← Chapters

ကျန်းချင်းကို အနိုင်ယူခြင်း

Vol. 8 Ch. 109

ကျန်းချင်းကို အနိုင်ယူခြင်း

Vol. 8 Ch. 109

~ရင်ပြင်ကွင်း အတွင်းမှ ကျောင်းသားများမှာ စိတ်လှုပ်ရှားစွာ အားပေး ကြွေးကြော်လိုက်ကြ၏။

ဖုန်းဝူချန်၏ စွမ်းအားက... သူတို့၏ ကျင့်ကြံမှု အဆင့်များအပေါ် နားလည်ထားသည့် အသိကို လုံးလုံး ပြောင်းပြန်လှန်ပစ်လိုက်လေပြီ။

အကယ်ဒမီတွင် နှစ်ပေါင်းများစွာ လေ့ကျင့်နေထိုင်ခဲ့ကြသော်လည်း၊ ဖုန်းဝူချန်ကဲ့သို့ အသွင်ပြောင်းဘုံ နဝမအလွှာနှင့်ပင် ဤမျှ ထူးကဲဆန်းကြယ်သော လူစားမျိုးကို သူတို့ တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးကြချေ။

...'ဖုန်းဝူချန်က... လူကော ဟုတ်ရဲ့လား။ တိုက်ခိုက်လေ... သန်မာလေပဲ'...

ကျန်းချင်းသည် သူ ရင်ဆိုင်ခဲ့ဖူးသော ပြိုင်ဘက်များစွာထဲတွင်... ဖုန်းဝူချန်၏ စွမ်းအားကို ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့ စိုးထိတ်လာမိတော့သည်။

သူ့ကို ပို၍ တုန်လှုပ်စေသည်မှာ... ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် သံမဏိနံရံကြီးတစ်ခုကဲ့သို့ ထိုးဖောက်မရနိုင်ဘဲ... သူ၏ တိုက်ခိုက်မှုများ အားလုံးမှာလည်း အရာမထင် ဖြစ်နေခြင်းပင်။

ကျန်းချင်း အနီးကပ် တိုက်ခိုက်ခြင်းကို စွန့်လွှတ်လိုက်ပြီး... အလွန် ပြတ်သားစွာပင်... ချက်ချင်းပင် ဆုတ်ခွာရန် အခွင့်အရေး ရှာလိုက်တော့သည်။

"ကြည့်ရတာ... ကျန်းချင်းက သဘောပေါက်သွားပုံပဲ...။ သိပ်နောက်မကျသေးဘူး... သူ့မှာ အခွင့်အရေး ရှိပါသေးတယ်"

သွမ့်ဟုန်ရှီးက ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။

...

သွမ့်ဟုန်ရှီးသည် ဖုန်းဝူချန်၏ ကြီးမားလှသော ခန္ဓာကိုယ် စွမ်းအားအကြောင်းကို ရှေးမဆွကပင် သိရှိထားပြီး ဖြစ်၏။

ပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့်... ဖုန်းဝူချန်ထံမှ 'အထွတ်အထိပ် ခန္ဓာကျင့်စဥ်' လေ့ကျင့်နည်းကို တောင်းယူရန် သူက အစကတည်းက ကြံစည်ထားခဲ့လေသည်။

"တတိယအလွှာ ကောင်းကင်

အမျက် ဒေါသ လက်ဝါး"

ကျန်းချင်း ဆုတ်ခွာလိုက်သည့် ထိုအခိုက်အတန့်၌... ဖုန်းဝူချန်က ရုတ်တရက် လက်ဝါးချက် တစ်ခု ထုတ်ဖော်လိုက်၏။

ထိုအခါ လက်ဝါး သုံးလွှာ ထပ်ဆင့်လျက်... (၁) ကျန့် အရွယ်အစားရှိသော အလွန်အမင်း အစွမ်းထက်သည့် ရွှေရောင် လက်ဝါးတံဆိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး၏။ ထိုလက်ဝါးတံဆိပ်ကြီးက... ကျန်းချင်း၏ နောက်သို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် လိုက်ပါ

သွားတော့သည်။

လျင်မြန်စွာ ဆုတ်ခွာနေသော ကျန်းချင်းက သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအင်ကို လှုံ့ဆော်လိုက်ပြီး... အလျှော့မပေးလိုသည့် ဟန်ပန်ဖြင့် လက်ဝါးတစ်ချက် ပြန်လည် ရိုက်ထုတ် လိုက်၏။

"နက်နဲခြင်းအဆင့် ကနဦး သိုင်းပညာ...။ ကောင်းကင်ဂိုဏ်းဂဏ လက်ဝါး”

"ဘုန်း"

အစွမ်းထက်သော စွမ်းအင် လက်ဝါးတံဆိပ် နှစ်ခုတို့ တိုက်မိသွားပြီး... ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။

ပြင်းထန်လှသော အားလှိုးင်တို့က ကျန်းချင်းကို နောက်တစ်ကြိမ် လွင့်စဉ်သွားစေကာ... သူ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့သွားတော့၏။

...'နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ စွမ်းအားက တော်တော် ပြင်းတာပဲ'... ကျန်းချင်းက မျက်မှောင်ကြုတ်လျက် စိတ်ထဲမှ တွေးလိုက်သည်။ ထို တိုက်ရိုက် ရင်ဆိုင်မှုတွင် သူ အသာမရခဲ့ပေ။

"ဝှစ်"

သို့သော်... ကျန်းချင်းတစ်ယောက် အခြေအနေ၏ လေးနက်မှုကို ခံစားမိနေချိန်မှာပင်... အနက်ရောင် အရိပ်တစ်ခုက ရုတ်တရက် လှစ်ခနဲ ပေါ်ထွက်လာသည်။

...'မကောင်းတော့ဘူး'... ကျန်းချင်း၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွား၏။

"ခွပ်"

ဖုန်းဝူချန်သည် ရုတ်တရက် ရှေ့သို့ လှစ်ခနဲ တိုးဝင်လာပြီး... ယခင်ကထက် အနည်းငယ် ပို၍ လျင်မြန်သော အရှိန်ဖြင့်... ကျန်းချင်း၏ ညာဘက် ပါးပြင်ကို 'ခွပ်' ခနဲ မြည်အောင် ထိုးနှက်လိုက်ရာ... ကျန်းချင်းတစ်ယောက် ပစ်လွင့်သွားတော့သည်။

...'သူ့အရှိန်က ဘယ်လိုဖြစ်လို့... ဒီလောက်...။ ထပ်တိုးလာပြန်ပြီ...။ ဘယ်လို လှုပ်ရှားမှု သိုင်းကွက်မို့... ဒီလောက် သန်မာရတာလဲ'... ကျန်းချင်းတစ်ယောက်... အတွင်းစိတ်ထဲထိ တုန်လှုပ်ခြောက်ခြားသွားသည်။ သူ အန္တရာယ်ကို အာရုံခံမိလိုက်သော်ငြား... ရှောင်တိမ်းရန် နောက်ကျသွားခဲ့လေပြီ။

ကျန်းချင်းသည် ဖုန်းဝူချန်က သူ၏ စွမ်းအားအပြည့်အစုံကို ထုတ်မသုံးသေးဟု အမြဲတမ်း ခံစားနေရ၏။ သို့သော်... ဤအချက်ကို သူ မယုံကြည်ချင်ခဲ့...။ အဘယ်ကြောင့်ဆိုသော်... အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်လေးဖြင့်... ယခု လက်ရှိ ပြသနေသော ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားခြင်းကပင်... အလွန် ထူးကဲနေပြီ မဟုတ်ပါလား။

အကယ်၍ ဖုန်းဝူချန်သာ သူ၏ စွမ်းအားကို ဆက်လက် ဖုံးကွယ်ထားဦးမည် ဆိုပါက... ထိုကိစ္စမှာ... ထူးကဲ ဆန်းကြယ်သည်ထက်ပင် ပို၍... ကြောက်မက်ဖွယ် ကောင်းလွန်းနေပြီ ဖြစ်သည်...။

"ဖုန်းဝူချန်ရဲ့ အရှိန်က... နည်းနည်း... နားလည်ရခက်တယ်...။ အသွင်ပြောင်းဘုံ နဝမအလွှာ အထွတ်အထိပ် အဆင့်နဲ့... ယွမ်တန်ဘုံ ဒုတိယအလွှာရဲ့ အရှိန်ကို... လိုက်မီနိုင်စရာ အကြောင်း မရှိဘူး...။ ...ဖြစ်နိုင်တာက... သူ့ရဲ့ လှုပ်ရှားမှု သိုင်းကွက်က... မြေကမ္ဘာအဆင့် သိုင်းပညာ ဖြစ်ရမယ်" ဟူ၍ ကျောင်းသားဟောင်း တစ်ဦးက မျက်မှောင်ကြုတ်လျက် သုံးသပ်လိုက်၏။ ဤ ရှင်းပြချက်ကသာ... သူ့ကို လက်ခံနိုင်စေမည့် တစ်ခုတည်းသော အဖြေ ဖြစ်သည်။

ထိုသို့ ပြောလိုက်ပြီးနောက်... ထိုကျောင်းသားက ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများထံသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး...ပြောလိုက်၏။

"ကြည့်ရတာ... ကျောင်းအုပ်ကြီးတို့... အကြီးအကဲတို့တောင်... ဖုန်းဝူချန်ရဲ့ စွမ်းအား အတိုင်းအတာကို... သိပုံမရဘူး"

နောက်ထပ် ကျောင်းသားဟောင်း တစ်ဦးကလည်း မှတ်ချက် ချလိုက်၏။

"ဖုန်းဝူချန်ကို... လျှော့တွက်လို့ မရဘူး...။ သူ... သူ့ရဲ့ စွမ်းအားအပြည့်ကို... ထုတ်မသုံးသေးတာလည်း ဖြစ်နိုင်တယ်"

"သူ့ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းပြီး... တိုက်ခိုက်ရေး အတွေ့အကြုံလည်း အရမ်း များတယ်...။ ကျွန်တော်တောင်... သူနဲ့... တွေ့ဆုံ ယှဉ်ပြိုင်ကြည့်ချင်လာပြီ"

အခြား စွမ်းအားကြီးသော ကျောင်းသားဟောင်းများ အားလုံးလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။

ဤ "အမည်ခံ" ကျောင်းသားလေးကို... မည်သူမျှ လျှော့တွက် မရဲကြတော့ပေ။

ရင်ပြင်ကွင်း အတွင်းသို့ ပြန်ကြည့်လိုက်လျှင်... ကျန်းချင်းကို လက်သီးတစ်ချက်ဖြင့် လွင့်ထွက်သွားအောင် ထိုးလိုက်ပြီးနောက်... ဖုန်းဝူချန်သည် ရှေ့သို့ ထပ်မံ တိုးဝင်သွားပြန်သည်။ သူ၏ ပုံရိပ်မှာ လျင်မြန်စွာ လှုပ်ရှားနေ၏။

ကျန်းချင်းက သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအင်ကို ထပ်မံ လှုံ့ဆော်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အား အဖြူရောင် အလင်းလွှာ ခပ်ဖျော့ဖျော့ ဝန်းရံသွားပြီး... အစွမ်းထက်သော စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။

"ဖုန်းဝူချန်...။ ဒီသိုင်းပညာကို ခံနိုင်အောင် ပြင်ထား"

ကျန်းချင်းက ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း ကြွေးကြော်လိုက်၏။ တဆက်တည်း၌ သူ၏ လက်များက လျင်မြန်စွာ မုဒြာပုံစံများ ဖွဲ့လိုက်သည်နှင့်... သူ၏ အရှိန်အဝါက တဟုန်ထိုး မြင့်တက်လာပြီး...သူ့ပတ်ပတ်လည်၌ ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းလာတော့သည်။

...အနီးကပ် တိုက်ခိုက်၍ အရာမထင်မှတော့... ကျန်းချင်းသည်... သိုင်းပညာကိုသာ အားကိုးရတော့မည်...။

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ ကောင်းကင်လေပြင်း ခြေကန်ချက်"

"ဝှစ်... ဝှစ်... ဝှစ်"

ကျန်းချင်းက သူ၏ ခြေထောက်များကို လျင်မြန်စွာ လွှဲယမ်း ကန်ကျောက်လိုက်ရာ... အဖြူရောင် စွမ်းအင်များ အဆက်မပြတ် ပေါက်ကွဲလာ၏။... မျက်စိတစ်မှိတ် အတွင်းမှာပင်... (၁၀) ချက်ထက်မနည်း ထွက်ပေါ်လာကာ... လေပြင်း တစ်ချက်ပင် တိုက်ခတ်သွားသကဲ့သို့ ထင်မှတ်ရသည်။

ကျန်းချင်း၏ 'ကောင်းကင်လေပြင်း ခြေကန်ချက်' သိုင်းပညာမှာ အလွန် အားကောင်းပြီး... အရှိန်အဟုန်မှာလည်း အံ့မခန်း လျင်မြန်လှကာ... သူ၏ သိုင်းပညာ လေ့ကျင့်မှုမှာ အလွန် ပြင်းထန်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း... ဝန်ခံရပေမည်။

ရှေ့သို့ ပြေးဝင်နေသော ဖုန်းဝူချန်မှာ အနည်းငယ် အံ့အားသင့်သွား၏။

...'အကယ်ဒမီရဲ့ ပါရမီရှင်

ကျောင်းသား တစ်ယောက် ဖြစ်ရတာနဲ့... သူ့ရဲ့ သိုင်းပညာက... တော်တော် အစွမ်းထက်တာပဲ'...

သို့သော်... သူ့မှာ ထပ်မံ တွေးတောနေချိန် မရတော့ဘဲ... ကိုယ်ကို အရှိန်ပြင်းစွာဖြင့် ရှောင်တိမ်းလိုက်ရသည်။

"ဘုန်း... ဘုန်း... ဘုန်း"

ဖုန်းဝူချန် သွားလေရာသို့... ကျန်းချင်း၏ တိုက်ခိုက်မှုများက လိုက်ပါလာပြီး... ရင်ပြင်ကွင်းကြီးမှာ ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟည်း

နေတော့သည်။ မရေမတွက်နိုင်သော ကျောက်တုံး အပိုင်းအစများ လွင့်စဉ်လျက်... မြေပြင် တစ်ခုလုံးမှာလည်း ပျက်စီးနေလေပြီ။

ဖုန်းဝူချန်၏ အရှိန်က အထင်ကြီးလောက်စရာ ကောင်းနေသေး၍သာ...။ မဟုတ်ပါက... ကျန်းချင်း၏ ပြင်းထန်သော တိုက်ခိုက်မှုများကို... သူ အမှန်တကယ် ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ကျန်းချင်းသည် တိုက်ခိုက်နေရင်း... ဖုန်းဝူချန်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။

ဖုန်းဝူချန်နှင့် (၁၀) မီတာခန့် အကွာအဝေးသို့ ရောက်ရှိလာသောအခါ... သူက ဟိန်းဟောက်လိုက်ပြီး... လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်၏။ တူညီသော အခိုက်အတန့်မှာပင် သူ၏ ခြေထောက်ကို ပြင်းထန်သော အရှိန်အဝါဖြင့် အပေါ်စီးမှ ဆောင့်နင်းချလိုက်တော့သည်။

ကျန်းချင်း၏ ဟန်ပန်ကို ကြည့်ရသည်မှာ... သူ၏ ခြေထောက်သာ မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့်... မြေပြင်သည် ကြီးမားသော တွင်းနက်ကြီး တစ်ခုအဖြစ် ပေါက်ကွဲသွားမည်မှာ သေချာ၏။ အကယ်၍ ဖုန်းဝူချန်သာ မရှောင်တိမ်းပါက... မြေကြီးထဲသို့ သက်ဆင်းသွားဖွယ် ရှိနေသည်။

ဖုန်းဝူချန်၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

ကျန်းချင်း၏ ခြေကန်ချက်ထဲမှ စွမ်းအင်ကို သူ အာရုံခံမိလိုက်ပြီး... သူ၏ မျက်နှာထားမှာ ပို၍ လေးနက်သွားသည်။

သို့သော်... ထိုသို့ ဖြစ်နေသည့်တိုင်... ဖုန်းဝူချန်၌ ရှောင်တိမ်းရန် အရိပ်အယောင်ပင် မရှိခဲ့ပေ။

"တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါး"

ဖုန်းဝူချန်က ဟိန်းဟောက် ကြွေးကြော်လိုက်သည်နှင့်... သူ၏ အရှိန်အဝါများ မြင့်တက်လာ၏။ နဂါးနတ်ဘုရား စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာပြီး... သူ၏ စွမ်းအား အားလုံးကို လက်ဝါးထဲ၌ စုစည်းကာ... အပေါ်သို့ ပင့်တင် ရိုက်ခတ်လိုက်သည်။

"ဘုန်း"

"ဝီ.. ဝီ"

လက်ဝါးနှင့် ခြေထောက်တို့ တိုက်မိသွားရာ... နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ရင်ပြင်ကွင်း၏ မြေပြင်မှာ ချက်ချင်း ပြိုကျ ပျက်စီးသွားပြီး... အက်ကွဲကြောင်းများမှာ နေရာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး... ကြမ်းတမ်းလှသော စွမ်းအားတို့ကြောင့်... ရင်ပြင်ကွင်းကြီးမှာ အနည်းငယ် တုန်ခါသွားကာ... ပြင်းထန်သော စွမ်းအင် လှိုင်းဂယက်များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွား၏။

ဖုန်းဝူချန်သည် ထိုတွင်းနက်ကြီးထဲသို့ နစ်မြုပ်သွားခဲ့သော်လည်း... အဆုံးသတ်တွင်တော့... သူသည် ကျန်းချင်း၏ ပြင်းထန်သော တိုက်ခိုက်မှုကို... ဟန့်တားနိုင်ခဲ့လေသည်။

"ဖုန်းဝူချန်... မင်း တကယ်ပဲ... စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့တာပဲ...။ အဲ့ဒီ လက်ဝါးက... အရင်ကထက်တောင် ပိုပြင်းထန်နေသေးတယ်"

ကျန်းချင်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။ သူ၏ နှလုံးသားထဲတွင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားသည်။

ဖုန်းဝူချန် ပြသလိုက်သော စွမ်းအားသည်... ကျန်းချင်း၏ စိတ်ကူးထဲမှ အတိုင်းအတာကို ကျော်လွန်သွားခဲ့လေပြီ။

တိုက်ပွဲကို ကြည့်ရှုနေကြသော ကျောင်းသားများမှာ... စိတ်လှုပ်ရှားမှုမှသည်... လုံးဝ ကြက်သေ သေသွားကြတော့သည်။

...အသွင်ပြောင်းဘုံ နဝမအလွှာက... တကယ်ပဲ... ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကို... ပိုင်ဆိုင်နိုင်လို့လား...။

ရှင်းထျန်းဖုန်း၊ အကြီးအကဲများနှင့် နည်းပြများအားလုံး... နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားကြပြန်သည်။ ဖုန်းဝူချန်၏ စွမ်းဆောင်ရည်သည်... သူတို့၏ မျှော်လင့်ချက်များကိုပင် ကျော်လွန်သွားခဲ့လေပြီ။

"ခင်ဗျားရဲ့ 'အစစ်အမှန်ယွမ်' တွေ အများကြီး ကုန်သွားပြီ...။ ပြီးတော့... 'ကောင်းကင်လေပြင်း ခြေကန်ချက်' သိုင်းပညာက... 'အစစ်အမှန်ယွမ်' တွေကို အများကြီး သုံးစွဲရတယ်...။ ခင်ဗျား... ရှုံးဖို့... ကံကြမ္မာ ပါလာပြီးသားပဲ"

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ဆိုလိုက်သည်။

သူ၏ စကားသံ ကျဆုံးသွားသည်နှင့်... ဖုန်းဝူချန်က နောက်ပြန် လက်ဆန့်ကာ... ကျန်းချင်း၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်သည်။ ထိုလူ၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။ သို့သော်... သူ မည်သို့မျှ တုံ့ပြန် မမီခင်မှာပင်... ဖုန်းဝူချန်က သူ့ကို ဆွဲယူ လွှဲပစ်လိုက်လေပြီ။

"ဝုန်း"

ဖုန်းဝူချန်က မြေပြင်ကို ဆောင့်နင်းလိုက်ပြီး....သူ၏ ပုံရိပ်မှာ အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ ပစ်ခွင်းသွားတော့သည်။

မြေပြင်ပေါ်မှ ကျောက်တုံးများ လွင့်စဉ်သွားပြီး... ဖုန်မှုန့်များနှင့် အပျက်အစီးများ လေထဲသို့ လွင့်တက်သွားကာ... မည်သူမျှ တားဆီးနိုင်ခြင်း မရှိတော့ပေ။

ကျန်းချင်းသည် မြေပြင်ပေါ်သို့ ကျရောက်သွားပြီး... သူ၏ မျက်နှာထားမှာ အလွန် လေးနက် တည်ငြိမ်နေ၏။

"ဖြောင်း"

ကျန်းချင်းက သူ၏ လက်ဝါး နှစ်ဖက်ကို ပူးကပ်လိုက်သည်နှင့်... 'အစစ်အမှန်ယွမ်' စွမ်းအင်များ လှိုင်းထန်လာပြီး... အဖြူရောင် အလင်းတန်းများ ထပ်မံ တောက်ပလာကာ... သူ၏ အရှိန်အဝါမှာလည်း တဟုန်ထိုး မြင့်တက်လာတော့သည်။

"ဖုန်းဝူချန်...။ ငါ့ကို... ဒီအခြေအနေထိ တွန်းပို့နိုင်တာက... မင်းရဲ့ စွမ်းအားကို သက်သေပြပြီးသားပဲ...။ ဒါပေမဲ့... ငါ့ကို အနိုင်ယူဖို့တော့... မင်း... အများကြီး... စောလွန်းသေးတယ်"

ထိုသို့ ကျန်းချင်းက အော်ဟစ်လိုက်ပြီး... စိမ်းပြာရောင် ကျောက်စိမ်းဆွဲသီး တစ်ခုကို ထုတ်ယူလိုက်သည်။

ထို စိမ်းပြာရောင် ကျောက်စိမ်းဆွဲသီး ပေါ်ထွက်လာသည်နှင့်... ကျန်းချင်း၏ အရှိန်အဝါမှာ အဆများစွာ တိုးပွားလာတော့သည်။ အလွန်အမင်း အစွမ်းထက်သော 'ချီ' စွမ်းအင် အရှိန်အဝါတို့ ထွက်ပေါ်လာ၏။

...'အရည်အသွေးမြင့် ရတနာပစ္စည်းပဲ'... ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းချင်း၏ စွမ်းအား မည်မျှ သန်မာလာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။

ကျန်းချင်းက သူ၏ ရတနာပစ္စည်းကို ထုတ်ယူလိုက်သည်နှင့်... ကျောင်းသား အားလုံး၏ မျက်နှာ အမူအရာများ အနည်းငယ် ပြောင်းလဲသွားကြသည်။

"ဒါ... ကျန်းချင်းရဲ့ နောက်ဆုံး ဝှက်ဖဲပဲ"

"သူ... ဖုန်းဝူချန်ကို အနိုင်ယူနိုင်မလား... မယူနိုင်ဘူးလား ဆိုတာ... ဒီနောက်ဆုံး တိုက်ကွက်အပေါ်မှာပဲ မူတည်နေပြီ"

ကျောင်းသားဟောင်းများ အားလုံး မျက်မှောင်ကြုတ်လိုက်ကြပြီး... သူတို့၏ မျက်လုံးများက... ကွင်းအတွင်းမှ လူနှစ်ယောက်၏ ပုံရိပ်များပေါ်တွင် စူးစိုက်နေကြသည်။

"ဖုန်းဝူချန်... ကျန်းချင်းရဲ့ ဒီလှုပ်ရှားမှုက... မရိုးရှင်းဘူး"

သွမ့်ဟုန်ရှီးက ပြုံးလျက် ဆိုလိုက်၏။ သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ...ဖုန်းဝူချန်က... မည်သို့ တုံ့ပြန်မည်ကို... သူ အလွန် မြင်တွေ့လိုနေသည်။

"ကျန်းချင်းရဲ့ အရှိန်အဝါက... ကြောက်စရာကြီး...။ အစ်ကိုဖုန်းရဲ့ အရှိန်အဝါကို လုံးဝ လွှမ်းမိုးသွားပြီ...။ အစ်ကိုဖုန်း... ရှုံးသွားမှာတော့... မဟုတ်ပါဘူးနော်"

မြောင်ချင်းချင်းက စိုးရိမ်စွာ ဆိုလိုက်ရာ... သူမ၏ လက်ဖဝါးများမှာ ချွေးများ စို့လာသည်။

လျိုချင်းယန်က သွမ့်ဟုန်ရှီးကို တစ်ချက် ကြည့်လိုက်ပြီး...

"'တောမျောက်'... ကြည့်ရတာ... ခင်ဗျားက ကျန်းချင်းကို... တော်တော် သိပုံပဲ...။ ခင်ဗျား... သူ့ကို တိုက်ခိုက်ဖူးလား"

သွမ့်ဟုန်ရှီးက ခေါင်းညိတ်လိုက်ပြီး ပြုံးလျက်...

"ငါ... အကယ်ဒမီကို ရောက်ရောက်ချင်း... သူ့ကို တိုက်ခိုက်ဖူးတယ်...။ သူ့ရဲ့ ဒီလှုပ်ရှားမှု စွမ်းအားက... တော်တော်လေး ကြောက်စရာကောင်းတယ်...။ ...ဖုန်းဝူချန်... သူ့ကို... ခုခံနိုင်ပါ့မလား ဆိုတာပဲ... ငါ မသိတာ"

ဖုန်းဝူချန်က ရှေ့သို့ ပြေးဝင်လာပြီး... သူ၏ လက်သီးကို ပြင်းထန်စွာ ထိုးနှက်ချလိုက်သည်။

"ဝုန်း"

သူ၏ လက်သီးမှာ ကျန်းချင်းကို မထိမှန်ခဲ့ဘဲ... အစွမ်းထက်သော 'ချီ' စွမ်းအင် ပေါက်ကွဲမှု တစ်ခုကြောင့်... ပြန်လည် တွန်းကန်ခြင်း ခံလိုက်ရသည်။

ဖုန်းဝူချန်၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွား၏။

"ဟိတ်ယား"

ကျန်းချင်းက ရုတ်တရက် ညာသံပေးလိုက်ရာ... ကြမ်းတမ်းလှသော 'ချီ' စွမ်းအင်များက သူ့ကို ဗဟိုပြုလျက်... လျှပ်စီး အလျင်ဖြင့် ချက်ချင်း လှိမ့်ထွက်လာပြီး... ချက်ချင်းပင်... ဖုန်းဝူချန်ကို လွင့်စဉ်သွားစေတော့သည်။

...'ချီ' စွမ်းအင် သက်သက်နဲ့တောင်... ဒီလောက် စွမ်းအား ရှိနေတယ်...။ တကယ်... ထူးခြားတာပဲ'... ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား-မြေကမ္ဘာ

အဆင့် သိုင်းပညာ...။ ထိုက်ကျီ ပင်လယ်လှန် တံဆိပ်"

ကျန်းချင်းက ဟိန်းဟောက်လိုက်ပြီး... သူ၏ ညာလက်ကို ကောင်းကင်ထက်သို့ မြှောက်လိုက်ရာ... (၂) ကိုက်ခန့် ကြီးမားသော အဖြူရောင် စွမ်းအင် တံဆိပ်ကြီးတစ်ခု အပေါ်၌ ဖွဲ့တည်သည်။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာ၏။

နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား-မြေကမ္ဘာ

အဆင့် သိုင်းပညာကို... အရည်အသွေးမြင့် ရတနာပစ္စည်းနှင့် ပေါင်းစပ်လိုက်ရာ... ထွက်ပေါ်လာသော စွမ်းအားမှာ... ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလှတော့သည်။

ထို ကြောက်မက်ဖွယ် အဖြူရောင် စွမ်းအင် တံဆိပ်ကြီးကို မြင်လိုက်ရသောအခါ... ကျောင်းသားများစွာတို့ ကြောက်လန့်တကြား မျက်နှာများ ဖြူဖျော့သွားကြသည်။

"ဖုန်းဝူချန်...။ ဒီသိုင်းပညာကို ပိတ်ဆို့နိုင်လား"

ကျန်းချင်းက ထပ်မံ ကြွေးကြော်လိုက်ပြီး... သူ၏ လက်ကို လွှဲယမ်းလိုက်၏။... အစွမ်းထက်သော စွမ်းအင် တံဆိပ်ကြီးမှာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိုးဆင်းလာတော့သည်။

စွမ်းအင် တံဆိပ်ကြီး ဖြတ်သန်းသွားလေရာ... ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားပြီး... ဖိနှိပ် ချေမှုန်းနိုင်သော ဖိအားများ ပါဝင်နေ၏။

ဖုန်းဝူချန်၏ မျက်နှာထားမှာ လေးနက်နေလျက်၏။... ကောင်းကင်မှ ကျဆင်းလာသော စွမ်းအင် တံဆိပ်ကြီးကို စိုက်ကြည့်နေ

သော်လည်း... သူ၏ မျက်ဝန်းများထဲ၌... ကြောက်လန့်တကြား ဖြစ်နေသော အရိပ်အယောင် တစ်စုံတစ်ရာမျှ မတွေ့ရပေ။

ရှင်းထျန်းဖုန်းနှင့် အကြီးအကဲများမှာ... အတိုင်းအဆမရှိသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသလို... စွမ်းအားကြီးသော ကျောင်းသားများမှာလည်း... မည်သို့ ဖြစ်လာမည်ကို အလွန် မြင်တွေ့လိုနေကြသည်။

"ဖုန်းဝူချန်... လက်လျှော့တော့မလို့လား"

"ဖုန်းဝူချန်... ဒါကို... တားနိုင်မှာ မဟုတ်ဘူး...။ ဒါက... ကျန်းချင်းရဲ့ အသန်မာဆုံး တိုက်ကွက်ပဲ"

"သူ... တားနိုင်မှာ... မဟုတ်တော့ဘူး...။ ဖုန်းဝူချန်... ရှုံးဖို့... ကံပါလာပြီ"

"အဲ့လိုတော့... ငါ မထင်ဘူး...။ ကျန်းချင်းမှာ... အသန်မာဆုံး အကွက် ရှိသလို... ဖုန်းဝူချန်မှာ... မရှိဘူးလို့... ဘယ်သူ ပြောနိုင်မှာလဲ"

ဖုန်းဝူချန်က လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုလုပ်ဘဲ နေရာမှာပင် ရပ်နေသည်ကို မြင်သောအခါ... ကျောင်းသားများမှာ... ထပ်မံ၍ ဆူညံ ပွက်လောရိုက်သွား

ကြပြန်သည်။

"ဖုန်းဝူချန်...။ မင်း... ရှုံးဖို့... ကံပါလာပြီးသားပဲ"

ကျန်းချင်းက အော်ဟစ်လိုက်ပြီး... သူ၏ လက်ဝါးကို ရှေ့သို့ တွန်းထုတ်ကာ... စွမ်းအင် တံဆိပ်ကြီး၏ အရှိန်ကို ပို၍ မြှင့်တင်လိုက်သည်။

ဖုန်းဝူချန်က စကားတစ်ခွန်းမျှ မဆို...။ သို့သော်... သူ၏ ခန္ဓာကိုယ် အတွင်းမှ နဂါးနတ်ဘုရား စွမ်းအားများမှာ... လှုပ်ရှား နိုးကြွလာပြီး ဖြစ်၏။ သူ၏ ခန္ဓာကိုယ်အား ရွှေရောင် အလင်းတန်းများက လွှမ်းခြုံသွားပြီး... သူ၏ အရှိန်အဝါမှာလည်း အကြီးအကျယ် မြင့်တက်လာတော့သည်။

ထိုအခိုက်အတန့်.. ။

ဖုန်းဝူချန်၏ စွမ်းအားကို ခံစားမိလိုက်ကြသော ကျောင်းသားများ အားလုံး... အသက်ရှူရန်ပင် မေ့လျော့သွားကြပြီး... သူတို့၏ မျက်လုံးများက သူ့ထံတွင်သာ စူးစိုက်နေကြတော့၏။

ဖုန်းဝူချန်က... လက်ညှိုးတစ်ချောင်းကို မြှောက်ကာ စွမ်းအင်တံဆိပ်ကြီးထံသို့ ချိန်ရွယ်လိုက်သည်။

"နတ်သတ်ဝိညာဉ်ဖြတ် လက်ညှိုး"

ဖုန်းဝူချန်၏ မျက်နှာမှာ တည်ငြိမ်နေလျက်... အသံတိုးတိုးဖြင့် ကြွေးကြော်လိုက်ရာ... သူ၏ လက်ညှိုးထိပ်မှ ရွှေရောင် အလင်းတန်း တစ်ခု ရုတ်တရက် ပစ်လွှတ်ထွက်ပေါ်လာ၏။ ဖျက်ဆီးခြင်း အငွေ့အသက်တို့ လွှမ်းခြုံသွားပြီး... ထိုရွှေရောင် အလင်းတန်းမှာ လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။

"တော်... တော်တော် အံ့ဩစရာကောင်းတဲ့ အရှိန်အဝါပဲ"

ရှင်းထျန်းဖုန်း၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ဝှစ်"

"ဘုန်း"

ရွှေရောင် အလင်းတန်းက မျက်စိတစ်မှိတ်အတွင်း ဖြတ်သန်းသွားပြီး... ထိုစွမ်းအင်တံဆိပ်ကြီးကို ချက်ချင်း ထိုးဖောက်သွားကာ... ကျန်းချင်း၏ ပခုံးကိုပါ ချက်ချင်း ထိုးဖောက်သွားလေသည်။

“ဝေါ့”

စွမ်းအင်တံဆိပ်ကြီးမှာ ချက်ချင်း ပေါက်ကွဲသွားပြီး... ကျန်းချင်းမှာလည်း သွေးများ အန်ထုတ်လိုက်ရ၏။

"ဒါ... ဒါ"

ကျန်းချင်းမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး... စကားတစ်ခွန်းမျှ မဆိုနိုင်တော့ပေ။ သူ၏ မျက်လုံးများမှာ မယုံနိုင်ခြင်းများဖြင့် ပြူးကျယ်လျက်... ဖုန်းဝူချန်ကို ကြည့်ရင်း... လဲကျသွားတော့သည်။

ကွင်းအတွင်းရှိ ကျောင်းသားတိုင်း... အစွမ်းထက်သော ကျောင်းသားဟောင်းများ အပါအဝင်... အားလုံး ကြက်သေ သေသွားကြသည်။ ...'ဖုန်းဝူချန်... ခုနက... ဘယ်လို သိုင်းပညာကို သုံးလိုက်တာလဲ။... ရွှေရောင် အလင်းတန်း တစ်ချက်တည်းနဲ့... စွမ်းအင်တံဆိပ်ကြီးကို ဖျက်ဆီးပြီး... ကျန်းချင်းကိုပါ ဒဏ်ရာရစေခဲ့တယ်'...။

ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့ နှစ်ဦးလုံး... မှင်တက်သွားကြသည်။

"မြေကမ္ဘာအဆင့် သိုင်းပညာ...။ ဒါ... ဒါ... မြေကမ္ဘာအဆင့် သိုင်းပညာပဲ"

ယခင်က တိတ်ဆိတ် ငြိမ်သက်နေသော ကွင်းပြင်ကြီးမှာ... ချက်ချင်းပင် ဆူညံ ပွက်လောရိုက်သွားပြီး... ကျောင်းသားများအားလုံး တုန်လှုပ် အံ့အားသင့်စွာ အော်ဟစ်လိုက်ကြတော့သည်။

All Chapters