← Chapters

ဓားဘုရင်၏နှလုံးသား

Vol. 20 Ch. 294

ဓားဘုရင်၏နှလုံးသား

Vol. 20 Ch. 294

လော့ချန်နှင့် ချန်ရွှမ်သည် နံပါတ်သုံးပြိုင်ကွင်းမှ ထွက်ခွာလာကြသည်။

“မောင်လေး... ဘာမှမဖြစ်ဘူးမဟုတ်လား...”

ချန်လင်းယူသည် အလျင်စလိုပင် လျှောက်လာရင်း မျက်ဝန်းထဲတွင် စိုးရိမ်မှုအပြင် အံ့အားသင့်မှုအရိပ်အယောင်များလည်း ပြည့်နှက်နေသည်။

လော့ချန်၏ စွမ်းအားသည် သူမအား နက်နက်ရှိုင်းရှိုင်း အံ့အားသင့်စေခဲ့သည်။

ရမ်ရှောင်ကွမ်အား အလျင်အမြန်အနိုင်ယူလိုက်သည်။ ထို့အပြင် ရမ်ရှောင်ကွမ်သည် သူ၏အကြီးမားဆုံးသော သွေးနေမင်းဖြတ်နည်းကို အသုံးပြုပြီးမှပင်ဖြစ်သည်။

ထို့ပြင် ချီဂူးယွမ်၏ ဓားတစ်ချက်ကို ပိတ်ဆီးနိုင်ပြီး ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

ဤဖြစ်ရပ်တစ်ခုချင်းစီသည် ပုံမှန်မဟုတ်သည့်အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု ဆိုနိုင်သည်။

ချန်လင်းယူသည် ယခုမှပင် သူမ၏ဤ ဆရာတူမောင်လေးသည် သတိမထားမိခင်ကတည်းက ဤမျှထိရောက်သောစွမ်းအားကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း သဘောပေါက်လိုက်ရသည်။

လော့ချန်သည် ခေါင်းခါလိုက်သည်။

“ဘာမှမဖြစ်ပါဘူး... ဆရာတူအစ်မကြီး စိတ်မပူပါနဲ့...”

ချန်လင်းယူသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။

“လော့ချန်... မင်းတကယ်ပဲ ချီဂူးယွမ်နဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ လုပ်ဖို့ စဉ်းစားထားတာလား...”

ချန်ရွှမ်အကြီးအကဲက ရုတ်တရက် မေးလိုက်သည်။

လော့ချန်က ပြုံးလိုက်ရင်း ပြန်မေးလိုက်သည်။

“ဆရာကြီး... အခုချိန်မှာ ကျွန်တော့အနေနဲ့ နောက်ဆုတ်ဖို့ လမ်းရှိသေးလို့လား...”

ချန်ရွှမ်အကြီးအကဲက လော့ချန်အား စူးစိုက်ကြည့်လိုက်ပြီး ခေါင်းခါလျက် သက်ပြင်းချသည်။

“မင်းက လူနဲ့ဓားတစ်သားတည်းဖြစ်တည်မှုကို ဒီလောက်မြန်မြန်နားလည်တာ မဆန်းပါဘူး... ဓားဆိုတာ လက်နက်တွေရဲ့ဘုရင်ပဲ... ဆူးပင်တွေကို ဖြတ်ထိုးပြီး ကမ္ဘာကို အုပ်စိုးတယ်... သဘာဝအရ နောက်ဆုတ်ဖို့ ခွင့်မပြုတတ်ဘူး... ဒီအချက်ကို ကြည့်ရင် မင်းမှာ ဓားဘုရင်ရဲ့နှလုံးသားရှိတယ်... ဒီစိတ်ဓာတ်ကို ဆက်ထိန်းထားနိုင်ရင် အဆင့်ဘယ်လိုပဲဖြစ်ဖြစ် ဓားပညာမှာ မင်းရဲ့အောင်မြင်မှုဟာ သေချာပေါက် ထိပ်ဆုံးရောက်လိမ့်မယ်...”

“ဒါက မင်းကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းပဲ... ငါမင်းကို ကူညီလို့မရသလို ကူညီဖို့လည်း မဖြစ်နိုင်ဘူး... ဒါပေမဲ့ မင်းနဲ့ ချီဂူးယွမ်ရဲ့တိုက်ပွဲမှာ ငါက အဋ္ဌမမင်းသား ကျင်းမင်ကို ကြည့်ထားပေးမယ်... အနိုင်အရှုံးဘယ်လိုပဲဖြစ်ဖြစ် ပြင်ပကလူတွေ ဝင်မပါအောင် တားထားပေးမယ်...”

“ဒါဆိုရင် လုံလောက်ပါပြီ... ဆရာကြီးကို ကျေးဇူးတင်ပါတယ်...”

လော့ချန်သည် ကျေးဇူးတင်စိတ်ဖြင့် လေးစားသော မျက်နှာထားကို ဖော်ပြလိုက်သည်။

ရိုးသားစွာပြောရလျှင် ဤအချက်သည် သူအများဆုံးစိုးရိမ်နေရသည့်အရာဖြစ်သည်။

ချီဂူးယွမ်သည် အဋ္ဌမမင်းသား ကျင်းမင်၏ ဝမ်းကွဲညီဖြစ်သည်။ အကယ်၍ သူသည် ချီဂူးယွမ်အား သတ်လိုက်ပါက ကျင်းမင်သည် လက်ပိုက်ကြည့်နေလိမ့်မည်မဟုတ်ပေ။

ဆရာကြီး ချန်ရွှမ်၏ ဤစကားများသည် သူ့စိတ်ကို တည်ငြိမ်အောင် လုပ်ပေးလိုက်သလို ဖြစ်သွားသည်။

“သနားစရာပဲ... ယွမ်မန်လီက တံခါးပိတ် ကျင့်ကြံနေရာက ထွက်မလာသေးဘူး... မဟုတ်ရင် မင်းအနေနဲ့ အဋ္ဌမမင်းသားကို လုံးဝ ကြောက်စရာမလိုဘူး...” ချန်ရွှမ်အကြီးအကဲက ဆက်လက်ပြောသည်။

လော့ချန်က အံ့အားသင့်သွားသည်။

“ယွမ်မန်လီ အစ်မကြီးက နှစ်နှစ်အနားယူမယ်မဟုတ်လား... ဒီလောက်မြန်မြန် ထွက်လာတော့မှာလား...”

“ဟဲဟဲ... ဘာမှမဟုတ်ပါဘူး... အများကြီးမတွေးနဲ့... အခုတော့ မင်းအနေနဲ့ လာမယ့်ပြိုင်ပွဲတွေမှာ ဘယ်လိုအနိုင်ယူရမလဲဆိုတာကိုပဲ စဉ်းစားထားလိုက်...”

ချန်ရွှမ်အကြီးအကဲသည် သူ့စကားများ အနည်းငယ် အစွန်းထွက်သွားမှန်း သတိထားမိသွားပြီး ထပ်မပြောတော့ပေ။

“ဟုတ်ကဲ့...”

လော့ချန်လည်း ထပ်မမေးတော့ပေ။

အစမှအဆုံးထိ သူသည် ယွမ်မန်လီထံမှ အကူအညီရယူရန် တစ်ခါမှမတွေးခဲ့ပေ။ လမ်းသည် သူ့အတွက်ဖြစ်ပြီး သူကိုယ်တိုင်သာ လျှောက်လှမ်းရမည်ဖြစ်သည်။

လော့ချန်နှင့် ချီဂူးယွမ်တို့၏ ပဋိပက္ခသည် တည်ငြိမ်သွားသော်လည်း ကွင်းထဲရှိလူများ၏ စိတ်ထဲတွင်မူ လှိုင်းလုံးများကဲ့သို့ တဝုန်းဝုန်းထန်နေသည်။

အဆင့် ၁၄ ရှိ ရမ်ရှောင်ကွမ်အား အလျင်အမြန်အနိုင်ယူလိုက်ခြင်းသည် အလွန်အံ့အားသင့်စရာဖြစ်ပြီး ထိပ်တန်းတပည့် တစ်ဆယ်အဆင့်နီးပါးရှိသည့် စွမ်းအားကို ပြသလိုက်သည်။

ထို့အပြင် လော့ချန်သည် ချီဂူးယွမ်အား တိုက်ရိုက်စိန်ခေါ်လိုက်သည်။ မင်းသားတန်းနှင့် အဆုံးထိရင်ဆိုင်သွားမည်မှာ ထင်ရှားသည်။

လူအားလုံးသည် လော့ချန်နှင့် ထိပ်တန်းတပည့် တစ်ဆယ်ဦးတို့၏ အထွတ်အထိပ်ရောက်တိုက်ပွဲကို မျှော်လင့်နေကြသည်။

အထူးသဖြင့် ချီဂူးယွမ်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ပို၍ပင်စောင့်မျှော်နေကြသည်။

ဤစိတ်လှုပ်ရှားမှုအောက်တွင် ကွင်းထဲရှိတိုက်ပွဲများကို လူအများက စိတ်ဝင်စားမှုနည်းပါးလာကြသည်။

ပြိုင်ပွဲသည်လည်း အလျင်အမြန်ပြီးဆုံးသွားပြီး ဒုတိယအုပ်စု၏ ပဉ္စမအဆင့်ပြိုင်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားသည်။

ထို့နောက် ဆက်လက်ပြီး ဆဋ္ဌမအဆင့်၊ သတ္တမအဆင့်၊ အဋ္ဌမအဆင့်၊ နဝမအဆင့်၊ ဒသမအဆင့်တို့ ဆက်လက်ပြီးဆုံးသွားသည်။

ဆက်လက်ပြီး ငါးပွဲဆက်တိုက်ပြိုင်ပွဲတွင် လော့ချန်၏ပြိုင်ဘက်များအားလုံး စွန့်လွှတ်အရှုံးပေးခဲ့ကြသည်။ ထို့ထဲတွင် မင်းသားတန်းမှ သုံးဦးလည်းပါဝင်သည်။

ဤမင်းသားတန်းမှ သုံးဦးထဲတွင် တစ်ဦးမှာ အဆင့်မနိမ့်ပေ။ အဆင့်တစ်ရာထဲတွင် အဆင့်ဆယ်နှစ်နေရာရှိပြီး ထိပ်တန်းတပည့်တစ်ဆယ်အတွက် ရေပန်းစားသူတစ်ဦးဖြစ်သည်။

သို့သော် ထိုသူသည် လော့ချန်အား တစ်ချက်မှ မကြည့်ဘဲ တိုက်ရိုက်အရှုံးပေးလိုက်သည်။

လော့ချန်သည် ချီဂူးယွမ်ဆီသို့ အကြည့်လွှဲလိုက်သည်။

ချီဂူးယွမ်ကလည်း သူ့ဘက်သို့ ပြန်ကြည့်လာပြီး မျက်နှာတွင် အေးစက်သောအပြုံးဖြင့် သတ်ဖြတ်လိုစိတ်အပြည့်အဝ ထွက်ပေါ်နေသည်။

“ဒါက ငါအဆင့်တက်မှာကို စိုးရိမ်လို့ မင်းသားတန်းကလူတွေကို တမင်အရှုံးပေးခိုင်းတာလား...”

လော့ချန်သည် သူ၏အကြံအစည်ကို သဘောပေါက်လိုက်ပြီး ခေါင်းခါပြီး ပြုံးလိုက်သည်။

ဤလူများကို သူစိတ်မဝင်စားပေ။

အများကြီးမတွေးတော့ဘဲ လော့ချန်သည် ချန်လင်းယူ၏ တိုက်ပွဲသို့ အာရုံစိုက်လိုက်သည်။

ဤအဆင့်တွင် ချန်လင်းယူရင်ဆိုင်ရသည့် ပြိုင်ဘက်မှာ အလွန်ခက်ခဲသူဖြစ်ပြီး အဆင့်တစ်ဆယ့်တစ်နေရာရှိ ကူးကျန်ဖြစ်သည်။

ကူးကျန်သည် အနက်ရောင်ဝတ်ရုံဝတ်ထားပြီး မျက်နှာထားမှာ ခိုင်မာတည်ကြည်သည်။ သူ၏လက်နက်မှာ လက်စွဲရတနာဓားတစ်လက်ဖြစ်သည်။

သူ၏စွမ်းအားမှာ အမှန်တကယ်ထူးကဲပြီး ဓားပညာအဆင့်မှာ ဓားနှလုံးပြည့်စုံမှုနီးပါးရှိသည်။ ဓားအကွက်တစ်ခုချင်းစီသည် တောင်တန်းကြီးများကဲ့သို့ အင်အားပြည့်ဝလှသည်။

ချန်လင်းယူလည်း သူမ၏စွမ်းအားအားလုံးကို ထုတ်သုံးလိုက်သည်။ သူမ၏လမင်းဘီးသိုင်းဝိညာဉ်မှ အလင်းတန်းများထွက်ပေါ်လာပြီး လက်သီးတစ်ချက်၊ ခြေထောက်တစ်ချက်တိုင်းတွင် ကျောက်စိမ်းအလင်းတန်းများပါရှိသည်။ သူမတစ်ကိုယ်လုံးသည် ရှေးဟောင်းစစ်သည်တော် အမျိုးသမီးတစ်ဦးကဲ့သို့ လှုပ်ရှားမှုများ သွက်လက်ပြီး အင်အားမှာ ပေါင်ထောင်ချီ ပြည့်ဝလှသည်။ ရမ်ရှောင်ကွမ်နှင့် တိုက်ပွဲတွင် သူမသည်လည်း တစ်ချို့သောစွမ်းအားများကို ဖုံးကွယ်ထားခဲ့သည်မှာ ထင်ရှားသည်။

သူတို့နှစ်ဦးသည် အကွက်ပေါင်းငါးဆယ်ကျော် အားပြိုင်ရိုက်ချက်များဖြင့် တိုက်ခိုက်ခဲ့ကြပြီး ပြိုင်ကွင်းမှာ ပြင်းထန်သော စွမ်းအင်လှိုင်းများကြောင့် အက်ကွဲရာများဖြင့် ပြည့်နှက်နေပြီး မူလပုံစံပျက်ယွင်းသွားသည်။ ထိုမြင်ကွင်းကို ကြည့်နေသူများ၏ သွေးသားများ ဆူပွက်လာသည်။

အဆုံးတွင် ချန်လင်းယူသည် ကူးကျန်ထံမှ အားနည်းချက်တစ်ခုကို ဖမ်းမိခံရပြီး အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် အကွက်တစ်ကွက်ဖြင့် အရှုံးပေးခဲ့ရသည်။

ချန်လင်းယူအရှုံးပေးလိုက်ရသည်နှင့်အတူ ဒသမအဆင့်တိုက်ပွဲသည် ပြီးဆုံးသွားသည်။

ဤအချိန်ထိ ဆယ်ပွဲဆက်တိုက်အနိုင်ရထားသူများမှာ လော့ချန်နှင့် ကူးကျန်သာ ကျန်ရှိတော့သည်။

“ဒီကူးကျန်က တော်တော်သန်မာတယ်ပဲ... ထိပ်တန်းတပည့် တစ်ဆယ်အဆင့်နီးပါးရှိတဲ့စွမ်းအားပဲ...”

“အင်း... သူ့ရဲ့စွမ်းအားက လော့ချန်နဲ့ယှဉ်ရင်လည်း သိပ်မကွာဘူး... ဓားအကွက်တစ်ခုချင်းစီမှာ မိုးကြိုးပေါင်ထောင်ချီအင်အားနဲ့ ထူးထွေပြင်းထန်တဲ့အားပြည့်မှုရှိတယ်... အကယ်၍ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရရင် လော့ချန်တောင် သူ့ကိုအနိုင်ရဖို့ မလွယ်ဘူး...”

“နောက်ဆုံးနှစ်ဆင့်ပဲကျန်တော့တယ်... သူတို့နှစ်ယောက် သေချာပေါက် ထိပ်တိုက်တွေ့ရလိမ့်မယ်... အဲဒီအခါကျရင် ဘယ်သူက ပိုထူးချွန်လဲဆိုတာ သိရလိမ့်မယ်...”

ကူးကျန်၏ စွမ်းဆောင်မှုသည် အလွန်ထူးချွန်ပြီး လူအများကို ဆွေးနွေးစရာဖြစ်လာစေသည်။

လက်ရှိတွင် ဆယ်ပွဲဆက်တိုက်အနိုင်ရထားသူတစ်ဦးအဖြစ် ကူးကျန်သည် လော့ချန်နှင့် နှိုင်းယှဉ်ခံရခြင်းမှာ မလွှဲမရှောင်သာဖြစ်သည်။

လူအများက သူတို့နှစ်ဦး၏တိုက်ပွဲကို မျှော်လင့်နေကြပြီး ကူးကျန်ကို ထောက်ခံသူများရှိသလို လော့ချန်ကို ထောက်ခံသူများလည်း မနည်းပေ။

ဆက်တိုက်အနိုင်ရလာသည့်အတွက် လော့ချန်သည် မည်သူမှ မထောက်ခံရာမှ ယခုအခါ လူကြိုက်များလာသည်။

အဆင့်တစ်ဆယ့်တစ်အဆင့်သို့ ရောက်ရှိလာသည်။

ဤအဆင့်တွင် လော့ချန်၏ပြိုင်ဘက်မှာ ချန်လင်းယူဖြစ်သည်။

“ငါအရှုံးပေးတယ်...”

ချန်လင်းယူသည် လော့ချန်ကို နှုတ်ခမ်းစူလျက် ပြောလိုက်သည်။

“ဒီနေ့ပြီးရင် မင်းကို ဆရာတူအစ်ကြီးလို့ ခေါ်ရတော့မယ်ထင်တယ်...”

မနှစ်သက်သလို မျက်နှာထားဖြင့် ချန်လင်းယူကို ကြည့်ရင်း လော့ချန်က ပြုံးလျက်ပြောသည်။

“ဆရာတူအစ်မကြီး... မင်းမကျေနပ်ရင် ကွင်းပေါ်တက်ပြီး နှစ်ယောက်သား ယှဉ်ပြိုင်ကြည့်မလား...”

ချန်လင်းယူ၏ မျက်နှာလေးမှာ အနည်းငယ်စိတ်ဆိုးသွားပြီး နီရဲသောနှုတ်ခမ်းကို ကိုက်ရင်း မဆီမဆိုင်ဟန်ဖြင့် ပြောလိုက်သည်။

“သွေးကြောနိုးကြားမှုနယ်ပယ်ကို ငါရောက်တဲ့အခါ စောင့်ကြည့်နေပေတော့...”

ချန်လင်းယူအရှုံးပေးလိုက်သည်နှင့်အတူ နံပါတ်လေးပြိုင်ကွင်း၏ တိုက်ပွဲလည်း ပြီးဆုံးသွားပြီး အနိုင်ရသူမှာ အဆင့်တစ်ဆယ်တစ်နေရာရှိ ကူးကျန်ဖြစ်သည်။

သူသည် ဓားနှစ်ချက်သာဖြင့် ပြိုင်ဘက်အား ပြိုင်ကွင်းအပြင်သို့ ရိုက်ထုတ်လိုက်သည်။

“ဒီကူးကျန်က တော်တော်ကောင်းတယ်ပဲ...”

လော့ချန်သည် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်ထိ ကူးကျန်သည် သူမြင်ဖူးသမျှ ဓားပညာအပြင်းထန်ဆုံးသူဖြစ်သည်။

ချန်လင်းယူက ချက်ချင်းပင် ပြောလိုက်သည်။

“သူ့ရဲ့ဓားပညာက အင်အားပြင်းထန်ရုံသာမက ထိန်းချုပ်မှုလည်း ပြည့်စုံတယ်... နောက်ပြီး မင်းနဲ့လည်း တူတယ်... အားနည်းချက်ကို တိုက်ခိုက်ဖို့ အထူးပြုတယ်... မင်းအနေနဲ့ သူ့ကို အနိုင်ရဖို့ မလွယ်ကူဘူး...”

သူမသည် လော့ချန်၏အနည်းငယ်ကျီစယ်မှုကို ခံလိုက်ရသဖြင့် ကူးကျန်ကို အသုံးပြုပြီး လော့ချန်အား ဖိနှိပ်လိုသည်။

“ဟုတ်လား...”

လော့ချန်က အေးဆေးစွာ ပြုံးလိုက်သည်။

ချန်လင်းယူ၏ အကြံအစည်လေးကို သူမသိဘဲ နေပါ့မည်လား။ သို့သော် သူလည်း ထိုအရာကို ထုတ်မပြောပေ။

အဆင့်တစ်ဆယ်တစ်တိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားပြီး ဒုတိယအုပ်စု၏ နောက်ဆုံးအဆင့်တိုက်ပွဲသို့ ရောက်ရှိလာသည်။

လော့ချန်၏ ပြိုင်ဘက်မှာ ကူးကျန်ဖြစ်သည်။

လူအားလုံး၏ အကြည့်များသည် သူတို့နှစ်ဦးဆီသို့ ရောက်ရှိလာပြီး မျှော်လင့်မှုအပြည့်ဖြင့် စောင့်ကြည့်နေကြသည်။

ကူးကျန်သည် ထရပ်လိုက်သည်။ လူအများက သူသည် ပြိုင်ကွင်းပေါ်သို့ တက်လှမ်းတော့မည်ဟု ထင်မှတ်နေချိန်တွင် သူက လော့ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

လော့ချန်၏ အေးဆေးတည်ငြိမ်သော မျက်နှာထားကို မြင်လိုက်ရသောအခါ ကူးကျန်သည် မျက်ခုံးတွန့်လျက် ခဏတွေးတောပြီးနောက် ပြောလိုက်သည်။

“ငါအရှုံးပေးတယ်...”

ဤစကားကြောင့် သူတို့နှစ်ဦး၏တိုက်ပွဲကို မျှော်လင့်နေသူများသည် များစွာ စိတ်ပျက်သွားကြသည်။

ကူးကျန်၏ဘေးတွင်ထိုင်နေသည့် အပြင်စည်းတပည့်တစ်ဦးက မနေနိုင်ဘဲ ပြောလိုက်သည်။

“စီနီယာကူး... ဒီလိုတိုက်ရိုက်အရှုံးပေးလိုက်တာ မင်းရဲ့ပုံစံမဟုတ်ဘူးလေ...”

ကူးကျန်က ခေါင်းခါလျက် မျက်နှာထားတင်းမာစွာ ပြောသည်။

“သူအခုထိပြသထားတဲ့ စွမ်းအားနဲ့ဆိုရင် ငါ့မှာ အနိုင်ရဖို့ နှစ်ဆယ် သုံးဆယ် ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေးရှိတယ်... တိုက်ပွဲတစ်ခုလောက်ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒါက သူ့ရဲ့စွမ်းအားအားလုံးမဟုတ်ဘူးမလား...”

ထိုအပြင်စည်းသားသည် အံ့အားသင့်သွားသည်။

“ဖြစ်နိုင်ပါ့မလား... သူ့မှာ တခြားစွမ်းအားတွေလည်း ဖုံးကွယ်ထားသေးတာလား...”

အခန်း ၂၉၄ ပြီးပါပြီ။

All Chapters