တိုက်စားခြင်းဗျူဟာ၊ သေခြင်း
Vol. 20 Ch. 299
လော့ချန်နှင့် ချီဂူးယွမ်တို့၏ ထိပ်တိုက်ရင်ဆိုင်နေသော အရှိန်အဟုန်ကို ခံစားမိရင်း လူအုပ်ကြီး၏ အကြည့်များသည် သူတို့နှစ်ဦးအပေါ်သို့ စုစည်းလာသည်။
"အိုး... ရိုးရိုးအရှိန်အဟုန် ထိပ်တိုက်ရင်ဆိုင်မှုတင် ဒီလောက်ပြင်းထန်နေတာလား..."
"ချီဂူးယွမ်က ယူယွဲ့ကို ဓားတစ်ချက်နဲ့ အနိုင်ယူခဲ့တာလေ။ လော့ချန်က ဒီလိုတောင် ရဲရဲဝံ့ဝံ့ စိန်ခေါ်နိုင်သေးတယ်။ ဒီသတ္တိကတော့ သာမန်မဟုတ်ဘူးဗျ..."
"သနားစရာပဲ။ လော့ချန်ရဲ့အဆင့်က နိမ့်လွန်းတယ်။ မဟုတ်ရင် သူတို့နှစ်ယောက်စလုံးက ဓားသမားတွေထဲမှာ ထိပ်တန်းသူတွေပဲ။ သေခြင်းရှင်ခြင်းတိုက်ပွဲဆိုရင် သေချာပေါက် စိတ်လှုပ်ရှားစရာဖြစ်မှာ..."
ချီဂူးယွမ်က ယူယွဲ့ကို အနိုင်ယူခဲ့သည့် ဓားတစ်ချက်က လူတိုင်းအား သူ၏စွမ်းအားကို ထင်ရှားစွာ မြင်တွေ့စေခဲ့သည်။
ထိပ်တန်းတပည့်ကြီးဆိုသည်မှာ အမှန်ပင် ထူးခြားသည်။ သူ၏စွမ်းအားသည် အခြားသူများထက် အဆပေါင်းများစွာ သာလွန်နေသည်။
ဤအချိန်ထိ လူအများစုက လော့ချန်တွင် ချီဂူးယွမ်နှင့် ယှဉ်ပြိုင်နိုင်သည့် အရည်အချင်းမရှိဟု ယူဆထားကြသည်။
"ဟမ်... မာနကြီးတဲ့ အသုံးမကျသူ..."
မင်းသားတန်းဘက်တွင် ထိပ်တန်းတပည့်ဆယ်ဦးထဲမှ အဆင့်ငါးနေရာရှိ ရှူးချီဖုန်းက မျက်နှာပေါ်တွင် အေးစက်စက်အပြုံးဖြင့် ပြောလိုက်သည်။
သူ့အမြင်တွင် လော့ချန်သည် ထူးရှန်ကို အနိုင်ယူနိုင်ခဲ့သည်မှာ ကံကောင်းခြင်းသာဖြစ်သည်။
ထူးရှန်က အလွန်အမှတ်မထင်လွန်းခဲ့သဖြင့် တစ်လှမ်းမမှန်သည်နှင့် အားလုံးမမှန်တော့ဘဲ သူ၏စွမ်းအားအပြည့်ရှိလျှင်တောင် ခုနစ်ဆယ်ရာခိုင်နှုန်းမျှပင် ထုတ်သုံးနိုင်ခြင်းမရှိခဲ့ပေ။ သူတို့နှစ်ဦး တကယ်ထိပ်တိုက်တွေ့ဆုံခဲ့ပါက ထူးရှန်သည်သေချာပေါက် မရှုံးနိုင်ပေ။ အနည်းဆုံးတော့ ဤမျှလောက် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားမည်မဟုတ်ပေ။
ချီဂူးယွမ်၏ မျက်နှာအရောင်မည်းနက်နေသည်ကို သတိပြုမိရင်း ရှူးချီဖုန်းက ပြောလိုက်သည်။
"စီနီယာချီ ဒီလောက်ဒေါသထွက်စရာမလိုပါဘူး... ဘာပဲဖြစ်ဖြစ် သူဟာ ဒီနေ့ကိုကျော်လွှားနိုင်မှာ မဟုတ်ပါဘူး..."
"ငါသိတယ်..."
ချီဂူးယွမ်က အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်နေသည့် မထိန်းနိုင်သော အသက်ရှူသံတစ်ခုကို ထုတ်လွှတ်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
ပြိုင်ပွဲသည် ဆက်လက်ပြီးဆုံးနေသည်။
ဆဌမအချီတိုက်ပွဲ။
လော့ချန်၏ပြိုင်ဘက်မှာ အဆင့်ကိုးနေရာရှိ လုချန်ဖြစ်ပြီး သူက တိုက်ရိုက်စွန့်လွှတ်ကာ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်။
ချီဂူးယွမ်က မဲနှိုက်ဆွဲထုတ်ရရှိလိုက်သည့် ပြိုင်ဘက်မှာ မင်းသားတန်းမှတပည့်တစ်ဦးဖြစ်ပြီး သူလည်း အလားတူ စွန့်လွှတ်လိုက်သည်။
ဤအချီတွင် ချန်လင်းယူ၏ပြိုင်ဘက်မှာ လင်ရှောင်ယွမ်ဖြစ်သည်။
သူတို့နှစ်ဦးသည် နာမည်ဂုဏ်သတင်းရော စွမ်းအားရော မိုးနှင့်မြေလောက် ကွာခြားနေသည်။
လူအုပ်ကြီးက ချန်လင်းယူသည် တိုက်ရိုက်စွန့်လွှတ်လိမ့်မည်ဟု ထင်မှတ်ထားကြသော်လည်း မထင်မှတ်ဘဲ သူတို့နှစ်ဦးစလုံးသည် အလိုက်သင့်အားဖြင့် တိုက်ပွဲစင်ပေါ်သို့ တက်လာကြသည်။
"ငါအရှုံးပေးပါတယ်..."
ခဏကြာသောအခါ ချန်လင်းယူက လက်မြှောက်လိုက်ပြီး စွန့်လွှတ်ကြောင်း အချက်ပြလိုက်သည်။
ဤမြင်ကွင်းကို မြင်တွေ့ရသူများစွာသည် အံ့အားသင့်ကာ ခေါင်းထဲတွင် မြူခိုးများဖုံးလွှမ်းနေသလို ခံစားရသည်။
ချန်လင်းယူသည် သူ၏ထိုင်ခုံသို့ ပြန်လည်ရောက်ရှိလာပြီး မျက်နှာအမူအရာမှာ အနည်းငယ်မည်းမှောင်နေသည်။ ရုတ်တရက် လော့ချန်ကို စူးစိုက်ကြည့်လိုက်ကာ မေးလိုက်သည်။
"လော့ချန်... မင်းတကယ်ပဲ ချီဂူးယွမ်နဲ့ တိုက်ပွဲဝင်မလို့လား..."
လော့ချန်က ခေါင်းညိတ်ပြလိုက်သည်။
ချန်လင်းယူသည် မျက်ခုံးများကို တွန့်ကွေးလိုက်ပြီး အသက်ရှူသံတစ်ခုကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ကာ ပြောလိုက်သည်။
"ဒါဆိုရင် မင်းစိတ်ပိုင်းဖြတ်ထားဖို့လိုမယ်... နောက်ထပ်ပြိုင်ပွဲတွေမှာ မင်းသာ မင်းသားတန်းရဲ့ ထိပ်တန်းတပည့်အဆင့်ငါးနေရာထဲက တစ်ယောက်ယောက်နဲ့ ဆုံမိရင် တိုက်ရိုက်စွန့်လွှတ်ပြီး စွမ်းအားထိန်းသိမ်းထားတာ အကောင်းဆုံးပဲ။ ဘယ်လိုဖြစ်ဖြစ် စိတ်လှုပ်ရှားပြီး အလျင်စလိုမလုပ်မိဖို့ သတိထားရမယ်..."
လော့ချန်က မျက်ခုံးတစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
"ဆရာတူအစ်ကိုကြီးက ပြောပြတယ်... ချီဂူးယွမ်ရဲ့ စွမ်းအားအဆင့်ဟာ နတ်ဘုံတံတားတည်ဆောက်ပြီး သွေးကြောနိုးကြားမှုနယ်ပယ်ရဲ့ တစ်ဝက်အဆင့်ကို ရောက်ရှိနေပြီတဲ့..."
"နတ်ဘုံတံတားတည်ဆောက်ပြီး သွေးကြောနိုးကြားမှုနယ်ပယ်တစ်ဝက်အဆင့်..."
ယွမ်ချီလန်နှင့် ထူးဖလီးတို့သည် အံ့အားသင့်သွားကာ မျက်လုံးများပင် ပြူးကျယ်လာသည်။
သူတို့သည် ဤအဓိပ္ပာယ်ကို နားလည်ပြီးသားဖြစ်သည်။
ချန်လင်းယူက ဆက်လက်ပြောသည်။
"ပြီးတော့ ချီဂူးယွမ်က ပြိုင်ပွဲမစခင် အမိန့်ပေးထားတယ်... မင်းသားတန်းရဲ့ ထိပ်တန်းတပည့်ဆယ်ဦးကို မင်းရဲ့စွမ်းအင်တွေကို တတ်နိုင်သမျှ အကုန်လုံးသုံးစွဲစေပြီးမှ သူကိုယ်တိုင်က မင်းကို သတ်ဖြတ်မယ်တဲ့..."
"ကိုယ်တိုင်သတ်ဖြတ်မယ်..."
လော့ချန်သည် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ ထူးရှန်က သူနှင့်ထိပ်တိုက်တွေ့ဆုံရာတွင် စွမ်းအားထိန်းသိမ်းထားခဲ့သည်မှာ အကြောင်းရင်းရှိသည်ကို ယခုမှ သိရှိလိုက်ရသည်။
တစ်အုပ်စုတည်းမှ ပြိုင်ပွဲသည် စုစုပေါင်း တဆယ့်နှစ်ပွဲရှိသည်။
တစ်ပွဲနှင့်တစ်ပွဲ အနားယူချိန်သည် အလွန်တိုတောင်းသည်။ ဒဏ်ရာများနှင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရန် ဆေးလုံးများသုံးနိုင်သော်လည်း ဆက်လက်တိုက်ပွဲဝင်နေရသည့်အခါ အချိန်တိုအတွင်း အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိရန်မှာ ခက်ခဲလှသည်။ တစ်လှမ်းချင်းစီ စိတ်ဓာတ်နှင့် စွမ်းအင်များ ကုန်ခမ်းလာပြီး စွမ်းအင်လည်း ဆုတ်ယုတ်လာသည်။
နောက်ဆုံးအချီများသို့ ရောက်သောအခါ တပည့်အချို့၏ အခြေအနေသည် ပုံမှန်အချိန်ထက် ခြောက်ဆယ်ရာခိုင်နှုန်းမျှပင် မရှိတော့ပေ။
ထိပ်တန်းတစ်ရာအဆင့်သတ်မှတ်ပွဲသည် တစ်ဦးချင်းစွမ်းအားသာမက တစ်ဦးချင်း၏ စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုကိုပါ စမ်းသပ်သည့်ပွဲဖြစ်သည်။
အကယ်၍ စွမ်းအားမသန်မာလျှင်၊ စိတ်ဓာတ်မခိုင်မာလျှင် အခြေအနေသည် လျင်မြန်စွာ ဆုတ်ယုတ်သွားမည်ဖြစ်သည်။
ယွမ်ချီလန်သည် အနည်းငယ် စိတ်လွတ်ထွက်သွားပြီး ပြန်လည်သတိရလာကာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"သူ့ရဲ့စွမ်းအားအဆင့်က သွေးကြောနိုးကြားမှုနယ်ပယ်တစ်ဝက်အဆင့်ကို ရောက်နေပြီ။ ဒီလောက်သန်မာနေတာတောင် ကောက်ကျစ်တဲ့နည်းနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေသေးတယ်..."
လော့ချန်က အနည်းငယ်ပြုံးလိုက်ပြီး ပြောသည်။
"သူက ငါ့ကို ဒီလောက်ထိ အထင်ကြီးနေမယ်လို့ မထင်ထားဘူး..."
ချန်လင်းယူသည် လော့ချန်၏မျက်နှာအမူအရာကို သတိပြုမိသည့်အခါ နှုတ်ခမ်းထောင့်တွင် ခါးသီးသောအပြုံးတစ်ခုပေါ်လာပြီး မျက်နှာတည်ကာ ပြောလိုက်သည်။
"လော့ချန်... ချီဂူးယွမ်နဲ့မတွေ့ခင် နောက်ပိုင်းမှာ မင်း စင်ပေါ်မတက်တော့ဘဲ အထွတ်အထိပ်အခြေအနေကို ထိန်းသိမ်းထားဖို့ အကောင်းဆုံးပဲ။ ဒါပေမဲ့ ဆရာတူအစ်ကိုကြီးက မင်းကို ဒီလိုပဲပြောခိုင်းတယ်... စိတ်လှုပ်ရှားပြီး အလျင်စလိုမလုပ်ဖို့။ ဘာမဆို အသက်ထက် အရေးကြီးတာမရှိဘူး..."
"သိပါပြီ..."
လော့ချန်က ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင် အေးစက်စက်ပြုံးနေသည်။
တိုက်စားခြင်းဗျူဟာတဲ့လား...
ကျောက်ဆောင်တစ်ခု မည်မျှပင် ခိုင်မာစေကာမူ ရေလှိုင်းများက တစ်လှိုင်းချင်းစီ ရိုက်ပုတ် တိုက်စားခြင်းဖြင့် အချိန်ကြာလာသည်နှင့်အမျှ ခိုင်မာလှစွာသော ကျောက်ဆောင်မှာ နောက်ဆုံးတွင် ပြိုလဲသွားမည်သာဖြစ်သည်။ တိုက်စားခြင်း၏ စွမ်းအားသည် ကျောက်တောင်ကြီးအား ကျောက်စရစ်ခဲဖြစ်သွားစေသည်မဟုတ်ပါလား...။
ပြိုင်ဘက်၏ အလုံးစုံအင်အားတစ်ခုချင်းစီကို လူအင်အားသုံးပြီး အဘက်ဘက်မှ ဖြည်းဖြည်းချင်း အမှည့်ခြွေ ခြွေကာ နောက်ဆုံး အားနည်းသွားသောအချိန်ရောက်မှ မိမိကိုယ်တိုင်ဝင်ရောက်ပြီး အလွယ်တကူ အပြတ်ရှင်းမည့် အကြံအစည်ပင်။
အခြားသူများဆိုလျှင် ထိုကဲ့သို့သော နည်းလမ်းကို ကြောက်ရွံ့ကြပေမည်။ သို့ရာတွင် သူကတော့ မကြောက်ရွံ့ပေ။ သူ့အား ထိုသို့ တိုက်စားရန် ရန်သူဘက်တွင် အချိန်နှင့်အင်အား လုံလောက်မှဖြစ်မည်။
သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်လေပြွန်ကိုးခုရှိနေပြီး စွမ်းအင်ပမာဏမှာ အံ့အားသင့်ဖွယ်ရာဖြစ်သည့်အပြင် ပြန်လည်ဖြည့်တင်းနိုင်သည့် အမြန်နှုန်းမှာလည်း အလွန်မြန်ဆန်လှသည်။ ယခုအချိန်ထိ သူသုံးစွဲထားသည့် စွမ်းအင်မှာ တစ်ဆယ်ရာခိုင်နှုန်းမျှပင် မရှိသေးပေ။
စိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုများကို ပြောရလျှင် ယခုအချိန်ထိ သူသည် အမှန်တကယ် အလေးထား အားထုတ်ခဲ့ခြင်း မရှိသေးသဖြင့် ဆုတ်ယုတ်မှုအကြောင်း ပြောရန်ပင် မလိုအပ်ပေ။
တစ်ပွဲပြီးတစ်ပွဲ စတင်ပြီး ပြီးဆုံးသွားသည်။
မကြာမီတွင် သတ္တမအချီပြိုင်ပွဲစတင်လာသည်။
"အမှတ် ၄ စင်မြင့်... လော့ချန်နှင့် ရှူးချီဖုန်း ..."
အမှတ် ၄ စင်မြင့်၏ ဒိုင်လူကြီးဖြစ်သော အကြီးအကဲသည် နက်ရှိုင်းစွာ အသက်ရှူသွင်းလိုက်ပြီးမှ ယှဉ်ပြိုင်မည့်နှစ်ဦးစလုံး၏ အမည်များကို ကြေညာလိုက်သည်။ သူ၏အသံမှာ အလွန်ရှည်လျားစွာ ဆွဲထုတ်ထားသည်။
ရှူး...
ထိုခဏအတွင်း ကွင်းပြင်တစ်ခုလုံး၏ အငွေ့အသက်မှာ ဆူညံပွက်လောရိုက်လာပြီး အကြည့်များစွာသည် လော့ချန်နှင့် ရှူးချီဖုန်းတို့အပေါ်သို့ ကျရောက်လာသည်။
လော့ချန်သည် ထူးရှန်ကို သတ်ဖြတ်ခဲ့သည်ကို လူတိုင်းက သူ့တွင် ထိပ်တန်းတပည့်ဆယ်ဦးထဲမှ အဆင့်ငါးနေရာအတွင်းရှိသူများနှင့် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားရှိသည်ဟု ခန့်မှန်းထားကြသည်။
သို့သော် ခန့်မှန်းချက်သည် ခန့်မှန်းချက်သာဖြစ်သည်။ ယခုအခါတွင် သူသည် ထိပ်တန်းတပည့်အဆင့်ငါးနေရာအတွင်းရှိသူတစ်ဦးနှင့် ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
ရှူးချီဖုန်းသည် ထိပ်တန်းတပည့်ဆယ်ဦးထဲတွင် အဆင့်ငါးနေရာရှိပြီး သူ၏ခြေလှမ်းနည်းပညာမှာ လျှို့ဝှက်ဆန်းကြယ်ကာ အပြင်စည်းတွင် 'မြက်ပေါ်ပျံသန်းသူ' ဟူသည့် ဂုဏ်ပုဒ်ဖြင့် ထင်ရှားသည်။ ယခင်က အဆင့်ခုနစ်နေရာရှိ လင်ချီတုန်းနှင့် တိုက်ပွဲတွင် ကိုးကွက်သာဖြင့် အနိုင်ယူခဲ့ပြီး လင်ချီတုန်းသည် သူ၏အင်္ကျီစွန်းပင် ထိတွေ့ခွင့်မရခဲ့ပေ။ သူ၏စွမ်းအားမှာ အားလုံးမြင်တွေ့ထားသည့်အတိုင်း သန်မာလှသည်။
ထို့အပြင် ရှူးချီဖုန်းသည် မင်းသားတန်းမှ တပည့်တစ်ဦးဖြစ်သည်။
သူတို့နှစ်ဦး၏တိုက်ပွဲသည် သေချာပေါက် စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်မည်မှာ သေချာသလောက်ပင်။
ရှူး...
လေပြည်လေညင်းတစ်ခုက ဝဲပျံလာပြီး ရှူးချီဖုန်းသည် တစ်ချက်လှစ်ခနဲ ပုံရိပ်ဖမ်းမမိလောက်အောင် အမှတ် ၄ စင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။
"ဘယ်လောက်မြန်တဲ့ ခြေလှမ်းနည်းပညာလဲ... 'မြက်ပေါ်ပျံသန်းသူ' စီနီယာရှူးချီဖုန်းဆိုတာ နာမည်နဲ့ လိုက်ပါတယ်... သူ့ရဲ့ပုံရိပ်ဟာ လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ... အရိပ်အယောင်မရှိဘူး..."
အပြင်စည်းမှ တပည့်များသည် ရှူးချီဖုန်းသည် စင်မြင့်ပေါ်သို့ မည်သို့တက်လာသည်ကို မမြင်လိုက်ရသဖြင့် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ကြည့်နေကြသည်။
လော့ချန်သည် မျက်ခုံးတစ်ဖက်ကို ပင့်မြှောက်လိုက်သည်။ ခြေလှမ်းနည်းပညာနှင့် အမြန်နှုန်းပိုင်းဆိုင်ရာတွင် ရှူးချီဖုန်းသည် သူတွေ့ဖူးသည့်ပြိုင်ဘက်များထဲတွင် ထိပ်တန်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူ၏မြူခိုးရိပ်ခြေလှမ်းနှင့်လည်း အနည်းငယ်သာ ယှဉ်ပြိုင်နိုင်သည်သာဖြစ်သည်။
ထလိုက်ပြီး လော့ချန်သည် စင်ပေါ်သို့ တက်ရန်ပြင်ဆင်လိုက်သည်။
"လော့ချန်... မင်းဘာလုပ်နေတာလဲ... စွမ်းအားထိန်းသိမ်းထားမယ်လို့ မပြောထားဘူးလား..."
ချန်လင်းယူက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။
"စိတ်ချပါ... ငါ့မှာ သတ်မှတ်ထားတဲ့စည်းမျဉ်းရှိတယ်။ ပြီးတော့ ဒီတိုက်ပွဲဟာ မြန်မြန်ဆန်ဆန်ပဲ ပြီးသွားလိမ့်မယ်..."
လော့ချန်က အေးဆေးစွာ ပြုံးလိုက်ပြီး ခြေထောက်ဖြင့် မြေပြင်ကို တစ်ချက်ထိကာ မြူခိုးရိပ်ပုံရိပ်များကို ဆွဲထုတ်လိုက်ရင်း ချက်ချင်းဆိုသလို ရှူးချီဖုန်း၏ရှေ့တွင် ပေါ်လာသည်။ သူ၏မြင့်မားသော ခြေလှမ်းနည်းပညာသည် လူအုပ်ကြီးထံမှ အံ့အားသင့်သံများကို ဖြစ်ပေါ်စေသည်။
ဤမြင်ကွင်းကိုမြင်သောအခါ ရှူးချီဖုန်း၏ မျက်ခုံးများသည် အနည်းငယ်တုန်ယင်သွားပြီး အေးစက်စွာပြုံးကာ ပြောလိုက်သည်။
"ခြေလှမ်းနည်းပညာက မဆိုးဘူး... ဒါပေမဲ့ ငါ့ကို ရင်ဆိုင်နိုင်ဖို့ဆိုရင်တော့ ထပ်ကြိုးစားလိုက်အုံး..."
စကားသံမဆုံးခင်မှာပင် ရှူးချီဖုန်း၏ပုံရိပ်သည် တစ်ချက်လှစ်ခနဲဖြစ်ပြီး လူရိပ်ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင်။
ရှူးချီဖုန်းသည် လော့ချန်၏နောက်ကျောဘက်တွင် ဆန်းကြယ်စွာ ပေါ်လာပြီး သူ၏လက်ထဲရှိ ကျောက်စိမ်းယပ်တောင်ကို ဖွင့်လိုက်ကာ လော့ချန်ဆီသို့ အံ့မခန်းလမ်းကြောင်းတစ်ခုဖြင့် လှည့်ဖြတ်လိုက်သည်။
လော့ချန်သည် နောက်ကိုလှည့်မကြည့်သော်လည်း မီးလျှံဓားက ဓားအိမ်ထဲမှ ရုတ်တရက်ထွက်ကာ နောက်ကျောဘက်သို့ ပိတ်ဆို့လိုက်သည်။
“ချင်း...”
ကျောက်စိမ်းယပ်တောင်နှင့် ဓားသည် ထိတွေ့တိုက်မိသွားပြီး ကြောက်မက်ဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းရဲ့ ခြေလှမ်းစွမ်ရည်ကလည်း ဒီလောက်ပဲလား..."
လော့ချန်က အေးဆေးစွာ ပြောလိုက်သည်။
ရှူးချီဖုန်း၏ မျက်နှာအရောင်သည် အနည်းငယ်အေးစက်သွားပြီး ပြောသည်။
"ဟဲ... ငါ့ရှေ့မှာ မင်းမှာ မာနကြီးစွာ ပြောဆိုပိုင်ခွင့်မရှိဘူး..."
ဘုန်း...
စကားသံမဆုံးခင်မှာပင် ရှူးချီဖုန်းသည် သူ၏သိုင်းဝိညာဉ်ကို တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။ ၎င်းသည် ကြယ်ခုနစ်ပွင့်တောက်ပနေသော အပြာရောင်လေဆင်နှာမောင်းတစ်ခုဖြစ်သည်။
သိုင်းဝိညာဉ်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှူးချီဖုန်း၏ အမြန်နှုန်းသည် ထပ်မံမြင့်တက်လာပြီး ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြန်သည်။
လော့ချန်သည် တည်ငြိမ်စွာရပ်နေပြီး ဘယ်ဘက်သို့ ဓားကို လှည့်ဖြတ်လိုက်သည်။
“ချင်း...”
မီးလျှံဓားသည် ကျောက်စိမ်းယပ်တောင်နှင့် ထပ်မံထိတွေ့သွားပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများက မြေပြင်ကို အက်ကွဲရာများဖြင့် ဖုံးလွှမ်းသွားစေသည်။
"မင်းဘယ်နှကွက်ထိ ပိတ်ဆို့နိုင်မလဲ ကြည့်ရအောင်..."
ရှူးချီဖုန်း၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏တိုက်ခိုက်မှုများသည် ပို၍ပြင်းထန်လာသည်။ အိပ်မက်ဆန်သော ယပ်တောင်ရိပ်များသည် အရပ်လေးမျက်နှာရှစ်ဖက်မှ လော့ချန်ကို ဖုံးလွှမ်းလာပြီး ယပ်တောင်ရိပ်များက လေစီးကြောင်းကို လှုံ့ဆော်ကာ နောက်ဆုံးတွင် သေးငယ်သော လေဆင်နှာမောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။
လော့ချန်က အေးစက်စွာ ပြုံးလိုက်သည်။ ပြိုင်ဘက်၏ အကြံအစည်ကို သူမသိဘဲနေမည်လား။ သူ၏စွမ်းအင်ကို ဤသို့ဖြင့် သုံးစွဲစေလိုခြင်းဖြစ်သည်။
ဤနည်းလမ်းသည် အတော်လေး အသုံးဝင်သော်လည်း မဖြစ်မနေ လူမှားရွေးမိသွားသည်။
အစကတည်းက သူသည် ပြိုင်ဘက်နှင့် အချိန်ဖြုန်းရန် မရည်ရွယ်ထားပေ။ အကြောင်းမှာ သူတို့၏စွမ်းအားများသည် အဆင့်တူမဟုတ်ပေ။
"သေစမ်း..."
သူ၏မျက်လုံးများထဲတွင် မိုးကြိုးတစ်ချက် ဖြတ်ပြေးသွားပြီး လော့ချန်၏ခန္ဓာကိုယ်မှ ထက်ရှသောအရိပ်အယောင်များသည် ဟန့်တားမရနိုင်သလို ဖြစ်လာသည်။ သူသည် ထက်မြက်သော ရတနာဓားတစ်လက်ကဲ့သို့ ဓားတစ်ချက်ကို ထိုးဖောက်လိုက်သည်။
“ဖျစ်... ဖျစ်... ဖျစ်...”
မိုးကြိုးပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အပြင်စည်းမှ တပည့်များသည် စိတ်ထဲတွင် အမည်မသိ ထိတ်လန့်စရာခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး မိုးကြိုးသံကို ကြားလိုက်သည့်အချိန်တွင် သူတို့၏မျက်လုံးရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခုသာ ဖြတ်ပြေးသွားသည်။ ကောင်းကင်မိုးကို ဖုံးလွှမ်းထားသည့် ယပ်တောင်ရိပ်များသည် ချက်ချင်းဆိုသလို ထိုးဖောက်ခံလိုက်ရသည်။
ရှူးချီဖုန်း၏ ပုံရိပ်လည်း ထိုနှင့်အတူ ပေါ်လာပြီး အံ့အားသင့်နေသည့် သူ၏မျက်လုံးများကြားတွင် တစ်လက်မအရွယ်ရှိ သွေးပေါက်တစ်ခုပေါ်လာသည်။
အခန်း ၂၉၉ ပြီးပါပြီ။