လက်ဝါးကြီးအုပ်ခြင်း
Vol. 7 Ch. 93
ထိုအမျိုးသမီးက အရိုးစုတစ်ခုနှယ် ပိန်လှီလှသော ကောင်လေးတစ်ယောက်ကို ရင်ခွင်ထဲ၌ ပွေ့ထားလေသည်။
ထိုကောင်လေးခမျာ အရိုးပေါ်အရေတင်ရုံမျှသာရှိပြီး အလွန်သနားဖွယ်ကောင်းလှ၏။
ယဲ့ချန်းလည်း အနားသို့လျှောက်သွားပြီး မေးကြည့်လိုက်သည်။
"အစ်မ.. ခင်ဗျားသားက ဘာရောဂါလဲ"
ထိုအမျိုးသမီးက ငိုကြွေးရင်း ပြောလာလေသည်။
"ကျွန်မသားက တစ်နှစ်သားအရွယ်ကတည်းက နောက်ကျောကြွက်သားမဖွံ့ဖြိုးတဲ့ရောဂါ ရှိပါတယ်။ သူက အခု နိုင်ငံခြားမှာ အထူးဆေးကုသမှုခံယူဖို့ လိုအပ်နေတာ။ ထိုးဆေးတစ်လုံးကတင် ခုနစ်သိန်းကျော်ကုန်ကျတယ်တဲ့။ ကျွန်မတို့ တစ်သောင်းကျော်လောက် လိုနေတာမို့ ကျွန်မယောကျ်ားက ပိုက်ဆံသွားချေးနေတယ်။ ထိုးဆေးမရဘူးဆိုရင် ကျွန်မရဲ့သားလေး သေသွားနိုင်တယ်"
ဤစကားကို ကြားသောအခါ ယဲ့ချန်း၏အကြည့်များ စူးရှသွားရလေသည်။
ထိုးဆေးတစ်လုံးကို ခုနစ်သိန်းကျော်ပေးရခြင်းမှာ ယုတ္တိမရှိလှပေ။
သူ့ယခင်ဘဝတုန်းက "ငါက ဆေးနတ်ဘုရားမဟုတ်ဘူး"ဟူသော ရုပ်ရှင်တစ်ကားကို ယဲ့ချန်း ကြည့်ဖူးသည်။ ဤထိုးဆေးက ထိုရုပ်ရှင်ထဲကထက် ဈေးနှုန်း အဆမတန်ပိုများနေသေးသည်။
ထိုးဆေးတစ်လုံးကို ခုနစ်သိန်းကျော် ပေးရခြင်းမှာ နေ့ခင်ကြောင်တောင် ဓားပြတိုက်နေခြင်းသာ။
ဆရာဝန်ကလည်း သက်ပြင်းချလိုက်၏။
"တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ဆေးရုံမှာ စည်းမျဉ်းတစ်ခု ရှိလို့ပါ။ ငွေမချေရင် ထိုးဆေးပေးလို့မရပါဘူးး"
ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းမျှသာဆိုလျှင် ထိုဆရာဝန်လည်း သူ့အိတ်ကပ်ထဲက စိုက်ထုတ်ပေးလိုက်နိုင်သည်။
သို့သော် ပမာဏမှာ ခုနစ်သိန်းပင်။ သူ့အနေနှင့် ထိုကဲ့သို့သော ထိုးဆေးမျိုးကို ဘယ်လိုလုပ်ပြီးပေးရဲမှာတဲ့လဲ။
ဘေးနားရှိ ယဲ့ချန်းက ပြောလိုက်၏။
"ဆေးထိုးပေးလိုက်ပါ။ ကျွန်တော် ပေးပါ့မယ်"
ထိုအမျိုးသမီး၏ ရင်ခွင်ထဲရှိ ကလေးကိုကြည့်ပြီး သူ့မျက်စိရှေ့မှာတင် ထိုကလေး သေဆုံးရမည့်အဖြစ်ကို ယဲ့ချန်း သည်းမခံနိုင်ပေ။
ယဲ့ချန်းအတွက်တော့ ငွေခုနစ်သိန်းဆိုသည်မှာ ရေပုံးထဲက ရေတစ်စက်သာသာဖြစ်သော်လည်း ထိုပိုက်ဆံက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပေသည်။
ဘေးနားမှ ဝိုင်းကြည့်နေကြသူများအားလုံးလည်း ကြက်သေသေသွားကြသည်။
လူတိုင်း၏မျက်လုံးများက ယဲ့ချန်းထံသို့ ရောက်သွားသည်။
ဤလူငယ်လေးက ဈေးပေါပေါအဝတ်အစားများကို ဝတ်ဆင်ထားသည့်တိုင် အခြားလူတစ်ယောက်ကိုတော့ ခုနစ်သိန်းစိုက်ပေးမည်ဟု ကမ်းလှမ်းလာသတဲ့လား။
သူက ရူးနေတာလား? တုံးတာလား?
ထိုအမျိုးသမီးက ယဲ့ချန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကောင်လေးရယ်.. ဒီပိုက်ဆံကို ချေးတယ်လို့ သဘောထားလိုက်ပါ။ ကျွန်မတို့ ရှင့်ကို ပြန်ဆပ်မှာပါ"
ထိုအမျိုးသမီးက ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ ပြောလာပြန်လေသည်။
ယဲ့ချန်း သက်ပြင်းချမိသည်။
"ခဏစောင့်ပါ.. ကျွန်တော် ပိုက်ဆံသွားပေးလိုက်မယ်"
ငွေရှင်းကောင်တာ၌ ယဲ့ချန်းပြောလိုက်လေသည်။
"ကျွန်တော် နောက်ကျောကြွက်သားဖွံ့ဖြိုးမှုမရှိတဲ့ရောဂါရဲ့ ထိုးဆေးတစ်လုံးစာအတွက် ငွေချေချင်လို့ပါ"
"ယဲ့ချန်းလား"
သူနာပြုလေးတစ်ယောက်က ယဲ့ချန်းကို တအံ့တသြကြည့်နေချေသည်။
ထိုသူနာပြုက ထန်းလုဖြစ်နေသဖြင့် ယဲ့ချန်းလည်း အံ့သြသွားရသည်။
"မင်းက ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ။ မင်းက ကျိုတိုက ရန်အိုက်ဆေးရုံမှာမလား"
ထန်းလုက ယဲ့ချန်းကိုကြည့်၍ ပြောလာလေသည်။
"ကျွန်မ နယ်ပြောင်းလာတာလေ"
"ငါ့ကြောင့်တော့ မဟုတ်ဘူးမလား"
ယဲ့ချန စနောက်လိုက်သည်။
"ဘယ်ဟုတ်ပါ့မလဲ။ အလုပ်သဘောအရ ပြောင်းရွှေ့လာတာ"
တကယ်တမ်းတွင် အလုပ်သဘောအရ မဟုတ်ပေ။ ထန်းလုက မိုတုရှိ ရန်အိုက်ဆေးရုံကို ပြောင်းရွှေ့ရန်အတွက် အဆက်အသွယ်များကို ထုတ်သုံးခဲ့ခြင်းပင်။
အကြောင်းပြချက်ကတော့ ယဲ့ချန်းသာဖြစ်၏။
ယဲ့ချန်း ကျိုတိုမှ ထွက်သွားပြီးကတည်းက ထန်းလု သူ့အကြောင်းကိုသာ တွေးနေခဲ့မိသည်။
သူ(မ) ဘယ်ယောကျ်ားကိုမှ ယခုလို မစွဲလမ်းခဲ့ဖူးပေ။ ယခုမူ မျက်လုံးမှိတ်လိုက်သည်နှင့် ယဲ့ချန်း၏ပုံရိပ်ကိုသာ မြင်နေရသည်။
ထို့ကြောင့် မိုတုသို့ပြောင်းရွှေ့ရန်အတွက် စီစဉ်ခဲ့ခြင်းပင်။
"ဒီဆေးကို ရှင် ဘာလို့ဝယ်ရတာလဲ"
ထန်းလုက နားမလည်နိုင်သောကြောင့် မေးလိုက်မိသည်။
ယဲ့ချန်းလည်း ပြန်ဖြေလိုက်သည်။
"ကလေးတစ်ယောက်ကိုပွေ့ပြီး ဒီဆေးကို မဝယ်နိုင်လို့ပါဆိုပြီး ငိုယိုနေတဲ့ အစ်မတစ်ယောက်ကို တွေ့လိုက်ရလို့လေ။ သူတို့ကိုကြည့်ရတာ အရမ်းသနားဖို့ကောင်းလို့ တစ်လုံးစာလောက် ဝယ်ပေးမလို့"
ယဲ့ချန်း၏စကားကြောင့် ထန်းလုလည်း အံ့သြမှင်တက်သွားလေသည်။
အမလေး.. ဒီလူငယ်လေးက စိတ်အားထက်သန်မှုရှိလိုက်တာ...
ဤသည်မှာ ဈေးအကြီးဆုံး ဆေးများထဲက တစ်ခုဖြစ်ကြောင်း ထန်းလုလည်း သိသည်။
ဆေးတစ်လုံးကို ခုနစ်သိန်းကျော် ကုန်ကျပြီး ဤဆေးဖြင့် သားသမီးဖြစ်သူကို အသက်ဆက်စေချင်ပါက ပိုင်ဆိုင်သမျှကို အကုန်ထုတ်သုံးရပေလိမ့်မည်။
သို့သော် ဆေးက အလွန်ဈေးကြီးလှသောကြောင့် မိသားစုတော်တော်များများက အဆုံးတွင် မတတ်နိုင်တော့သည့်အဆုံး ကုသမှုကို လက်လျှော့လိုက်ကြသည်။
ယဲ့ချန်းအပေါ်ထားသော ထန်းလု၏ချစ်ခင်စိတ်ကား မြင့်တက်သွားရပြန်လေသည်။
သူက ချောမောခန့်ညားပြီး ကြော့မော့ရုံသာမက စိတ်ထားလည်းကောင်းပေသည်။
သဘောကျတယ်.. သဘောကျတယ်.. ငါ ဒီကိုလာခဲ့ရတဲ့ ခရီးက အလကားမဖြစ်ဘူးပဲ...
"ရှင်က စိတ်ထားကောင်းလိုက်တာ။ အဲဒီအစ်မအစား ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါတယ်"
ထန်းလုလည်း ယဲ့ချန်းကို ဆေးညွှန်းရေးပေးလိုက်ပြီးနောက် ဆေးဝယ်နိုင်ရန် ကူညီပေးလိုက်လေသည်။
ကလေးအမေကတော့ သူ(မ)၏ကလေးကို ပွေ့ချီထားပေသည်။
"ရှောင်ကန်.. ခဏလောက်တောင့်ထားနော်။ စိတ်ရင်းကောင်းတဲ့ ဦးလေးကြီးက သားအတွက် ဆေးဝယ်ပေးနေတယ်"
"အဲဒီလူငယ်လေးက ဘာလို့ပြန်မလာသေးတာလဲ"
"မင်း သူ့ကို တကယ်ယုံလား။ ထိုးဆေးတစ်လုံးစာကို ခုနစ်သိန်းတောင်ပေးရတာ။ သူ တကယ်ဝယ်ပေးလိမ့်မယ်လို့ ထင်လား"
"ငါလည်းတွေးမိတယ်။ အဲဒီလူငယ်လေးကိုကြည့်ရတာ လူလိမ်နဲ့တူတယ်"
"အဓိပ္ပာယ်မရှိတာ..သေရေးရှင်ရေးအခြေအနေမျိုးမှာ သူတစ်ပါးကို အခွင့်အရေးယူရတယ်လို့။ ဒါက တော်တော်ရွံဖို့ကောင်းတာပဲ"
…
ဒေါက်တာလီက ပြောလာသည်။
"အစ်မကြီး.. စောင့်မနေပါနဲ့တော့။ အဲဒီလူက ခင်ဗျားကို လိမ်သွားတာပဲဖြစ်မယ်"
ခုနစ်သိန်းတဲ့လား?
ဘယ်သူကများ သူစိမ်းတစ်ယောက်ကို ပိုက်ဆံခုနစ်သိန်းကြီးများတောင် ထုတ်ပေးမှာလဲ?
လူတိုင်းပြောဆိုနေကြသော စကားများကို ကြားသောအခါ ထိုအမျိုးသမီးလည်း စိတ်ဓာတ်ကျသွားလေတော့သည်။
ယဲ့ချန်းက သူ(မ)၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင်။
လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက သူ(မ)၏သားက သူ(မ)ကို အမေဟု ခေါ်တတ်ခဲ့သည်။ ထို့ကြောင့် သူ(မ)မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ညလုံးအိပ်မပျော်ခဲ့ပေ။
သို့သော် ထို့နောက် ကလေး၏ရောဂါက တစ်ဖန်ပြန်ဖောက်လာသည်။
"ရှောင်ကန်.. တောင်းပန်ပါတယ်နော်။ ဖေဖေနဲ့မေမေက သားကို မကယ်ချင်တာ မဟုတ်ရပါဘူး။ မေမေတို့..."
"တောင်းပန်ပါတယ် အစ်မ.. ဆေးဝယ်ဖို့ တန်းစီနေတဲ့ လူတန်းကြီးက ရှည်နေလို့ နောက်ကျသွားတယ်"
ရင်းနှီးသော အသံတစ်သံက အနီးအနားမှ ထွက်ပေါ်လာချေသည်။
အမလေး.. ဒီလူငယ်လေးက တကယ်ပြန်လာသားပဲ...
ဤအခြင်းအရာကိုမြင်သော် ယဲ့ချန်းအား လူလိမ်ဟု သမုတ်ခဲ့ကြသူများမှာ အသံတိတ်သွားကြသည်။
ခန်းမတစ်ခုလုံးလည်း တစပြင်အလား တိတ်ဆိတ်သွားချေသည်။ လူတိုင်းက ယဲ့ချန်း၏လက်ထဲရှိ ထိုးဆေးကို စိုက်ကြည့်နေကြသည်။
"အစ်မ.. ကျွန်တော် ဆေးဝယ်လာခဲ့ပြီ။ ကလေးကို မြန်မြန်ထိုးပေးလိုက်ပါ"
ထိုအမျိုးသမီးက ကလေးကိုပွေ့ချီလျက် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏။
"လူငယ်လေး.. ကျေးဇူးတင်ပါတယ်ကွယ်။ မင်းက ငါတို့မိသားစုရဲ့ ကယ်တင်ရှင်ပါပဲ"
"အမလေး.. သူ အဲဒီဆေးကို တကယ်ဝယ်လာသားပဲ"
"အဲဒါက ခုနစ်သိန်းတန်ဆေးနော်။ ဒီလူငယ်လေးက ချမ်းသာတယ်ထင်တယ်"
"ဒီကမ္ဘာပေါ်မှာ လူကောင်းတွေလည်း ရှိသေးတာပဲ။ ငါ ရင်ထဲထိလွန်းလို့ မျက်ရည်တောင်ဝဲသွားပြီ"
လူတော်တော်များများက ထိုကောင်လေးကို စာနာသနားမိသော်လည်း ကူညီနိုင်စွမ်းမရှိချေ။
တစ်စုံတစ်ယောက်က ထိုကောင်လေးကို ကယ်တင်လိုက်ချိန်မှာတော့ လူအုပ်ကြီးလည်း စိတ်သက်သာရာရသွားသည်။
ထိုအမျိုးသမီးက ကလေးကို ထိုးဆေးပေးပြီးနောက် သူတို့အား တရိုတသေဖြင့် ကျေးဇူးတင်စကားပြောသွားပြီး ထွက်ခွာသွားသည်။
ဒေါက်တာလီကလည်း ယဲ့ချန်းကိုပြောလိုက်၏။
"မစ္စတာယဲ့.. ခင်ဗျား ဒီလိုလုပ်ဖို့မလိုပါဘူး"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"လုပ်စရာမလိုဘူးတဲ့လား။ သူ့မှာလည်း အသက်တစ်ချောင်းနဲ့လေ"
ဒေါက်တာလီ သက်ပြင်းချလိုက်မိသည်။
"မစ္စတာယဲ့ ခင်ဗျားက လူကောင်းတစ်ယောက်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဒီလိုလူနာတွေမှ အများကြီးပဲ။ ခင်ဗျား သူတို့ကို ဒီတစ်ခေါက်တော့ ကူညီပေးလိုက်နိုင်ပေမဲ့ နောက်တစ်ခေါက်ကျရင် ဘယ်လိုလုပ်မှာလဲ"
ဤရောဂါက ငွေကိုတိုက်စားနေသော စက်ယန္တရားတစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ယဲ့ချန်း တိတ်ဆိတ်သွားချေသည်။
မိသားစုဘယ်နှခုမှာများ ခုနစ်သိန်းပေါင်းများစွာ ရှိနိုင်မည်နည်း။
ပိုက်ဆံကုန်သွားလျှင် ရလဒ်ကား ထိုအမျိုးသမီးလို ဖြစ်လာပြီးနောက် လက်လျှော့လိုက်ရလိမ့်မည်သာ။
ဤတစ်ခေါက်တော့ ထိုကောင်လေးကို သူ ကယ်တင်ပေးနိုင်ခဲ့သော်ငြား နောက်တစ်ခါ ရောဂါထပ်ဖောက်လာခဲ့ပါက မည်သို့လုပ်မည်နည်း။
ဒေါက်တာလီက ဆက်ပြောလိုက်သည်။
"တကယ်တော့ ကျုပ်တို့က အကြင်နာတရားမရှိတာမဟုတ်ပါဘူး။ ကျုပ်တို့နိုင်ငံက ဈေးနှုန်းကို တတ်နိုင်သလောက် လျှော့ချဖို့အတွက် တစ်ဖက်နဲ့ ညှိနှိုင်းဆွေးနွေးပြီးပါပြီ။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျုပ်တို့မှာ ဒီဆေးဝါးကိုထုတ်လုပ်နိုင်တဲ့ နည်းပညာမရှိဘူး။ အဲဒါက လက်ဝါးကြီးအုပ်ထားတာလေ။ ကုသချင်ရင် ဒီဆေးကိုဝယ်မှဖြစ်မယ်"
ယဲ့ချန်း ခဏမျှတွေးဆပြီးနောက် ပြောလိုက်လေသည်။
"နားလည်ပြီ။ ဒီကလေးတွေကို ကူညီဖို့အတွက် ကျုပ် ကုသရေးဖော်မြူလာတစ်ခုကို ထုတ်လုပ်ပြီး ဒီလက်ဝါးကြီးအုပ်မှုကို ဖောက်ဖျက်ပစ်ရမယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဒေါက်တာလီက ရုတ်တရက်ရယ်လိုက်သည်။
"လူငယ်လေး.. မင်း ငယ်ပါသေးတယ်။ နည်းပညာက သူတို့လက်ထဲမှာရှိတာ။ လက်ဝါးကြီးအုပ်မှုကို ဘယ်လိုဖောက်ဖျက်မလဲ"
ယဲ့ချန်းလည်း သူ့ဖုန်းထဲကတစ်ဆင့် ထိုရောဂါအကြောင်း ရှာဖွေကြည့်ပြီးနောက် ဖော်မြူလာတစ်ခုကို ရုတ်တရက်တွေးမိလိုက်၏။
ဤဖော်မြူလာက ထိုရောဂါကို ကုသပေးနိုင်သည်။ ယဲ့ချန်းလည်း ဝမ်းသာသွားရသည်။
ဤသည်မှာ တိုင်းရင်းဆေးဖော်မြူလာတစ်ခုဖြစ်၏။ ဆေးဝါးများ၏ ပေါင်းစပ်ထားသော အကျိုးသက်ရောက်မှုမှာ ရောဂါအခြေအနေကို တည်ငြိမ်အောင် လုပ်ပေးနိုင်ရုံသာမက ကလေးကိုပါ သက်သာသွားစေနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ ဤဆေးက အများပြည်သူအားလုံး ဝယ်ယူသုံးစွဲနိုင်ခြင်းပင်။
ဤကလေးများအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာလေပြီ!
••••••••••••••••