← Chapters

ဆွဲဆောင်မှုထိန်းညှိရေးကိရိယာ

Vol. 7 Ch. 94

ဆွဲဆောင်မှုထိန်းညှိရေးကိရိယာ

Vol. 7 Ch. 94

ရန်အိုက်ဆေးရုံ၏ အစည်းအဝေးခန်းမထဲတွင် ရန်အိုက်ဆေးရုံ၏ အဆင့်မြင့်အမှုဆောင်များမှာ ယဲ့ချန်းကို စိတ်ဝင်တစားကြည့်နေကြသည်။

ဤအစည်းအဝေးကို ယဲ့ချန်း ခေါ်ယူခဲ့ခြင်းဖြစ်၏။

ရန်အိုက်ဆေးရုံ၏ ဒုတိယရှယ်ယာအများဆုံး ရှယ်ယာရှင်ဖြစ်သည့်အတွက် ယဲ့ချန်းက စီမံရေးကိစ္စများတွင် ဝင်မပါတတ်ပေ။

"မစ္စတာယဲ့.. ဒီတစ်​ခေါက်အစည်းအဝေးမှာ ဆေးရုံရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပေးချင်တာများ ရှိလို့လား"

ဆေးရုံအုပ်ဝမ်က စူးစမ်းလိုစိတ်ဖြင့်​ မေးမြန်းလိုက်သည်။

ဆေးရုံအုပ်ဝမ်က ယဲ့ချန်းအပေါ် ကြည်ညိုလေးစားစိတ် အမြဲရှိခဲ့သူဖြစ်၏။ အကြောင်းမှာ ယဲ့ချန်း၏နောက်ခံက နက်နဲလှသောကြောင့်ပင်။

သူသည် ဤဆေးရုံတွင် ယဲ့ချန်း၏နောက်ခံအကြောင်း သိထားသူတချို့ထဲမှ တစ်ယောက်ဖြစ်သည်။

အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော လူငယ်လေးတစ်ယောက်က ဟွားနိုင်ငံထဲရှိ ထိပ်တန်းလုပ်ငန်းစုများတွင် ရှယ်ယာပမာဏအမြောက်အများကို ပိုင်ဆိုင်ထားခြင်းမှာ မယုံနိုင်စရာပင်။ ထိုကဲ့သို့သော လူစားမျိုးမှာ သူ လက်လှမ်းမီနိုင်သော လူတစ်ယောက်မဟုတ်ချေ။

ယဲ့ချန်းက ပြောလိုက်သည်။

"ဒီတစ်ခေါက် ကျွန်တော် အစည်းအဝေးခေါ်လိုက်ရတာက ​ကြွက်သားဖွံ့ဖြိုးမှုချို့တဲ့ရောဂါအတွက်ပါ"

ယဲ့ချန်း၏စကားများကို ကြားသောအခါ လူတိုင်း အံ့သြမှင်တက်ကုန်ကြသည်။

လက်ထောက်ဒါရိုက်တာချန်းပေါ်ကလည်း ဆိုလေသည်။

"ဒီရောဂါအခြေအနေအတွက် လက်ရှိမှာ ဘာဖြေရှင်းနည်းမှလည်း မရှိသလို ဘာကုသနည်းမှလည်း မရှိသေးပါဘူး။ ကလေးတစ်ယောက်ရဲ့ အသက်ကိုကယ်ဖို့အတွက် နိုင်ငံခြားထုတ်ဆေးဝါးတွေကိုပဲ မှီခိုနေရတာပါ"

ဆေးရုံရှိ ကလေးတစ်ယောက်အတွက် ယဲ့ချန်း ဆေးဝယ်ပေးခဲ့သည့် အကြောင်းကို ဆေးရုံအုပ်ဝမ်လည်း သတင်းကြားထားသည်။

"မစ္စတာယဲ့... အကြံပြုစရာတစ်ခုခုများ ရှိလို့လား"

ယဲ့ချန်းလည်း ပြန်ဖြေလိုက်၏။

"​ထိုး​ဆေးတစ်လုံးရဲ့ ဈေးနှုန်းက ခုနစ်သိန်း​ဆိုတာကတော့ တော်တော်ယုတ္တိမဲ့လွန်းတယ်။ ကျွန်တော်တို့ဆေးရုံက ဟွားနိုင်ငံရဲ့အကောင်းဆုံးဆေးရုံတစ်ခုဖြစ်တဲ့အတွက် ငွေလည်းရှာရင်း ဟွားနိုင်ငံအတွက်လည်း ကောင်းကျိုးပြုပြီး လူ့အဖွဲ့အစည်းအတွက် အကျိုးဆောင်သင့်သလောက် ဆောင်ရမှာပေါ့"

ချန်းပေါ်က ထိုစကားကိုကြားသော် မျက်မှောင်ကြုတ်လိုက်သည်။

"မစ္စတာယဲ့ ကျုပ်တို့က ဆေးရုံဖွင့်ထားတာနော်။ လူမှုဖူလုံရေးအေဂျင်စီဖွင့်ထားတာမဟုတ်ဘူး။ လူနာတွေအားလုံးအတွက် ထိုးဆေးတစ်ကြိမ်ထိုးတိုင်း ငွေခုနစ်သိန်းကိုတော့ ထုတ်မပေးနိုင်ဘူးလေ"

အဆင့်မြင့်အမှုဆောင်တော်တော်များများကလည်း ချန်းပေါ်၏စကားကို ထောက်ခံဟန်ဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေပေသည်။

ကမ္ဘာပေါ်တွင် ရှုပ်ထွေးပွေလီလှသော ရောဂါပေါင်းများစွာရှိသည်ဖြစ်ရာ အကယ်၍များ ထိုရော​ဂါအားလုံးအတွက် ဆေးရုံဘက်က အကုန်အကျခံရမည်ဆိုပါက ဆေးရုံကို ဘယ်လိုရှေ့ဆက်ရမည်နည်း။

ထို့ပြင် ဤသည်မှာ အလွန်ဆိုးဝါးသော အကျင့်တစ်ခု ဖြစ်လာပေလိမ့်မည်။ အဆုံးတွင် ဆေးရုံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်သည်။

သူတို့က ဆရာဝန်များဖြစ်ကြသော်ငြား ရှယ်ယာဘယ်လောက်ရနိုင်မလဲဆိုတာနှင့် ​ငွေဘယ်လောက်ရှာနိုင်မလဲဆိုတာကိုသာ ပိုစိတ်ပူကြသည်။

သူတို့ဘက်က ငွေစိုက်ထုတ်ပေးခိုင်းရန်မှာ အလွန်ခက်ခဲလှသော ကိစ္စတစ်ရပ်ပင်။

ယဲ့ချန်းကလည်း ထိုစကားကိုကြားသောအခါ ခပ်ဖွဖွပြုံးလိုက်လေသည်။

"ကျွန်တော်က ပိုက်ဆံထုတ်သုံးကြဖို့ ပြောချင်တာမဟုတ်ပါဘူး။ ကောင်းကျိုးပြုရင်း ငွေရှာကြမယ်လို့ ပြောချင်တာပါ"

"ငွေရှာမှာလား"

ဤစကားကြောင့် လူတိုင်း မှင်တက်ကုန်ကြသည်။

ယဲ့ချန်းကတော့ ဆက်ပြောလေသည်။

"ကြွက်သားဖွံ့ဖြိုးမှုချို့တဲ့ရောဂါအတွက် ကျွန်တော် ဆေးဝါးတစ်မျိုး ဖော်စပ်ဖို့ စီစဉ်ထားတယ်။ ဟွားနိုင်ငံသားတွေအတွက် ကုန်ကျစရိတ်ကိုပဲ ကောက်ခံပြီး ဟွားနိုင်ငံသားမဟုတ်တဲ့ လူ​နာတွေအတွက်တော့ ဈေးနှုန်းက ၈၈၀၀၀၀ဖြစ်မှာပါ"

ယဲ့ချန်း၏ ဤအကွက်က တချို့နိုင်ငံများကို လက်တုံ့ပြန်ခြင်းပင်။

ထိုလူများဘက်ကလည်း နည်းပညာကို လက်ဝါးကြီးအုပ်ထားပြီး ဈေးနှုန်းကို အဆမတန်မြှင့်ထားသည်ဖြစ်ရာ သူတို့ဘက်ကလည်း ဆေးဝါးထုတ်လုပ်ပြီးပါက ဘာကြောင့်များ ဈေးပေါပေါနှင့် ရောင်းပေးရမည်နည်း။

ယဲ့ချန်း၏စကားကြောင့် အားလုံး အံ့သြမှင်တက်ကုန်ကြသည်။

ဆေးရုံအုပ်ဝမ်က သက်ပြင်းချလျက် ပြောလိုက်သည်။

"မစ္စတာယဲ့.. ခင်ဗျားရဲ့အကြံပြုချက်က ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်သိသလောက်ဆိုရင် ဒီဆေးဝါးထုတ်လုပ်ရေးနည်းပညာကို နိုင်ငံတစ်ခုက လက်ဝါးကြီးအုပ်ထားတာ။ ကျုပ်တို့မှာလည်း အဲဒီနည်းပညာမရှိဘူး။ အထူးဆေးဝါးတစ်ခုကို ထုတ်လုပ်ဖို့အတွက်ဆိုရင် ငွေကြေးအမြောက်အများ ကျသင့်မှာ။ ကျုပ်တို့က ဆေးရုံလေးတစ်ခုသာသာပဲဆိုတော့ အဲဒီလောက်အထိ လုပ်နိုင်စွမ်းမရှိဘူး"

အခြားရှယ်ယာရှင်များမှာ မသိမသာခေါင်းခါယမ်းလိုက်ကြသည်။

ယဲ့ချန်းက ငယ်လွန်းလှသည်။

ဆေးဝါးအသစ်တစ်မျိုး ထုတ်လုပ်ရန် မည်မျှခက်ခဲပြီး မည်မျှအထိ အားစိုက်ထုတ်ရသလဲဆိုတာကို သူ သိပါလေစ။

အထူးသဖြင့် ယခုလို အထူးဆေးဝါးတစ်မျိုးဆိုလျှင် ပို၍ပင် ခက်ခဲသေးသည်။

သို့မဟုတ်ပါက သူတို့လည်း ထိုးဆေးတစ်လုံးကို ခုနစ်သိန်းဖြင့် ရောင်းချနေမည်မဟုတ်ပေ။

လူတိုင်းထံမှ သင်္ကာမကင်းလေဟန် အကြည့်များကို လက်ခံရရှိလိုက်သဖြင့် ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"အဲဒီဆေးကို ကျွန်တော် ထုတ်လုပ်ပြီးသွားပါပြီ။ ဆေးကတော့ တိုင်းရင်းဆေးဖော်မြူလာတစ်ခုပါ။ ဒီဆေးက ဒီရောဂါအတွက် အရမ်းအာနိသင်ရှိတယ်ဆိုတာကို ကျွန်တော် အာမခံပါတယ်။ နိုင်ငံခြားဆေးဝါးတွေထက်တောင် ပိုသာပါသေးတယ်"

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

ရှိသမျှလူအပေါင်းမှာ ထိတ်လန့်ကုန်ကြပြီး ယဲ့ချန်းဘက်သို့ ​လှည့်ကြည့်လိုက်ကြသည်။

"ဘာ? ထုတ်လုပ်ပြီးသွားပြီလား"

ဆေးရုံအုပ်ဝမ်ခမျာ အံ့သြမှင်တက်သွားချေသည်။ လက်ထောက်ဒါရိုက်တာချန်းလည်း အံ့အားသင့်သွားသည်။

အခြားရှယ်ယာရှင်များပါ ကြက်သေသေကုန်ကြသည်။

ဆေးလောကတွင် ဆေးဖော်စပ်ခြင်းမှာ အခက်ခဲဆုံးစိန်ခေါ်မှုတစ်ခုပင်။ ထိုဆေးဖော်စပ်နည်းကို နိုင်ငံတော်တော်များများက စူးစမ်းလေ့လာနေကြသော်လည်း မည်သူမှ မအောင်မြင်ခဲ့ပေ။

ယဲ့ချန်းက ရန်အိုက်ဆေးရုံ၏ ရှယ်ယာရှင်တစ်ယောက်ဖြစ်သော်ငြား သူ့တွင် ဆေးပညာနောက်ခံအသိုင်းအဝိုင်းမျိုး မရှိပေ။

သူက တကယ်ပဲ ဆေးဝါးတစ်ခုကို ထုတ်လုပ်နိုင်ခဲ့တာလား?

လာနောက်နေတာလား!

သူတို့၏အတွေးများကို ယဲ့ချန်းလည်း ရိပ်စားမိဟန်တူသည်။

"အခု ခင်ဗျားတို့အနေနဲ့ ဒီဆေးကို လက်​တွေ့အသုံးပြုနိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေကို ပြင်ဆင်ရုံပါပဲ။ ရောင်းချဖို့အတွက်ကတော့ ကျွန်တော့်အစီအစဉ်အတိုင်း လုပ်လိုက်ပါ။ ဟွားနိုင်ငံသားတွေအတွက် ကုန်ကျစရိတ်ပဲတောင်းပြီး နိုင်ငံခြားသားတွေအတွက် ၈၈၀၀၀၀နှုန်းနဲ့ ရောင်းချလိုက်"

မင်းဘက်က ညစ်ပတ်ရင် ငါလည်း ညစ်ပတ်ပြမယ်..

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ဆေးဖော်စပ်နည်းကို စားပွဲပေါ်၌ တင်ခဲ့ပြီး ထွက်သွားလေတော့သည်။

ဆေးရုံအုပ်ဝမ်ခမျာ ယဲ့ချန်း၏စားပွဲပေါ်ရှိ ဆေးဖော်စပ်နည်းကိုကြည့်၍ ကြက်သေသေသွားသည်။

တရုတ်တိုင်းရင်းဆေးဖော်စပ်နည်းလား?

ရန်အိုက်ဆေးရုံ၏ ရှယ်ယာရှင်အမြောက်အများလည်း အကြည့်ချင်းဖလှယ်လိုက်မိကြသည်။

"ဆေးရုံအုပ်ဝမ်.. ဘယ်လိုသဘောရလဲ"

ဆေးရုံအုပ်ဝမ်က မဲ့တဲ့တဲ့ပြုံးလိုက်လေသည်။

"ဒီဆေးဖော်စပ်နည်းက အဲဒီရောဂါကို တကယ်ကုသနိုင်လားဆိုတာကို အရင်ကြည့်ကြတာပေါ့။ ဆေးဝါးဆိုတာ နယ်နယ်ရရကိစ္စတစ်ခုမှမဟုတ်တာ။ ပြဿနာတစ်ခုခုတက်ခဲ့ရင် ကျုပ်တို့လည်း တာဝန်မယူနိုင်ဘူး"

ချန်းပေါ်က အေးတိအေးစက်သရော်လိုက်သည်။

"ယဲ့ချန်းက သက်သက်လေကျယ်သွားတာလို့ ထင်တာပဲ။ သူကဖြင့် ဆေးပညာတောင် မသင်ယူထားဘဲနဲ့။ နိုင်ငံတော်တော်များများကတောင် မထုတ်လုပ်နိုင်တဲ့ အထူးဆေးဝါးတစ်မျိုးကို ဘယ်လိုလုပ်ပြီးဖော်စပ်နိုင်မှာလဲ"

အခြားရှယ်ယာရှင်များကလည်း ချန်းပေါ်၏စကားကို ခေါင်းညိတ်၍ ထောက်ခံကြသည်။

ဆေးရုံအုပ်ဝမ်လည်း အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

"ယဲ့ချန်းက နယ်နယ်ရရမဟုတ်ဘူး။ ဒီဆေးဖော်စပ်နည်းကို လေ့လာဖို့အတွက် ကျွမ်းကျင်သူတွေကို အရင်ရှာကြတာပေါ့။​ နောက်မှ ရလဒ်ကိုကြည့်ကြမယ်။ တကယ်မှန်နေရင် မစ္စတာယဲ့ရဲ့အစီအစဉ်အတိုင်း ဆက်လုပ်ကြမယ်"

ယဲ့ချန်း ဆေးရုံထဲမှ ထွက်လာချိန်မှာပင် ထန်းလုက တံခါးဝ၌ မတ်တတ်ရပ်နေသည်။

"ယဲ့ချန်း ကျွန်မ တက္ကစီငှားချင်လို့"

ယဲ့ချန်းလည်း ပေါ့ပေါ့ပါးပါးရယ်လိုက်မိသည်။

"ရတယ်လေ။ ဘယ်သွားမှာလဲ"

"ဟေး.. ကျွန်မ ရှင့်ကိုရှာဖို့ ဒီအထိလာခဲ့ရတာလေ။ ကျွန်မကို မိုတုမြို့တစ်ပတ်တော့ အလည်လိုက်ပို့ပေးသင့်တာမဟုတ်ဘူးလား"

"မင်းပဲ အလုပ်ကိစ္စနဲ့ ပြောင်းလာတာဆို"

ထန်းလု ရှက်သွေးဖြာသွားချေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အခု ကျွန်မ ရှင့်ကိုမိပြီဆိုတော့ ရှင် ကျွန်မကို အလည်လိုက်ပို့ပေးရမယ်"

ယဲ့ချန်းလည်း စကားနားထောင်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ဒါပေမဲ့ မင်း ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပေးရမယ်နော်"

ထန်းလုခမျာ ဆွံ့အသွားရလေသည်။

ဒီလူက ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက် ဖြစ်နေတာတောင် တက္ကစီမောင်းဖို့ပဲ နေ့တိုင်း စိတ်အားထက်သန်နေတာပဲ...

အရေးအကြီးဆုံးအချက်မှာ သူသည် ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကိုသာ ဂရုစိုက်သည်။

"ပြဿနာမရှိပါဘူး။ ကျွန်မကိုသာ ပျော်အောင်လုပ်ပေး။ ဒါဆို သေချာပေါက် ကြယ်ငါးပွင့်ရီဗျူးပေးမှာ"

ယဲ့ချန်းက ကားမောင်းနေရင်း မေးလိုက်သည်။

"မင်း ဘယ်သွားချင်လဲ"

ထန်းလုလည်း ခဏမျှတွေးကြည့်ပြီးနောက် ပြောလိုက်လေသည်။

"အခုရက်ပိုင်းပြနေတဲ့ရုပ်ရှင်တော်တော်များများက အရမ်းကောင်းတာတဲ့။ ရုပ်ရှင်ရုံကို သွားကြတာပေါ့"

ထိုအခါမှသာ သူပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်သုံးကားက နိုင်ငံတစ်ဝှမ်း၌ ယနေ့ ရုံတင်ပြသမည်ဖြစ်ကြောင်း ရုတ်တရက်သတိရလိုက်သည်။

"ကောင်းပြီလေ။ ရုပ်ရှင်သွားကြည့်ကြစို့"

ကားရပ်လိုက်သည်နှင့် ယဲ့ချန်း အတန်ငယ်ဒုက္ခများရတော့သည်။

ရုပ်ရှင်ရုံတွင် ရုပ်ရှင်ပိုစတာများနှင့် ပြည့်နှက်နေပြီး ထိုပိုစတာများတွင် သူ့ဓာတ်ပုံများက ရှိနေ​သည့်အတွက် ယခုလိုသာ ဝင်သွားလိုက်ပါက ရုတ်ရုတ်သဲသဲဖြစ်ကုန်ပေလိမ့်မည်။

ရုပ်ရှင်ရုံသို့ရောက်သည်နှင့် ထန်းလုလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ​ချက်ချင်းပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ​ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်(၃/၅)ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်အနေနဲ့ ဆွဲဆောင်မှုထိန်းညှိရေးကိရိယာကို ရရှိပါတယ်]

ဆွဲဆောင်မှုထိန်းညှိရေးကိရိယာက ဆွဲဆောင်မှုတန်ဖိုးကို ထိန်းညှိနိုင်ပြီး အများဆုံးအမှတ်၁၀မှတ်က မျက်လုံးပေါင်းများစွာကို ဆွဲဆောင်နိုင်သည်။

ဆွဲဆောင်မှုတန်ဖိုးသုညဆိုလျှင် မိမိကို သတိထားမိကြမည်မဟုတ်သောကြောင့် မည်သူကမှလည်း မိမိကို အာရုံစိုက်မည်မဟုတ်။

ဝိုး! ဆွဲဆောင်မှုထိန်းညှိရေးကိရိယာက အရမ်းမိုက်တာပဲ!

ဤစွမ်းရည်ဖြင့်သာဆိုပါက ယဲ့ချန်းလည်း နာမည်ကြီးလာပြီးနောက် ပရိသတ်များ အဝိုင်းခံရမည့်အရေးကို စိတ်ပူစရာမလိုတော့ပေ။

ထို့ကြောင့် သူ့ဆွဲဆောင်မှုတန်ဖိုးကို သုညအထိ လျှော့ချလိုက်ပြီးနောက် နှစ်ယောက်သား ရုပ်ရှင်ရုံထဲသို့ ဝင်သွားလိုက်၏။

ရုပ်ရှင်ပိုစတာများကို မြင်သောအခါ ထန်းလု ခဏမျှတုံ့ဆိုင်းသွားသည်။

"ယဲ့ချန်း.. ပိုစတာထဲက လူက ရှင်နဲ့တူတယ်နော်"

"ဟုတ်လား။ ကမ္ဘာပေါ်မှာ နာမည်တူမရှား လူတူမရှားလေ"

ယဲ့ချန်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ပိုစတာပေါ်ရှိ အမျိုးသားက သူဖြစ်ကြောင်း ထန်းလုကိုယ်တိုင်ပင် သတိမထားမိပေ။

ဆွဲဆောင်မှုထိန်းညှိရေးကိရိယာက စင်စစ်အံ့သြဖွယ်ရာကောင်းလှ၏။

•••••••••••••••

All Chapters