← Chapters

ဟွမ်ဖူကျန့်ထျန်း

Vol. 8 Ch. 106

ဟွမ်ဖူကျန့်ထျန်း

Vol. 8 Ch. 106

~ထျန်းကျိုးနယ်၏ တောင်ဘက်တကြော တောင်တန်းများတွင် ထျန်းယွင်ဂိုဏ်း တည်ရှိသည်။ မိုးထိအောင် မြင့်မားလှသော တောင်ထိပ်တစ်ခုပေါ်၌ ကြီးကျယ်ခမ်းနားလှသည့် နန်းတော်ကြီးတစ်ဆောင်ကို တည်ဆောက်ထား၏။

ထိုနန်းတော်ကြီးအား တောင်တန်းများက ဝန်းရံထားပြီး၊ တိမ်တိုက်များနှင့် မြူခိုးတို့ကလည်း နှစ်ပေါင်းများစွာ ရစ်သိုင်းကာ... နတ်ဘုံနန်းတစ်ခုအလား ထင်မှတ်မှားစရာ ဖြစ်နေတော့သည်။

ထျန်းယွင်ဂိုဏ်းသည်ကား ယန်ဟော် အင်ပါယာ၏ အခိုင်မာဆုံးသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။ ဂိုဏ်းအတွင်း၌ တပည့်ပေါင်း သောင်းနှင့်ချီ ရှိနေပြီး၊ ပညာရှင်များမှာလည်း တိမ်တိုက်များပမာ ပေါများလှပေ၏။

ထျန်းယွင်ဂိုဏ်း၏ နန်းတော်ဆောင်ငယ်တစ်ခုအတွင်း...။ ဤနေရာသည် ဟွမ်ဖူကျန့်ထျန်းအတွက် ထျန်းယွင်ဂိုဏ်းက သီးသန့်ပြင်ဆင်ပေးထားသော ကိုယ်ပိုင်အဆောင်ပင် ဖြစ်သည်။

သူ့အား ထားရှိသည့် အဆင့်အတန်းမှာ အလွန်မြင့်မားလှရာ၊ ထျန်းယွင်ဂိုဏ်းက ဟွမ်ဖူကျန့်ထျန်းအပေါ် မည်မျှ အလေးထားသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်လေသည်။

ဟွမ်ဖူကျန့်ထျန်း၏ ပါရမီမှာ အလွန်မြင့်မားလှပြီး၊ အဌမတန်းစား သိုင်းဝိညာဉ်၏ ပါရမီနှင့်ပင် နီးစပ်လုနီးပါး ရှိ၏။

သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း ယွမ်တန်ဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ကာ၊ သူ၏ စွမ်းအားမှာ အကြွင်းမဲ့ အစွမ်းထက်လှပေသည်။

ထျန်းယွင်ဂိုဏ်း၏ တပည့်များစွာထဲတွင်၊ ဟွမ်ဖူကျန့်ထျန်း၏ စွမ်းအားအဆင့်မှာ ထိပ်ဆုံး သုံးယောက်စာရင်းဝင် ဖြစ်သည်။ ပထမအဆင့်၌ ရှိနေသူမှာကား ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ငယ် 'ကူအောက်ထျန်း' ဖြစ်၏။

သူသည် ဟွမ်ဖူကျန့်ထျန်းထက် အသက်အနည်းငယ် ပိုကြီးပြီး၊ ယွမ်တန်ဘုံ သတ္တမအလွှာ ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ သူ၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှတော့သည်။

ဟွမ်ဖူကျန့်ထျန်းသည် တံခါးဝတွင် ရပ်လျက် ကောင်းကင်သို့ မော့ကြည့်နေ၏။ သူ၏ မျက်နှာထားမှာ အေးစက်နေပြီး၊ မျက်ဝန်းများထဲ၌မူ... လူတို့အား တိုက်ရိုက် မကြည့်ဝံ့စေလောက်အောင် ရက်စက်ကြမ်းကြုတ်သော အကြည့်မျိုး ထွက်ပေါ်နေသည်။

ထိုအခိုက်၊ တပည့်တစ်ဦးက အကြောင်းကြားရန် ရောက်ရှိလာသည်။

"အစ်ကိုကြီး ဟွမ်ဖူ... ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ခန်းမဆောင်ထဲမှာ အစ်ကိုကြီးကို စောင့်နေကြပါတယ်"

ဟွမ်ဖူကျန့်ထျန်းက မျက်နှာသေဖြင့်ပင် မေးလိုက်သည်။

"ညီမလေး လင်အာ ပြန်ရောက်ပြီလား"

"မ... မရောက်သေးပါဘူး"

ထိုတပည့်လေးမှာ ကြောက်လန့်တကြား တုန်ယင်လျက် တုံ့ပြန်လိုက်၏။

ဝူရွှမ်းမြို့မှ သတင်းကို ထျန်းယွင်ဂိုဏ်း၏ တပည့်များအားလုံး ကြားသိပြီး ဖြစ်သည်။

ဤအခိုက်အတန့်တွင်၊ ဟွမ်ဖူကျန့်ထျန်း၏ ဒေါသကို လူတိုင်း သိရှိနေကြသည် မဟုတ်ပါလား။

တိုက်ပွဲပြီးဆုံးသွားသည်မှာ (၆) နာရီပင် ကျော်လွန်သွားခဲ့ပြီ။ မော့လင်အာက ထျန်းယွင်ဂိုဏ်းသို့ ပြန်မရောက်သေးသဖြင့် ဟွမ်ဖူကျန့်ထျန်းလည်း စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်လာသည်။

မော့လင်အာ၏ ကျင့်ကြံမှုအဆင့်ဖြင့် ဆိုလျှင်၊ ဝူရွှမ်းမြို့မှ ထျန်းယွင်ဂိုဏ်းသို့ ပြန်လာရန် အများဆုံး တစ်နာရီသာ ကြာမြင့်မည် ဖြစ်၏။

...အခု ဒီလောက်ကြာတဲ့အထိ ပြန်ရောက်မလာသေးဘူး...။ တစ်ခုခုများ ဖြစ်သွားပြီလား...။

"ညီမလေး လင်အာ ပြန်ရောက်တာနဲ့ ငါ့ကို အကြောင်းကြား"

ဟွမ်ဖူကျန့်ထျန်းက မှာကြားလိုက်ပြီးနောက် ခန်းမဆောင်ကြီးရှိရာသို့ လျှောက်လှမ်းသွားတော့သည်။

နန်းတော်ရင်ပြင်ကို ဖြတ်သန်းသွားစဉ်၊ တပည့်များစွာတို့က "အစ်ကိုကြီး ဟွမ်ဖူ" ဟု တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကြလေသည်။ ဤအချက်ကပင် ဟွမ်ဖူကျန့်ထျန်း၌ ထျန်းယွင်ဂိုဏ်းတွင် မြင့်မားသော သြဇာအာဏာ ရှိနေကြောင်းကို ဖော်ပြနေ၏။

အခြား နန်းတော်ဆောင်ငယ်တစ်ခု၏ တံခါးဝတွင်၊ တပည့်အချို့က ခန်းမဆောင်ကြီးဆီသို့ ဦးတည်သွားနေသော ဟွမ်ဖူကျန့်ထျန်းကို ကြည့်နေစဉ်၊ အမျိုးသားတစ်ဦးက တိုးတိုးလေး ကပ်ပြောလိုက်သည်။

ထိုစဉ်

"ဒီကိစ္စက ညီလေး ဟွမ်ဖူအပေါ် တော်တော်ကြီး ထိခိုက်သွားစေမှာ...။ ဒီရက်ပိုင်းအတွင်းတော့ သူ့ကို သွားမနှောင့်ယှက်ကြနဲ့ဦး"

ဟု တပည့်တစ်ဦးက ဝင်ပြောလာသည်။

"အစ်ကိုကြီး... ကျွန်တော် ကြားတာတော့ ဖုန်းဝူချန်ဆိုတာ အကယ်ဒမီရဲ့ အမည်ခံ ကျောင်းသားတစ်ယောက်ပဲ ဆိုလား...။ အသွင်ပြောင်းဘုံ နဝမအလွှာပဲ ရှိသေးတယ်တဲ့...။ အဲ့ဒီလူရဲ့ စွမ်းအားက မရိုးရှင်းဘူးဗျ...။ မဟုတ်ရင် ညီလေး ဟွမ်ဖူချင်း သူ့လက်ထဲမှာ သေစရာအကြောင်း မရှိဘူး"

"အစ်ကိုကြီး ဟွမ်ဖူကတော့ သူ့ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး...။ ငါတို့ ထျန်းယွင်ဂိုဏ်း တပည့်ကို ဘယ်သူကမှ လာသတ်လို့ မရဘူး" ဟု နောက်တပည့် တစ်ဦးက မဲ့ပြုံးပြုံးလျက် ဆို၏။

"ဖုန်းဝူချန်က အင်ပါယာရဲ့ စစ်သူကြီးချုပ်...။ အာဏာက အကြီးကြီးပဲ။ ဒီကိစ္စက ငါတို့ ဝင်ပြောဖို့ အရည်အချင်းမရှိဘူး။ ပါးစပ်ပိတ်ထားကြ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေမှာ သူတို့ရဲ့ အစီအမံတွေ ရှိပြီးသား ဖြစ်လိမ့်မယ်" ဟု၍ "အစ်ကိုကြီး" ဟု အခေါ်ခံရသော ထိုအမျိုးသားက လေသံအေးအေးဖြင့် ဆိုလိုက်သည်။

ဟွမ်ဖူကျန့်ထျန်း ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားချိန်၌၊ ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ အကြီးအကဲများအပြင် အခြားအဆင့်မြင့် ပုဂ္ဂိုလ်များပါ ခန်းမဆောင်ထဲတွင် အသင့် စောင့်ဆိုင်းနေကြလေပြီ။

ပင်မပလ္လင်ထက်၌ ထိုင်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ် 'ကူချင်းရွှမ်း' ပင် ဖြစ်သည်။ သူ၏ ကိုယ်မှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေ၏။ သူက ထိုစွမ်းအင်များကို တမင် ထိန်းချုပ်ထားသော်ငြား၊ အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုအရှိန်အဝါကို အတိုင်းသား ခံစားနေရသည်။

ကူချင်းရွှမ်းသည် ခမ်းနားထည်ဝါသော အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး၊ ဆံပင်ရှည်များကို စုစည်းထားကာ... ကြည့်ရသည်မှာ တော်တော်လေး ခန့်ညားလှပေသည်။ သူ၏ ကိုယ်မှ ပျံ့လွင့်ထွက်ပေါ်နေသော အငွေ့အသက်မှာ... ထျန်းယွမ်ဘုံ အဆင့်ပင်တည်း။

ကူချင်းရွှမ်း၏ ဘေး၌မူ ထျန်းယွင်ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ 'ကူချင်းရှန်း' ရှိနေ၏။ သူသည် ကူချင်းရွှမ်း၏ ညီတော်စပ်ပြီး၊ ယွမ်တန်ဘုံ အဋ္ဌမအလွှာ ကျင့်ကြံသူ ဖြစ်သည်။

ပလ္လင်၏ အောက်ဘက်တွင်မူ မဟာအကြီးအကဲ 'လူရှင်းချန်' ရှိနေသည်။ ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ဖြူဖွေးလျက် မျက်နှာထက်၌ အရေးအကြောင်းများ ထင်နေသော်လည်း၊ သူသည် အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်... ယွမ်တန်ဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေသည့် အစွမ်းထက် ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်၏။ ထိုမျှမက... ဆေးပညာရှင် တစ်ဦးလည်း ဖြစ်ပေသည်။

လူရှင်းချန်၏ ဂုဏ်သတင်းကို အင်ပါယာအတွင်း၌ မသိသူ မရှိပေ။ သူသည် အင်ပါယာ၏ နန်းတွင်း အကြံပေးကြီးကဲ့သို့ပင် အဆင့်အတန်း မြင့်မားလှ၏။

ဒုတိယ အကြီးအကဲ 'လိန်ရွှမ်းဖုန်း' မှာလည်း အဘိုးအိုတစ်ဦးပင် ဖြစ်ပြီး၊ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ယွမ်တန်ဘုံ သတ္တမအလွှာ ကျင့်ကြံသူ ဖြစ်သည်။ တတိယ အကြီးအကဲ 'ယိယွင်' မှာ ယွမ်တန်ဘုံ ဆဋ္ဌမအလွှာဖြစ်ပြီး၊ ထျန်းယွင်ဂိုဏ်း၏ အမှုဆောင် အကြီးအကဲ ဖြစ်ကာ... ထျန်းယွင်ဂိုဏ်း၏ အသေးအမွှား ကိစ္စရပ်ပေါင်းများစွာကို တာဝန်ယူ ကိုင်တွယ်ရလေသည်။

ဤလူအနည်းငယ်၏ ကြောက်မက်ဖွယ် ကျင့်ကြံမှုအဆင့်များကို အခြေခံ၍ ကြည့်ရုံမျှဖြင့်... ထျန်းယွင်ဂိုဏ်း၏ စွမ်းအားမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို မြင်နိုင်ပေသည်။ ထိုကိစ္စမှာ ထျန်းယွင်ဂိုဏ်းအတွင်း၌ ယွမ်တန်ဘုံ ပညာရှင်ပေါင်း ရာနှင့်ချီ ရှိနေသေးသည်ကို ထည့်မတွက်ရသေးပါ...။

"ဂိုဏ်းချုပ်၊ ကာကွယ်စောင့်ရှောက်သူ၊ အကြီးအကဲတို့ကို တွေ့ဆုံ ဂါရဝပြုပါတယ်ခင်ဗျာ"

ဟွမ်ဖူကျန့်ထျန်းက ရိုသေစွာ အရိုအသေပေးလိုက်သည်။

ကူချင်းရွှမ်းက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ကျန့်ထျန်း... မင်းက ထျန်းယွင်ဂိုဏ်းရဲ့ ပါရမီရှင် တပည့်တစ်ယောက်ပဲ။ ဂိုဏ်းက မင်းကို ဘယ်လောက် အလေးထားတယ် ဆိုတာ မင်းလည်း သိမှာပါ။ ဟွမ်ဖူမိသားစု ကိစ္စကို ငါတို့အားလုံး သိပြီးသားပါ။ ဒီလိုကိစ္စမျိုး ဖြစ်လာတာကို ငါတို့ထဲက ဘယ်သူမှ မလိုလားပါဘူး။ မင်းကို ဒီကို လာခိုင်းတာက မင်းရဲ့ သဘောထားကို သိချင်လို့ပဲ"

"ထျန်းယွင်ဂိုဏ်းက ပျိုးထောင်ပေး

ခဲ့တာတွေကို ကျန့်ထျန်းက အမြဲတမ်း အမှတ်ရနေမှာပါ။ ထျန်းယွင်ဂိုဏ်းသာ မရှိခဲ့ရင်... ဒီနေ့ ကျွန်တော် ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော် ဟွမ်ဖူကျန့်ထျန်းဟာ... ရှင်ရင် ထျန်းယွင်ဂိုဏ်းရဲ့ လူ... သေရင်လည်း ထျန်းယွင်ဂိုဏ်းရဲ့ တစ္ဆေပါပဲ"

ဟွမ်ဖူကျန့်ထျန်းက အလွန် ခိုင်မာစွာ ပြောဆိုလိုက်၏။

"ဟွမ်ဖူမိသားစုမှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ငါတို့လည်း တကယ်ကို ဝမ်းနည်းပါတယ်။ ပြီးတော့... ဒီကိစ္စက မင်းရဲ့ ကျင့်ကြံခြင်းကို ထိခိုက်သွားမှာကိုလည်း ငါတို့ စိုးရိမ်တယ်"ဟု ကာကွယ်စောင့်ရှောက်သူ ကူချင်းရှန်းက ဆိုသည်။

ဟွမ်ဖူကျန့်ထျန်း နှုတ်ဆိတ်နေသည်။

ဤကိစ္စသည် အင်ပါယာနှင့် ထျန်းယွင်ဂိုဏ်းတို့နှင့် သက်ဆိုင်နေ၏။ အကယ်၍ ဤကိစ္စကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက... အကျိုးဆက်များမှာ ဆိုးရွားလှပေလိမ့်မည်။

ကူချင်းရွှမ်းက ဟွမ်ဖူကျန့်ထျန်းကို ကြည့်လျက် ပြောလိုက်သည်။

"ကျန့်ထျန်း... ဒီကိစ္စမှာ ဟွမ်ဖူ မိသားစုက ဂရုမစိုက်ဘဲ ပြဿနာရှာခဲ့တာပဲ။ ဖုန်းကျိန့်ရှုံးက အသက် ငါးဆယ်ပြည့် မွေးနေ့ပွဲ လုပ်တာကို... ယန်မိသားစုနဲ့ မော့မိသားစုက ဒီအခွင့်အရေးကို အသုံးချပြီး ဖုန်းမိသားစုကို ရှင်းပစ်ဖို့ ကြံခဲ့တယ်။ ဟွမ်ဖူ မိသားစုက သူတို့ကို ကူညီခဲ့တာ...။ ဒါက... အမှန်တကယ်ပဲ 'အောက်ကလူက အထက်လူကို ပြန်ကြံစည်တဲ့' ပြစ်မှု မြောက်တယ်"

ဒါက 'အောက်ကလူက အထက်လူကို ပြန်ကြံစည်ခြင်း' ထက်ပင် ပိုဆိုးရွားလှသည် မဟုတ်ပါလား။ ထိုကိစ္စမှာ ဖုန်းမိသားစုကို အပြတ်ရှင်းပစ်ရန် ကြံစည်ခြင်းပင် ဖြစ်သည်။ ဖုန်းဝူချန်က ဟွမ်ဖူ မိသားစုကို ချက်ချင်း လူလွှတ်ပြီး ခြေမှုန်းမပစ်လိုက်သည်မှာ... တော်တော်လေး သဘောကောင်း ညှာတာရာပင် ရောက်နေလေပြီ။

"ဒါပေမဲ့ ဖုန်းဝူချန်က ငါတို့ ထျန်းယွင်ဂိုဏ်းရဲ့ တပည့်ကို သတ်ခဲ့တယ်...။ ဒီကိစ္စကိုတော့ ဘယ်လိုမှ လျစ်လျူရှုထားလို့ မရဘူး"

ဟု တတိယ အကြီးအကဲ ယိယွင်က တင်းမာစွာ ပြောသည်။

ထိုအခါ ဟွမ်ဖူကျန့်ထျန်းက လေးနက်စွာ တုံ့ပြန်လိုက်၏။

"ဂိုဏ်းချုပ်... ဒီကိစ္စမှာ ဟွမ်ဖူမိသားစုက အောက်ကနေ ပြန်ကြံစည်တဲ့ အမှားကို ကျူးလွန်ခဲ့ပြီး... 'လူအများစု' ကို စော်ကားမိတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့... 'လူအများစု' က ကျွန်တော့်ညီကို သတ်တယ်... ကျွန်တော့် ဟွမ်ဖူမိသားစုရဲ့ အကြီးအကဲကို သတ်တယ်။ ...ဒါကိုတော့ ကျွန်တော် ဘယ်လိုမှ သည်းခံနေမှာ မဟုတ်ဘူး"

ကျိုးကြောင်းဆင်ခြင်ရလျှင်... ထိုကိစ္စမှာ ဟွမ်ဖူမိသားစု၏ အမှားဖြစ်ကြောင်း ဟွမ်ဖူကျန့်ထျန်းလည်း သိသည်။

သို့သော်... မည်သို့ပင် ဆိုစေကာမူ... ဟွမ်ဖူချင်းမှာ သူ၏ ညီအရင်း ဖြစ်သည် မဟုတ်လား။ သူက မည်သို့လျှင် လက်ပိုက်ကြည့်နေနိုင်မည်နည်း။

ဂိုဏ်းချုပ်နှင့် အခြားသူများ စကားမစမီမှာပင် ဟွမ်ဖူကျန့်ထျန်းက ဆက်လက်၍…

"ဂိုဏ်းချုပ် စိတ်မပူပါနဲ့...။ ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင်ပဲ ဖြေရှင်းဖို့ စီစဉ်ထားပါတယ်။ ဒီကိစ္စက အင်ပါယာနဲ့ ထျန်းယွင်ဂိုဏ်းကြားမှာ ပြဿနာတွေ ဖြစ်လာစေနိုင်တာကိုလည်း ကျွန်တော် သိပါတယ်။ ...ကျားနှစ်ကောင် အချင်းချင်း တိုက်ခိုက်ကြရင်... ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတဲ့ အမှန်တရားကို ကျွန်တော် နားလည်ပါတယ်။ ...ဒီကိစ္စထဲကို ထျန်းယွင်ဂိုဏ်းကို ကျွန်တော် အပါမခံစေချင်ပါဘူး။ ဖုန်းဝူချန်ကို ရှင်းဖို့အတွက်... ကျွန်တော် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ လုပ်သွားပါ့မယ်"

"ကိုယ့်နည်းကိုယ့်ဟန်"

ကူချင်းရွှမ်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ဟွမ်ဖူကျန့်ထျန်း၏ စိတ်နေသဘောထားကို သူတို့ အလွန် နားလည်ကြသည်။

ယခုလို ကိစ္စရပ်မျိုး ဖြစ်ပွားလာသည့်အခါ... ဟွမ်ဖူကျန့်ထျန်းသည် ဘယ်တော့မှ လက်လျှော့မည် မဟုတ်ဘဲ... ဖုန်းဝူချန်ထံ လက်စားချေရန် သေချာပေါက် ကြိုးစားတော့မည် ဖြစ်သည်။

ကူချင်းရွှမ်းက မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး…

"ကျန့်ထျန်း... မင်း ဘာပဲလုပ်ချင်လုပ်ချင်... ငါတို့ မတားဘူး။ ဒါပေမဲ့ မင်းကို သေသေချာချာ စဉ်းစားစေချင်တယ်။ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ တည်တည်ငြိမ်ငြိမ် ရှိရမယ်။ ဒီကိစ္စကို 'လူအများစု' က... လွယ်လွယ်နဲ့ လက်ခံပေးပါ့မလား ဆိုတာ ငါတို့လည်း မသိဘူး"

"ဂိုဏ်းချုပ် စိတ်မပူပါနဲ့။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ သိပါတယ်"

ဟွမ်ဖူကျန့်ထျန်းက တုံ့ပြန်လိုက်သည်။

ဟွမ်ဖူကျန့်ထျန်း ခန်းမဆောင်ထဲမှ ထွက်ခွာသွားပြီးနောက်... ကူချင်းရွှမ်းနှင့် အခြားသူများ၏ မျက်နှာထားများမှာ အလွန်ပင် လေးနက် တည်ကြည် သွားကြတော့သည်။

"ထျန်းယွင်ဂိုဏ်းနဲ့ အင်ပါယာက အမြဲတမ်း အချင်းချင်း လေးစား မှုရှိခဲ့ကြတာ...။ တစ်ယောက်ရဲ့ ရေကို တစ်ယောက် မကျူးကျော်ခဲ့ကြဘူး။ ဒါပေမဲ့... ဖုန်းဝူချန်... ဒီကောင်စုတ်က... ငါတို့ ထျန်းယွင်ဂိုဏ်းကို လုံးဝ ထည့်တွက်မနေဘူး"

ထိုသို့ ယိယွင်က လေးနက်စွာ အပြစ်တင်လိုက်ပြီး... သူ၏ အိုမင်းသော မျက်လုံးများထဲ၌ ရက်စက်သော အရောင်တစ်ချက် လက်သွား၏။

ကူချင်းရှန်းက တွေးတွေးဆဆနှင့် ကောက်ချက်ချသည်။

"ဒီအမှားက ဖုန်းဝူချန်ဆီမှာ မရှိဘူး။ တကယ်လို့ ကျုပ်သာဆိုရင်... ဟွမ်ဖူ မိသားစုကို ရှင်းပစ်ဖို့ စစ်တပ်တောင် လွှတ်လိုက်လောက်ပြီ။ ဟွမ်ဖူချင်းက တော်တော် စိတ်လိုက်မာန်ပါ နိုင်လွန်းတယ်... အကျိုးအကြောင်း အကျိုးဆက်ကို လုံးဝ မစဉ်းစားဘူး"

"ကျုပ်... ဧကရာဇ်မြို့တော်ဆီ သွားလိုက်ဦးမယ်။ ဒီကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ရတာပဲ။ ဒါပေမဲ့... 'ဆရာဖုန်း' ဆိုတာကလည်း လွယ်လွယ်နဲ့ ကျေနပ်မယ့် လူစားမျိုး မဟုတ်ဘူး။ ...စိတ်တစ်ချက်နဲ့ လက်နက်ဖန်ဆင်းတဲ့ အဲ့ဒီ တန်ခိုးစွမ်းအားက... ဒီတိုက်ကြီးမှာ ရှိတဲ့ အစွမ်းထက် လက်နက် ပညာရှင်တွေတောင် လုပ်နိုင်ဦးမလား မသိဘူး"

ကူချင်းရွှမ်းက လေးနက်စွာ ဆိုလိုက်ပြီးနောက်... သူ၏ ပုံရိပ်မှာ နေရာ၌ပင် ပျောက်ကွယ်သွားတော့သည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာ နောက်ခံအရှိန်အဝါကို တွေးမိလိုက်ကြသည်နှင့်... ကူချင်းရှန်းတို့ အားလုံး တိတ်ဆိတ်သွားကြလေ၏။

ဂိုဏ်း၏ အင်အား ပိုမိုကြီးမားလေလေ... ပဉ္စမအလွှာ လက်နက်သန့်စင်သူ တစ်ဦး၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံကို သူတို့ ပိုသိလေလေ ဖြစ်သည်။ ထို့အပြင်... ဖုန်းဝူချန်မှာ ငယ်ရွယ်သော လူငယ်တစ်ဦးသာ ရှိသေးပြီး... သူ၏ အနာဂတ် အောင်မြင်မှုများမှာ အကန့်အသတ်မဲ့ပင်။ ထိုသို့သောသူနှင့် ရန်သူဖြစ်ခြင်းမှာ... ပညာရှိသော လုပ်ရပ်တစ်ခု လုံးဝ မဟုတ်သည်မှာ သေချာသည်။

"ညီလေး ဟွမ်ဖူ"

ဟွမ်ဖူကျန့်ထျန်း ခန်းမဆောင်ထဲမှ ထွက်လာစဉ် ရုတ်တရက် လူတစ်ဦးက သူ့အား လှမ်းတားလိုက်သည်။

"ဂိုဏ်းချုပ်ငယ်"

ဟွမ်ဖူကျန့်ထျန်းက ရိုသေစွာ နှုတ်ဆက်လိုက်၏။

လူငယ်တစ်ဦးက တပည့် ဒါဇင်ခန့်နှင့်အတူ လျှောက်လှမ်းလာသည်။ ရှေ့ဆုံးမှ အဖြူရောင် ဝတ်ရုံနှင့် အမျိုးသားမှာ ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ငယ် 'ကူအောက်ထျန်း' ပင် ဖြစ်ပြီး၊ သူ၏ နောက်တွင်မူ ထျန်းယွင်ဂိုဏ်း၏ ဝါရင့် မျိုးဆက် တပည့်များ လိုက်ပါလာကြသည်။

ကူအောက်ထျန်းက ဟွမ်ဖူကျန့်ထျန်း၏ ပခုံးကို ပုတ်လိုက်ရင်း…

"ညီလေး.. ငါ အပိုစကားတွေ မပြောတော့ဘူး။ အကူအညီလိုရင်... ချက်ချင်းသာ ပြောပါ"

"ဂိုဏ်းချုပ်ငယ်ကို ကျေးဇူးတင်ပါတယ်"

ဟွမ်ဖူကျန့်ထျန်းက ခေါင်းညိတ်လိုက်သည်။

"အစ်ကိုကြီး ဟွမ်ဖူ... ကျွန်တော်တို့လည်း ရှိတယ်"

အခြား တပည့်များကလည်း တစ်ယောက်တစ်ပေါက် ထောက်ခံကြသည်။

"ဒီကိစ္စမှာ ထျန်းယွင်ဂိုဏ်းကို ကျွန်တော် မပါစေချင်ဘူး။ ဖုန်းဝူချန်ကို ရှင်းဖို့ ကျွန်တော် ကိုယ့်နည်းလမ်းနဲ့ကိုယ်ပဲ သုံးမယ်။ ...သူသေ ကိုယ်သေပဲ"

ဟွမ်ဖူကျန့်ထျန်းက ထိုသို့ ဆိုရင်း ထျန်းယွင်ဂိုဏ်း၏ တောင်တံခါးဝဆီသို့ လျှောက်လှမ်းသွားတော့သည်။

ခန်းမဆောင်၏ တံခါးဝတွင်၊ ကာကွယ်စောင့်ရှောက်သူ ကူချင်းရှန်း၏ ပုံရိပ် ရုတ်တရက် ပေါ်လာသည်။

"ကျန့်ထျန်းက... အမုန်းတရားတွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီပဲ"

ဟု သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း...ရေရွတ်လိုက်တော့၏။

ထျန်းယွင်ဂိုဏ်းက အင်ပါယာနှင့် ရန်သူ မဖြစ်လို...။ အင်ပါယာကလည်း ထျန်းယွင်ဂိုဏ်းနှင့် ရန်သူ မဖြစ်လို...။ ဖုန်းဝူချန် ကိုယ်တိုင်ကလည်း ထျန်းယွင်ဂိုဏ်းနှင့် ရန်သူ မဖြစ်လိုပေ။

သို့သော်... ဟွမ်ဖူမိသားစုက ဖုန်းဝူချန်ကို ဘယ်တော့မှ အလွတ်ပေးမည် မဟုတ်သလို၊ ဖုန်းဝူချန်ကလည်း ဟွမ်ဖူမိသားစုကို သနားညှာတာတော့မည် မဟုတ်...။ အမုန်းတရားတို့သည်... ပို၍ ကြီးထွားလာရန်သာ ရှိတော့သည်တကား။

... ...

သတင်းများ အင်ပါယာသို့ ပြန်လည်ရောက်ရှိသွားသည့် အခါ...။

တော်ဝင်မိသားစု တစ်ခုလုံး တုန်လှုပ်ခြောက်ခြား သွားကြသည်။

နန်းတွင်း အကြံပေးနှင့် မင်းသား တို့ အလွန်အမင်း အမျက်ထွက်ခဲ့ကြ၏။

သူတို့ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။

...ဟွမ်ဖူမိသားစုက နောက်တစ်ကြိမ် ပြစ်မှု ကျူးလွန်ဝံ့ပါက... ဟွမ်ဖူမိသားစု တစ်ခုလုံးကို ရှင်းပစ်ရမည်...ဟူ၍။

ပဉ္စမအလွှာ ဆေးပညာရှင် တစ်ဦးနှင့် စတုတ္ထအလွှာ လက်နက်ပညာရှင် တစ်ဦး၏ ဒေါသကို မည်သူမျှ ခံနိုင်ရည် ရှိမည် မဟုတ်။ ထို့အပြင် သူတို့မှာ အင်ပါယာ၏ နန်းတွင်း အကြံပေးနှင့် မင်းသား ဖြစ်နေသေးသည်။

သူတို့၏ အဆင့်အတန်းဖြင့် ဆိုလျှင်... ဆက်သွယ်မှု ကွန်ယက်မှာ အလွန် ကြီးမားလှပြီး... မည်သူမျှ စော်ကားရဲမည် မဟုတ်ပေ။

ဧကရာဇ်မ ကိုယ်တိုင်ပင်လျှင် ဟွမ်ဖူမိသားစု၏ ပြစ်မှုကျူးလွန်သူများအပေါ် အတော်လေး အမျက်ထွက်လျက် ရှိသည်။

ထို့ကြောင့် မှူးမတ် အရာရှိများစွာတို့မှာ ကြောက်လန့်နေကြ၏။ ဟွမ်ဖူမိသားစုသည်... အင်ပါယာ၏ အာဏာစက်ကို မထီမဲ့မြင် ပြုလိုက်ခြင်းပင်တည်း။

သို့သော်... ဧကရာဇ်မင်းကြီးသည် ဟွမ်ဖူမိသားစုကို ရှင်းလင်း ဖျက်ဆီးရန် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိသေးပေ။

ဟွမ်ဖူမိသားစုနှင့် ထျန်းယွင်ဂိုဏ်း ကြားမှ ဆက်ဆံရေးကို ဧကရာဇ်က အသိဆုံး ဖြစ်သည်။

ဒါက ထျန်းယွင်ဂိုဏ်းကို မျက်နှာသာ ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု ထင်ရဖွယ် ရှိ၏။ ...မဟုတ်ပါက... ဟွမ်ဖူမိသားစုသည် ယနေ့အချိန်ထိ ရှိနေနိုင်တော့မည် မဟုတ်ပေ...။

နန်းတွင်း အကြံပေး ထုတ်ပြန်လိုက်သော အမိန့်သည်... ထျန်းကျိုးနယ် တစ်ခုလုံးရှိ အင်အားစု အားလုံးကို တုန်လှုပ်သွားစေသည်။ ဤအချက်က... အင်ပါယာသည် ဖုန်းဝူချန်အပေါ် မည်မျှ အလေးထားသည်ကို လုံလောက်စွာ ပြသနေလေသည်။

ဖုန်းမိသားစုကတော့ လုံးဝ စိတ်အေးသွားကြတော့သည်။ နန်းတွင်း အကြံပေး၏ အမိန့်ကြောင့်... အနည်းဆုံးတော့... ဟွမ်ဖူ မိသားစုသည် ဖုန်းမိသားစုကို အချိန်တိုအတွင်း လာရောက် တိုက်ခိုက်တော့မည် မဟုတ်ပေ။

(၇) ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြန်သည်။ ဖုန်းဝူချန်လည်း သူ၏ ကျင့်ကြံခြင်း လုပ်ငန်းစဥ်ထဲမှ ထွက်လာခဲ့လေပြီ။

ယနေ့... သူသည် အကယ်ဒမီသို့ သွားရောက်၍ အတန်းသစ် ကျောင်းသားများ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ရှင်းထျန်းဖုန်းကို လူအများအပြားက သဘောတူထားပြီး ဖြစ်ရာ... ဖုန်းဝူချန်ကလည်း သူ၏ ကတိကို သဘာဝအတိုင်း မဖျက်နိုင်ပေ။ ထို့အပြင်... ဖုန်းဝူချန် ကိုယ်တိုင်ကလည်း အကယ်ဒမီ၏ ကျောင်းသား တစ်ဝက် ဖြစ်နေသေးသည် မဟုတ်ပါလား။

လင်ရှောင်ရှောင်၊ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့လည်း အတူတူ လိုက်ပါလာခဲ့ကြသည်။

ထျန်းယန် အကယ်ဒမီမှ ကျောင်းသားများသည်... "အမည်ခံ" ကျောင်းသားများ၏ စွမ်းအားကို မြင်တွေ့ရန် မျှော်လင့်တကြီး ဖြစ်နေကြသည်။

အကယ်ဒမီက သတင်းများကို ပိတ်ဆို့ထားလေ၏။ ကျောင်းသားများမှာ ဖုန်းဝူချန်၏ တကယ့် နောက်ခံ အရှိန်အဝါကို မသိကြ...။

သူတို့ သိထားသည်မှာ... ဖုန်းဝူချန် ဆိုသူသည် ဝူရွှမ်းမြို့မှ ဒုတိယတန်းစား သိုင်းဝိညာဉ်ကို နိုးထလာခဲ့သည့် "အမှိုက်" တစ်ယောက် ဆိုသည်ကိုသာ...။

တော်ဝင်မိသားစုမှ မင်းသား တစ်ပါးတည်းကသာ... ဖုန်းဝူချန်၏ အစစ်အမှန် အရှိန်အဝါကို သိရှိထားလေသည်။

ထျန်းယန် အကယ်ဒမီမှ ပါရမီရှင် ကျောင်းသားများ၏ စွမ်းအားမှာလည်း မသေးလှပေ။ ဖုန်းဝူချန်ကလည်း ထိုပါရမီရှင်များနှင့် တိုက်ခိုက်ရန် မျှော်လင့်နေမိသည်...။

အင်ပါယာ၏ ပထမ မင်းသား ဖြစ်နေသည်ထက် စာလျှင်...။

ဖုန်းဝူချန် သိထားသလောက်... အင်ပါယာ၏ ပထမ ပါရမီရှင် မင်းသားမှာ... ယွမ်တန်ဘုံ ဒုတိယအလွှာသို့ပင် ရောက်ရှိနေလေပြီ။

All Chapters