရောက်ပြီးသားလူတွေဖြစ်တာတောင် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တဲ့ကိစ္စကို အရှက်မရှိဂုဏ်ယူနေသေးတယ်။ ဒီလိုလုပ်ကြတာပေါ့။ ခင်ဗျားတို့ဘာသာ ပါးနှစ်ချက်လောက် ရိုက်လိုက်။ ဒါဆို ကျေသွားပြီ"
ယဲ့ချန်း၏စကားကို ကြားသောအခါ လူအုပ်ကြီးမှာ အံ့အားသင့်သွားလေသည်။ အစတုန်းကတော့ ဤလူငယ်လေးက အလွန်ရိုးသားသည်ဟု သူတို့ ထင်ခဲ့မိသည်။ သို့သော် တစ်ဖက်လူက ဤမျှအထိ ရဲရင့်လိမ့်မည်ဟုတော့ ထင်မထားပေ။
ထိုစုံတွဲကို ညစ်ပတ်အောင်လုပ်မိသည်အတွက် သူ ငွေပြန်လျော်ထားသည်ဖြစ်ရာ သူတို့ဘက်ကလည်း သူ့ကောင်မလေးကို တွန်းထားသည့်အတွက် ပြန်တောင်းပန်ရမည်မဟုတ်လား?
သို့ဖြစ်လေရာ လူအုပ်ကြီးအတွက်တော့ ယဲ့ချန်း၏တောင်းဆိုမှုက ယုတ္တိမရှိတာတော့ မဟုတ်ချေ။
ထိုအမျိုးသားက ယဲ့ချန်း၏စကားကို ကြားသောအခါ ရုတ်တရက်ကြီးထရယ်လေသည်။
"ချာတိတ်.. မင်းကိုယ်မင်း သိပ်ဟုတ်လှပြီထင်နေလို့ ငါ့ကို ပါးရိုက်ဖို့လာပြောနေတာလား။ ငါဘယ်သူလဲဆိုတာ မင်းသိလား"
ယဲ့ချန်းက ဆောင့်ကြောင့်ထိုင်ချ၍ ကြမ်းပြင်ပေါ်ရှိ ကတ်တစ်ကတ်ကို ကောက်လိုက်သည်။
ဤကတ်က ထိုအမျိုးသမီး၏အိတ်ထဲမှ ထွက်ကျလာဟန်ပင်။ သူ(မ)၏ယောက်ျားအစား ကြွားလုံးထုတ်ရန် သိမ်းထားခြင်းဖြစ်ရပေမည်။
"ဝမ်သိုက်အိမ်ခြံမြေကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဟယ့်လျန်လား"
ယဲ့ချန်းက လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ဆိုလိုက်သည်။
ဟယ့်လျန်က ယဲ့ချန်း၏စကားကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားလေဟန် အမူအရာတစ်ခုကို ပြသလာသည်။
သူ့အနေနှင့် လူမသိသူမသိသာ နေချင်ခဲ့သော်လည်း ထင်မှတ်မထားသည်မှာ တစ်ဖက်လူကိုယ်တိုင်က သူ့သရုပ်မှန်ကို တိုက်ရိုက်ထုတ်ပြောလာချေသည်။
ဟယ့်လျန်ကလည်း မောက်မာစွာ ပြန်ပြောလိုက်၏။
"ငါ့သရုပ်မှန်ကို ထုတ်ပြပြီးပြီနော်။ ငါက ဗွီအိုင်ပီတစ်ယောက်ပဲ။ အခု ငါဘယ်သူလဲဆိုတာ မင်းသိပြီဆိုတော့ ငါ့ရှေ့မှာ ဟိတ်ဟန်လာထုတ်ပြရဲသေးလား။ လစ်လိုက်တော့။ မဟုတ်လို့ကတော့ ငါ မင်းကို ဆုံးမရလိမ့်မယ်"
ထိုသို့ပြောရင်း သူက ယဲ့ချန်းနှင့် ထန်းလုကို လက်ညှိုးထိုးလိုက်သည်။
"မင်းတို့နှစ်ယောက်က မကြာသေးခင်ကမှ ဘွဲ့ရထားတာမဟုတ်လား။ ငါပြောမယ်.. ဒီကမ္ဘာပေါ်မှာ မင်းတို့ သွားရှုပ်လို့မရတဲ့လူတွေအများကြီးရှိတယ်။ ဒါကို သင်ခန်းစာတစ်ခုလို့ သဘောထားလိုက်ပေါ့"
သူ့ဘေးနားရှိ အမျိုးသမီးကြီးကလည်း ဝင်ပြောသည်။
"ဟုတ်တယ်။ ငါ့ယောက်ျားက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ မင်းသိလား။ သူ စကားတစ်ခွန်းဟလိုက်ရုံနဲ့ လူအယောက်တစ်ရာလောက်ကို ဆင့်ခေါ်နိုင်တယ်။ မင်းကို ရှင်းထုတ်ဖို့လောက်ကတော့ ပုရွက်ဆိတ်တစ်ကောင်ကို သတ်ရသလောက်လေးပဲရှိတာ"
သူတို့နှစ်ယောက်၏ စကားများကို ကြားသောအခါ ထန်းလု၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားပြီးနောက် ယဲ့ချန်း၏အင်္ကျီလက်အနားစကို ဆွဲလိုက်လေသည်။
"ယဲ့ချန်း.. ထားလိုက်ပါတော့"
"ထားလိုက်ရမှာလား"
ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။
••••••••••••••