ထျန်းယွင်ဂိုဏ်း၏ ဆုံးဖြတ်ချက်
Vol. 9 Ch. 123
~ပြင်းထန်သော တိုက်ပွဲကြီးကား ပြီးဆုံးသွားခဲ့လေပြီ။ ဖုန်းဝူချန်သည် ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။
သူ၏ မျက်နှာသည် စက္ကူဖြူ တစ်ရွက်လို ဖြူဖျော့နေခဲ့သည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ အစစ်အမှန်ယွမ် စွမ်းအင်များမှာလည်း လုံးဝနီးပါး ကုန်ဆုံးသွားခဲ့လေသည်။
ဤတိုက်ပွဲသည် မည်သို့မျှ လွယ်ကူခဲ့ခြင်း မရှိပါချေ။ ဖုန်းဝူချန်သည် သူ၏ စွမ်းအား အားလုံးကို အသုံးပြုခဲ့ရတော့သည်။
ဖုန်းဝူချန်က တကိုယ်တည်း ရေရွတ်လိုက်၏။
"အချိန် အများကြီး မကျန်တော့ဘူး..."
သူသည် အရိုးဆက် ချီ ဆေးလုံး တစ်လုံးနှင့် စိမ်းစို နက်နဲခြင်း ဆေးလုံး တစ်လုံးကို အလျင်အမြန် ထုတ်ယူကာ မျိုချလိုက်လေသည်။
ဤအခိုက်အတန့်တွင် ဖုန်းဝူချန်သည် မတ်တပ်ပင် ကောင်းစွာ မရပ်နိုင်တော့ပါ။ အကယ်၍သာ ဟွမ်ဖူမိသားစုမှ လူတစ်ယောက်ယောက်နှင့် ယခုအချိန်တွင် တွေ့ဆုံမိပါက သူ၌ ခုခံရန် စွမ်းအားပင် ရှိတော့မည် မဟုတ်ချေ။
"ခင်ဗျားရဲ့ အလောင်းကိုတော့ ဒီအတိုင်း ထားခဲ့လိုက်မယ်...။ ဟွမ်ဖူမိသားစုမှာ အသက်ရှင်တဲ့သူ တစ်ယောက်ယောက် ရှိနေသေးရင်တော့ သူတို့ လာပြီး ပြန်သယ်သွားလို့ ရတာပေါ့..."
ထိုသို့ ဖုန်းဝူချန်က ဟွမ်ဖူကျန့်ထျန်း၏ အသက်မဲ့ ခန္ဓာကိုယ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်၏။
ထို့နောက်တွင်တော့ သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ကြိုးစားသယ်ယူလျက် ထျန်းယန် အကယ်ဒမီ ရှိရာသို့ ထွက်ခွာသွားလေသည်။
သူသည် ခရီးဆက်နေရင်းပင် ဒဏ်ရာများကို ကုစားနေခဲ့၏။
...
ထျန်းယန် အကယ်ဒမီတွင် လူတိုင်းသည် ဖုန်းဝူချန်ကို စောင့်မျှော်နေခဲ့ကြသည်။ သူသည် တစ်နာရီကျော်ခန့်ပင် နောက်ကျနေခဲ့ပြီ ဖြစ်၏။
သွမ့်ဟုန်ရှီးက စိုးရိမ်တကြီး ပြောလိုက်လေသည်။
"ဖုန်းဝူချန် ဘာဖြစ်နေတာလဲ... ဘာလို့ ဒီလောက် ကြာနေရတာတုန်း... သူ ဘာလို့ ရောက်မလာသေးတာလဲ..."
သူ၏ အကြည့်များသည် အကယ်ဒမီ၏ ဝင်ပေါက်တွင် အမြဲတစေ စူးစိုက်နေခဲ့သော်လည်း ဖုန်းဝူချန်၏ အရိပ်အယောင်ကို မြင်တွေ့ရခြင်း မရှိသေးပါ။
“တစ်ခုခုများ ဖြစ်သွားတာလား…”
"ဖုန်းဝူချန်က မပါဝင်တော့ဘူးလား..."
"တကယ်ပဲ လူကို စိတ်တိုစေတာပဲ... ဖုန်းဝူချန် ဘာလို့ အခုထိ ရောက်မလာသေးတာလဲ..."
ကျောင်းသားများ အားလုံးသည် စိတ်မရှည် ဖြစ်လာကြတော့သည်။ သူတို့ အချင်းချင်း စတင်ကာ ညည်းညူနေကြ၏။
နည်းပြတစ်ဦးက စိုးရိမ်စွာ မေးမြန်းလိုက်သည်။
"ကျောင်းအုပ်ကြီး... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ... တစ်နာရီတောင် ရှိနေပြီ... ဖုန်းဝူချန်က တကယ်ပဲ မလာတော့တာများလား..."
ထိုအခါ ရှင်းထျန်းဖုန်းက လေးနက်စွာ ဆိုလိုက်လေ၏။
"ဖုန်းဝူချန်က ကတိဖျက်မယ့် လူစားမျိုး မဟုတ်ပါဘူး... တို့တွေ ခဏလောက် ထပ်စောင့်ကြည့်ကြသေးတာပေါ့..."
ဖုန်းဝူချန် ကတိမတည်ဘဲ နေလိမ့်မည်ကို သူ မယုံကြည်ချင်ပါ။
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လျက် ဝင်ပြောလိုက်ပြန်သည်။
"ခဏလေး ထပ်စောင့်ကြည့်လိုက်ပါဦး... တို့တွေ အချိန်မီ သွားနိုင်ပါသေးတယ်..."
အမှန်တော့ သူသည်လည်း အလျင်လိုနေခဲ့သည်သာ။
နောက်ထပ် နာရီဝက်ခန့် ကြာမြင့်သွားခဲ့သည်။ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများပင်လျှင် ဖင်တကြွကြွ ဖြစ်လာကြတော့၏။
သူတို့၏ အမြန်နှုန်းဖြင့် ထျန်းယန် အကယ်ဒမီမှ နတ်ဘုရား တောင်ကြားသို့ ခရီးသွားရန် အနည်းဆုံး နှစ်ရက် လိုအပ်ပေသည်။ နတ်ဘုရား တောင်ကြား၏ အစွန်အဖျားမှ အလယ်ဗဟိုသို့ သွားရန်လည်း နောက်ထပ် တစ်ရက် လိုအပ်ဦးမည် ဖြစ်၏။ အကယ်၍သာ သူတို့ အမြန်ဆုံး မထွက်ခွာခဲ့ကြလျှင် အချိန် လုံလောက်တော့မည် မဟုတ်ဟု စိုးရိမ်နေကြသည်။
သူတို့ အလွန် နောက်ကျသွားခဲ့ပါက အလိုအလျောက် အရှုံးပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သွားပေတော့မည်။
ရှင်းထျန်းဖုန်းနှင့် အခြားသူများ အလွန်အမင်း စိုးရိမ်ပူပန် လာနေကြစဉ်မှာပင် လူတစ်ယောက်၏ အရိပ်သည် ရုတ်တရက် ပြေးဝင်လာခဲ့သည်။
ကျောင်းသားတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။
"အိုး….ဖုန်းဝူချန် ရောက်လာပြီ..."
ထိုအခါ သွမ့်ဟုန်ရှီးသည် ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။
"ဟူး... ဒီကောင် နောက်ဆုံးတော့ ရောက်လာနိုင်ခဲ့ပြီ..."
သို့သော် ဖုန်းဝူချန်၏ ဖရိုဖရဲ ဖြစ်နေသော ပုံစံနှင့် ဒဏ်ရာများကို မြင်တွေ့လိုက်ရသောအခါ သူ မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်စွာ မေးလိုက်၏။
"အခက်အခဲ တစ်ခုခု ကြုံခဲ့တာလား..."
စူးလဲ့ယန်က သုံးသပ်လိုက်သည်။
"ဒါကြောင့် ဒီလောက် ကြာနေတာကိုး... ပြဿနာတစ်ခု ဖြစ်ခဲ့တာပဲ..."
"ဘာဖြစ်တာလဲ... ဖုန်းဝူချန်ရဲ့ ဒဏ်ရာတွေက တော်တော် ပြင်းထန်ပုံပဲ... ဘယ်သူက သူ့ကို တိုက်ခိုက်တာလဲ..."
"ဘယ်သူက ဖုန်းဝူချန်ကို ဒဏ်ရာရအောင် လုပ်တာတုန်း..."
ကျောင်းသားများ အားလုံး စပ်စုလာကြသည်။ ဖုန်းဝူချန် ဆိုးရွားစွာ ဒဏ်ရာရနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ ညည်းညူသံများကို ရပ်တန့်လိုက်ကြ၏။ ဖုန်းဝူချန် အခက်အခဲ ကြုံတွေ့ခဲ့ရသည်ကို သူတို့ သဘောပေါက်သွားကြသည်။
ဖုန်းဝူချန်က မောဟိုက်စွာ ပြောလိုက်လေသည်။
"ကျောင်းအုပ်ကြီး... အကြီးအကဲတို့... ကျွန်တော် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်..."
ကျန်းယွင်ထျန်းက လျင်မြန်စွာ ချဉ်းကပ်လာပြီး လေးနက်သော လေသံဖြင့် မေးလိုက်၏။
"တော်တော် ပြင်းထန်တဲ့ ဒဏ်ရာတွေပဲ..."
"ဖုန်းဝူချန်... ဘာတွေ ဖြစ်ခဲ့တာလဲ..."
ရှင်းထျန်းဖုန်းသည်လည်း လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ သူ၏ မျက်ဝန်းထဲတွင် ဒေါသရောင် တစ်ချက် လင်းလက်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
"ဘယ်သူက မင်းကို ဒဏ်ရာရအောင် လုပ်ခဲ့တာလဲ..."
ဖုန်းဝူချန်က မတတ်နိုင်သော အပြုံးမျိုးဖြင့် ခပ်ယဲ့ယဲ့ ပြုံးလျက် ဖြေလိုက်သည်။
"ဟွမ်ဖူကျန့်ထျန်းပါ..."
ကျန်းယွင်ထျန်းက ထိတ်လန့်တကြား ရေရွတ်လိုက်မိ၏။
"ထျန်းယွင်ဂိုဏ်းရဲ့ ပါရမီရှင် တပည့်... ဟွမ်ဖူကျန့်ထျန်း ဟုတ်လား..."
ရှင်းထျန်းဖုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ သူ၏ မျက်နှာထားသည် ပို၍ပင် လေးနက်သွားခဲ့၏။
"ဟွမ်ဖူမိသားစုက လှုပ်ရှားလာတာလား..."
ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်... ဟွမ်ဖူမိသားစု အသက်ရှင် ကျန်ရစ်သေးလား ဆိုတာတော့ ကျွန်တော် မသိဘူး..."
ပြောပြနေရင်း သူ၏ မျက်ဝန်းထဲတွင် မသိမသာ ကြမ်းကြုတ်သော အရောင်တစ်ချက် လင်းလက်သွားခဲ့၏။
ထိုစကားကို ကြားလိုက်ရသောအခါ ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်း နှစ်ဦးစလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲ
သွားကြတော့သည်။
ရှင်းထျန်းဖုန်းက လေးနက်စွာ ဆော်ဩလိုက်လေသည်။
"တို့တွေမှာ အချိန် အများကြီး မရှိတော့ဘူး... ချက်ချင်း ထွက်ခွာမှ ဖြစ်မယ်... တို့တွေ အချိန်မီ ရောက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရတာပဲ..."
ထိုအခိုက်အတန့်၌
“အူး…”
“အူး…”
“အူး…”
သွေးနီငှက်များ၏ အော်မြည်သံများ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့ထဲမှ အများအပြားသည် ကျောင်းရင်ပြင်ပေါ်သို့ ထိုးဆင်းလာကြ၏။
ရှင်းထျန်းဖုန်း၊ အကြီးအကဲ သုံးဦး၊ ဖုန်းဝူချန်နှင့် အခြားသူများသည် သွေးနီငှက်များ၏ ကျောပေါ်သို့ လျင်မြန်စွာ တက်ရောက်လိုက်ကြသည်။ ငှက် သုံးကောင်သည် ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံတက်သွားပြီး နတ်ဘုရား တောင်ကြားဆီသို့ အလျင်အမြန် ဦးတည် ပျံသန်းသွားကြတော့သည်။
သွမ့်ဟုန်ရှီးက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ သူ၏ အမူအရာမှာ လေးနက်နေခဲ့၏။
"ဖုန်းဝူချန်... ဟွမ်ဖူမိသားစုက လုပ်တာလား..."
ထျန်းကျိုးနယ်တွင် ဟွမ်ဖူမိသားစု တစ်ခုတည်းသာလျှင် ဖုန်းဝူချန်ကို လက်လှမ်းဝံ့သူ ရှိပေသည်။ အင်ပါယာ၏ မင်းသား တစ်ပါး အနေနှင့် သွမ့်ဟုန်ရှီးသည် ဤမျှလောက်ကို သဘာဝကျကျ ခန့်မှန်းမိနိုင်ပါ၏။
ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်သော်လည်း စကားများများ မပြောခဲ့ပါ။ သူ၏ ဒဏ်ရာများကိုသာ ဆက်လက် ကုစားနေခဲ့သည်။
ကံကောင်းသည်မှာ ဖုန်းဝူချန်သည် နဂါးမျိုးနွယ်၏ သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီး ဖြစ်သည်။ ဆေးလုံးများ၏ အကူအညီဖြင့် သူ၏ ပြန်လည် နာလန်ထူနိုင်စွမ်းမှာ အံ့ဩဖွယ် ကောင်းလှ၏။
ရှင်းထျန်းဖုန်းနှင့် အခြားသူများသည် စိတ်ထဲတွင် တိတ်တဆိတ် ထိတ်လန့်နေကြသည်။ သာမန်လူ တစ်ယောက်အတွက်မူ ဤမျှ ပြင်းထန်သော ဒဏ်ရာများဖြင့် ဆေးလုံးများသည် ဤကဲ့သို့ သိသိသာသာ အစွမ်းပြနိုင်မည် မဟုတ်ပါ။ သို့သော် ဖုန်းဝူချန်၏ ကုစားနှုန်းမှာ အဆပေါင်းများစွာ ပိုမို လျင်မြန်နေခဲ့သည်။
ရှင်းထျန်းဖုန်းတို့ အားလုံးသည် ဖုန်းဝူချန်တွင် မည်သို့သော ထူးခြားသည့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသည်ကို အလွန် သိချင်နေကြတော့၏။
ဖုန်းဝူချန်က သူ၏ ဒဏ်ရာများကို ကုစားနေခဲ့ရာ သူတို့ မေးမြန်းလိုက်ပါက ယဉ်ကျေးမှု မရှိရာ ကျမည်ဟု ခံစားနေရသည်။ ထို့ပြင် သူတို့ မေးမြန်းခဲ့သည့်တိုင် ဖုန်းဝူချန်က ပြန်လည် ဖြေကြားမည်လည်း မဟုတ်တန်ရာ။
...
ထိုအချိန်၌ …ယွင်ကျိုးနယ်မှ ကြီးမြတ်သော အင်အားစုများနှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာတွင် ဟွမ်ဖူမိသားစုသည် အထိအခိုက် အကျအဆုံး များပြားခဲ့ရသည်။
ဟွမ်ဖူထျန်းပါးပင်လျှင် သေလုမျောပါး ဒဏ်ရာရရှိခဲ့၏။ မူထျန်းယွင်နှင့် သူ၏ တိုက်ပွဲတွင် နှစ်ဖက်စလုံး ဆိုးရွားစွာ ဒဏ်ရာရရှိခဲ့ကြပြီး အဆုံးသတ်တွင် မည်သူကမျှ အနိုင်ရရှိသူ မဖြစ်ခဲ့ပါချေ။
ဟွမ်ဖူယွင်ကျုံးသည်လည်း သူ၏ အသက်ကို လဲလှယ်ရမလို ဖြစ်ခဲ့ရသည်။
ဟွမ်ဖူမိသားစုမှ ပညာရှင် အများအပြားသည် ဝမ်းနည်းဖွယ် သေဆုံးခဲ့ကြရ၏။
ပြင်းထန်သော တိုက်ပွဲကြီးသည် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ဟွမ်ဖူမိသားစု အမြစ်ပြတ် ပျက်စီးတော့မည့် အခြေအနေတွင်ပင် ထျန်းယွင်ဂိုဏ်းက ကြားဝင်ခဲ့၏။
ထို့နောက် ဟွမ်ဖူမိသားစုမှ အဆင့်မြင့် ပညာရှင် တစ်ဒါဇင်ကျော်၏ အသက်ကို ကယ်တင်သွားခဲ့သည်။
ထျန်းယွင်ဂိုဏ်း ပါဝင်လာသည်နှင့်အညီ ယွင်ကျိုးနယ်မှ အင်အားကြီး အဖွဲ့အစည်းများသည် ဟွမ်ဖူမိသားစုကို သက်ညှာပေးရန် ဆန္ဒမရှိသည့်တိုင် သူတို့ အားလုံးမှာ အနည်းနှင့်အများ ဒဏ်ရာရရှိထားကြသည်။ ထို့ကြောင့် ထျန်းယွင်ဂိုဏ်းမှ ပညာရှင်များကို ယှဉ်ပြိုင်နိုင်စွမ်း မရှိကြတော့ချေ။
ထို့အပြင် အင်ပါယာတွင် အင်အားအကြီးဆုံး ဂိုဏ်း ဖြစ်သည်နှင့်အညီ ထျန်းယွင်ဂိုဏ်းကို လွယ်လွယ်ကူကူ ရန်စဖို့ မဖြစ်နိုင်ခဲ့ပါ။
ထို့ကြောင့် ဟွမ်ဖူမိသားစုမှ လူများ ကယ်တင်ခြင်း ခံနေရသည်ကို သူတို့ အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို တားဆီးရန် သတ္တိမရှိခဲ့ပါချေ။ ပြင်းထန်စွာ ဒဏ်ရာရနေသော မူထျန်းယွင်ပင်လျှင် မတားဆီးဝံ့ခဲ့ပါ။
ဖုန်းဝူချန်ကို လိုက်လံ ရှာဖွေနေသော ဟွမ်ဖူကျန့်ထျန်းသည် ပြန်လည် ရောက်ရှိလာခြင်း မရှိသေးပေ။ ဟွမ်ဖူမိသားစုမှာ အလွန်အမင်း စိုးရိမ်နေကြ၏။ ထိုအကြောင်းကို ကြားသိရသောအခါ ထျန်းယွင်ဂိုဏ်းမှ တပည့်များသည် ချက်ချင်းပင် ရှာဖွေရန် ထွက်ခွာသွားကြသည်။
မမျှော်လင့်ဘဲ သူတို့သည် ဟွမ်ဖူကျန့်ထျန်း၏ ရုပ်အလောင်းကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။ ဟွမ်ဖူကျန့်ထျန်း သေဆုံးခဲ့ရာ နေရာတွင် ပြင်းထန်သော တိုက်ပွဲ၏ လက္ခဏာများ ရှိနေခဲ့၏။ ကြောက်မက်ဖွယ် ဖျက်ဆီးအားကြီးကြောင့် ထျန်းယွင်ဂိုဏ်းမှ တပည့်များ ကြောက်လန့်တကြား ဖြူဖျော့သွားခဲ့ကြရသည်။
ဟွမ်ဖူကျန့်ထျန်း၏ သေဆုံးခြင်းသည် ဟွမ်ဖူမိသားစုအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့သည်။ သူတို့၏ ပါရမီရှင် တရားဝင် မျိုးဆက် နှစ်ဦးစလုံး ဝမ်းနည်းဖွယ် အဆုံးသတ်များနှင့် ကြုံတွေ့ခဲ့ရ၏။ သူတို့၏ မျိုးရိုး ပြတ်တောက်သွားသကဲ့သို့ ဖြစ်နေခဲ့ပြီး ဘေးမျိုးရိုး ဆွေမျိုးများကိုသာ ထည့်သွင်း စဉ်းစားရတော့မလို ဖြစ်နေခဲ့သည်။
ဤအချိန်၌ ဟွမ်ဖူယွင်ကျုံးသည် အဓိက ခန်းမဆောင်ကြီးထဲတွင် အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်တော့သည်။
"ဖုန်း ဝူ ချန်... ငါ မင်းရဲ့ အရိုးတွေကို အမှုန့်ဖြစ်အောင် ကြိတ်ပစ်ပြီး လေထဲမှာ လွင့်ပစ်မယ်..."
ဟွမ်ဖူယွင်ကျုံး၏ ဒေါသတကြီး သတ်ဖြတ်လိုသော အမျက်ဒေါသများ အရူးအမူး ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
မိမိ၏ သားနှစ်ယောက်စလုံး ဖုန်းဝူချန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ တရားဝင် မိသားစု၏ သွေးမျိုးဆက်ကို ဖြတ်တောက်ခံလိုက်ရ၏။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
ပြင်းထန်စွာ ဒဏ်ရာရနေသော ဟွမ်ဖူထျန်းပါး၏ မျက်နှာသည် ကြမ်းကြုတ်သော အမူအရာ ဖြစ်နေခဲ့သည်။ သူ ဘာမှ မပြောခဲ့သော်လည်း မည်သူမဆို သူ့ထံမှ ထွက်ပေါ်နေသော အသက်ရှူကြပ်စေသည့် သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားမိနိုင်ကြလေ၏။
—-------
ဟွမ်ဖူကျန့်ထျန်း၏ သေဆုံးခြင်းသည် ထျန်းယွင်ဂိုဏ်းအတွက်လည်း ပါရမီရှင် တပည့်တစ်ဦး ဆုံးရှုံးသွားခြင်းကို ဆိုလိုပေသည်။ ၎င်းက ဂိုဏ်း၏ အထက်ပိုင်း လူကြီးများစွာကို ဒေါသထွက်စေခဲ့သည်။
သို့သော် သူတို့၏ ဒေါသသည် လက်တွေ့ အရေးယူမှုအဖြစ် ပြောင်းလဲသွားခြင်း မရှိခဲ့ပါ။ အကြောင်းမှာ ဟွမ်ဖူမိသားစုက ပထမဆုံး စတင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဖုန်းဝူချန်ဘက်တွင် မှန်ကန်သော အကြောင်းပြချက် ရှိနေသောကြောင့် ဖြစ်လေသည်။
ထိုစဉ် တတိယ အကြီးအကဲ ယိယွင်က ဒေါသတကြီး ပြောလိုက်သည်။
"အဲ့ဒီ ဖုန်းဝူချန် ကောင်စုတ်လေးက အင်ပါယာရဲ့ ထောက်ခံမှုကို အားကိုးပြီး တို့ရဲ့ ထျန်းယွင်ဂိုဏ်းကို လုံးဝ အလေးမထားဘူး... သူက တို့ရဲ့ တပည့်နှစ်ယောက်ကိုတောင် သတ်ပစ်လိုက်ပြီ..."
ဒုတိယ အကြီးအကဲ လိန်ရွှမ်းဖုန်းကလည်း ရှူးရှူးရှားရှား ဖြစ်ကာ ကြုံးဝါးလိုက်၏။
"ဖုန်းဝူချန်က ဥပဒေမဲ့ ပြုမူနေတာ... ဂိုဏ်းချုပ်... တို့တွေ ဒီကောင်လေးကို ဒီအတိုင်း သည်းခံနေလို့ မဖြစ်တော့ဘူး... မဟုတ်ရင် သူက နောက်ဆုံးမှာ တို့ရဲ့ ထျန်းယွင်ဂိုဏ်းကို နင်းခြေသွားလိမ့်မယ်..."
ဂိုဏ်းချုပ် ကူချင်းရွှမ်း၏ မျက်နှာထားမှာ အလွန် ဆိုးဝါးနေခဲ့သည်။ သူက လေးနက်သော အသံဖြင့် ဆိုလိုက်၏။
"ဖုန်းဝူချန်က တကယ်ပဲ ရဲလှပါလား... ဟွမ်ဖူချင်းနဲ့ ဟွမ်ဖူကျန့်ထျန်းက တို့ရဲ့ ထျန်းယွင်ဂိုဏ်းက တပည့်တွေမှန်း သိသိကြီးနဲ့ သူက သူသေကိုယ်သေ တိုက်ခိုက်ရဲခဲ့တယ်... ဒါက တို့ရဲ့ ထျန်းယွင်ဂိုဏ်းကို လေးစားမှု မရှိတာ ထင်ရှားနေတာပဲ... သူ... ဖုန်းဝူချန်က ထျန်းယွင်ဂိုဏ်းက အင်ပါယာရဲ့ တော်ဝင် မိသားစုကို တကယ် ကြောက်နေတယ်လို့ မထင်သင့်ဘူး..."
ကူချင်းရွှမ်းသည် မတ်တပ်ရပ်လိုက်သည်။ သူ၏ အသံက လေးနက်နေဆဲ ဖြစ်၏။
"သာယာငြိမ်းချမ်းမှုကို ထိန်းသိမ်းဖို့ အတွက်သာ မဟုတ်ခဲ့ရင် ထျန်းယွင်ဂိုဏ်းက ဘာလို့ ဒီနှစ်တွေ အားလုံးမှာ မျက်စိမှိတ် ကြည့်နေခဲ့မယ် ထင်သလဲ..." ဟု ဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ ကူချင်းရှန်းက အေးစက်စွာ ပြောလိုက်သည်။
သူသည် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာခဲ့၏။
"အစ်ကိုကြီး ပြောတာ မှန်တယ်... ဒီနှစ်တွေ အားလုံးမှာ ထျန်းယွင်ဂိုဏ်းက အင်ပါယာကို အမြဲတမ်း မျက်နှာသာ ပေးခဲ့တယ်... ဒါပေမဲ့ အင်ပါယာက တို့ရဲ့ ထျန်းယွင်ဂိုဏ်းကို လေးစားမှု ပြန်ပေးခဲ့ဖူးလို့လား... ဟွမ်ဖူမိသားစုက အရင် မှားခဲ့တယ် ဆိုဦးတော့... အင်ပါယာက ဖုန်းဝူချန်ကို ထိန်းချုပ်သင့်တယ်... ဒါဆိုရင် ဖုန်းဝူချန်ကလည်း ရက်ရက်စက်စက် သတ်ရဲမှာ မဟုတ်ဘူး..."
ယိယွင်က လေးနက်စွာ ဒေါသတကြီး ဆိုလိုက်သည်။
လူငယ်တစ်ဦးက ရေခဲတမျှ အေးစက်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဒီတစ်ခါတော့ အင်ပါယာကို မျက်နှာသာ ပေးစရာ မလိုတော့ဘူး... အင်ပါယာနဲ့ စကားအများကြီး ပြောပြီး အချိန်ဖြုန်းနေစရာလည်း မလိုတော့ပါဘူး..."
သူသည် ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ငယ် ကူအောက်ထျန်း ဖြစ်လေသည်။
"အဖေ... တတိယ အကြီးအကဲ ပြောတာ မှန်တယ်... ကျန့်ထျန်းက ကျွန်တော်တို့ရဲ့ ဂိုဏ်းတူ ညီလေးပါ... အခု ဖုန်းဝူချန်က သူ့ကို သတ်လိုက်မှတော့ ကျွန်တော်တို့ လက်ပိုက်ကြည့်မနေနိုင်ဘူး... ညီငယ်လေးတွေ အားလုံးက ကျန့်ထျန်းအတွက် လက်စားချေဖို့ စိတ်အားထက်သန်နေကြတာ..."
ဤတစ်ကြိမ်တွင် ထျန်းယွင်ဂိုဏ်းက အရေးမယူခဲ့ပါလျှင် တပည့်များသည် ပုန်ကန်ကြဖွယ် ရှိနေလေသည်။
တပည့်တစ်ယောက် အသတ်ခံရပြီး ထျန်းယွင်ဂိုဏ်းက ဘာမှ မလုပ်ပေးခဲ့လျှင် မည်သူက ထျန်းယွင်ဂိုဏ်းတွင် ဆက်လက် နေထိုင်ဝံ့မည်နည်း။
ထျန်းယွင်ဂိုဏ်း၏ တပည့် တစ်ယောက် ဖြစ်သည်နှင့်အညီ ဂိုဏ်း၏ အကာအကွယ်ကို ရရှိသင့်သည်။ အနိုင်ကျင့်ခြင်းမျိုး၊ အသတ်ခံရခြင်းမျိုး မဖြစ်သင့်ပါချေ။
ဂိုဏ်းချုပ် ကူချင်းရွှမ်းက လေးနက်စွာ မှတ်ချက်ချလိုက်၏။
"အင်း….ဒါတွေ ရှိနေပေမဲ့... မင်းတို့ မမေ့သင့်တာ တစ်ခုက ဖုန်းဝူချန်က အင်ပါယာရဲ့ စစ်သူကြီးချုပ် သက်သက် မဟုတ်ဘူး... သူက ပဉ္စမအဆင့် စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်း လက်နက် သန့်စင်သူ တစ်ယောက်လည်း ဖြစ်တယ်... ပြီးတော့ သူက ဆေးပညာရှင် တစ်ယောက်လည်း ဟုတ်သေးတယ်..."
ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက်၏ သွင်ပြင် လက္ခဏာသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူ အပြည့်အဝ သိရှိနေခဲ့သည်။
ဤအကြောင်းပြချက် ကြောင့်ပင် ကူချင်းရွှမ်းသည် သူ၏ ရပ်တည်ချက်ကို ချမှတ်ရန် တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်ပါ၏။
ထိုစကားကို ကြားလိုက်ရသောအခါ ကာကွယ်စောင့်ရှောက်သူနှင့် အကြီးအကဲများ အားလုံး တိတ်ဆိတ်သွားကြသည်။
အသက် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေး ဖုန်းဝူချန်သည် လက်နက်သန့်စင်သူ နှင့် ဆေးပညာရှင် နှစ်မျိုးစလုံး၏ ကြောက်မက်ဖွယ် သွင်ပြင်လက္ခဏာများကို ပိုင်ဆိုင်ထားပြီး မယုံနိုင်ဖွယ် ပါရမီ ရှိနေခဲ့သည်။ သူသည် ဤအရာများကို ကံကောင်းမှု သက်သက်ဖြင့် ရရှိခဲ့ခြင်း ဖြစ်နိုင်ပါမည်လား။
ကူချင်းရွှမ်းက အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဖုန်းဝူချန်မှာ အစွမ်းထက်တဲ့ နောက်ခံ ရှိနေမလား ဆိုတာက တို့ဂိုဏ်းအတွက် အစိုးရိမ်ရဆုံး အချက်ပဲ... မင်းတို့တွေ တိုက်ကြီးဆီကို မရောက်ဖူးကြတော့ ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက်က ဘယ်လောက် ကြောက်ဖို့ကောင်းလဲ နားလည်မှာ မဟုတ်ဘူး... ဒါပေမဲ့ ထျန်းယွမ်ဘုံနဲ့ ကောင်းကင်ဘုံ လူသားဘုံက ပညာရှင်တွေ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာတော့ မင်းတို့ နားလည်သင့်တယ်... သူတို့တောင်မှ အဲ့ဒီလို ပုဂ္ဂိုလ်တွေရဲ့ ရှေ့မှာ အမြင့်ဆုံး လေးစားမှုကို ပြသရတယ်... ဖုန်းဝူချန်လို လူမျိုးကို ပျိုးထောင်ပေးနိုင်တဲ့ အဲ့ဒဖီလူက တကယ့်ကို အကြီးအကျယ် ကြောက်ဖို့ ကောင်းမှာ သေချာတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ခန်းမဆောင်ထဲရှိ စွမ်းအားကြီး ပုဂ္ဂိုလ် အများအပြား၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွား
ကြလေသည်။
ထျန်းယွမ်ဘုံနှင့် ကောင်းကင်ဘုံ လူသားဘုံမှ ပညာရှင်များပင်လျှင် ထိုသို့သော ပုဂ္ဂိုလ်၏ ရှေ့တွင် ဦးညွှတ်ရသည် ဆိုပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။
မဟာ အကြီးအကဲ လူရှင်းချန်က နောက်ဆုံးတွင် စကားဆိုလာခဲ့သည်။
"ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက်ရဲ့ တည်ရှိမှုက တကယ်ကို ကြောက်စရာကောင်းပါတယ်... ဆဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက်နဲ့ နှိုင်းယှဉ်နိုင်စွမ်း ရှိတယ်... ဒါ့အပြင် ဖုန်းဝူချန်က ပဉ္စမအဆင့် စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်း လက်နက် သန့်စင်သူ တစ်ယောက် ဖြစ်နေတာ... ဒီလို နတ်ဘုရားဆန်တဲ့ စွမ်းရည်မျိုးက တိုက်ကြီး တစ်ခုလုံးမှာတောင် သူလို ဒုတိယ တစ်ယောက် မရှိနိုင်ဘူး..."
ဂိုဏ်းတစ်ခုသည် အင်အား ကြီးမားလေလေ ပိုမို ထည့်သွင်း စဉ်းစားရလေလေ ဖြစ်၏။
ခဏအကြာတွင် ကူချင်းရွှမ်းက လေးနက်သော အမူအရာဖြင့် ထပ်မံ ပြောကြားလိုက်လေသည်။
"ပါရမီရှင် စာရင်း သိုင်းပြိုင်ပွဲ ပြီးဆုံးသွားတဲ့အခါ... ဖုန်းဝူချန်ကို အပြတ်ရှင်းလိုက်ပါ။”