ပြိုင်ပွဲ၏ အစ
Vol. 8 Ch. 107
~(၇) ရက်တိုင်တိုင် ကျင့်ကြံပြီးသည့်နောက်...။ နက်နဲခြင်းဆေးလုံး၏ အကူအညီ ရှိနေပါလျက်နှင့်... ဖုန်းဝူချန်သည် ယွမ်တန်ဘုံ ပထမအလွှာသို့ မထိုးဖောက်နိုင်သေးပေ။ ထိုအချက်ကပင်... အဆင့်ချိုးဖြတ်ရန် မည်မျှ ခက်ခဲကြောင်းကို ပြသနေလေ၏။
သူ၏ လက်ရှိ အသွင်ပြောင်းဘုံ နဝမအလွှာ စွမ်းအားဖြင့်... အင်ပါယာ၏ ပထမ ပါရမီရှင်ဆိုသူနှင့် ပတ်သက်၍ သူ သိပ်ပြီး ဂဃနဏ မသိရှိသေးချေ။
လျိုချင်းယန်က ပြောလာသည်။
"အစ်ကိုဖုန်း... ကျွန်တော်ကြားတာတော့ အင်ပါယာကြီးတွေရဲ့ အကယ်ဒမီတွေမှာ ပါရမီရှင် စာရင်းဆိုတာ လုပ်ထားတယ်တဲ့။ ကျွန်တော်တို့ အင်ပါယာကတော့ နှစ်ယောက်ပဲပါတယ်...။ ဒါပေမဲ့... သူတို့က ဒီနှစ် ကျောင်းပြီးတော့မှာဆိုတော့... ဒီနှစ် ပါရမီရှင် စာရင်းမှာ ပထမ နေရာအတွက် ဝင်ပြိုင်ခွင့် မရှိတော့ဘူး"
"ပါရမီရှင် စာရင်း"
ဖုန်းဝူချန် ခေတ္တမျှ ကြောင်အသွား၏။
...'ဒါမျိုးတော့... တစ်ခါမှ မကြားဖူးပါလား...'
ဖုန်းဝူချန်၏ အမူအရာကို မြင်သော်... မြောင်ချင်းချင်းက ရယ်မောလိုက်ပြီး...
"ကြည့်ရတာ အစ်ကိုဖုန်းက ပါရမီရှင် စာရင်းအကြောင်း မသိဘူးထင်တယ်...။ ဒါပေမဲ့ ရှင့်ကိုယ်ရှင်တော့ ကျောင်းသားလို့ ပြောသေးတယ် နော်၊ ခစ်ခစ်…"
"သူက ဘယ်လိုလုပ် ကျောင်းသားလို့ ပြောလို့ရမလဲ...။ အများဆုံးမှ... တစ်ဝက်ပဲဟာ"
ဟု လျိုချင်းယန်က ပခုံးတွန့်ကာ ပြုံးစစဖြင့် ဝင်ပြောလိုက်သည်။
“....”
ဖုန်းဝူချန်မှာ စကားလုံးများ ဆွံ့အသွားတော့သည်။
ထိုအခါ မြောင်ချင်းချင်းက ရိုးရှင်းစွာ ရှင်းပြလိုက်ပါ၏။
"အစ်ကိုကြီးဖုန်း... ပါရမီရှင် စာရင်းက (၃) နှစ်မှ တစ်ခါ...။ ဒီနှစ်က အဆင့်ပြန်သတ်မှတ်တဲ့ နှစ်ပဲ။ နေရာက (၁၀) နေရာပဲ ရှိတယ်။ အင်ပါယာ (၄) ခုလုံးက အကယ်ဒမီတွေက အသန်မာဆုံး ကျောင်းသားတွေကို ရွေးပြီး တိုက်ခိုက်ရေး ပြိုင်ပွဲမှာ ဝင်ပြိုင်ခိုင်းတာ...။ အသက် (၁၈) နှစ် ကျော်ရင်တော့ ဝင်ပြိုင်လို့ မရတော့ဘူး"
"သြော်... ဒီလိုလား"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။
"ငါတို့ အင်ပါယာကတော့ အဲ့ဒီ ပါရမီရှင် စာရင်းထဲ တစ်ခါမှ မပါဖူးဘူး...။ ငါတို့ အကယ်ဒမီကလည်း... အမြဲတမ်း အောက်ဆုံးမှာပဲ"
ထိုသို့ လျိုချင်းယန်က နှုတ်ခမ်းစူလျက် ညည်းညူလိုက်လေ၏။
"အရင်တစ်ခေါက် ပထမ ရတဲ့ ပါရမီရှင်က ဘယ်သူလဲ" ဟု ဖုန်းဝူချန်က စပ်စုလိုက်သည်။
...'ပထမနေရာကို ယူနိုင်မှတော့... စွမ်းအားက တော်တော် သန်မာမှာပဲ...'
"ရွှေယွဲ့အင်ပါယာရဲ့ ရွှေယွင်အကယ်ဒမီက 'နျဲ့ယန်' ဆိုတဲ့ တစ်ယောက်ပဲ။ သူက ယွမ်တန်ဘုံ ပဉ္စမအလွှာ စွမ်းအားနဲ့ ပါရမီရှင် စာရင်းမှာ ပထမ နေရာကို ယူသွားတာ လေ"
လျိုချင်းယန်က ပြန်ဖြေသည်။
"ယွမ်တန်ဘုံ ပဉ္စမအလွှာ"
ဖုန်းဝူချန် အံ့အားသင့်သွားသည်။
အသက် (၁၈) နှစ် မတိုင်ခင်... ယွမ်တန်ဘုံ ပဉ္စမအလွှာကို ရောက်နိုင်တယ် ဆိုတည်းက... နျဲ့ယန် ဆိုသူမှာ အလွန် ထူးချွန်သော ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း လုံလောက်စွာ ပြသနေလေပြီ။
"အသက် (၁၈) နှစ် မတိုင်ခင် ယွမ်တန်ဘုံ ပဉ္စမအလွှာ ကျင့်ကြံမှုအဆင့်ကို ရောက်နိုင်တာကတော့... တကယ်ကို ထူးချွန်လွန်းပါတယ်" ဟု လင်ရှောင်ရှောင်ကလည်း ခေါင်းညိတ်ကာ ပြုံးလျက် ထောက်ခံလိုက်သည်။
"ပါရမီရှင် စာရင်းအတွက် ပြိုင်ရတာ... ဘာအကျိုးကျေးဇူးတွေ ရနိုင်လို့လဲ"
ဖုန်းဝူချန်က မေးလိုက်၏။
"ပါရမီရှင် စာရင်းဝင် (၁၀) ယောက်လုံးက ရာထူးတိုးမြှင့်ခံရဖို့ အခွင့်အရေး ရှိတယ်...။ ပြီးတော့ အဆင့်မြင့် သိုင်းပညာတွေ... ရွှေဒင်္ဂါးတွေ... အများကြီး ဆုရသေးတယ်...။ ဒါပေမဲ့... ဒါက အရေးကြီးဆုံး မဟုတ်သေးဘူး"
လျိုချင်းယန်က ပြောရင်း... ပို၍ စိတ်လှုပ်ရှားလာဟန်တူသည်။
"အရေးကြီးဆုံးက ဘာလဲ"
လင်ရှောင်ရှောင်က စူးစမ်းစွာ မေးလိုက်၏။
လျိုချင်းယန်က လျှို့ဝှက်စွာ ပြုံးလိုက်ပြီး...
"အရေးကြီးဆုံးက... 'နတ်ဘုရား တောင်ကြား' ထဲမှာ (၁၅) ရက်တိတိ ကျင့်ကြံခွင့် ရမှာပဲ"
"နတ်ဘုရား တောင်ကြား...။ အဲ့ဒါ ဘယ်နေရာလဲ"
လင်ရှောင်ရှောင်က ပို၍ စူးစမ်းလာသလို၊ ဖုန်းဝူချန်ကလည်း လျိုချင်းယန်ကို စူးစမ်းစွာ ကြည့်လိုက်သည်။
လျိုချင်းယန်က ခေါင်းခါလိုက်ပြီး...
"အစ်ကိုလည်း သိပ်မရှင်းဘူး...။ကြားဖူးတာကတော့... အဲ့ဒါ မှော်ဆန်တဲ့ နေရာတစ်ခုတဲ့...။ အင်ပါယာ (၄) ခုရဲ့ အလယ်ဗဟိုက တောင်တန်းတွေထဲမှာ ရှိတာ...။ အဲ့ဒီမှာ သဘာဝစွမ်းအင်တွေ အရမ်း သိပ်သည်းပြီး... ရတနာတွေလည်း အများကြီး ရှိတယ်တဲ့...။ ဒါပေမဲ့... အရမ်း အန္တရာယ်များတယ်...။ ...ဒါတွေအကုန်လုံးက... အစ်ကိုကြီး လိန်မူချန်က အပြင်မှာ ကြွားလုံးထုတ်ရင်း ပြောတာတွေချည်းပဲ...။ တကယ် ဟုတ် မဟုတ်တော့ အစ်ကိုလည်း မသိဘူး"
"လိန်မူချန် ပြောတာ ဆိုရင်တော့... အမှန်ပဲ ဖြစ်ရမယ်" ဟု ဖုန်းဝူချန်က ခေါင်းညိတ်ကာ ဆိုလိုက်သည်။
ဤသို့…သူတို့ လူတစ်စုသည် ရောက်တတ်ရာရာကလေးများ ပြောဆိုလာကြရင်း... မထင်မှတ်ဘဲ ထျန်းယန် အကယ်ဒမီသို့ ရောက်ရှိလာခဲ့ကြတော့သည်။
ထိုကိစ္စမှာ ဖုန်းဝူချန်အတွက် ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်၏။
အကယ်ဒမီ၏ ကျောင်းသားတစ်ဦး ဖြစ်ပါလျက်နှင့်... ဖုန်းဝူချန်သည် ဤတစ်နှစ်တာအတွင်း အကယ်ဒမီ၌ အချိန် အလုံအလောက်ပင် မကုန်ဆုံးခဲ့ပေ။
...'အမည်ခံ ကျောင်းသားဆိုတာ... ဒီလိုပဲ ဩဇာကြီးတာမျိုး ဖြစ်မည်...'
ဤအခိုက်အတန့်တွင်... အကယ်ဒမီ၏ ကျောင်းသားအားလုံးသည် 'နိုဒါ' ရင်ပြင်ကြီး ပတ်လည်၌ စုရုံးနေကြပြီး... လူပေါင်း သောင်းချီကာ... အပြည့်အနှက် ရှိနေတော့သည်။
"ဝိုး...။ ဒါလား... ထျန်းယန် အကယ်ဒမီ ဆိုတာ...။ တကယ်ကို ခမ်းနားထည်ဝါတာပဲ"
လျိုချင်းယန်က ကြီးမားပြီး ခန့်ညားထည်ဝါလှသော နန်းတော်ဆောင်များကို ကြည်လင်လေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
မြောင်ချင်းချင်းမှာလည်း တုန်လှုပ်ခြောက်ခြားသော အမူအရာ ဖြစ်နေ၏။
...အိုး… ဒီလောက် အသက်ကြီးတဲ့အထိ... ဒီလို ခမ်းနားကြီးကျယ်တဲ့ နန်းတော်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး...။
ဖုန်းဝူချန်တို့ လေးယောက် ပေါ်လာသည်နှင့်... ကျောင်းသားအားလုံး၏ မျက်လုံးများက သူတို့ထံသို့ ချက်ချင်း ကျရောက်လာကြသည်။
"အဲ့လူ... နောက်ဆုံးတော့ ပြန်လာပြီ...။ သူ့ကို စောင့်နေတာ နာရီဝက်တောင် ရှိပြီ...။ အခု သူ ဘယ်အဆင့် ရောက်နေပြီလဲ မသိဘူး...။ သူ့ရဲ့ ကျင့်စဥ်ကိုလည်း ဖုံးထားသေးတယ်"
"အလို…ကြည့်စမ်း၊ ဖုန်းဝူချန် ဘေးက မိန်းကလေးနှစ်ယောက်က အရမ်းလှတာပဲ...။ ဒီလူ... တစ်ခေါက်ပြန်လာတိုင်း မိန်းကလေး တစ်ယောက် ခေါ်လာတာပဲ။ ...နောက်တစ်ခါ ပြန်လာရင် (၃) ယောက် ဖြစ်မလား မသိဘူး"
"ဖုန်းဝူချန် ဘေးက မိန်းကလေးက... ယွမ်တန်ဘုံ ပထမအလွှာကိုတောင် ထိုးဖောက် ဝင်ရောက်သွားပြီ...။ တကယ် ကြောက်စရာကောင်းတဲ့ ပါရမီရှင်မလေးပဲဟေး...။ ပြီးတော့... တစ်နှစ်လောက် မတွေ့ရတာ... အရင်ကထက်တောင် ပိုလှလာသေးတယ် နော်"
ဖုန်းဝူချန်တို့ လေးယောက် ပေါ်လာသည်နှင့်... ပရိသတ်ကြားထဲတွင် ဆူညံသံများ ထွက်ပေါ်လာတော့သည်။
ကျောင်းသား အများစုမှာ လင်ရှောင်ရှောင်၏ အလှတရားကြောင့် စိတ်လှုပ်ရှားသွားကြပြီး... တစ်ချိန်တည်းမှာပင်... ဖုန်းဝူချန်၏ ကံကောင်းမှုကို အလွန် မနာလို ဖြစ်နေကြသည်။
စွမ်းအားကြီးသော ကျောင်းသားများကတော့ ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကို အလွန် စိတ်ဝင်စားနေကြ၏။ သူတို့၏ မျက်လုံးများက ဖုန်းဝူချန်ကိုသာ စိုက်ကြည့်နေကြသော်လည်း... ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့် နက်ရှိုင်းပုံကိုမူ မည်သူမျှ မမြင်နိုင်ကြပေ။
နည်းပြများပင်လျှင်... စိတ်ဝင်တစား မျှော်လင့်နေကြသည်။
"သူ့စွမ်းအားကို လုံးဝ ဖုံးကွယ်ထားနိုင်တယ်...။ သူ့စွမ်းအားက... မနည်းလှဘူး ဖြစ်ရမယ်"
စွမ်းအားကြီး ကျောင်းသားတစ်ဦးက တီးတိုးရေရွတ်လိုက်ပြီး... ဖုန်းဝူချန်ကို လျှော့မတွက်ဝံ့တော့ပေ။
"ဖြစ်နိုင်တာက... သူ... ယွမ်တန်ဘုံကို ဝင်သွားပြီလား မသိဘူး"
"ဖြစ်နိုင်တယ်...။ သူ့ရဲ့ ကျင့်ကြံနှုန်းက... အံ့မခန်းပဲလို့ ပြောကြတာပဲ"
ကျောင်းသားဟောင်းများစွာတို့လည်း... အသံတိုးတိုးဖြင့် ပြောဆိုနေကြသည်။
"ကျောင်းအုပ်ကြီးနဲ့... အကြီးအကဲ သုံးယောက်.. မဂ်လာပါ"
ဖုန်းဝူချန်က ရိုသေစွာ နှုတ်ဆက်လိုက်ပြီး... လင်ရှောင်ရှောင်တို့ကလည်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။
ဖုန်းဝူချန်သည် အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်သော်ငြား... အကယ်ဒမီ၏ ကျောင်းသားတစ်ဦးပင် ဖြစ်သည်။ ထို့အပြင်... သူသည် စစ်သူကြီးချုပ် တစ်ယောက်၏ ဟန်ပန်မျိုးကို ဘယ်သောအခါမှ မနှစ်သက်ခဲ့ပေ။
ဖုန်းဝူချန် အချိန်မီ ပြန်ရောက်လာသည့်အတွက်... ကျောင်းအုပ်ကြီး ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့ အလွန် ပျော်ရွှင်သွားကြပြီး... စိတ်သက်သာရာလည်း ရသွားကြသည်။ သူတို့မှာ... ဖုန်းဝူချန် ပြန်မလာတော့မည်ကို စိုးရိမ်နေခဲ့ကြသည် မဟုတ်ပါလား။
ရှင်းထျန်းဖုန်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး...
"အားလုံး အသင့်ပြင်ထားကြ"
"အစ်ကိုဖုန်း"
လင်းယိုက စိတ်လှုပ်ရှားစွာဖြင့် ပြေးထွက်လာသည်။
"လင်းယို...။ အသွင်ပြောင်းဘုံ ပဉ္စမအလွှာ...။ တော်လိုက်တာ...။ တစ်နှစ်အတွင်း အဆင့်တွေ အများကြီး ထိုးတက်လာတာပဲ...။ မင်းအဖေကိုတော့... တကယ်ပဲ စိတ်ပျက်အောင် မလုပ်ခဲ့ဘူးပဲ"
ဖုန်းဝူချန်က ပျော်ရွှင်စွာ ပြုံးလျက် ဆိုလိုက်သည်။ လင်းယိုကို မတွေ့ရသည်မှာ တစ်နှစ်ပင် ရှိပြီ။ လင်းယို၏ ကျင့်ကြံမှုက ဤမျှ တိုးတက်လာသည်မှာ... ဖုန်းဝူချန်အတွက် အလွန် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
လင်းယိုက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး...
"ကျွန်တော် ဘယ်လောက် တော်တော်... အစ်ကိုဖုန်းကို ဘယ်မီပါ့မလဲ...။ တစ်နှစ်လောက် မတွေ့ရတာ... အစ်ကိုဖုန်းလည်း အများကြီး ပြောင်းလဲသွားတယ်...။ ကျင့်ကြံမှု အဆင့်ကလည်း ပိုပြီး အစွမ်းထက်လာမှာ သေချာတယ်...။ ...ပြီးတော့... မိန်းကလေးလင်... သူ... သူလည်း... ယွမ်တန်ဘုံ ပထမအလွှာပါလား"
လင်းယိုသည် ပြောရင်း... ပို၍ စိတ်လှုပ်ရှားလာပြီး... သူ၏ စိတ်လှုပ်ရှားမှုကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။
ထိုစဉ် လျိုချင်းယန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"ငါ့နာမည်က လျိုချင်းယန်...။ အစ်ကိုဖုန်းရဲ့ သူငယ်ချင်းပဲ...။ အစ်ကိုဖုန်းဆီက မင်းအကြောင်း ခဏခဏ ကြားဖူးပါတယ်"
မြောင်ချင်းချင်းက ဆက်၍...
"ကျွန်မ နာမည်က မြောင်ချင်းချင်းပါ"
"ကျွန်တော့်နာမည်က လင်းယိုပါ...။ တွေ့ရတာ ဝမ်းသာပါတယ်"
လင်းယိုက ပျော်ရွှင်စွာ ပြုံးလိုက်ရာ... သူ၏ နုနယ်သော မျက်နှာပေါ်မှ တောက်ပသော အပြုံးကို မဖုံးကွယ်နိုင်တော့ပေ။
ဖုန်းဝူချန်က ရင်ပြင်ကြီးဆီသို့ လျှောက်သွားစဉ်... လူတစ်ယောက်က ရုတ်တရက် လှစ်ခနဲ ပေါ်လာပြီး သူတို့ကို တားဆီးလိုက်သည်။
ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများ၏ ရှေ့မှောက်၌... ဖုန်းဝူချန်ကို လာတားရဲသည်ကို ကြည့်လျှင်... ဤလူ၏ အဆင့်အတန်းနှင့် စွမ်းအားမှာ မနိမ့်ကျကြောင်း သိသာလှ၏။
"အစ်ကိုကြီးဖုန်း... ဒါက 'ရှောင်ဟုန်ရှီး'... အင်ပါယာရဲ့ မင်းသားငယ်လေးပဲ။ ဒီလူက... အသက်သာ ကြီးတာ... တော်တော် ဆိုးတယ်...။ သူက... ကျွန်တော်တို့ကို ပြဿနာတွေထဲ အမြဲတမ်း ဆွဲခေါ်သွားတတ်တယ်...။ အကယ်ဒမီထဲကနေ ခိုးထွက်တာလည်း အကြိမ်ပေါင်း မနည်းတော့ဘူး...။ အကြီးအကဲရဲ့ ဆေးတွေကိုတောင် ခိုးဝံ့သေးတယ်...။ တကယ့် ပြဿနာရှာတဲ့လူပဲ...။ ကျွန်တော်တို့အားလုံးက သူ့ကို 'တောမျောက်' လို့ ခေါ်ကြတယ်"
လင်းယိုက ပြုံးစစဖြင့် ရှင်းပြလိုက်သည်။
...ဒီလို နောက်ပြောင်နိုင်သည်ကို ကြည့်လျှင်... လင်းယိုနှင့် ထိုမင်းသားငယ်တို့၏ ဆက်ဆံရေးမှာ ပုံမှန်အားဖြင့် တော်တော်လေး ကောင်းမွန်ကြောင်း ပြသနေသည်။
...'ကြည့်ရတာ... ဒီ 'သွမ့်ဟုန်ရှီး' က... တော်တော်လေး ပြဿနာရှာနိုင်လွန်းလို့... ဧကရာဇ်က ကျောင်းတော်ဆီ ပစ်ပို့ထားတဲ့ပုံပဲ...'
သွမ့်ဟုန်ရှီးက မျက်လုံးကို ကျဉ်းမြောင်းစေလျက် လင်းယိုကို စိုက်ကြည့်လိုက်သည်။
...'ဒီကောင်... တွေ့တာနဲ့... ငါ့ရဲ့ အကြောင်းတွေ အကုန် ဖွင့်ချပစ်တယ်...။ ...တွေ့ကြသေးတာပေါ့...'
သွမ့်ဟုန်ရှီးမှာ လင်းယိုကို အကြမ်းပတမ်း ထိုးနှက်ပစ်ချင်စိတ် ပေါက်သွားသည်။
"မထင်မှတ်စရာပဲ...။ ငါ့ထက်တောင်... ပြဿနာ ပိုရှာနိုင်တဲ့လူ ရှိသေးတယ်"
လျိုချင်းယန်က သွမ့်ဟုန်ရှီးကို အံ့ဩတကြီး ကြည့်ရင်း မှတ်ချက်ချ၏။
ဖုန်းဝူချန်က ခန့်ညားသော သွမ့်ဟုန်ရှီးကို အံ့ဩစွာ ကြည့်လိုက်ပြီး... ပြုံးလျက် ဆိုသည်။
"ဒါဆို... ခင်ဗျားက... အင်ပါယာရဲ့ မင်းသားငယ်ပေါ့...။ တွေ့ရတာ... တကယ် ကံကောင်းတာပဲ"
ဖုန်းဝူချန်ကမူ သွမ့်ဟုန်ရှီးကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့်... သူက အင်ပါယာ၏ မင်းသားငယ် ဖြစ်ကြောင်း မသိရှိခဲ့ပေ။
"ဖုန်းဝူချန်...။ မင်းနဲ့ငါ ယှဉ်ပြိုင်တဲ့အခါ... သနားညှာတာဖို့ မစဉ်းစားနဲ့...။ ငါလည်း... သနားမှာ မဟုတ်ဘူး...။ မဟုတ်လို့ကတော့... မင်းက စစ်သူကြီးချုပ်... လို့ ငါ ပြောပစ်လိုက်မှာ နော်"
သွမ့်ဟုန်ရှီးက အန္တရာယ် အငွေ့အသက် ပါသော အကြည့်ဖြင့် ဆိုလိုက်သည်။
"ကျွန်တော်လည်း... အင်ပါယာရဲ့ ပထမ ပါရမီရှင်ရဲ့ စွမ်းအားကို မြင်တွေ့ချင်နေတာ"
ဖုန်းဝူချန်က ပြုံးလျက် ဆို၏။
"ကောင်းပြီလေ...။ ငါ မင်းကို ကောင်းကောင်းကြီး ပြိုင်ပွဲကနေ ကန်ထုတ်ပစ်မယ်"
သွမ့်ဟုန်ရှီးက ဖုန်းဝူချန်၏ ပခုံးကို ဖက်လိုက်ပြီး... အသံတိုးတိုးဖြင့် ခြိမ်းခြောက်လိုက်သည်။
"နောက်မှ... ငါ့အတွက်... ဝိညာဉ်လက်နက် လှံတစ်ချောင်း သန့်စင်ပေး...။ မဟုတ်လို့ကတော့... မင်းက စစ်သူကြီးချုပ်... ဆိုတာကို ငါ အော်ပြောပစ်လိုက်မှာကွ "
"ပြဿနာ မရှိပါဘူး...။ ဥက္ကာခဲသံကိုတော့ ခင်ဗျားဘာသာ ရှာပေါ့...။ ကျွန်တော့်မှာ မရှိဘူး"
ဖုန်းဝူချန်က ပခုံးတွန့်ကာ ပြုံးလျက် ပြန်ပြောလိုက်၏။
"ကတိတည်ပါစေ"
သွမ့်ဟုန်ရှီး၏ မျက်နှာမှာ ချက်ချင်းပင် ပျော်ရွှင်မှုဖြင့် ဝင်းပသွားတော့သည်။
လျိုချင်းယန်နှင့် လင်းယိုတို့၏ မျက်နှာများပေါ်၌ အမည်းရောင်မျဥ်းများ ပြည့်နှက်သွားတော့သည်။
...'ခံစားချက်ကို... ခြိမ်းခြောက်တာက... တော်တော် အသုံးဝင်တာပဲ...'
ဖုန်းဝူချန်တို့ လူစု ကျောင်းသားများ အုပ်စုထဲသို့ ဝင်ရောက်သွားရာ... ကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် နေရာ ဖယ်ပေးကြသည်။ ထိုကိစ္စမှာ ခွဲခြားဆက်ဆံသော အဓိပ္ပာယ်မျိုး မရှိဘဲ... ဖုန်းဝူချန်အပေါ် ပို၍ စူးစမ်းလိုစိတ်ကြောင့်သာ ဖြစ်သည်။
ကျောင်းသားများက... တစ်ယောက်တစ်ပေါက် မေးခွန်းများ မေးမြန်းကြရင်း... စကားစမြည် ပြောဆိုကြရာ... မကြာမီပင် အားလုံး ရင်းနှီးသွားကြတော့သည်။
သွမ့်ဟုန်ရှီးသည် အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်သော်ငြား... မာနကြီးသော ဟန်ပန်မျိုး လုံးဝ မရှိဘဲ... သာမန် ကျောင်းသားများနှင့်လည်း ဘာမှ မခြားနားလှပေ...။ သူသည် ကျောင်းသားများနှင့် အလွန် သဟဇာတ ဖြစ်လှသည်။
"အားလုံးပဲ... တစ်လပဲ လိုတော့တယ်...။ (၃) နှစ် တစ်ကြိမ် ကျင်းပတဲ့ ပါရမီရှင် စာရင်းပွဲ...။ နေရာက (၅) နေရာပဲ ရှိတယ်...။ ဒီပြိုင်ပွဲမှာ... ပါရမီရှင် စာရင်း သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့ (၅) ယောက် ရွေးချယ်သွားမှာ ဖြစ်တယ်"
မဟာအကြီးအကဲ ကျန်းယွင်ထျန်းက လေးနက်စွာ ဆိုလိုက်သည်။
ဤပြိုင်ပွဲသည် ယခင်နှစ်များနှင့် မတူညီပေ။ အတန်းသစ် ကျောင်းသားများ သာမက... ဝါရင့် မျိုးဆက် ကျောင်းသားများပါ ပါဝင်ကြမည် ဖြစ်သည်။
ထို့ကြောင့်... ဝင်ရောက် ယှဉ်ပြိုင်သူ အရေအတွက်မှာ အတော်လေး နည်းပါးလှသည်။ ပါဝင်သူ အများစုမှာ ကျောင်းသားဟောင်းများ ဖြစ်ကြ၏။ ဝင်ရောက် ယှဉ်ပြိုင်သည့် ကျောင်းသားသစ် (၁၂) ယောက်သာ ရှိပြီး... ကျောင်းသားဟောင်း (၁၈) ယောက်... စုစုပေါင်း (၃၀) ယောက်သာ ရှိသည်။
ထို (၃၀) ယောက်ထဲမှ... (၅) ယောက်တည်းကသာ... အကယ်ဒမီကို ကိုယ်စားပြု၍ ပါရမီရှင် စာရင်း သိုင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။
ဤ (၅) ယောက်မှာ... ဝင်ရောက် ယှဉ်ပြိုင်ခွင့်သာ ရရှိခြင်း ဖြစ်ပြီး... ပါရမီရှင် စာရင်းထဲသို့ ဝင်နိုင်မည် မဝင်နိုင်မည်ကိုတော့... မည်သူမျှ မသိရှိနိုင်သေးပေ။
"မင်းတို့... ပါရမီရှင် စာရင်းထဲကို ဝင်နိုင်သမျှ ကာလပတ်လုံး... 'နတ်ဘုရား တောင်ကြား' ထဲမှာ ကျင့်ကြံခွင့် ရရှိမယ်...။ ရာထူးတိုးမြှင့်ခံရဖို့ အခွင့်အရေးရော... ဆုလာဘ်များစွာပါ ရရှိနိုင်ဦးမှာ...။ ဒါက... တစ်သက်မှာ တစ်ခါသာ ကြုံနိုင်တဲ့ အခွင့်အရေးပဲ...။ မင်းတို့အားလုံး ကောင်းကောင်း စွမ်းဆောင်နိုင်မယ်လို့ ငါ မျှော်လင့်တယ်...။ ဒီတစ်ကြိမ်မှာ... ငါတို့ ကျောင်းတော်ကို ဂုဏ်တောက်ပစေမယ်လို့ ငါ ယုံကြည်တယ်"
ရှင်းထျန်းဖုန်းက ထပ်ဖြည့်၍ ဆိုလိုက်သည်။
အခြား ကျောင်းတော်များမှ ပါရမီရှင် ကျောင်းသားများမှာလည်း အလွန် အစွမ်းထက်လှကြ၏။ ...မဟုတ်ပါက... ထျန်းယန် အကယ်ဒမီသည်... အကြိမ်တိုင်း အောက်ဆုံးသို့ ရောက်ရှိနေမည် မဟုတ်ပေ...။
ခေတ္တမျှ ရပ်တန့်ပြီးနောက်... ရှင်းထျန်းဖုန်းက ကျယ်လောင်စွာ ကြေညာလိုက်သည်။
"ပြိုင်ပွဲ... စတင်ပါပြီ"
ပြိုင်ပွဲသည်... ရှုံးထွက်စနစ် တစ်မျိုးပင် ဖြစ်သည်။ ရှုံးနိမ့်သူများမှာ... ရက်စက်စွာပင် ပြိုင်ပွဲမှ ထွက်ခွာရမည် ဖြစ်သည်။
ကျောင်းသား (၃၀) ယောက် ရှိသဖြင့်... (၁၅) ယောက်သာ မဲနှိုက်ရန် လိုအပ်သည်။ မည်သူမဆို... မဲနှိုက်၍ ရရှိလာသူမှာ... သူ၏ ပြိုင်ဘက်ပင်။
ကျောင်းသားများမှာ... မည်သူနှင့် ယှဉ်ပြိုင်ရမည်ကို အလွန် စူးစမ်းနေကြပြီး... သူတို့၏ မျက်နှာများမှာ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်...။
အထူးသဖြင့်... ဖုန်းဝူချန်ပင်...။ ထို "အမည်ခံ" ကျောင်းသား၏ အစွမ်းအစမှာ... မည်သို့ ရှိနေသည်ကို... သူတို့အားလုံး သိချင်နေကြသည်။
"ကျိုးထျန်းဟိုင်...။ ကံဆိုးလိုက်တာ...။ ဖုန်းဝူချန် မဟုတ်ဘူး...။ တကယ် ပျင်းစရာ ကောင်းတယ်...။ ပြိုင်ဘက်က... အသွင်ပြောင်းဘုံ အဋ္ဌမအလွှာတဲ့"
သွမ့်ဟုန်ရှီးက စိတ်ပျက်စွာ ဆိုလိုက်ပြီး... သူ၏ မျက်လုံးများက ဖုန်းဝူချန်ထံသို့ လှည့်ကြည့်ကာ...
"ဖုန်းဝူချန်... မင်းရဲ့ ပြိုင်ဘက်က ဘယ်သူလဲ"
"ကြည့်ရတာ... ကျွန်တော်... ကံကောင်းသွားပုံပဲ...။ နံပါတ် (၁) ကို ဆွဲမိတယ်...။ 'ကျန်းချင်း' တဲ့"
ဖုန်းဝူချန်က လေသံပေါ့ပေါ့ဖြင့် ဆိုလိုက်ပြီး... သူ၏ လက်ထဲမှ ပြိုင်ဘက်၏ အမည်ကို မြှောက်ပြလိုက်သည်။
သွမ့်ဟုန်ရှီးက ခေါင်းခါလိုက်ပြီး...
"မင်း... ကံဆိုးသွားပြီ...။ အဲ့ဒီလူက... တော်တော် သန်မာတယ်ကွ..။ ပြီးတော့... သူ သုံးတဲ့ နည်းလမ်းတွေက... အရမ်း ရက်စက်တယ်"
"ကျန်းချင်း...။ ဖုန်းဝူချန်က... ကျန်းချင်းနဲ့ တွေ့သွားတယ်"
"ဒါ... ပထမဆုံး ပွဲစဉ်ပဲ...။ အဲ့လူရဲ့ စွမ်းအားကို... ကြည့်ရုံပဲ"
"ဖုန်းဝူချန်မှာ... တိုက်ခိုက်ခွင့်တောင် ရပါ့မလား မသိဘူး...။ ကျန်းချင်းရဲ့ စွမ်းအားက... ကြောက်စရာ ကောင်းလောက်အောင် သန်မာတာ"
ပြိုင်ပွဲစာရင်းတွင် ဖုန်းဝူချန်၏ အမည်ကို တွေ့လိုက်ရသည်နှင့်... ကျောင်းသားများအားလုံး... ဆူညံပွက်လောရိုက်သွားကြပြီး... မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားကြတော့သည်။