သရုပ်မှန် ပေါ်ပေါက်ခြင်း
Vol. 1 Ch. 99
စုလောရွှယ်၏ စိတ်ရှည်လက်ရှည် ရှင်းပြမှု အဆုံးတွင် ကျန်းရီသည် အခြေအနေ တစ်ခုလုံးကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူသည် နားထောင်နေစဉ်တွင် စိတ်လှုပ်ရှား နေခဲ့သည်။
သူရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမကို သွားခဲ့သော နေ့က စိတ်ထဲတွင် တစ်ခုခုကို သဘောပေါက်သွားခဲ့သည်ဟု ထင်နေခဲ့သော်လည်း အရာရာသည် ဝိုးတဝါးသာ ဖြစ်သည်။ သူသည် သတ်ဖြတ်ခြင်း တာအိုကို သဘောပေါက် သွားလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် မျှော်လင့် မထားခဲ့ပေ။ သူသည် ကြောက်စရာ အကောင်းဆုံး အခြေအနေတွင် ထိုအရာကိုသုံး၍ နတ်ဆိုးသားရဲကိုတောင် သတ်လိုက်သေးသည်။
စုလောရွှယ်၏ စကားအရဆိုလျှင် သူသတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လိုက်သည်နှင့် နတ်ဆိုး သားရဲကြီးသည် လှုပ်တောင် မလှုပ်ဝံ့ဘဲ သူသတ်သည်ကို အလွယ်တကူ ငြိမ်ခံနေခဲ့သည်ဟု ဆိုသည်။ ကျန်းရီသည် သူလုပ်ခဲ့သည့် အရာနှင့် အင်အားကြီးသော ရေခဲသားရဲကြီးမှာ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါအား အဘယ့်ကြောင့် ကြောက်လန့် သွားရသည်ကို မသိတော့ပေ။
သူ့စိတ်ထဲမှ ဝိုးတဝါး အသိဉာဏ်တို့နှင့် ပေါင်းစပ် ကြည့်လိုက်သော် ကျန်းရီသည် သတ်ဖြတ်ခြင်း တာအိုအား သူသဘော ပေါက်သွားကြောင်း သေချာသွားခဲ့သည်။ သို့သော် ထိုအရာအား မည်သို့ အသုံးချရမည်ကို သူမသိသေးပေ။
"ကျန်းရီ"
ကျန်းရီသည် အတွေး ရေယာဉ်ထဲတွင် နစ်မျောနေရာမှ စုလောရွှယ်၏ အော်သံကြောင့် အသိဝင်လာခဲ့သည်။ သူသည် စုလောရွှယ်ကို လှည့်ကြည့်လိုက်သည်။ စုလောရွှယ်သည် အလေးအနက် စကားပြောလာခဲ့သည်။
"ငါက တခြားလူတွေကို နတ်ဆိုးသားရဲကို သတ်လိုက်တာ ငါလို့ ပြောလိုက်တာ မင်းရဲ့ ဆုကြေးတွေကို လိုချင်လို့ မဟုတ်ပါဘူး .... မင်းကို ကူညီပြီး ဖုံးကွယ် ပေးထားချင်လို့ပါ .... မင်းလည်း သိမှာပါ .... တစ်ယောက်ယောက်သာ မင်း သတ်ဖြတ်ခြင်း တာအိုကို သဘောပေါက် နားလည် သွားမှန်းသိရင် မင်းအတွက် အန္တရာယ် ရှိနေပြီဆိုတာ .... ဒါကြောင့် မင်းကိုယ်မင်း ကာကွယ်ဖို့ အင်အား အလုံအလောက် မရှိသေးရင် ဒါကို လျှို့ဝှက်ထားပြီး ဘယ်သူ့ကိုမှ ပြောမပြတာ အကောင်းဆုံးပဲ .... နားလည်လား"
"ကျွန်တော် နားလည်ပါတယ် .... "
ကျန်းရီသည် စုလောရွှယ် သူ့ကို ကာကွယ်ပေးချင်၍ ဖြစ်မှန်း သိသောကြောင့် ခေါင်းညိတ်လိုက်သည်။ သူ့အသက်ကို ရင်းလိုက်ခြင်းသည် စုလောရွှယ်ထံမှ အမြင်ကောင်းကို တကယ်လည်း ရသွားစေခဲ့သည်။ ထို့နောက် သူသည် သူ့ကိုယ်သူ အားတင်းကာ မျက်နှာ ပြောင်ပြောင်နှင့် တောင်းဆိုလိုက်ရသည်။
"ဆရာမစု .... ကျွန်တော် တစ်ခုလောက် တောင်းဆိုလို့ ရမလား .... "
စုလောရွှယ်သည် မှင်တက် မိသွားသော်လည အမြန် ခေါင်းညိတ်လိုက်သည်။
"ပြောကြည့်လေ .... အရမ်း ခက်ခဲတာမျိုး မဟုတ်ရင်"
ကျန်းရီသည် ပျော်ရွှင်သွားခဲ့သည်။ သူသည် အလျင်အမြန် ပြောလိုက်သည်။
"ဆရာမစု ဒါကို ကောင်းကင် တောင်ပံမြို့မှာထဲက ကြားခဲ့လိမ့်မယ်လို့ ထင်ပါတယ် .... ကျွန်တော် ပြိုင်ပွဲကနေ ရုတ်တရက် ထွက်လိုက်ရတဲ့ အကြောင်းအရင်းက ကျွန်တော့်ရဲ့ အစေခံ မိန်းကလေး ပြန်ပေးဆွဲခံ ရလို့ဆိုတာ .... သူမက အနောက်ဘက် တောင်ကုန်းမှာပဲ ထူးဆန်းတဲ့ အဆိပ်တစ်မျိုး မိသွားပြီး အခုထိ မေ့မျောနေခဲ့တယ် .... . ကျွန်တော် ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်တာက သူမအတွက် ကုသပေးဖို့ ကောင်းကင်အဆင့် ကုသသူကို ရှာဖွေချင်လို့ပါ .... ဆရာမစု .... သူကျွန်တော့်ကို ကူညီဖို့ ထောက်ခံပေးနိုင်မလား .... "
"ဟမ် .... "
စုလောရွှယ်၏ လှပသော မျက်လုံးလေးများသည် တောက်ပသွားခဲ့သည်။ သူမသည် ကောင်းကင် တောင်ပံမြို့၌ ကျန်းယွင်ဟိုင်ကို အကြံပေးခဲ့ခြင်းသည် ကျန်းရီအား သံယောဇဉ်နှင့် တရားမျှတမှုကို ပထမနေရာ၌ ထားသည်ဟု မြင်ခဲ့၍ ဖြစ်သည်။ သူသည် သူ့အနာဂတ်ကို အစေခံမိန်းကလေး တစ်ယောက်အတွက် ရင်းရဲသည်။ သို့သော် သူသင်တန်းကျောင်းကို ဝင်ရောက်ခြင်းသည် သူ၏ အစေခံမိန်းကလေး အတွက်ပင် ဖြစ်နေမည်မှန်း သူမ မထင်ထားခဲ့ပေ။
"မင်းက အရှင်လျောင်ရဲ့ အကူအညီ လိုချင်တာလား .... .... ဒါက ခက်ခဲနိုင်တယ် .... "
စုလောရွှယ်၏ အမူအရာသည် လေးနက်သွားပြီး တီးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူမသည် ကျန်းရီကို ရှင်းပြ လာခဲ့သည်။
"ဆရာလျောင်က အခု သင်တန်းကျောင်းမှာ မရှိဘူး .... သူက တော်ဝင်မြို့တော် ထျန်းရှင်းမြို့ကို သွားတယ် .... .နှစ်ဝက်လောက်နေမှ ပြန်ရောက်လိမ့်မယ် .... အရေးကြီးဆုံးက ဆရာလျောင်က ထူးဆန်းတဲ့ စိတ်နေ သဘောထား ရှိတယ် .... . ကျောင်းအုပ် ကျူးကော့ကလွဲရင် ဘယ်သူ့ကိုမှ အဖက်လုပ်တာ မဟုတ်ဘူး .... တစ်ခါက ရှန်ဝူနိုင်ငံတော်ရဲ့ ဂိုဏ်းကြီးတစ်ခုက ဂိုဏ်းချုပ်က သူ့ကို အကူအညီ တောင်းလာခဲ့တယ် .... ဂိုဏ်းချုပ်က ဒုကျောင်းအုပ် တစ်ယောက်ကိုတောင် ကူပြောပေးဖို့ တောင်းဆိုခဲ့တယ် .... ဒါပေမဲ့ သူတို့တွေက သူ့ရဲ့ ပြန်တောင်းဆိုမှုကို ဖြည့်ဆည်း မပေးနိုင်လို့ သူက ငြင်းဆန်လိုက်တယ် .... "
ကျန်းရီသည် စုလောရွှယ်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဒါ .... ဒါဆို နောက်တစ်နည်းရော ရှိသေးလား .... "
"နည်းလမ်းတစ်ခုတော့ ရှိစမြဲပဲလေ"
စုလောရွှယ်သည် တည်ကြည်စွာ ပြောဆိုလိုက်သည်။
"စိတ်ပူမနေနဲ့ အရင်ဆုံး ကျင့်ကြံတဲ့ နေရာမှာပဲ အာရုံစိုက် .... ပြီးရင် ထူးချွန်ကျောင်းသား အဆင့်ကို ရောက်အောင်လုပ်ပြီး ဆရာလျောင် ပြန်လာမှာကို စောင့်နေ .... ကျောင်းအုပ်ချီကို သူ့ဆီက အကူအညီ တောင်းပေးဖို့ တောင်းဆိုပေးမယ် .... ဆရာလျောင်က အရမ်းအဆင့်အတန်း မြင့်မားတယ် .... မင်းက ထူးချွန် ကျောင်းသား တစ်ယောက်တောင် မဟုတ်ရင် သူ့အဆောင်ဝန်းထဲကို ခြေတစ်လှမ်းတောင် ကျူးကျော်ခွင့် မရှိဘူး .... "
"ထူးချွန်ကျောင်းသား .... .... ကောင်းပြီ .... "
ကျန်းရီသည် လေးနက်စွာ ခေါင်းညိတ် လိုက်သည်။ သူသည် ကျန်းရှောင်နူ အတွက်ဆိုလျှင် သူ့အသက်ကိုတောင် စတေးဝံ့ပေသည်။
***
ရက်အနည်းငယ် ကြာပြီးနောက် ကျန်းရီ၏ နေ့ရက်များသည် ပုံမှန်အတိုင်း ပြန်ဖြစ် သွားခဲ့သည်။ သူသည် စုလောရွှယ်နှင့် အတူ နေ့စဉ် အမဲလိုက်သည်။ အမဲလိုက်ခြင်းအပြင် စား၍ အိပ်၍ နေ့ရက်များကို ဖြတ်သန်းသည်။ ကျန်အချိန်များကိုတော့ ကျင့်ကြံရင်းဖြင့်သာ ကုန်ဆုံးခဲ့သည်။ သူသည် ချမ်ဝမ်ကွမ်၏ "ကျင့်ကြံရာတွင် ရူးသွပ်သူ" ဟူသော နာမည်ပြောင် ပေးခြင်းကိုပင် ခံရသေးသည်။
ကျန်းရိလျှိုသည်လည်း တိတ်ဆိတ်နေခဲ့သလို ကျန်းချီလင်းသည်လည်း ပြဿနာ ထပ်မရှာခဲ့ပေ။ ကျန်းစွန်ဖေး ဟူသည်လည်း ငြိမ်နေခဲ့၍ ထူးဆန်းနေသည်။ လူတိုင်းသည် ကျန်းရီကိုရော သူနှင့် ပတ်သက်သော စိတ်မချမ်းမြေ့ဖွယ် အဖြစ်အပျက်များကိုပါ မေ့လျော့ သွားကြသည်ဟု ထင်ရသည်။
သူတို့သည် ကျန်းရီ၏ ပျော်ရွှင်ဖွယ် နေ့ရက်လေးများကို မဖျက်ဆီးခဲ့ပေ။ ကျန်းရီသည် သင်တန်းကျောင်းတွင် ရှိလျှင်ရှိ၊ မရှိလျှင် စုလောရွှယ်နှင့် အမဲလိုက် နေလေ့ရှိသည်။ သူတို့ ပြဿနာ ရှာချင်လျှင်တောင် အခွင့်အရေး မရှိနိုင်ပေ။ နောက်ထပ် ရေခဲသားရဲ တစ်ကောင်တော့ သူတို့ မလွှတ်ရဲတော့ပေ။ လွှတ်လိုက်လျှင် ကျောင်းအုပ် ကျူးကော့သည် သေချာပေါက် တစ်ယောက်ယောက်ကို အပြစ်ပေး ရပေတော့မည်။
ကျန်းရီ နေ့မနား၊ ညမနား ကျင့်ကြံနေချိန်တွင် ချမ်ဝမ်ကွမ်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်၍ အချိန်ဖြုန်းသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အချိန်နှစ်လသည် ကုန်ဆုံး သွားခဲ့သည်။ သင်တန်းကျောင်းသည်လည်း မယုံနိုင်စရာကောင်းအောင် ငြိမ်းချမ်းနေခဲ့သည်။
တစ်ခုတည်းသော အဖြစ်အပျက် ကြီးသည်ကား ကျန့်ဝူရွှမ်းသည် ထူးချွန်ကျောင်းသား ငါးယောက်ကို စိန်ခေါ်၍ ထူးချွန်သူအဆင့်သို့ အောင်အောင်မြင်မြင် ရောက်သွားခဲ့ခြင်း ဖြစ်သည်။
နောက်အကြောင်းအရာ တစ်ခုသည် သင်တန်းကျောင်း၏ ပါရမီရှင် အဆင့်တစ်သည် ပြန်ရောက်လာခဲ့ပြီး လူငယ်များအကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ခြင်းပင်။ အဘယ့်ကြောင့် ဆိုသော် ထိုကျောင်းသားသည် မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့ပြီး တောင်ဘက် ရှန်မိနိုင်ငံတော်၏ ဂုဏ်သရေမြင့်သော မင်းသမီးတစ်ပါး ဖြစ်သည်။ ထိုမိန်းမပျိုသည် ကျောင်းသားများ အကြား အင်အား အကောင်းဆုံး ဖြစ်ရုံသာမက ပြိုင်ဘက်ကင်း အလှကိုလည်း ပိုင်ဆိုင်သေးသည်။ သင်တန်းကျောင်း၏ အလှဆုံး မိန်းမပျို ဆယ်ယောက်တွင် သူမသည် စုလောရွှယ်ပြီးလျှင် အလှဆုံး ဖြစ်သည်။
ကျန်းရီသည် ထိုသို့သော ကိစ္စရပ်များကို စိတ်မဝင်စားပေ။ သူနှင့် ထိုမင်းသမီးများ၊ သခင်မလေးများသည် နေထိုင်သော ကမ္ဘာခြင်း မတူဟုသာ သူတွေးသည်။ သူသည် သူမတို့ကို စိတ်လည်း မဝင်စားသလို သူမတို့၏ ကမ္ဘာအတွင်းသို့ ဝင်ရောက်လိုခြင်းလည်း မရှိပေ။
ကျန်းရီ စိတ်ဝင်စားသွားရသည်မှာ ကျီထင်ယွီသည် သင်တန်းကျောင်း၏ အလှဆုံးမိန်းကလေး ဆယ်ယောက် စာရင်းသို့ ဝင်သွားခဲ့ပြီး ပဉ္စမ အဆင့်တွင် ရှိနေခဲ့သည်။ သူမကို စွဲဆောင်ရန် ကြိုးစားကြသူများသည် မြစ်ထဲမှ ငါးများနှယ် ရေပင်မရေတွက်နိုင်ပေ။ သူမသည် ထိုသခင်လေးများကို ကစားသော်လည်း ဘယ်သူမှ သူမကို မပိုင်ဆိုင်ခဲ့ပေ။
ကျီထင်ယွီ၏ ပစ်မှတ်သည် ကျန်းစွန်းဂိုဏ်း၏ ဆက်ခံသူ ကျန်းစွန်းဝူကျိ သို့မဟုတ် ကျန်းရိလျှို ဖြစ်ကြောင်း ကျန်းရီ သေချာသိလိုက်ပေပြီ။ သူမသည် ရုပ်ရည်ချောမော လှပရုံသာမက အရည်အချင်းရော၊ ဉာဏ်ရည်ဉာဏ်သွေးပါ ပြည့်စုံသည်။ သာမန် သခင်လေးများသည် သူမကို သေချာပေါက် စွဲဆောင်နိုင်မည် မဟုတ်ပေ။
ကျီထင်ယွီ မည်သူ့ကို ရွေးချယ်သည် ဖြစ်စေ၊ အဆုံးတွင် ကျန်းရီနှင့် ရန်သူများ ဖြစ်သွားကြမည်မှာ သေချာနေခဲ့သည်။ ကျန်းရီသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ့တွင် မိတ်ဆွေ များများစားစား မရှိသော်လည်း မိတ်ဆွေ တစ်ယောက်ကို မကြာခင်တွင် ဆုံးရှုံးရပေတော့မည်။
နှစ်လ ....
ကျန်းရီသည် သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှင့်ရန် အကြိမ်ပေါင်း များစွာ ကြိုးစားခဲ့သော်လည်း တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။ စုလောရွှယ်သည် သူ့ကို သတ်ဖြတ်ခြင်း အရှိန်အဝါအား အပြည့်အဝ ထိန်းချုပ်နိုင်ရန် ညွှန်ကြား ပေးနေသော်လည်း သူသည် ဝင်ပေါက်လေးကိုတောင် မရှာနိုင်သေးပေ။
ယနေ့သည် တိမ်ကင်းစင်၍ ရာသီဥတု သာယာသော နေ့တစ်နေ့ဖြစ်သည်။ ကျန်းရီသည် စောစောစီးစီးပင် နိုးလာခဲ့သည်။ သူပထမဆုံး မြင်ရသည်မှာလည်း ချမ်ဝမ်ကွမ်၏ မျက်နှာ ဝိုင်းဝိုင်းကြီး ဖြစ်နေဆဲပင်။ သို့သော် ယနေ့တွင် ထိုမျက်နှာထက်၌ အပြုံးတစ်ခု ရှိမနေခဲ့ဘဲ အတော်လေး မျက်နှာ ပျက်ယွင်းနေခဲ့သည်။
"နှစ်ခု .... "
ချမ်ဝမ်ကွမ်သည် ကွေ့ဝိုက် မနေတော့ဘဲ အလေးအနက် ပြောလာခဲ့သည်။
"ပထမတစ်ခု .... မနေ့ညက တစ်ယောက်ယောက်က ကျန်းယွင်ဟိုင် သွားရှာခဲ့တယ် .... အဲ့တစ်ယောက်က သေချာပေါက် အနောက်ဘက် မြို့စောင့်တပ်ထဲကပဲ .... ကျန်းယွင်ဟိုင် အကြောင်းသာ ပေါ်သွားခဲ့မယ်ဆို မင်းရဲ့ သရုပ်မှန်ကလည်း ပေါ်သွားလိမ့်မယ် .... ကျန်းယွင်ဟိုင်ရဲ့ ခန့်မှန်းချက် အရဆို မင်းအကြောင်း စုံစမ်းနေတဲ့သူက ကျန်းရိလျှိုပဲ .... ကျန်းပိုင်လီက ဒီကိစ္စကို မသိသေးဘူး .... စိတ်မပူနဲ့ .... ကျန်းယွင်ဟိုင်နဲ့ မင်းရဲ့ အစေခံ မိန်းကလေး လုံခြုံတယ် .... ငါ့လူတွေ သူတို့ကို ကာကွယ် ပေးနေကြတယ် .... "
ကျန်းရီသည် မျက်နှာပျက် သွားခဲ့သည်။ ကျန်းရိလျှိုသာ သူ့အကြောင်းသိသွားလျှင် နည်းလမ်းပေါင်းစုံကို သုံး၍ သူ့ကို သတ်ရန် ကြိုးစားလာတော့မည် ဖြစ်သည်။ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်တွင် နောက်သားတစ်ယောက် မရှိသင့်ရာ အနာဂတ်တွင် သူ့အတွက် အန္တရာယ်များကသာ ဆီးကြိုနေလိမ့်မည်။ ကျန်းရိလျှိုသည် သင်တန်းကျောင်း အတွင်း၌ပင် သူ့ကို လုပ်ကြံရန် ကြိုးစားလာနိုင်ပေသည်။
ကျန်းရီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး ပြဿနာကို ဖြေရှင်းရန် နည်းလမ်းများကို အလျင်အမြန် စဉ်းစား နေလိုက်သည်။ သူ၏ သရုပ်မှန်ကို လူသိရှင်ကြား ကြေညာလိုက်ခြင်းကသာ ကျန်းရိလျှိုသူ့ကို လုပ်ကြံရန် ကြိုးစားခြင်းမှ ကာကွယ်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထိုမှသာ သူသေသွားလျှင် လူတိုင်းသည် ကျန်းရိလျှို၏ လက်ချက်မှန်း သိသွားကြပေလိမ့်မည်။
သူ့သရုပ်မှန်ကို သူဖွင့်ဟချင်နေလား ....
လုံးဝကို မဟုတ်ပေ .... သူသည် သရုပ်မှန်ကို မဖော်ပြချင်ရုံသာမက တရားမဝင် တိတ်တိတ်ပုန်းသား ဖြစ်ရသည်ကို ရှက်ရွံ့နေမိသည်။ သူ့အဖေကို အသိအမှတ်လည်း မပြုချင်ပေ။ သူသည် သူ့အဖေကို သူ့အမေ၏ အုတ်ဂူရှေ့ ဆွဲခေါ်သွားပြီး ဒူးထောက်၍တောင် တောင်းပန် စေချင်နေခဲ့သည်။
"သောက်ရေး မပါလိုက်တာ .... .... "
ကျန်းရီသည် တိတ်တဆိတ် ဆဲရေးလိုက်သည်။ သူလိုအပ်သည်မှာ အချိန်သာ ဖြစ်သည်။ သူ့တွင်သာ အချိန် အလုံအလောက် ရှိပါလျှင် ကျန်းရိလျှို မပြောနှင့် ကျန်းပိုင်လီကိုတောင် ကြောက်နေစရာ မလိုအပ်ပေ။ စိတ်မကောင်း စရာသည်ကား .... . ကျန်းရိလျှိုသည် သူ့ကို အချိန်မပေးခဲ့ပေ .... .။
*****