← Chapters

နာမည်ကြီးသွားခြင်း

Vol. 7 Ch. 95

နာမည်ကြီးသွားခြင်း

Vol. 7 Ch. 95

ယဲ့ချန်းနှင့်ထန်းလုတို့လည်း ရုပ်ရှင်ရုံထဲသို့ ဝင်သွားလိုက်ကြသည်။

"မင်း ဘယ်ရုပ်ရှင်ကိုကြည့်ချင်လဲ"

ထန်းလု ပြောလိုက်လေသည်။

"ဟာသကားကြည့်ကြတာပေါ့။ ဆရာယဲ့ရဲ့ "ရေသူမ"ရုပ်ရှင်က ထွက်နေပြီတဲ့။ ကျွန်မဆီမှာ ဆရာယဲ့ရဲ့ ရုပ်ရှင်လက်မှတ်တစ်စောင်ရှိသေးတယ်"

ယဲ့ချန်းက ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။

"ကောင်းပြီလေ"

ရုပ်ရှင်လက်မှတ်ဝယ်ပြီးနောက် သူတို့နှစ်ယောက်သားလည်း ရုပ်ရှင်ရုံထဲသို့ ဝင်လာခဲ့လိုက်သည်။

ရုပ်ရှင်ရုံထဲ၌ လူအပြည့်ပင်။

သူ့ရုပ်ရှင်ထွက်လာတော့မည့်အကြောင်း တွေးမိသောအခါ ယဲ့ချန်း၏စိတ်ထဲ အံ့ဖွယ်ကောင်းသလို ခံစားမိသည်။

ယခင်တုန်းက ဤသည်မှာ ယဲ့ချန်း၏အိပ်မက်ဖြစ်၏။ ရုပ်ရှင်ကြည့်ရင်း သူကိုယ်တိုင်လည်း အဓိကဇာတ်လိုက်ဖြစ်လျှင် မည်မျှကောင်းမလဲဆိုပြီး မကြာခဏတွေးမိသည်။

ထင်မထားပါဘဲ ထိုအိပ်မက်က ယခု အမှန်တကယ်ဖြစ်လာခဲ့သည်။

ကြည့်ရှုသူများက သူပါဝင်ထားသောရုပ်ရှင်ကို လက်ခံနိုင်ပါ့မလားဆိုတာကိုတော့ မသိပေ။

ယဲ့ချန်း အနည်းငယ်စိတ်လှုပ်ရှားမိသည်။

ရုပ်ရှင်စပြလေပြီ။ မကြာခင်မှာပင် ကြည့်ရှုသူများက ချဲ့ကားထားသော ယဲ့ချန်း၏သရုပ်ဆောင်ချက်ကြောင့် ရယ်မောနေကြလေသည်။

ရုပ်ရှင်ရုံထဲရှိ အဆက်မပြတ်ရယ်မောသံများကို ကြားသောအခါ ယဲ့ချန်းလည်း သက်မချလိုက်လေသည်။ ဤရုပ်ရှင်က သေချာပေါက် နာမည်ကြီးသွားလေပြီ။

ရုပ်ရှင်ရုံထဲမှ ထွက်လာချိန််ထိတိုင် ကြည့်ရှုသူများထံမှ ချီးကျူးသံအမြောက်အများကို ယဲ့ချန်း ကြားနေရဆဲပင်။

"ဒီရုပ်ရှင်က အရမ်းမိုက်တာပဲ။ ယဲ့ချန်းက သရုပ်ဆောင်တော်တော်ကောင်းတယ်နော်။ သူက ဆရာယဲ့ရဲ့ဆက်ခံသူစစ်စစ်ပဲ"

"ဟုတ်တယ်။ ဒီယုတ္တိမဲ့စတိုင်လ်က အရမ်းရယ်ရတယ်။ ဒါပေမဲ့ ဒီယဲ့ချန်းက ဘယ်သူကြီးလဲ"

"ဟားဟား.. ယဲ့ချန်းက အရမ်းချောတာပဲ။ အရေးအကြီးဆုံးကတော့ သူက တော်တော်ရယ်ရတာပဲ"

ထိုအချိန်မှာပင် နောက်ထပ်ရုပ်ရှင်တစ်ခုနှင့်ပတ်သက်သည့် မှတ်ချက်များလည်း ကြားလိုက်ရသည်။

"ယဲ့ချန်းက အရမ်းချောတယ်နော်။ အထူးသဖြင့် ချန်းနဲ့ တိုက်ခိုက်တဲ့အခန်းတွေက သိပ်မိုက်တာပဲ"

"ဟုတ်တယ်။ ငါက ချန်းကို ကွန်ဖူးဘုရင်ကြီးလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ယဲ့ချန်းကလည်း သူ့ကိုယှဉ်နိုင်တယ်လို့ ခံစားမိနေပြီ"

"လက်ဖျားခါလောက်တယ်.. ချောလည်းချောတယ်။ တိုက်လည်းတိုက်ခိုက်နိုင်တယ်။ အခုကစပြီး သူက ငါ့အိုင်ဒေါဖြစ်သွားပြီ"

…

ကြည့်ရှုသူများ၏ မှတ်ချက်များကို ကြားသောအခါ ယဲ့ချန်းလည်း အလွန်စိတ်ကျေနပ်သွားသည်။ သူ့ဘေးရှိ ထန်းလုကတော့ ရုပ်ရှင်ပိုစတာများကိုတစ်လှည့်၊ ယဲ့ချန်းကိုတစ်လှည့် ကြည့်နေချေသည်။ု

"ယဲ့ချန်း.. အဲဒီဇာတ်လိုက်မင်းသားက ရှင်နဲ့ တော်တော်တူတာပဲ။ အဲဒါ ရှင်များလား"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ရုပ်ချင်းဆင်တာပါ"

လူတော်တော်များများက သူ့ကို စိုက်ကြည့်နေကြမှန်း ယဲ့ချန်းလည်း သတိထားမိသည်။ ထို့ကြောင့် သူ့ဦးထုပ်ကို တမင်တကာ ခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။

သူတို့နှစ်ယောက် ရုပ်ရှင်ထဲမှ ထွက်လာခဲ့လိုက်သည်။ ယဲ့ချန်းက ထန်းလုကို ညစာဝယ်ကျွေးပြီးနောက် အိမ်ပြန်လာခဲ့လိုက်သည်။

ယဲ့ချန်း ဖုန်းဖွင့်ကြည့်လိုက်ချိန်မှာ "ရေသူမ"ရုပ်ရှင်၏ရီဗျူးများက ရေပန်းစားနေကြောင်း မြင်လိုက်ရသည်။ Doubanတွင် ကြည့်ရှုနှုန်းက ၉.၂အထိ ရောက်နေလေပြီ။

ဟာသဇာတ်လမ်းတစ်ခုအနေနှင့် ယနေ့ခေတ်တွင် ဤမျှအထိ ကြည့်ရှုနှုန်းမြင့်နိုင်ရန်မှာ အလွန်ရှားပါးလှသော ဖြစ်ရပ်တစ်ခုပင်။

"ရေသူမရုပ်ရှင်က တော်တော်ရယ်ရတယ်နော်"

"ဒီရုပ်ရှင်က ဆရာယဲ့ရဲ့အစွမ်းအစကို အထွတ်အထိပ်အထိ ထုတ်သုံးထားတယ်လို့ ခံစားမိတယ်။ အရမ်းမိုက်တယ်"

"ယဲ့ချန်းက အရမ်းချောတာပဲ။ ဒီနေ့ကစပြီး သူက ငါ့အိုင်ဒေါဖြစ်သွားပြီ"

သိပ်မကြာခင် ရက်ပိုင်းကမှ သူဖွင့်ထားသော ဝေ့ပေါ်အကောင့်ကို ဖွင့်လိုက်ချိန်၌ ယဲ့ချန်း လန့်ဖျပ်သွားရလေသည်။ သူ့ဖော်လိုဝါများမှာ အံ့ဖွယ်ကောင်းလောက်အောင်ပင် တစ်သန်းကျော်သွားချေပြီ။

ဝိုး! အရမ်းအံ့ဩဖို့ကောင်းတာပဲ...

"နတ်ဘုရားယဲ့.. ရှင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်က အရမ်းကောင်းတယ်"

"နတ်ဘုရားယဲ့.. လျန်ကျဲနဲ့ရှင့်ရဲ့တိုက်ခိုက်ခန်းတွေက သိပ်ပြောင်မြောက်တာပဲ။ မနူးမနပ်လေးတွေက ရှင်နဲ့ လာယှဉ်လို့ကိုမရဘူး"

"ခင်ဗျားသရုပ်ဆောင်ထားတဲ့ "စွန်"ရုပ်ရှင်ကို ကျွန်တော်ကြည့်ပြီးပြီ။ ခင်ဗျားက ဇာတ်ကောင်ကို ရုပ်လုံးကြွလာအောင် လုပ်နိုင်ခဲ့တယ်"

ယဲ့ချန်းက ဝေ့ပေါ်အကောင့်ဖွင့်ထားသော်ငြား ဘာမှမတင်ခဲ့ဖူးပေ။

အင်တာနက်အသုံးပြုသူများက အလွန်စိတ်အားထက်သန်နေကြသဖြင့် သူလည်း ခဏမျှတွေးတောပြီးနောက် စာတစ်စောင်ရိုက်လိုက်၏။

"ချီးကျူးမှုအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ တကယ်တော့ သရုပ်ဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့အပိုလုပ်ငန်းတစ်ခုပါ"

ယဲ့ချန်း၏မှတ်ချက်ကို မြင်သောအခါ အင်တာနက်အသုံးပြုသူများမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။ ယဲ့ချန်း၏ရုပ်ရှင်သုံးကားက အလွန်နာမည်ကြီးနေသော်ငြား သူနှင့်ပတ်သက်သော သတင်းများက နည်းပါးလှသည်။

တကယ်တမ်းတွင် ဆရာယဲ့၊ ဒါရိုက်တာကျန်းမော့နှင့် ဒါရိုက်တာရွှီခယ်တို့အားလုံးက ယဲ့ချန်းကို ပွဲတက်ဖို့ ဖိတ်ကြပါသော်လည်း သူက ထိုဖိတ်ကြားမှုအားလုံးကို ငြင်းပယ်ခဲ့သည်။

ယဲ့ချန်းက စနစ်၏တာဝန်များကို ဖြည့်ဆည်းရန်အတွက်နှင့် သူ့အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက်သာ သရုပ်ဆောင်ခဲ့ခြင်းပင်။ ဤမျှအထိ နာမည်ကြီးကျော်ကြားလိုစိတ် မရှိခဲ့ချေ။

"အမလေး.. နောက်ဆုံးတော့ နတ်ဘုရားယဲ့ ထွက်လာပြီ"

"အားလပ်ချိန်မှာ သရုပ်ဆောင်တာကတောင် ဒီလောက်ကောင်းနေတယ်ဆိုရင် တကယ်သရုပ်ဆောင်တွေက ဘယ်လိုလုပ်ကြမလဲ"

"သရုပ်ဆောင်တာက ခင်ဗျားရဲ့ဝါသနာလား။ ဒါဆို ခင်ဗျားက ဘာအလုပ်လုပ်တာလဲ"

ယဲ့ချန်းကတော့ ခဏတာမျှစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

"တကယ်တော့ ကျွန်တော်က အကောင်းမြင်တတ်တဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ တစ်နေ့နေ့ လူကြီးမင်းတို့ တက္ကစီငှားဖို့လိုအပ်လာရင် ကျွန်တော်နဲ့တွေ့နိုင်ပါတယ်"

တက္ကစီဒရိုင်ဘာတဲ့လား...

ပရိသတ်များမှာ ကြောင်အကုန်ကြသည်။ ဤစတိုင်မှာ ကိုက်ညီမှုတော့မရှိပေ။ ယဲ့ချန်း၏ ရုပ်ရှင်သုံးကားစလုံးက ရူးချင်စရာကောင်းလောက်အောင် နာမည်ကြီးနေပေသည်။

ယခုဆိုလျှင် ယဲ့ချန်းက အစီအစဉ်များတွင် ပါဝင်ဖျော်ဖြေပြီး လူအာရုံစိုက်မှုကို ရယူနိုင်သည့် အခွင့်အရေးမျိုး ရနေပြီမဟုတ်လား။

သို့တိုင် သူကတော့ တက္ကစီသာမောင်းနေသည်တဲ့လား။

"တကယ်လား။ ငါတို့ရဲ့နတ်ဘုရားယဲ့က တကယ်ကြီး တက္ကစီမောင်းတာလား"

"ဝိုး.. ဒီနေ့ ငါတက္ကစီငှားတုန်းက တက္ကစီဒရိုင်ဘာက နတ်ဘုရားယဲ့နဲ့ တော်တော်တူတာ။ ငါ သူနဲ့တွေ့နိုင်တဲ့အခွင့်အရေးကိုများ လွတ်သွားပြီလားမသိဘူး"

…

ယဲ့ချန်းက တက္ကစီဒရိုင်ဘာဖြစ်သည်ဟူသော သတင်းက နာမည်ကြီးသွားပြန်သည်။

"နောက်ဆုံးရသတင်း : ယဲ့ချန်းရဲ့အလုပ်အကိုင်အစစ်က တက္ကစီဒရိုင်ဘာတဲ့"

"တက္ကစီဒရိုင်ဘာရဲ့ အံ့မခန်းသရုပ်ဆောင်စွမ်းရည်ကြောင့် ဒါရိုက်တာတော်တော်များများက သူ့ကို ပထမဦးစားပေးအဖြစ် ရွေးချယ်ခဲ့ကြတာပဲ"

"ဆရာယဲ့ရဲ့ဆက်ခံသူက တက္ကစီဒရိုင်ဘာတစ်ယောက်တဲ့"

…

ထိုအချိန်မှာပင် အင်တာနက်အသုံးပြုသူတစ်ယောက်ထံမှ မေးခွန်းတစ်ခုကို ယဲ့ချန်း မြင်လိုက်ရ၏။

"နတ်ဘုရားယဲ့.. ရှင့်ရဲ့သရုပ်ဆောင်စွမ်းရည်က အရမ်းထူးချွန်တာပဲ။ ရှင်က အနုပညာတက္ကသိုလ်က ဘွဲ့ရခဲ့တာမဟုတ်ဘူးလို့ ကြားထားတယ်။ ရှင့်ဘာသာသင်ထားတာလား"

ယဲ့ချန်း ခဏမျှစဉ်းစားပြီးနောက် စာပြန်လိုက်သည်။

"တကယ်တော့ သရုပ်ဆောင်ရတာက အရမ်းရိုးရှင်းပါတယ်။ မင်းကိုယ်မင်း အဲဒီဇာတ်ကောင်လို့ တွေးလိုက်ရုံပါပဲ"

သေစမ်း!

ဤပြန်စာကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန်းကိုဖောလိုးထားသော အနုပညာရှင်တော်တော်များများမှာ ခါးသက်သက်ခံစားလိုက်ရသည်။

သေလိုက်ပါတော့.. မင်းပြောသလို ဇာတ်ကောင်ထဲစီးမြောလိုက်ဖို့ဆိုတာ အဲဒီလောက်မလွယ်ဘူးကွ..ငါ အနုပညာတက္ကသိုလ်မှာ တက်ခဲ့တဲ့လေးနှစ်က ဘာမှအရေးမပါတာလား?

"နတ်ဘုရားယဲ့က အံ့ဩဖို့ကောင်းလိုက်တာ.. ဒါက ဒဏ္ဍာရီလာပါရမီတစ်ခုပဲဖြစ်ရမယ်"

"သူက ဘာမဆိုသရုပ်ဆောင်နိုင်တယ်နော်။ နတ်ဘုရားယဲ့က တော်တော်အံ့ဩဖို့ကောင်းတယ်ဟေ့"

"နတ်ဘုရားယဲ့က နောင်အနာဂတ်မှာ ရုပ်ရှင်ဧကရာဇ်ဖြစ်လာလိမ့်မယ်လို့ ငါ ခံစားမိတယ်"

…

ဟာသရုပ်ရှင်တစ်ကား၊ အက်ရှင်တစ်ကားနှင့် စပိုင်ရုပ်ရှင်တစ်ကားတို့ဖြင့် သရုပ်ဆောင်စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။

ယဲ့ချန်း၏သရုပ်ဆောင်စွမ်းရည်ကို အနုပညာလောကတစ်ခုလုံးက အသိအမှတ်ပြုကြသည်။ အနုပညာသတင်းမှန်သမျှတွင်လည်း ယဲ့ချန်းအကြောင်းကိုသာ ဆွေးနွေးတင်ဆက်နေကြသည်။

"ပါရမီရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ယဲ့ချန်းက သရုပ်ဆောင်ရတာကို လွယ်တယ်လို့ ပြောခဲ့တာလား"

"စွယ်စုံရလူသစ်လေးယဲ့ချန်း... သူက ဘယ်လိုလုပ်ပြီးတော့များ ထိပ်တန်းဒါရိုက်တာတွေဆီက မျက်နှာသာပေးခံခဲ့ရတာလဲ"

"တက္ကစီိဒရိုင်ဘာတစ်ယောက်က ရုပ်ရှင်ဧကရာဇ်အဆင့် လူသစ်တစ်ယောက်အဖြစ် ဘယလိုပြောင်းလဲသွားတာလဲ"

ထန်းလုခမျာ အိမ်ပြန်ရောက်သည်နှင့် ရေချိုးပြီးနောက် ခုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ သူ(မ)မှာ ဖုန်းကိုင်ထားရင်း ယဲ့ချန်း၏ဝီချက်စတိုရီကို ကြည့်လိုက်၏။

"ကျွန်တော်က အကောင်းမြင်တတ်တဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ"

"ရည်းစားဟောင်းနဲ့တွေ့ခဲ့တယ်။ အရင်တုန်းကတော့ မင်းပဲ ငါ့ကိုထွက်သွားဖို့ ပြောခဲ့တာလေ။ အခုကတော့ ငါ့ကိုပြန်လိုချင်နေပြီပေါ့။ ဆောရီး ငါက ဟိုးအဝေးကြီးကိုရောက်နေပြီ"

"ဒီနေ့ မိန်းမတွေကို လိမ်လည်လှည့်စားနေတဲ့ ဆန်ကုန်မြေလေးတစ်ယောက်ကို သင်ခန်းစာပေးခဲ့တယ်။ သူ့ကို ရဲတွေဖမ်းခေါ်သွားတာကိုမြင်ရတာ တော်တော်စိတ်ကျေနပ်ဖို့ကောင်းတာပဲ"

"ထိုးဆေးတစ်လုံးကို ယွမ်ခုနစ်သိန်းတဲ့။ ရောဂါက ဒီလိုကုနေရတာလား။ သနားစရာကလေးလေး.. စိတ်ချ။ ဒီဦးဦးက မင်း ဆေးကုသနိုင်အောင် လုပ်ပေးမယ်"

…

ယဲ့ချန်း၏ ဝီချက်စတိုရီကိုကြည့်ရင်း ထန်းလု မရယ်ဘဲ မနေနိုင်ချေ။

သူ(မ) ဤအမျိုးသားကို တစ်နေ့တစ်ခြား ပိုသဘောကျလာသည်။ သူက သူ(မ)သိခဲ့ဖူးသော ဒုတိယမျိုးဆက်လူကုံထံများထက် အများကြီးပိုသာသည်။

ထိုအချိန်မှာပင် သတင်းတစ်ပုဒ်ကို အွန်လိုင်းပေါ်တွင် မြင်လိုက်ရ၏။

"တက္ကစီဒရိုင်ဘာတစ်ယောက်က နာမည်ကြီးရုပ်ရှင်သုံးကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ခြင်း"

ရုပ်ရှင်ရုံမှာတုန်းက ယဲ့ချန်း၏အမူအရာများ ထူးဆန်းနေတာကို ထန်းလု ရုတ်တရက်တွေးမိလိုက်သည်။

နာမည်ကလည်းတူပြီး ဦးထုပ်ကို တမင်တကာခပ်ငိုက်ငိုက်ဆောင်းထားသည်။ ကမ္ဘာပေါ်တွင် ဤမျှရုပ်ချင်းဆင်တူသူဟူ၍ ဘယ်မှာရှိနိုင်မည်နည်း။

ယဲ့ချန်းက နတ်ဘုရားယဲ့ပင်။ ဤလူက သူ(မ)ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့ခြင်းသာ။

ထိုအချိန်မှာပင် အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်။ ထို့နောက် တံခါးခေါက်သံတစ်သံကိုပါ ကြားလိုက်ရ၏။

"ရှောင်လု.. တံခါးဖွင့်ဦး။ အဖေက နင်နဲ့စကားပြောချင်လို့တဲ့"

ထန်းလု၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားလေသည်။

အဖေက ဘာလို့ရောက်လာတာလဲ?

•••••••••••••

All Chapters