← Chapters

ထိုးဆေးတစ်လုံးကို ခုနစ်သိန်း

Vol. 7 Ch. 92

ထိုးဆေးတစ်လုံးကို ခုနစ်သိန်း

Vol. 7 Ch. 92

ဝမ်ချွင်းသိုင်းခန်းမထဲရှိလူများဖြစ်စေ လီချန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်များဖြစ်စေ လီချန်းကိုယ်တိုင်အပါအဝင် ပြိုင်ပွဲက အစောကြီးပြီးသွားလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်၏။

"ဟွားနိုင်ငံရဲ့သိုင်းပညာက နှစ်ငါးထောင်သမိုင်းကြောင်းရှိတယ်။ မင်းလိုကောင်ကများ ရာရာစစလာစော်ကားရဲရတယ်လို့။ မကျေနပ်ရင် ငါ့ကိုလာရှာလှည့်။ ငါ့ဘက်က အမြဲအဆင်သင့်ပဲ"

"ပြောသွားတာသိပ်ကောင်းတယ်"

ယဲ့ရှောင်းက ဦးဆောင်၍ လက်ခုပ်သြဘာပေးလိုက်လေသည်။

ဝမ်ချွင်းသိုင်းခန်းမထဲရှိ လူအပေါင်းလည်း လက်ခုပ်တီး၍ အားပေးကြလေသည်။

လီချန်း၏တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာတော့ ပရိသတ်အများစုက ယဲ့ချန်း၏ပရိသတ်များအဖြစ် ပြောင်းလဲသွားကြသည်။

"တိုက်ကွမ်ဒိုက အသုံးမဝင်ပါဘူး။ အရမ်းအမှိုက်သရိုက်ဆန်တယ်"

"မနက်ဖြန်ကျရင် ငါ့သမီးကို ဝမ်ချွင်းသိုင်းသင်ပေးဖို့အတွက် တိုက်ကွမ်ဒိုသင်တန်းကနေ ထုတ်​တော့မယ်"

"ယဲ့ချန်း ရှင်က အံ့သြဖို့ကောင်းလိုက်တာ။ ဟွားနိုင်ငံရဲ့ သိုင်းပညာက အသန်မာဆုံးပဲဆိုတာကို ပြသသွားတာပဲ"

"ဟွားနိုင်ငံရဲ့သိုင်းပညာကို စော်ကားခဲ့တဲ့ ကီးဘုတ်ဖိုက်တာတွေ လာကြည့်ကြစမ်းပါ.. ဟွားနိုင်ငံရဲ့သိုင်းပညာက အသုံးမကျဘူးလို့ ဘယ်သူပြောရဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

…

ယဲ့ချန်းထံမှ ခြေထောက်အကန်ခံခဲ့ရပြီး အရိုးကျိုးသွားပြီးနောက် လီချန်းကို လူတချို့က ခန်းမထဲက သယ်ထုတ်သွားကြလေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသောအခါ ယဲ့ချန်း ပရိသတ်အမြောက်အများရလိုက်သည်။

အရေးအကြီးဆုံးမှာ တိုက်ကွမ်ဒိုက ပိုသာသည်ဟု ထင်နေခဲ့ကြ​သော ပရိသတ်များလည်း ဟွားနိုင်ငံ၏သိုင်းပညာကို ယုံကြည်သွားကြသည်။

ထိုကန်ချက်တစ်ချက်တည်းဖြင့် လီချန်း ကိစ္စတုံးသွားချေသည်။ သိုင်းပညာကို ဆက်လက်လိုက်စားရန် သူ့အတွက် မဖြစ်နိုင်တော့ပေ။

ယဲ့ရှောင်းက စိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်းရှေ့သို့ သွားလိုက်၏။

"မစ္စတာယဲ့.. ကျေးဇူးတင်ပါတယ်။ ဝမ်ချွင်းသိုင်းကို ဘယ်မှာသင်ခဲ့လဲလို့ မေးလို့ရမလား"

ယဲ့ချန်းက ပြုံးသည်။

"ကျွန်တော့်ဘာသာ သင်ယူလေ့လာခဲ့တာပါ"

"ကိုယ့်ဘာသာသင်ယူတာလား"

ယဲ့ရှောင်း၏စိတ်ထဲဝယ် ထိတ်လန့်သွားရချေသည်။ ယဲ့ချန်း၏အရည်အချင်းက သူ့ထက်သာကြောင်း မြင်လိုက်ရသည့်အတွက်လည်း အတန်ငယ်အားကျမိသည်။

ဝမ်ချွင်းသိုင်းကို ဘဝတစ်ဝက်စာလောက် လေ့ကျင့်လာခဲ့သည့်တိုင် အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်ထံမှ အနိုင်ပိုင်းခံခဲ့ရသည်။

"ခင်ဗျားက ဘာအလုပ်လုပ်တာလဲ မစ္စတာယဲ့"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်၏။

"တကယ်တော့ ကျွန်တော်က တက္ကစီဒရိုင်ဘာပါ"

"ဘာ?"

လူတိုင်း အံ့သြကုန်ကြသည်။

ယဲ့ချန်းပြသသွားသော စွမ်းရည်မှာ ဝမ်ချွင်းသိုင်းပညာ၌ ကျွမ်းကျင်သူတစ်ယောက်၏ အဆင့်မျိုးပင်။

အဲဒါတောင် တက္ကစီမောင်းတာတဲ့လား?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

ယဲ့ရှောင်း အလျင်အမြန်ပြောလိုက်လေသည်။

"မစ္စတာယဲ့.. ကျုပ်တို့သိုင်းခန်းမမှာ သိုင်းပညာရှင်တစ်ယောက်အဖြစ် လာအလုပ်လုပ်ပါ့လား!

ယဲ့ချန်း ခေါင်းခါယမ်းလိုက်သည်။

"တောင်းပန်ပါတယ် အကြီးအကဲယဲ့...ဒါပေမဲ့ ဝမ်ချွင်းသိုင်းက ကျွန်တော့်ဝါသနာသက်သက်ပါ။ တက္ကစီမောင်းတာကမှ အဓိကအလုပ်လေ"

ယဲ့ရှောင်း စိတ်ပူပန်စွာ ပြောလိုက်လေသည်။

"မစ္စတာယဲ့.. ကျုပ် ခင်ဗျားကို တက္ကစီမောင်းတာထက် နှစ်ဆပိုပေးမှာပါ"

ယဲ့ချန်းကတော့ ခေါင်းခါပြသည်။

"ငွေက ပြဿနာမဟုတ်ပါဘူး။ တက္ကစီမောင်းတာက ကျွန်တော့်အိပ်မက်နဲ့ အနာဂတ်ပါပဲ။ ခင်ဗျား ဘယ်လောက်ပေးပေး ကျွန်တော်ကတော့ တက္ကစီမောင်းမဲ့အိပ်မက်ကို လက်လျှော့မှာမဟုတ်ဘူး"

အိပ်မက်က တက္ကစီဒရိုင်ဘာလုပ်ဖို့တဲ့လား...

လူတိုင်းမှာ အံ့သြရလွန်း၍ မူးဝေမတတ်ပင်။ သူတို့အမြင်မှာတော့ တက္ကစီမောင်းခြင်းမှာ စားဝတ်နေရေးအတွက် လုပ်ကိုင်ခြင်းဖြစ်၏။

ထိုသို့မဟုတ်ပါက မည်သူကများ လိုလိုလားလားလုပ်ချင်မည်နည်း။

"ငါ့ခြေထောက်.. ခြေထောက်နာလိုက်တာ"

ထိုအခိုက်ဝယ် သတ်လစ်မေ့မြောနေသော ရှီလဲ့က သတိပြန်ရလာပြီး နာကျင်စွာအော်ညည်းလေတော့သည်။

ထိုအချိန် သိုင်းခန်းမထဲရှိ လူတချို့က ရှီလဲ့အနားသို့ ဝိုင်းအုံလာကြသည်။

ရှီလဲ့ခမျာ လီချန်း၏ကန်ချက်ကြောင့် ခြေထောက်ကျိုးသွားသဖြင့် အပြင်းအထန်နာကျင်နေရရှာသည်။

"မဖြစ်ဘူး.. သူ့ကို ချက်ချင်းဆေးရုံပို့မှဖြစ်မယ်"

ယဲ့ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်းကလည်း ဝင်ပြောလိုက်၏။

"သူ့ခြေထောက်ဒဏ်ရာက ပြင်းထန်တယ်။ အခုချက်ချင်းကုမှဖြစ်မှာ။ မဟုတ်ရင် ဆေးရုံသွားရင်တောင် မသန်စွမ်းဖြစ်သွားလိမ့်မယ်"

ယဲ့ချန်းက ထိုသို့ပြောရင်း ရှီလဲ့၏အရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထို့နောက် ရှီလဲ့၏ခြေသလုံးပေါ် လက်တင်လိုက်၏။

"အား အား..."

ရှီလဲ့ခမျာ နာနာကျင်ကျင်အော်ညည်းလေတော့သည်။

"သည်းခံထား"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် သူ့လက်ကို အားထည့်လိုက်သည်။

ဂျွတ်!

ရှီလဲ့ခမျာ အစပိုင်း​​တော့ စူးခနဲနာကျင်မှုတစ်ခုကို အရင်ခံစားလိုက်ရသည်။ သို့သော် ဒဏ်ရာရထားသောနေရာက တဖြည်းဖြည်း နာကျင်မှုလျော့ပါးလာသလို ခံစားလိုက်ရသည်။

ယဲ့ချန်းက ပြောလိုက်၏။

"ကျွန်တော် သူ့ခြေထောက်ကို ကုပေးပြီးပြီ။ ဒါပေမဲ့ ဆေးရုံမှာ ကုသမှုခံယူဖို့ လိုသေးတယ်။ စိတ်တော့မပူပါနဲ့။ သူ မသန်စွမ်းမျိုးတော့ဖြစ်မှာမဟုတ်ဘူး"

မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေပြီး အဆင်မပြတ်ညည်းတွားနေသော ရှီလဲ့တစ်ယောက် ယဲ့ချန်း၏ကုသမှုကြောင့် နာကျင်မှုသက်သာသွားတာကို မြင်လိုက်ရချိန်၌ လူတိုင်း မျက်လုံးအပြူးသားဖြင့် ပင့်သက်ရှိုက်မိကြသည်။

"ဒီလိုလုပ်ရင်ရော.. ကျွန်တော့်ကားနဲ့ ဆေးရုံကို ခေါ်သွားပေးမယ်လေ"

ယဲ့ချန်းက ထိုသို့ဆိုလာလေရာ ယဲ့ရှန်းလည်း ရှီလဲ့ကို သူ့ကားထဲသို့ တွဲထူ၍ ​ပို့ပေးလိုက်သည်။

ကားထဲတွင် ယဲ့ရှန်းက ကျေးဇူးတင်စကားပြောလိုက်၏။

"ယဲ့ချန်း.. ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် လီချန်း ဘယ်လောက်တောင်မောက်မာပြမလဲဆိုတာ ဘယ်သူသိမှာလဲ"

"လီချန်းက လူပြက်သာသာပဲရှိတာပါ။ သူ့ကိုအနိုင်ယူရတာက ပုရွက်ဆိတ်လေးတစ်ကောင် သတ်ရသလောက်ပဲရှိတာ"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သော်ငြား ယဲ့ချန်းကြောင့်သာမဟုတ်ပါက ယနေ့ သူတို့ ဒုက္ခလှလှရောက်ရမည်ဖြစ်ကြောင်း ယဲ့ရှန်း အတပ်သိသည်။

သူ(မ)အနေနှင့် လီချန်းကို မယှဉ်နိုင်ကြောင်း ကောင်းကောင်းသိသည်။ သူ(မ)အဖေကလည်း ဒဏ်ရာရထားသေးသည်။

ယဲ့ချန်းသာ မရှိပါက သူတို့၏သိုင်းခန်းမလည်း အရှက်ကွဲရပေလိမ့်မည်။ ထိုအခါ ထိုက်ကျိနှင့် ဝူတန့်သိုင်းခန်းမများနှယ် ဟွားနိုင်ငံတစ်နိုင်ငံလုံးတွင် လှောင်ရယ်ခံရပေတော့မည်။

ယဲ့ချန်းလည်း ရန်အိုက်ဆေးရုံသို့ မောင်းလိုက်သည်။

ရန်အိုက်ဆေးရုံဟူသော သင်္ကေတကိုမြင်သောအခါ ရှီလဲ့၏မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားချေသည်။

"မစ္စတာယဲ့.. ထားလိုက်ပါတော့။ တခြားဆေးရုံကိုပဲ သွားရအောင်ပါ။ ဒီဆေးရုံက အရမ်းဈေးကြီးတယ်"

နာမည်ကြီးကျော်ကြားလှသော ရန်အိုက်ဆေးရုံမှာ သူ့လို လူတစ်ယောက် တတ်နိုင်သောနေရာမဟုတ်ပေ။

ယဲ့ချန်းက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့။ ဒီမှာ ကျွန်တော့်မိတ်ဆွေတွေရှိတယ်။ ဆေးကုသစရိတ်ကို လျှော့ပေါ့ပေးမှာပါ"

ရှီလဲ့က သိပ်မစွမ်းသော်လည်း ထိုအချိန်တုန်းက သူမနိုင်နိုင်မှန်း သိပါလျက်နှင့် ဝင်တိုက်ခိုက်ပေးခဲ့သည့် လုပ်ရပ်ကြောင့် ယဲ့ချန်း သူ့ကို လေးစားမိသည်။

ယဲ့ရှန်းက ပြောလိုက်၏။

"အိုး...ယဲ့ချန်း ရှင် ကျွန်မကို အများကြီးကူညီပေးထားတာ.. ဘယ်လိုကျေးဇူးဆပ်ရပါ့မလဲ"

ယဲ့ချန်းကတော့ ပြုံးရုံသာပြုံး၏။

"ကျေးဇူးဆပ်ချင်တယ်ဆိုရင် ငါ့ကို ကြယ်ငါးပွင့်ရီဗျူးသာ ပေးပါ"

"ကြယ်ငါးပွင့်ရီဗျူးလား။ ဒါပဲလား"

ယဲ့ရှန်း အံ့အားသင့်သွားရသည်။

တကယ်တမ်းတွင် ယဲ့ချန်းအနေနှင့် ထိုကြယ်ငါးပွင့်ရီဗျူးကို ဘာကြောင့်လိုအပ်ရသလဲဆိုတာ သူ(မ) မသိပေ။

သူ့ရည်ရွယ်ချက်က ဘဝ၏အထွတ်အထိပ်ကို တက်လှမ်းရန် ဖြစ်လေရာ ကြယ်ငါးပွင့်ရီဗျူးများကို စုဆောင်း၍ စွမ်းရည်များများရယူပြီး သူ့ကိုယ်သူ ပိုအင်အားတောင့်လာအောင် လုပ်ရမည်ဖြစ်၏။

ယဲ့ရှန်းလည်း ယဲ့ချန်းကို ကြယ်ငါးပွင့်ရီဗျူး ချက်ချင်းပေးလိုက်လေသည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့် (၂/၅)ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ အလယ်အလတ်အဆင့်ကုသရေးစွမ်းရည်ဖြစ်ပါတယ်]

အလယ်အလတ်အဆင့် ကုသရေးစွမ်းရည်?

ဒါဆို သူ့ရဲ့ကုသရေးစွမ်းရည်က အဆင့်မြှင့်လို့ရတယ်ပေါ့...

အလယ်အလတ်အဆင့် ကုသရေးစွမ်းရည်ဖြင့်ဆိုပါက ဆေးများဖော်စပ်ပြီး မပြင်းထန်သော ရောဂါများကို ကုသနိုင်သည်။

ဤဆုလာဘ်ကား ယဲ့ချန်းအတွက် အလွန်အသုံးဝင်လှသည်။ သူက ရန်အိုက်ဆေးရုံကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ နောင်အနာဂတ်တွင် လူနာများအတွက် ဆေးဖော်စပ်ပြီး ကုသပေးနိုင်သည်။

ယဲ့ချန်းနှင့် ယဲ့ရှန်းတို့လည်း ရှီလဲ့ကိုတွဲခေါ်လျက် လူနာဆောင်ထဲသို့ ဝင်လာလိုက်သည်။

စမ်းသပ်စစ်ဆေးပြီးနောက် ဆရာဝန်က တအံ့တသြမေးလိုက်သည်။

"လူနာရဲ့ဒဏ်ရာကို ဘယ်သူကုပေးထားတာလဲ"

ယဲ့ရှန်း အံ့အားသင့်သွားချေသည်။

"ပြဿနာတစ်ခုခုရှိလို့လား"

ဆရာဝန်ကလည်း ပြန်ဖြေလေသည်။

"ဒီဒဏ်ရာက အချိန်မီမကုသရင် လူနာရဲ့ခြေထောက်ကို ကယ်တင်လို့မရလောက်တော့ဘူး။ အချိန်မီကုသလိုက်နိုင်လို့ တော်သေးတာပေါ့။ ပတ်တီးစည်းပြီး တစ်လလောက်အနားယူလိုက်ရင် ကောင်းသွားမှာပါ"

"ကျေးဇူးတင်ပါတယ် ဒေါက်တာ"

ယဲ့ရှန်းလည်း ကျေးဇူးတင်စကားပြောလိုက်၏။

ထိုအခါ ယဲ့ချန်းက အနားသို့ ရောက်ချလာသည်။

"ရှောင်ရှန်း.. ငါ ဆေးကုသစရိတ် သွင်းပြီးသွားပြီ။ မင်းက အစ်ကိုရှီလဲ့နဲ့ ဒီမှာနေပေးလိုက်။ ငါ ပိုက်ဆံရှာဖို့ တက္ကစီသွားမောင်းလိုက်ဦးမယ်

ယဲ့ချန်း၏စကားကို ကြားသောအခါ ယဲ့ရှန်းခမျာ ပြောစရာစကားကင်းမဲ့သွားရသည်။

ရန်အိုက်ဆေးရုံတွင် စာရင်းသွင်းရုံမျှဖြင့် သိန်းဂဏန်းလောက်ကတော့ အသာလေးပေးရကြောင်း သူ(မ)သိသည်။ ယဲ့ချန်းကတော့ ဆေးရုံစရိတ်ကို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ ပေးချေလိုက်သည်။

တက္ကစီမောင်းတာက ဒီစရိတ်ကို ကာမိပါ့မလား?

သို့သော် ယဲ့ချန်းကတော့ သူတို့ကိုနှုတ်ဆက်၍ ချက်ချင်းထွက်သွားပေသည်။

ယဲ့ချန်း ဆေးရုံထဲမှ ထွက်လာချိန်၌ ရုတ်ရုတ်သဲသဲအသံများကို ကြားလိုက်ရ၏။

အသက်နှစ်ဆယ်စွန်းစွန်းမျှသာရှိသေးသော အမေတစ်ယောက်က ဆရာဝန်တစ်ယောက်ကို ဒူးထောက်တောင်းပန်နေသည်။

"​ဒေါက်တာလီ.. ကျွန်မသားလေးကို ကယ်ပေးပါဦး။ သူ့ကို ထိုးဆေးတစ်လုံးပဲ ထိုးပေးပါ။ သူ့အဖေ ပိုက်ဆံသွားရှာပါတယ်။ ကျွန်မတို့ သေချာပေါက် ပိုက်ဆံပေးမှာပါ"

သက်လတ်ပိုင်းအရွယ် ဆရာဝန်ကတော့ ခေါင်ယမ်းပြလိုက်ချေသည်။

"မိန်းကလေး..ကိုယ်ချင်းမစာလို့တော့ မဟုတ်ပါဘူး။ ဒီထိုးဆေးက တစ်လုံးကို ခုနစ်သိန်းကျော် ပေးရတယ်။ ငွေမချေဘူးဆိုရင် ကျုပ်တို့လည်း စာရင်းသွင်းပေးလို့မရဘူး။ ကျုပ် တာဝန်မယူနိုင်ဘူး"

"ထိုးဆေးတစ်လုံးကို ခုနစ်သိန်းတဲ့လား"

ထိုစကားကိုကြားသော် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

••••••••••••••••

All Chapters