← Chapters

ကျွန်မကို ခေါ်သွားပေးပါ

Vol. 7 Ch. 96

ကျွန်မကို ခေါ်သွားပေးပါ

Vol. 7 Ch. 96

ထန်းလု တံခါးဖွင့်လိုက်ချိန်ဝယ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အပြင်မှာ ရပ်နေချေသည်။

"အဖေ.. ညမိုးချုပ်ကြီး ဒီကို ဘာလို့ရောက်လာတာလဲ"

ထန်းဟောင်းက ဆို၏။

"ရှောင်လု.. သမီးကို အလုပ်ထွက်ဖို့ အဖေပြောမထားဘူးလား။ ဘာလို့ မိုတုကို ထွက်ပြေးလာတာလဲ"

"အဖေ.. သမီး သူနာပြုအလုပ်ကို သဘောကျတယ်။ ဒါက သမီးရဲ့အိပ်မက်ပဲ"

"အိပ်မက်တဲ့လား။ တခြားအလုပ်လုပ်တော့ရော ဘာဖြစ်နေလို့လဲ။ ဘာလို့ သူနာပြုအလုပ်ကိုမှ လုပ်ချင်ရတာလဲ။ သတင်းတွေကို မမြင်ဘူးလား။ သိပ်မကြာခင်တုန်းကပဲ ဆရာဝန်တစ်ယောက် တိုက်ခိုက်ခံခဲ့ရတယ်တဲ့။ ဆရာဝန်တွေနဲ့ လူနာတွေကြားက တင်းမာမှုက အခုဆိုရင် တော်တော်ပြင်းထန်နေပြီ။ နင်က ဆေးရုံမှာရှိနေတော့ နင့်အမေနဲ့ငါလည်း နေ့တိုင်း စိတ်ပူနေကြရတာ"

"အဖေ... သမီး အဲဒါတွေဂရုမစိုက်ဘူး။ အလုပ်လည်းထွက်မှာမဟုတ်ဘူး"

"ဒါက နင့်သဘောနဲ့တင်မပြီးဘူး။ ငါ နင့်အတွက် ချစ်သူတစ်ယောက် ရှာတွေ့ထားပြီ။ နိုင်ငံတကာကော်ပိုရေးရှင်းဥက္ကဋ္ဌတစ်ယောက်ရဲ့သားပဲ။ နင် သူ့ကို တစ်လနေရင် လက်ထပ်ရမယ်။ ဒီအတောအတွင်း ဘာအလုပ်မှလုပ်စရာမလိုဘူး"

"အဖေ..သမီး လက်မထပ်ချင်သေးဘူးလို့ ပြောထားတယ်လေ"

ထန်းဟောင်က ဟွန့်ခနဲ နှာမှုတ်လိုက်သည်။

"ဒါကို နင်ဆုံးဖြတ်ရမှာမဟုတ်ဘူး။ နင့်အမေနဲ့ငါက နင့်အတွက် အကောင်းဆုံးဆိုတာတွေကိုပဲ တွေးပေးထားတာ"

"သမီးရဲ့ဘဝနဲ့ သမီးတွဲမယ့်လူကို သမီးဘာသာ ဆုံးဖြတ်မယ်။ အဖေ ဝင်ဆုံးဖြတ်ပေးလို့မရဘူး"

ထန်းလု၏စကားကို ကြားသောအခါ ထန်းဟောင်က အေးတိအေးစက်ပြောလိုက်လေသည်။

"နင့်စိတ်ကြိုက် လုပ်လို့မရဘူး ရှောင်လု.. ဒီနေ့ကစပြီး နင့်ကို အပြင်ထွက်ခွင့်မပေးဘူး။ လူကုံထံဇနီးတစ်ယောက် လုပ်ဖို့သာ အာရုံစိုက်ထား"

ထန်းဟောင်က တစ်ဖက်ကိုလှည့်ထွက်၍ တံခါးပိတ်ချလိုက်သည်။

ထို့နောက် ထန်းဟောင်က တံခါးဝရှိ ဘော်ဒီဂတ်နှစ်ယောက်ကို ပြောလိုက်သည့်စကားကို ထန်းလု ကြားလိုက်ရ၏။

"သူ့ကိုစောင့်ကြည့်ထား.. အခန်းထဲက မထွက်စေနဲ့"

ထန်လု၏ မျက်နှာလှလှလေးထက်ဝယ် ဒေါသရိပ်များ လှိုင်းထန်သွားလေသည်။

သူ(မ)၏အဖေက သူ(မ)ကို ချစ်ပါသော်ငြား သူ့ဆန္ဒအတိုင်းသာ သူ(မ)ကို ပုံသွင်းလေ့ရှိသည်။

မဖြစ်ဘူး... ငါ ဒီကနေထွက်ဖို့ နည်းလမ်းတစ်ခုရှာရမယ်..

…

နောက်တစ်နေ့ ယဲ့ချန်း အိပ်ရာနိုးနိုးချင်း ဖုန်းမြည်လာသည်။ ဖုန်းခေါ်ဆိုသူကား ဆေးရုံအုပ်ဝမ်ပင်။

"ယဲ့ချန်း ငါ့မှာ သတင်းကောင်းရှိတယ်။ ငါတို့ရဲ့ကျွမ်းကျင်သူတွေ အကဲဖြတ်စစ်ဆေးပြီးတဲ့နောက်မှာ မင်းရဲ့ဆေးဖော်စပ်နည်းက ကြွက်သားချို့တဲ့မှုရောဂါကို ကုသနိုင်တယ်ဆိုတာနဲ့ ဆေးပညာအရ သုံးစွဲနိုင်တယ်ဆိုတာကို အတည်ပြုလိုက်ပြီ"

"ကောင်းသားပဲ"

ယဲ့ချန်းလည်း သက်မချလိုက်မိသည်။ စနစ်၏ ဆေးဖော်စပ်နည်းက ယုံကြည်စိတ်ချရဟန်တူသည်။

ထိုနေ့မှာပင် ထိုသတင်းက ဟွားနိုင်ငံတစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည်။

ရန်အိုက်ဆေးရုံမှထုတ်လုပ်လိုက်သော အထူးဆေးဝါးတစ်မျိုးက ကြွက်သားချို့တဲ့မှုရောဂါကို ကုသပေးနိုင်သည်တဲ့။

ဤသတင်းကား အသက်တမျှအရေးပါလှပေသည်။ နိုင်ငံတစ်ဝှမ်းရှိ လူနာများအားလုံးလည်း အပြေးအလွှားရောက်လာကြသည်။

နိုင်ငံတစ်နိုင်ငံရှိ တာ့ရန်လုပ်ငန်းစု၏ဌာနချုပ်၌...

ရွှေအိုရောင်ဆံပင်ပိုင်ရှင် အမျိုးသားတစ်ယောက်၏ အမူအရာမှာ အလွန်ရုပ်ဆိုးအကျည်းတန်နေချေသည်။

"ဘာတွေဖြစ်နေတာလဲဆိုတာ ပြောကြစမ်းပါဦး။ ဟွားနိုင်ငံက ဘယ်လိုလုပ်ပြီး အစွမ်းထက်ဆေးဝါးတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့တာလဲ"

ဟွားနိုင်ငံက တာ့ရန်လုပ်ငန်းစု၏ အကြီးဆုံးဖောက်သည်တစ်ယောက်ပင်။ ယခုမူ အထူးဆေးဝါးတစ်မျိုးကို ရုတ်တရက်တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ရာ သူတို့၏ဆုံးရှုံးနစ်နာမှုက ကြီးမားလှ၏။

"ကျုပ်တို့သိထားသလောက်ဆိုရင် ဟွားနိုင်ငံမှာရှိတဲ့ ရန်အိုက်ဆေးရုံက တရုတ်ရိုးရာဆေးတစ်မျိုး ထုတ်လုပ်နိုင်ခဲ့တယ်တဲ့။ သူတို့ရဲ့ဆေးက ဒေါ်လာထောင်ဂဏန်းလောက်ပဲ ကုန်ကျတယ်ဆိုပဲ"

"ဘာ? သူတို့က ငတုံးတွေလား? အဲဒီဆေးကို ဘာလို့ဈေးပေါပေါနဲ့ ရောင်းရတာလဲ"

"သူတို့က အဲဒီဈေးနှုန်းကို ဟွားနိုင်ငံသားတွေကိုပဲ ပေးတာပါ။ တခြားနိုင်ငံသားတွေကတော့ ကျုပ်တို့ရဲ့ဆေးထက်တောင် ပိုဈေးများသေးတယ်"

"အမလေး.. သူတို့ရဲ့လုပ်ရပ်က သက်သက်တိုက်ခိုက်နေတာ အသိသာကြီးပဲ။ ငါတို့ ဒီကိစ္စကို အသေးစိတ်စုံစမ်းစစ်ဆေးရမယ်။ ငါ သူတို့ကို တရားစွဲမယ်"

…

ယဲ့ချန်းကတော့ ရေချိုးသန့်စင်ကာ မနက်စာစားပြီးနောက် တက္ကစီမောင်းရန် ပြင်လေတော့သည်။ ထိုအချိန်မှာပင် သူ့ဖုန်းက ရုတ်တရက်ထမြည်လာသည်။

ဖုန်းကိုင်လိုက်ချိန်ဝယ် အလွန်ညင်သာနူးညံ့လှသော ထန်းလု၏အသံက တစ်ဖက်မှ ထွက်ပေါ်လာသည်။

"ယဲ့ချန်း..ကျွန်မ ပြန်ပေးဆွဲခံထားရလို့။ မြန်မြန်လေးလာကယ်ပေးပါဦး"

"ဘာ? ပြန်ပေးဆွဲခံရတာလား?"

တစ်ဆက်တည်းမှာပင် ထန်းလုက ယဲ့ချန်း၏ဝီချက်သို့ တည်နေရာတစ်ခု ပို့ပေးလေသည်။ ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိ၏။ တစ်ခုခုထူးဆန်းနေကြောင်း သူ ခံစားမိသည်။

ထန်းလုသာ တကယ်ပြန်ပေးဆွဲခံထားရပါက ပြန်ပေးသမားများက သူ(မ)ကို ဖုန်းသုံးခွင့်ပေးထားမည်မဟုတ်ချေ။ သူ(မ)က ဘယ်လိုလုပ်ဖုန်းခေါ်နိုင်ရတာလဲ..

သို့သော် ထန်းလုက အကူအညီတောင်းနေသည်ဖြစ်ရာ ယဲ့ချန်းလည်း တစ်ချက်တော့ စစ်ဆေးကြည့်ရန် လိုပေသည်။ ထို့ကြောင့် သူ့ကားကိုတစ်ချက်ကြည့်၍ ပေးထားသော လိပ်စာသို့ မောင်းထွက်လာခဲ့လိုက်သည်။

ထန်းလု တံခါးဖွင့်လိုက်ချိန်ဝယ် ဘော်ဒီဂတ်နှစ်ယောက်က လက်ဆန့်ထုတ်၍ သူ(မ)ကို ပိတ်တားလိုက်သည်။

"မိန်းကလေး... ဆရာ့အမိန့်မပါရင် မင်း ဘယ်မှထွက်လို့မရပါဘူး"

ထန်းလုလည်း တံခါးကို ဒေါသတကြီးပိတ်ချလိုက်သည်။

ငါ့ကို ဒီနေရာမှာ ပိတ်လှောင်ထားလို့ရမယ်လို့ထင်ရင် မှားသွားမယ်...

သူ(မ)က အိပ်ရာခင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အကြံတစ်ခု ရလိုက်လေသည်။

ဆယ်မိနစ်ကြာသောအခါ ယဲ့ချန်း၏ကား ရောက်လာတာကို ထန်းလု မြင်လိုက်ရသည်။ သူ(မ)လည်း အိပ်ရာခင်းကို တိုင်လုံး၌ ချည်နှောင်ပြီးနောက် ထိုအိပ်ရာခင်းကိုအသုံးချ၍ ပြတင်းပေါက်မှ တွဲလဲခို၍ ဆင်းလာလိုက်သည်။

မလှမ်းမကမ်းတွင်မူ အိပ်ရာခင်းကိုတွဲလဲခိုရင်း ထန်းလုတစ်ယောက် အောက်ဆင်းလာတာကို ယဲ့ချန်း မြင်နေရသည်။ ထို့ကြောင့် လီဗာကိုဖိနင်း၍ အရှိန်တင်လိုက်၏။

တံခါးဝရှိ လုံခြုံရေးများမှာ အထူးတပ်ဖွဲ့ထဲရှိ စစ်သားများပင်။ ထို့ကြောင့် အတွင်းဘက်ရှိ ဆူညံသံများကို ကြားသောအခါ တံခါးကိုတွန်းဖွင့်၍ အပြေးအလွှားသွားလိုက်ကြသည်။

ပြတင်းပေါက်က ပွင့်နေပြီး သူတို့မမလေးကလည်း ထွက်ပြေးသွားလေပြီ။

အထူးတပ်ဖွဲ့ဝင်စစ်သားနှစ်ယောက်၏ အမူအရာမှာ ပြောင်းလဲသွားပြီးနောက် လိုက်လံဖမ်းဆီးရန်အတွက် ပြတင်းပေါက်မှ ခုန်ချလိုက်သည်။

ထန်းလုတစ်ယောက် သူရှိရာသို့ ဒရောသောပါးပြေးလာတာကို ယဲ့ချန်း မြင်လိုက်ရ၏။ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ယောက်ျားနှစ်ယောက်ကလည်း သူ(မ)ကို လိုက်ဖမ်းနေသည်။

သေစမ်း.. ထန်းလုက တကယ်ပဲ အန္တရာယ်နဲ့ကြုံနေရတာလား?

ယဲ့ချန်း အမြန်ပြေးသွား၍ ထန်းလုကို ကားထဲသို့ ဆွဲသွင်းလိုက်သည်။

"ဘာတွေဖြစ်တာလဲ"

ယဲ့ချန်း မေးကြည့်လိုက်သည်။

ထန်းလုကလည်း ပြန်ဖြေရှာသည်။

"အဲဒီလူနှစ်ယောက်က ကျွန်မအဖေကိုခြိမ်းခြောက်ဖို့ ကျွန်မကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတာ။ ရှင်ရောက်လာလို့ တော်သေးတာပေါ့"

ယဲ့ချန်းလည်း စူးစမ်းလိုဟန်ဖြင့် မေးလိုက်ပြန်သည်။

"မင်းအဖေက အရမ်းချမ်းသာလို့လား"

ထန်းလု ခေါင်းညိတ်ပြလိုက်၏။

"ဝန်ခံရမယ့်အချိန်ရောက်ပြီပဲ။ ကျွန်မအဖေက စာရင်းဝင်ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌလေ။ ကျွန်မက ဒုတိယမျိုးဆက်လူကုံတစ်ယောက်ပဲ ဆိုပါတော့"

"ဝိုး..အထင်ကြီးချင်စရာပဲ"

ယဲ့ချန်း တဒင်္ဂမျှ အံ့ဩမှင်တက်သွားရသည်။

ထန်းလုက ယဲ့ချန်းကို ဖျတ်ခနဲကြည့်၍ ပြောလိုက်သည်။

"စကားမစပ်.. ယဲ့ချန်း ရှင် ကျွန်မကိုညာခဲ့တယ်နော်"

"မင်းကို ညာခဲ့တာလား။ ငါ မင်းကို ဘယ်တုန်းက ညာလို့လဲ"

ယဲ့ချန်းကတော့ အပြစ်ကင်းစင်ချင်ယောင် ဆောင်နေပေသည်။

"ရှင်က ရေသူမရုပ်ရှင်ရဲ့ ဇာတ်လိုက်မင်းသားလေ။ မဟုတ်ဘူးလား။ ကျွန်မ သတင်းထဲမှာ တွေ့ပြီးပြီ"

ယဲ့ချန်း ခေါင်းသာညိတ်ပြလိုက်ရသည်။

"အိုကေ..ငါလည်း ဝန်ခံရမယ့်အချိန်ကျပြီ။ ငါက တကယ်တော့ ရုပ်ရှင်စတားတစ်ယောက်ပါ"

ထန်းလု စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။

"ဟမ့်.. ရှင်ကများ ကျွန်မကိုညာရဲတယ်ပေါ့။ ကျွန်မကို ပြန်လျော်ပေးရမယ်နော်"

"ဘယ်လိုပြန်လျော်ပေးရမှာလဲ"

ယဲ့ချန်း မေးလိုက်မိသည်။

ထန်းလုလည်း ခဏမျှစဉ်းစားကြည့်ပြီးနောက် ပြောလာလေသည်။

"အခု ကျွန်မက အိမ်ခြေရာမဲ့ဖြစ်သွားပြီဆိုတော့ ရှင် ကျွန်မကို အိမ်ကိုခေါ်သွားပေးရမယ်"

"မင်းက ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ဆို? အခုအချိန်က အရမ်းအန္တရာယ်များတယ်။ မင်းမိသားစုကို ဆက်သွယ်သင့်တယ်မလား"

"ကျွန်မတို့အိမ်ကို အခုလောက်ဆိုရင် အဲဒီလူဆိုးတွေက စောင့်ကြည့်နေမှာ။ ဒီတော့ ကျွန်မသာ မိသားစုဝင်တွေနဲ့ ဆက်သွယ်လိုက်ရင် အဲဒီလူဆိုးတွေ သိသွားမှာပေါ့"

ယဲ့ချန်း ထန်းလုကို စိုက်ကြည့်လိုက်မိသည်။

"အမှန်အတိုင်းပြောနော်။ မဟုတ်လို့ကတော့ မင်းကို အခုချက်ချင်း အိမ်ပြန်ပို့လိုက်မှာ"

ထန်းလုလည်း သူ(မ) ဆက်သရုပ်မဆောင်နိုင်တော့ကြောင့် သိလိုက်ရသဖြင့် ပြောလိုက်သည်။

"ကျွန်မအဖေက ကျွန်မကို သူနာပြုလုပ်ခွင့်မပေးဘူးလေ။ ပြီးတော့ ကျွန်မ တစ်ခါမှမတွေ့ဖူးတဲ့ ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်နဲ့ လက်ထပ်ရမယ်တဲ့။ ဒါပေမဲ့ ကျွန်မက ဘယ်လူကုံထံကိုမှမကြိုက်ဘူးလေ။ အဲဒါကြောင့် ထွက်ပြေးလာတာ။ ယဲ့ချန်း.. ရှင် ကျွန်မကို ကူညီပေးရမယ်နော်"

ထန်းလု၏ သနားစဖွယ်အကြည့်လေးကို မြင်လိုက်ရချိန်မှာ ယဲ့ချန်းလည်း သက်ပြင်းချမိလေတော့သည်။

ငါ ဒီကိစ္စကို သေချာပေါက်ကူညီပေးမှဖြစ်တော့မယ်...

ယဲ့ချန်းကိုယ်တိုင်လည်း မိဘစီစဉ်ပေးသော အိမ်ထောင်ရေးများကို ကန့်ကွက်သည်။ ထို့ပြင် ထန်းလုက သူ့မိတ်ဆွေဖြစ်၏။

သူ့အနေနှင့် သူ(မ)ကို ဘယ်လိုလုပ်ပြီး ပစ်ထားရက်မည်နည်း?

"ဒါဆိုလည်း ကောင်းပြီလေ။ မင်း ငါ့အိမ်မှာ နေလို့ရတယ်"

ထို့ပြင် ယဲ့ချန်း၏အိမ်က အကျယ်ကြီးပင်။ မိန်းကလေးတစ်ယောက်နှင့်အတူနေရပါက...

ထန်းလုက ယဲ့ချန်း၏မျက်နှာပေါ်ရှိ မရိုးမသားအပြုံးကိုကြည့်၍ စိုးရိမ်တကြီးပြောလိုက်၏။

"ရှင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေများ ရှိနေတာလား"

ယဲ့ချန်းကမူ အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။

"ဘယ်ရှိပါ့မလဲ။ ငါက အပြုသဘောဆောင်တဲ့အတွေးတွေနဲ့ပဲ ပြည့်နှက်နေတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

ထန်းလုကတော့ သရော်လာသည်။

"ဟမ့်..ကျွန်မ ဆေးတက္ကသိုလ်မှာ ခန္ဓာဗေဒအကြောင်း သင်ခဲ့တာပါနော်။ ရှင်သာ တစ်ခုခုလုပ်ရဲလို့ကတော့.."

သူ(မ)က ထိုသို့ပြောရင်း ယဲ့ချန်း၏ခြေထောက်နှစ်ဖက်ကြား နေရာကို လှမ်းကြည့်လိုက်၏။

ယဲ့ချန်းခမျာ ကြက်သီးတဖြန်းဖြန်းထသွားရသည်။

ထန်းလုလည်း တဟားဟားအော်ရယ်မိချေသည်။

"ဟားဟား စတာပါ။ ကျွန်မက သူနာပြုပညာကို သင်ခဲ့ရတာ။ ခွဲစိတ်ခန်းသုံးဓားကိုတောင် မကိုင်တတ်ဘူး။ ခွဲစိတ်ခန်းသုံးဓားကိုကိုင်ရတာ တော်တော်ဒုက္ခများတယ်။ ကတ်ကြေးလောက်နဲ့ဆိုရင်လည်း အလုပ်ဖြစ်ပါတယ်"

ယဲ့ချန်း : “…”

"မင်း ဆေးရုံကို အလုပ်သွားတက်ဦးမှာလား"

ယဲ့ချန်း မေးကြည့်လိုက်သည်။

"အခုလောလောဆယ်တော့ သွားလို့မဖြစ်သေးဘူး။ ကျွန်မ သူနာပြုချုပ်ဆီကနေ ခွင့်ရက်နည်းနည်းယူထားတယ်။ အိုး.. စကားမစပ်.. ကျွန်မက ဟင်းချက်တတ်တယ်။ သန့်ရှင်းရေးလုပ်တတ်တယ်နော် အစ်ကိုယဲ့ချန်း.. ကျွန်မကို ခေါ်သွားပေးပါ။ ကျွန်မ ရှင့်ရဲ့အိမ်အကူလုပ်ပေးမယ်လေ။ ဟုတ်ပြီလား"

"အိမ်အကူလား"

ထန်းလုတစ်ယောက် အိမ်အကူဝတ်စုံဝတ်ထားသောပုံရိပ်က ယဲ့ချန်း၏စိတ်အာရုံထဲ ပေါ်လာခဲ့သည်။

ဒါဆိုရင်လည်း ဖြစ်တာပဲ!

•••••••••••••

All Chapters