← Chapters

တစ်ဆယ်ကျော်အလှည့်။ တိုက်ဆိုင်မှု။

Vol. 20 Ch. 286

တစ်ဆယ်ကျော်အလှည့်။ တိုက်ဆိုင်မှု။

Vol. 20 Ch. 286

ဆဋ္ဌမအလှည့်ပြိုင်ပွဲတွင် လော့ချန်နှင့် ချင်မယ်တို့၏တိုက်ပွဲမှလွဲ၍ ကျန်တိုက်ပွဲများသည် သိပ်မထူးခြားလှပေ။ တစ်ဖက်က အလျှော့ပေးလိုက်သည့်ပွဲများနှင့် ပြိုင်ဘက်နှစ်ဦးအကြား အဆင့်နှင့်စွမ်းအားကွာဟမှုကြီးမားလွန်းသဖြင့် ချက်ချင်းပင် တိုက်ပွဲပြီးဆုံးသွားသည့်ပွဲများသာ ဖြစ်သည်။

ထို့နောက် သတ္တမအလှည့်သို့ ရောက်လာသည်။

လော့ချန်သည် ထပ်မံ၍ မင်းသားတန်းမှ အဖွဲ့ဝင်တစ်ဦးနှင့် မဲကျပြန်သည်။

“ငါ အရှုံးပေးတယ်…”

လော့ချန် စင်ပေါ်တက်ရန် ပြင်ဆင်နေစဉ် ပြိုင်ဘက်က ရုတ်တရက် အလျှော့ပေးလိုက်ပီး သူ့ကို လုံးဝအခွင့်အရေးမပေးခဲ့ပေ။

လော့ချန်က ပုခုံးတစ်ချက်တွန့်လိုက်ပြီး ပြန်ထိုင်လိုက်ရသည်။

အဋ္ဌမအလှည့်။

နဝမအလှည့်။

သုံးကြိမ်ဆက်တိုက် လော့ချန်သည် မင်းသားတန်းမှ အဖွဲ့ဝင်များနှင့်သာ မဲကျခဲ့သည်။

သို့သော် ပြိုင်ဘက်များက လော့ချန်ကို မြင်သည်နှင့် စင်ပေါ်တက်ရန်ပင် မရဲဝံ့ကြပေ။ တစ်ဦးပြီးတစ်ဦး အလျှော့ပေးကာ ပြိုင်ပွဲမှ နှုတ်ထွက်သွားကြသည်။

ဤမြင်ကွင်းကို ကြည့်ရှုနေသူများက မအံ့သြလှပေ။

လော့ချန်နှင့် ချင်မယ်တို့၏ တိုက်ပွဲသည် အလျင်အမြန်ပြီးဆုံးသွားသော်လည်း လူနှင့်ဓားတစ်သားတည်းဖြစ်တည်မှု၏ ကြောက်မက်ဖွယ်စွမ်းအားကို ထင်ရှားစွာ ပြသခဲ့သည်။

ဓားချက်များက လျင်မြန်ပီး တိကျကာ ရက်စက်လှသလို အားနည်းချက်ကို တိကျစွာ ထိုးနှက်တိုက်ခိုက်နိုင်ခဲ့သည်။ ခွန်အားသန်မာမှုမရှိလျှင် အနည်းငယ်မျှ သတိလွတ်ခဲ့ပါက ဓားတချက်တည်းဖြင့် သေဆုံးသွားနိုင်သည်။

ပြိုင်ဘက်က ထပ်မံအလျှော့ပေးလိုက်သည်ကို မြင်လိုက်ရသောအခါ လော့ချန်က မင်းသားတန်းမှ လူအုပ်ကို ကြည့်လိုက်ပြီး လှောင်ပြုံးများဖြင့် ပြောလိုက်သည်။

“မင်းသားတန်းက လူငယ်ထူးချွန်တွေနဲ့ ပြည့်နေတယ်လို့ ပြောကြတယ်… အခုကြည့်ရတာ ဘာမှလည်း မဟုတ်ဘူး… အသုံးမကျတဲ့သိုင်းဝိညာဉ် နိုးကြားလာတဲ့ ငါနဲ့တောင် တစ်ချက်မှ မတိုက်ရဲဘူး… တကယ့်အသုံးမကျတဲ့သူတွေပဲ…”

လော့ချန်က ထီမထင်စွာ ရယ်လိုက်ပြီး အေးဆေးစွာ ပြန်ထိုင်လိုက်သည်။

“မိုက်ရိုင်းလိုက်တာ…”

ထိုနေရာ၌ ရှိနေသည့် မင်းသားတန်းမှ အဖွဲ့ဝင်များသည် မျက်နှာများ သံမဏိရောင်ပြောင်းသွားကာ ဒေါသတကြီးဖြစ်နေကြသည်။

အထူးသဖြင့် အလျှော့ပေးလိုက်သူများဆိုလျှင် မျက်နှာတစ်ခါ နီရဲလိုက်၊ တစ်ခါ ဖြူဖျော့လိုက်ဖြစ်နေကာ မည်မျှ ရှက်စရာကောင်းသည်မှာ ပြောပြ၍ပင် မရနိုင်လောက်ပေ။

သူတို့သည် အမြဲတမ်း သူတစ်ပါးကို နင်းချေလျက်သာ ရှိခဲ့သည်။

ဤမျှလောက် အရှက်ရဖွယ်ရာ အဖြစ်အပျက်ကို တစ်ခါမှ မကြုံဖူးခဲ့ပေ။

သို့သော် လော့ချန်၏ စွမ်းအားသည် သူတို့ကို ကြောက်ရွံ့ထိတ်လန့်စေသည်။ ပြန်လည်ရင်ဆိုင်ရန် မဝံ့မရဲဖြစ်နေကြပြီး အဆုံးအစမရှိသည့် အရှက်တရားကိုသာ ရင်ဘတ်ထဲ မြိုသိမ်းထားရသည်။

နောက်အလှည့်တွင် လော့ချန်သည် ထွက်သတ်ခွင့် မရခဲ့သော်လည်း စိတ်ဝင်စားဖွယ်တိုက်ပွဲတစ်ခုတော့ ရှိခဲ့သည်။

အဆင့် ၂၁ နေရာမှ ဒုန်းချင်းယွမ်နှင့် အဆင့် ၂၂ နေရာမှ တန်ရန်ကျယ်တို့၏ တိုက်ပွဲပင်ဖြစ်သည်။

ဒုန်းချင်းယွမ်သည် ဓားသမားတစ်ဦးဖြစ်ပြီး ဓားသိုင်းပညာတွင် ဓားနှလုံးအဆင့်မြင့်သို့ ရောက်ရှိနေသူဖြစ်သည်။ သူ၏ ဓားရိပ်ခွဲစွမ်းရည်သည် ပြီးပြည့်စုံလှပြီး ဓားတစ်ချက်ထုတ်လိုက်သည်နှင့် လေးဘက်လေးတန်တွင် အမှန်အမှားရောထွေးနေသော ဓားရိပ်များဖြင့် ပြည့်နှက်သွားကာ မျက်စိရှုပ်ထွေးစေပြီး ခုခံရန်မဖြစ်နိုင်သလောက်ဖြစ်သည်။

တန်ရန်ကျယ်သည် မင်းသားတန်းမှ အဖွဲ့ဝင်ဖြစ်ပြီး လက်နက်အဖြစ် လှံတိုနှစ်ချောင်းကို အသုံးပြုသည်။ သူ၏ လှံအကွက်များသည် အလွန်အင်အားပြည့်ဝပြီး လှည့်ပတ်လှုပ်ရှားမှုများသည် လေပြွန်ကဲ့သို့ သက်ဝင်လှုပ်ရှားနေသည်။ ရေပက်မဝင်နိုင်လောက်အောင် ခိုင်မာပြီး တိုက်ခိုက်မှုနှင့် ခုခံမှုတို့တွင် ကြောက်မက်ဖွယ်ရာ ပြည့်စုံလှသည်။ ဒုန်းချင်းယွမ်၏ ဓားရိပ်စွမ်းအင်များကို အကုန်လုံး ပိတ်ဆို့ထားနိုင်ခဲ့သည်။

သူတို့နှစ်ဦး၏ တိုက်ပွဲသည် အလွန်ပြင်းထန်လှပြီး သွားရာလမ်းတစ်လျှောက် စင်မြင့်သည် သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် အပေါက်ပေါက်နှင့် ဖျက်ဆီးခံလိုက်ရသည်။

အကွက်ပေါင်း သုံးရာကျော် ဖလှယ်ပြီးသည့်တိုင် နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး မနိုင်ခဲ့ပေ။

နောက်ဆုံးတွင် ဒိုင်လူကြီးဖြစ်သည့် အကြီးအကဲက အချိန်ကြာရှည်လွန်းသည်ကို မြင်ပြီး အနိုင်အရှုံးမဖြတ်နိုင်သဖြင့် သရေကျသည်ဟု ဆုံးဖြတ်လိုက်သည်။

ဒုန်းချင်းယွမ်နှင့် တန်ရန်ကျယ်တို့၏ တိုက်ပွဲပြီးဆုံးသွားသည်နှင့် နဝမအလှည့်လည်း ပြီးဆုံးသွားသည်။

ခဏအနားယူပြီးနောက် တစ်ဆယ်ကြိမ်မြောက်အလှည့်သို့ ရောက်လာသည်။

“တတိယစင်မြင့်။ လော့ချန်နှင့် တန်ရန်ကျယ်…”

လော့ချန်သည် ပြိုင်ဘက်က ထုံးစံအတိုင်း အလျှော့ပေးလိမ့်မည်ဟု ထင်ထားသော်လည်း တန်ရန်ကျယ်က ခဏမျှသာ ဝန်လေးနေပြီး ချက်ချင်းပင် တတိယစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြည့်ရှုသူများထံမှ အကြည့်များသည် တတိယစင်မြင့်ဆီသို့ တစ်ပြိုင်နက် ရောက်ရှိသွားကြသည်။ အကြည့်များထဲတွင် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်တကြီးဖြစ်နေမှုများလည်း ပါဝင်နေသည်။

“မင်းသားတန်းက လူတစ်ယောက်က လော့ချန်နဲ့ ထပ်တိုက်ရမယ်ပေါ့… ဘယ်သူက ပိုသာလဲဆိုတာ မသိဘူးနော်…”

“လော့ချန်က ချင်မယ်ကို ဓားတစ်ချက်နဲ့ အနိုင်ယူခဲ့တာ… တန်ရန်ကျယ်လည်း သူ့ရှေ့မှာ ခေါင်းမထောင်နိုင်ဘူးထင်တယ်… လူနဲ့ဓားတစ်သားတည်းဖြစ်တည်မှုကို နားလည်သဘောပေါက်ထားတဲ့ ဓားသမားတစ်ယောက်ရဲ့ စွမ်းအားက အဆင့်သစ်တစ်ခုကို ရောက်နေပြီ… တကယ်ဆို လူနဲ့ဓားတစ်သားတည်းဖြစ်တည်မှုကို နားလည်သဘောပေါက်ထားတဲ့ ဓားသမားမှသာ ဓားသိုင်းပညာမှာ တကယ့်အဆင့်တစ်ခုကို ရောက်တယ်လို့ ပြောလို့ရတာပဲ…”

“အဲ့လောက်တော့ မဖြစ်နိုင်ပါဘူး… လူနဲ့ဓားတစ်သားတည်းဖြစ်တည်မှုကို နားလည်တာက ထူးခြားတာမှန်ပေမဲ့ လော့ချန်က ထုံရွှမ်နယ်ပယ်ဒုတိယအဆင့်မှာပဲ ရှိသေးတာလေ… ဒါ့အပြင် တန်ရန်ကျယ်ရဲ့ လှံတိုနှစ်ချောင်းကလည်း အလကားမဟုတ်ဘူး… ခုခံမှုနဲ့ တိုက်ခိုက်မှုကြားမှာ ပြီးပြည့်စုံလှတယ်… အဆင့် ၂၁ နေရာက ဒုန်းချင်းယွမ်တောင် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ဘူး…”

“ဘာကို ခန့်မှန်းနေတာလဲ… ဘယ်သူက ဘယ်သူထက် သာမလဲဆိုတာ ချက်ချင်းပဲ သိရတော့မှာပဲ…”

လူအုပ်ကြီးထဲတွင် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ လော့ချန်ကို ထောက်ခံသူများလည်း မနည်းမနောရှိသလို တန်ရန်ကျယ်ကို အားပေးသူများလည်း မနည်းပေ။

လော့ချန်သည် စင်မြင့်ပေါ်သို့ တက်လာပြီး အရှိန်အဟုန်ကြီးမားလှသည်။

“လော့ချန်… လူနဲ့ဓားတစ်သားတည်းဖြစ်တည်မှုကို နားလည်သဘောပေါက်ထားတယ်ဆိုပြီး မင်းကိုယ်မင်း ဘာမှမထင်နဲ့… ငါ့ကို မတိုက်ပဲ အလျှော့ပေးလာအောင် လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူး…”

တန်ရန်ကျယ်က လော့ချန်ကို ကြည့်ရင်း အားတင်းပြီး အော်ပြောလိုက်သည်။ သို့သော် သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ချင်မယ်သည် ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်ကို သူမြင်ခဲ့ရသည်။ သူမကြောက်ဟု ဆိုလျှင် လုံးဝမဟုတ်ပေ။ သို့သော် မတိုက်ပဲ အလျှော့ပေးလိုက်ရခြင်းသည် အလွန်အမင်း အရှက်ရစရာဖြစ်သည်။

ထို့အပြင် သူသည် ထိပ်တန်းရာဦးစာရင်းတွင် အဆင့် ၂၂ နေရာတွင် ရှိနေသူဖြစ်သည်။ သူ၏ စွမ်းအားကိုလည်း ယုံကြည်မှုရှိပြီး လော့ချန်ကို မနိုင်နိုင်သည်ပင်ဖြစ်စေ အနည်းဆုံး အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်မည်ဟု တွက်ဆထားသည်။

တန်ရန်ကျယ်သည် ဆုံးဖြတ်ပြီးသားဖြစ်သည်။ ထွက်တိုက်သည်နှင့် အဆုံးဖြတ်အကွက်ကို သုံးမည်။ အကယ်၍ မနိုင်နိုင်ကြောင်း သိလိုက်ရလျှင် ချက်ချင်းပင် စင်မြင့်ပေါ်မှ ထွက်ခွာမည်ဖြစ်သည်။

ဤနည်းဖြင့် ရှုံးနိမ့်သည်ပင်ဖြစ်စေ မျက်နှာပျက်ရမည်မဟုတ်တော့ပေ။

“ဟား... ဟား... ဟား...”

လော့ချန်က သြရှရှအသံဖြင့် ရယ်လိုက်သည်။ ပြိုင်ဘက်၏ အကြံအစည်ကို သူကောင်းကောင်း ခန့်မှန်းမိသည်ဖြစ်ရာ သဘောကျစွာ ရယ်မောလိုက်သည်။

စိတ်ကူးကောင်းသည်ဟု ထင်ရသော်လည်း လူရွေးမှားသွားနိုင်ကြောင်း သူထည့်မတွက်မိခဲ့ချေ။

“တိုက်စမ်းပါ…”

အချည်းနှီးစကားများပြောမနေဘဲ လော့ချန်သည် မီးလျှံဓားကို ဆွဲထုတ်လိုက်သည်။ ဓားစွမ်းအင်၏ ထက်မြက်မှုသည် လေထုထဲတွင် ပျံ့နှံ့လာပြီး တိမ်တိုက်များကို လှုပ်ခတ်စေသည်။

ဤဓားစွမ်းအင်ကို ခံစားမိသည်နှင့် တန်ရန်ကျယ်၏ နှလုံးသားထဲတွင် အကြောင်းမဲ့ တင်းကြပ်လာပြီး စင်မြင့်ပေါ်တက်လာမိသည်ကို အနည်းငယ် နောင်တရသလို ဖြစ်လာသည်။

ဤနောင်တရသည့်အတွေးသည် ချက်ချင်းပင် ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

“ငါ့အကွက်တစ်ချက်ကို ခံစမ်းပါ…”

အော်ဟစ်သံတစ်ခုနှင့်အတူ တန်ရန်ကျယ်သည် သူ၏ သိုင်းဝိညာဉ်ကို လွှတ်ထုတ်လိုက်သည်။ အရှိန်အဟုန်သည် ရုတ်တရက် ထိုးတက်သွားပြီး လှံတိုနှစ်ချောင်းကို ကိုင်စွဲထားရင်း ကောင်းကင်ယံသို့ ခုန်တက်သွားသည်။

“မီးလျှံလောင်မြိုက်…”

“ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…”

လေထုထဲတွင် တန်ရန်ကျယ်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး မျက်လုံးများက လော့ချန်ကို သော့ခတ်ထားသည်။ လှံတိုနှစ်ချောင်းသည် လေပြွန်ကဲ့သို့ လှုပ်ရှားလာပြီး ချက်ချင်းပင် လှံစွမ်းအင်ရာပေါင်းများစွာ ထွက်ပေါ်လာသည်။

လှံစွမ်းအင်တစ်ခုစီသည် အင်အားပြည့်ဝလှပြီး ကြယ်ကြွေများကဲ့သို့ လော့ချန်ရှိရာ နေရာအား လုံးလုံးလျားလျား ပိတ်ဆို့ထားသည်။

“အိုး… မီးလျှံလောင်မြိုက်အကွက်… တန်ရန်ကျယ်က ထွက်တိုက်တာနဲ့ အဆုံးဖြတ်အကွက်ကို သုံးလိုက်တာပဲ… ဒီအကွက်နဲ့ပဲ သူက ဒုန်းချင်းယွမ်ကို စင်ပေါ်က ပြုတ်ကျလုနီးနီးဖြစ်အောင် လုပ်ခဲ့တာလေ…”

ကြည့်ရှုနေသူများထံမှ အံ့သြသံများ ထွက်ပေါ်လာသည်။

တန်ရန်ကျယ်နှင့် ဒုန်းချင်းယွမ်တို့၏ တိုက်ပွဲတွင် ဤအကွက်သည် လူတိုင်းအပေါ် နက်ရှိုင်းသော အထင်ကြီးမှုကို ဖြစ်ပေါ်စေသည်။ ရှောင်ထွက်ရန် ခက်ခဲသည့်အပြင်၊ တစ်ခါသော့ခတ်ခံရလျှင် လှိုင်းတစ်ခုပြီးတစ်ခု အင်အားပြည့်ဝသော ထိုးနှက်မှုများကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ပြီး အနားယူချိန်မရှိသလောက်ဖြစ်သည်။

လူအုပ်ကြီး၏ ဆွေးနွေးသံများကြားတွင် လော့ချန်၏ မျက်နှာအမူအရာသည် အလွန်အေးဆေးတည်ငြိမ်နေသည်။ လှံစွမ်းအင်များ အနီးကပ်ရောက်လာသည့်အခါမှပင် သူသည် ဓားကို တစ်ချက် ဆွဲလိုက်သည်။

“ကောင်းကင်ယံဓားစွမ်းရည် ဒုတိယပုံစံ - တိမ်ယံတည်နေရာ…”

လော့ချန်၏ လက်မောင်းလှုပ်ရှားမှုနှင့်အတူ ဓားအလင်းတန်းများသည် ကောင်းကင်ယံတွင် ရွေ့လျားနေသော တိမ်တိုက်များကဲ့သို့ မသေချာမရေရာစွာ စီးမျောထွက်ပေါ်လာသည်။

“ချင်း… ချင်း…”

ဓားသံများနှင့်အတူ ကောင်းကင်ယံဖုံးလွှမ်းနေသော အင်အားပြည့်ဝလှသည့် လှံစွမ်းအင်များသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပြီး ကျန်ရှိသော ဓားစွမ်းအင်များသည် တန်ရန်ကျယ်ဆီသို့ လှိမ့်ဝင်သွားသည်။

“ဘာ…”

တန်ရန်ကျယ်သည် သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်ဖြစ်သွားသည်။ သူ၏ အဆုံးဖြတ်အကွက်သည် ဤမျှလောက် လွယ်ကူစွာ ဖျက်ဆီးခံလိုက်ရမည်ဟု မထင်ထားခဲ့ပေ။ ရင်ထဲတွင် ထိတ်လန့်မှုကြီးစိုးလာသည်နှင့်အမျှ သူသည် တိုက်ခိုက်မှုမှ ခုခံမှုသို့ ချက်ချင်းပြောင်းလဲလိုက်သည်။ လှံတိုနှစ်ချောင်းကို လှည့်ပတ်လှုပ်ရှားလိုက်ပြီး ရေပက်မဝင်နိုင်လောက်အောင် ခိုင်မာသော လုံးပတ်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။ အနီးကပ်ရောက်လာသော ဓားစွမ်းအင်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်ပြီး ထိုအရှိန်ဖြင့် စင်မြင့်ပြင်ပသို့ ခုန်ထွက်သွားသည်။

သူသည် စင်မြင့်ပေါ်မှ ထွက်ခွာနိုင်လျှင် လော့ချန်သည် သူ့ကို ဆက်လက်ထိုးနှက်နိုင်တော့မည်မဟုတ်ပေ။

“ဒီမှာ ဆက်နေခဲ့စမ်းပါ…”

လော့ချန်၏ မျက်ဆံများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး မီးလျှံဓားသည် လျှပ်စီးတစ်ခုကဲ့သို့ ရှေ့သို့ထပ်မံ တိုးဝင်သွားသည်။

တန်ရန်ကျယ်၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် ဓားအလင်းတန်းသည် ရေစက်မဝင်နိုင်လောက်အောင် ခိုင်မာသော လှံစွမ်းအင်လုံးပတ်ကို အနည်းငယ်မျှသာ ကွာဟချက်နေရာမှ ဖြတ်ထိုးသွားသည်။

“ဖူး…”

တန်ရန်ကျယ်၏ ဦးခေါင်းသည် ရုတ်တရက် လွင့်ထွက်သွားပြီး သွေးများ ဖျန်းထွက်သွားသည်။ သူ၏ မျက်လုံးများသည် အံ့သြထိတ်လန့်စွာ ပြူးကျယ်နေပြီး သူသေရမည်ဟု မယုံကြည်နိုင်သည့်ပုံစံဖြစ်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ… တန်ရန်ကျယ်ကို ဒီလောက်လွယ်လွယ်နဲ့ သတ်လိုက်တာလား…”

အပြင်စည်းတပည့်များဖြစ်သည့် ကြည့်ရှုနေသူများသည် အံ့သြထိတ်လန့်သွားကြပြီး ပါးစပ်များ အနည်းငယ်ဟသွားသည်။

တန်ရန်ကျယ်၏ စွမ်းအားသည် အားလုံးမြင်တွေ့ခဲ့ရသည့်အတိုင်း ထင်ရှားလှသည်။ သူ၏ အပြည့်အဝခုခံမှုအောက်တွင် လှံတိုနှစ်ချောင်းဖြင့် ဖန်တီးထားသော ခုခံမှုနံရံသည် လိပ်ခွံတစ်ခုကဲ့သို့ ခိုင်မာလှသည်။

အဆင့် ၂၁ နေရာမှ ဒုန်းချင်းယွမ်ပင်လျှင် သူ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ သို့သော် လော့ချန်ရှေ့တွင် ဤမျှလောက် အားမထည့်နိုင်ဘဲ ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

ထိုးထွင်းသိမြင်နိုင်သည့် ဉာဏ်ရည်ထက်မြက်သူများသည် မျက်နှာအမူအရာများ အံ့သြထိတ်လန့်နေကြပြီး ဤအကွက်ထဲတွင် လျှို့ဝှက်နက်နဲမှုကို သူတို့မြင်နိုင်ခဲ့သည်။ ထို့ကြောင့် ပိုမိုပြီး ထိတ်လန့်အံ့သြသွားကြသည်။

လော့ချန်၏ ထိုဓားတစ်ချက်သည် တန်ရန်ကျယ်၏ ခုခံမှုကွာဟချက်ကို တိုက်ရိုက်ဖြတ်ထိုးသွားခဲ့သည်။

သို့သော် လှံစွမ်းအင်များကြားတွင် ပုံစံမရှိ၊ အလျင်မတူညီသည့်အပြင်၊ ချက်ချင်းပင် အားနည်းချက်ကို ရှာဖွေပြီး ဓားစွမ်းအင်ကို ထိုကွာဟချက်ထဲမှ ဖြတ်ထိုးသွားစေရန်မှာ ဓားသမား၏ မျက်စိအာရုံ၊ စိတ်စွမ်းအား၊ အလျင်၊ တုံ့ပြန်မှုနှင့် အခွင့်အရေးကို ဆုပ်ကိုင်နိုင်မှုတို့သည် အလွန်တိကျသော အဆင့်သို့ ရောက်ရှိရန်လိုအပ်သည်။ အနည်းငယ်မျှ အမှားအယွင်းရှိလျှင် အားထုတ်မှုအားလုံး အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။

“တိုက်ဆိုင်မှုဖြစ်မယ်ထင်တယ်…”

တစ်ဦးက အံ့သြစွာ ပြောလိုက်သည်။

ဤမျှလောက် နည်းစနစ်သည် ဓားသိုင်းပညာတွင် နှစ်ပေါင်းများစွာ နှစ်မြှုပ်ထားသည့် ဓားသမားများပင်လျှင် လုပ်ရန်ခက်ခဲလှသည်။

ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးအနေဖြင့် ဤသည်မှာ တိုက်ဆိုင်မှုမဟုတ်လျှင် မဖြစ်နိုင်လောက်အောင် ထူးဆန်းလှသည်ဟု ဆိုရပေမည်။

အခန်း (၂၈၆) ပြီးပါပြီ။

All Chapters