နတ်ဘုရား တောင်ကြား
Vol. 9 Ch. 124
~တောင်တန်းများပေါ်ရှိ ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်၏ ပင်စည်ပေါ်တွင် ထိုင်နေသော ဟွမ်ယန်က ဆိုလိုက်သည်။
"ထျန်းယွင်ဂိုဏ်းက ဝင်စွက်ဖက်မယ့်ပုံ မပေါ်တော့ပါဘူး...။ ဂိုဏ်းချုပ်ဟောင်းမူ... ခင်ဗျားရဲ့ ဒဏ်ရာတွေက ပြင်းထန်လွန်းပါတယ်...။ ကျွန်တော် ခင်ဗျားကို အရင် ပြန်ခေါ်သွားမယ်လေဗျာ..."
ထျန်းယွင်ဂိုဏ်းမှ ပညာရှင်များ ပေါ်ထွက်လာခြင်းသည် မူထျန်းယွင်ကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့၏။
မဟာတိုက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် သူနှင့် ဟွမ်ယန်တို့သည် ထိုနေရာမှနေ၍ စောင့်ကြည့်နေခဲ့ကြသော်လည်း ထျန်းယွင်ဂိုဏ်းဘက်မှ မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ခဲ့ရပေ။
မူထျန်းယွင်က ခေါင်းညိတ်လိုက်သည်။
"အင်း…အဲ့လိုပဲ မျှော်လင့်ရတာပေါ့...။ ကဲ... သွားကြစို့..."
သို့သော် သူ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။
ထျန်းယွင်ဂိုဏ်း ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဟွမ်ယန်သည် 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်' ကို အသုံးပြုကာ မူထျန်းယွင်ကို ခေါ်ဆောင်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့၏။
အခြား တစ်နေရာတွင်တော့ လွမ်ရှန်း သည် လင်ရှောင်ရှောင်နှင့် အခြားသူများကို နတ်ဘုရား တောင်ကြားဆီသို့ ဦးဆောင် ခေါ်ဆောင်သွားပြီ ဖြစ်သည်။
...
သူတို့အနေနှင့် ထျန်းယွင်ဂိုဏ်းက ဟွမ်ဖူမိသားစုမှ ပညာရှင်များကို ကယ်တင်သွားသည့် အကြောင်းကို ဖုန်းဝူချန်ထံ အမြန်ဆုံး အကြောင်းကြားရမည် ဖြစ်သည်။ ထို့ပြင် နောက်ဆက်တွဲ ဖြစ်လာမည့် အဆင့်များအတွက်လည်း ကြိုတင် ပြင်ဆင်ထားရန် လိုအပ်၏။
ထျန်းယွင်ဂိုဏ်း ဝင်ရောက် စွက်ဖက်လာမည်၊ မလာမည်ကို သူတို့ မသိနိုင်ခဲ့သော်လည်း အကောင်းဆုံးသော လှုပ်ရှားမှု လမ်းကြောင်းအတွက် ကြိုတင် ပြင်ဆင်ထားရန်တော့ လိုအပ်ပေသည်။
သွေးနီငှက်ကြီးသည် အဆက်မပြတ် ပျံသန်းနေခဲ့ပြီး နှစ်ရက်ခန့် အကြာတွင်တော့ ရှင်းထျန်းဖုန်းနှင့် အခြားသူများသည် နတ်ဘုရား တောင်ကြား တည်ရှိရာ တောင်တန်းများ အတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် တောင်ကြားဆီသို့ ဆက်လက် ခရီးနှင်နေခဲ့ကြ၏။
နတ်ဘုရား တောင်ကြားသို့ မရောက်ရှိမီမှာပင် ဖုန်းဝူချန်၏ ဒဏ်ရာများသည် လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံမှု အဆင့်သည်ပင် အနည်းငယ် တိုးတက်လာခဲ့သေး၏။
တောင်တန်းများ အတွင်းသို့ ဝင်ရောက်လာသောအခါ ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်း နှစ်ဦးစလုံး သက်ပြင်းတစ်ချက် ချလိုက်မိကြသည်။ နယ်စပ်ကို စောင့်ကြပ်နေသော ထိပ်သီး စစ်သည်တော်များသည် နတ်ဘုရား တောင်ကြားဆီသို့ သွားရာ လမ်းကြောင်းကို ပိတ်ဆို့ထားခြင်း မရှိသေးသောကြောင့် ဖြစ်သည်။
'...'ပိတ်ဆို့ထားတယ် ဆိုရင်တောင် အရေးမကြီးပါဘူး...။ ဒီလမ်းကြောင်းကို စောင့်ကြပ်နေတဲ့ ဗိုလ်ချုပ်က လင်ကျန့်ထျန်း ပဲလေ...'
လင်ကျန့်ထျန်းကို ဤနေရာတွင် တွေ့လိုက်ရသောကြောင့် ဖုန်းဝူချန်သည် နတ်ဘုရား တောင်ကြားကို ယဲ့ချန်းချုံး ကိုယ်တိုင် တာဝန်ယူ ကိုင်တွယ်နေသည်ဟု ခန့်မှန်းလိုက်မိသည်။
နတ်ဘုရား တောင်ကြား၏ ပတ်ဝန်းကျင်သို့ ရောက်ရှိရုံမျှဖြင့် လူတိုင်းသည် အလွန်အမင်း ကြွယ်ဝသော သဘာဝ ဝိညာဉ်စွမ်းအင်များကို ခံစားမိလိုက်ကြ၏။ ထိုအရာက သူတို့ကို ကြောက်ရွံ့ ရိုသေမှုဖြင့် တုန်လှုပ်သွားစေခဲ့သည်။
အတွင်းသို့ ဝင်ရာ လမ်းတစ်လျှောက်တွင် သူတို့သည် အင်ပါယာမှ စစ်သည် အများအပြားကို တွေ့ရှိခဲ့ရသည်။ လုံခြုံရေး အလွန် တင်းကျပ်ထားသည်မှာ ထင်ရှားလှ၏။
နတ်ဘုရား တောင်ကြား၏ အစွန်အဖျားတွင် အင်ပါယာကြီး လေးခုမှ အင်အားစုများသည် အလုံးအရင်းဖြင့် စုရုံးနေကြသည်။ တစ်ဖွဲ့ချင်းစီတွင် သူတို့၏ စစ်သူကြီးများက ဦးဆောင်လျက် ရှိကြ၏။
နတ်ဘုရား တောင်ကြားသည် အလွန် ကြီးမားသော အရင်းအမြစ်များ၊ မရေမတွက်နိုင်သော ကောင်းကင်နှင့် မြေကြီးမှ ရတနာများ ပေါကြွယ်ဝသည့် အံ့ဖွယ် မြင့်မြတ်သော နေရာ တစ်ခု ဖြစ်သည်။ နိုင်ငံတိုင်းက ဤနေရာကို တပ်မက်နေခဲ့ကြသည်။
နတ်ဘုရား တောင်ကြားကို ပိုင်ဆိုင်နိုင်ရန်အတွက် အင်ပါယာကြီး လေးခုသည် လွန်ခဲ့သော နှစ်တစ်ရာကျော်က မဟာစစ်ပွဲကြီး တစ်ခုကို ဖြစ်ပွားစေခဲ့သည်။ ထိုစစ်ပွဲကြောင့် အထိအခိုက် အကျအဆုံး များပြားခဲ့ရ၏။ သဘောတူညီချက် တစ်ခု ရရှိပြီးနောက်တွင်မှ ထိုပဋိပက္ခသည် ရပ်တန့်သွားခဲ့ရသည်။
နတ်ဘုရား တောင်ကြားသည် အလွန် ကျယ်ပြန့်လှသည်။ ကြမ်းတမ်းသော တောင်ပေါ် လမ်းများနှင့် ထူထပ်သော သစ်ပင် ချုံနွယ်များ၊ ဆူးပင်များဖြင့် ပြည့်နှက်နေ၏။ အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ ဝိညာဉ်စွမ်းအင်များက ပိုမို ကြွယ်ဝလာလေလေ ဖြစ်သည်။
ဤသည်မှာ နတ်ဘုရား တောင်ကြား၏ ပတ်ဝန်းကျင် အစွန်အဖျား နေရာမျှသာ ရှိသေးသည်။ တောင်ကြား၏ အသည်းနှလုံးရှိ ဝိညာဉ်စွမ်းအင်များသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ထူထပ်နေမည်ကို မည်သူမျှ မသိနိုင်ခဲ့ပါ။
သွမ့်ဟုန်ရှီးက စူးစမ်းစွာ မေးလိုက်သည်။
"တကယ်ကို အံ့ဩစရာ နေရာပဲ...။ ဒီလောက် ထူထပ်တဲ့ ဝိညာဉ်စွမ်းအင်တွေက ဘယ်ကနေ လာနေတာလဲ..."
ထိုအခါ စူးလဲ့ယန်က ရယ်မောလိုက်ပြီး ပြောလိုက်၏။
"ငါတို့ နတ်ဘုရား တောင်ကြားထဲကို ရောက်သွားရင် မင်း ဒါထက်တောင် ပိုပြီး မယုံနိုင် ဖြစ်သွားလိမ့်ဦးမယ်...။ နတ်ဘုရား တောင်ကြားထဲမှာ ဝိညာဉ်ရေကန် တစ်ခု ရှိတယ်...။ ဝိညာဉ်စွမ်းအင်တွေက အဲ့ဒီကနေ ထွက်ပေါ်နေတာ...။ နတ်ဘုရား တောင်ကြားက မရေမတွက်နိုင်တဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာတွေနဲ့ ပြည့်နေတယ်...။ တစ်ခုချင်းစီက ဝိညာဉ်စွမ်းအင်တွေ ထုတ်လွှတ်နေတာ...။ ဒါကြောင့် ဒီလောက် ထူထပ်တဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိနေရတာပဲ..."
ယခင်က တစ်ကြိမ် ရောက်ဖူးခဲ့သောကြောင့် စူးလဲ့ယန်သည် နတ်ဘုရား တောင်ကြားနှင့် ပတ်သက်၍ အတော်အသင့် ရင်းနှီးနေခဲ့သည်။ အနည်းဆုံးတော့ သွမ့်ဟုန်ရှီးနှင့် အခြားသူများထက် ပိုမို သိရှိနေခဲ့၏။
ဖုန်းဝူချန်လည်း အံ့ဩတကြီး ရေရွတ်လိုက်သည်။
"တကယ်ပဲ... အံ့ဖွယ် နေရာတစ်ခုပါပဲ..."
တောင်တန်းများ၏ အပြင်ဘက်သို့ ဝင်ရောက်လိုက်ရုံမျှဖြင့် သူသည် ဆေးဖက်ဝင် အပင်များ၏ ရနံ့ကို ရရှိနေခဲ့ပြီ ဖြစ်သည်။
ကံမကောင်းသည်မှာ နတ်ဘုရား တောင်ကြားသည် အဝေးကြီး လိုနေသေးသည်။ သူတို့တွင် ရှုခင်းများ လှည့်လည် ကြည့်ရှုရန် အချိန် မရှိခဲ့ပါ။ ဖုန်းဝူချန်နှင့် အခြားသူများသည် ရှင်းထျန်းဖုန်း၏ နောက်မှ လိုက်ပါလျက် ရှုပ်ထွေးသော တောအုပ်ကြီးကို အပြေးအလွှား ဖြတ်သန်းနေခဲ့ရ၏။
လမ်းကို မသိဘဲနှင့်တော့ မည်သူမျှ နတ်ဘုရား တောင်ကြားကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်ချေ။
တောင်တန်း၏ အပြင်ဘက် နယ်နိမိတ်သို့ ဝင်ရောက်ပြီး မကြာမီမှာပင် လျိုချင်းယန်၏ သာယာသော အော်ဟစ်သံသည် နောက်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
"အစ်ကိုကြီးဖုန်း..."
ဖုန်းဝူချန်က အံ့ဩတကြီး လှည့်ကြည့်လိုက်ပြီး အော်ဟစ်လိုက်သည်။
"ချင်းယန်...။ ရှောင်ရှောင်..."
လင်ရှောင်ရှောင်နှင့် အခြားသူများ ဘေးကင်းစွာ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ သူ လုံးဝ စိတ်အေးသွားမိတော့သည်။
လင်ရှောင်ရှောင်၊ လျိုချင်းယန်၊ မြောင်ချင်းချင်း၊ ကျန်းကျွင့်လန်နှင့် လွမ်ရှန်းတို့သည် လျင်မြန်စွာ လိုက်မီလာခဲ့ကြ၏။ သူတို့၏ လျင်မြန်နှုန်းမှာ 'ရုတ်ခြည်း နေရာပြောင်းသိုင်းကွက်' ကြောင့်သာ ဖြစ်သည်။ ထို့ပြင် မရေမတွက်နိုင်သော 'စိမ်းစို နက်နဲခြင်း ဆေးလုံး' များကို သောက်သုံးခဲ့ရပြီး သူတို့၏ အသက်ကို ပဓာနမထားဘဲ လိုက်မီအောင် ကြိုးစားခဲ့ကြရသည်။
လျိုချင်းယန်၏ ဒဏ်ရာများသည်လည်း အပြည့်အဝ ပျောက်ကင်းနေခဲ့ပြီ ဖြစ်၏။ သို့သော် အရူးအမူး ခရီးနှင်ခဲ့ရမှုသည် သူတို့ကို အလွန် ပင်ပန်းနွမ်းနယ်စေခဲ့ပြီး လူတိုင်း ချွေးများဖြင့် ရွှဲနစ်နေခဲ့ကြသည်။
လင်ရှောင်ရှောင်က ချွေးစက်များကြားမှ ချိုသာစွာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီးဖုန်း..."
ဖုန်းဝူချန်က ပြုံးလျက် ဆိုလိုက်၏။
"မင်းတို့အားလုံး ဘေးကင်းတာကို မြင်ရတော့မှပဲ ငါ စိတ်အေးသွားတော့တယ်..."
ရှင်းထျန်းဖုန်းနှင့် အခြားသူများ ရှေ့ဆက် သွားနေသည်ကို ကြည့်ရင်း လွမ်ရှန်းက အစီရင်ခံလိုက်သည်။
"စစ်သူကြီးချုပ်...။ ထျန်းယွင်ဂိုဏ်းက ပညာရှင်တွေ စေလွှတ်ပြီး ဟွမ်ဖူထျန်းပါးနဲ့ တခြား ဆယ့်ခြောက်ယောက်ကို ကယ်တင်သွားခဲ့တယ်...။ ကျွန်တော်တို့ ဟွမ်ဖူမိသားစုကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ဘူး...။ ဂိုဏ်းချုပ်ဟောင်းမူနဲ့ တခြားသူတွေလည်း ပြင်းထန်စွာ ဒဏ်ရာရသွားတယ်...။ ဟွမ်ယန်က သူတို့ကို ဆေးကုသဖို့ ပြန်ခေါ်သွားပါပြီ..."
ဖုန်းဝူချန်၏ မျက်မှောင်များ ကြုတ်သွားခဲ့သည်။
"...ထျန်းယွင်ဂိုဏ်း..."
လွမ်ရှန်းက လေးစားစွာ ဆက်လက် အစီရင်ခံသည်။ သူ၏ အမူအရာမှာ လေးနက်နေ၏။
"ကျွန်တော်တို့ ဒီကိုလာတဲ့ လမ်းမှာ ဟွမ်ဖူကျန့်ထျန်းရဲ့ အလောင်းကို တွေ့ခဲ့တယ်...။ ဟွမ်ဖူမိသားစုနဲ့ ထျန်းယွင်ဂိုဏ်း နှစ်ဖွဲ့လုံး ဒါကို သိသွားလောက်ပြီ...။ ထျန်းယွင်ဂိုဏ်းက ဒီတစ်ခါတော့ ဒီအတိုင်း ထိုင်ကြည့်နေတော့မှာ မဟုတ်တော့ပါဘူး...။ ဂိုဏ်းချုပ်ဟောင်းမူကလည်း အရမ်း စိုးရိမ်နေပါတယ်..."
ထိုအခါ
"ကျွန်တော်တို့ဘက်က အထိအခိုက် အကျအဆုံး ဘယ်လို ရှိလဲ..."ဟု ဖုန်းဝူချန်က လေးနက်စွာ မေးလိုက်သည်။
လွမ်ရှန်းက လေးစားစွာ ပြန်ဖြေ၏။
"အများကြီး မရှိပါဘူး...။ ဟွမ်ဖူမိသားစုမှာ လူ ဆယ့်ခြောက်ယောက်ပဲ ကျန်ပါတော့တယ်..."
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ဆိုလိုက်သည်။
"လောလောဆယ်တော့ သူတို့အကြောင်း ခေါင်းထဲ မထည့်ထားနဲ့ဦး..."
ယခု လက်ရှိတွင် ပိုမို အရေးကြီးသော ကိစ္စများ ရှိနေသေးသည်။ ၎င်းမှာ ပါရမီရှင် စာရင်း သိုင်းပြိုင်ပွဲပင် ဖြစ်၏။
နတ်ဘုရား တောင်ကြား အတွင်းသို့ ဝင်ရောက်လာသောအခါ ဖုန်းဝူချန်၏ စူးစမ်းလိုစိတ်သည် လုံးဝ နိုးကြားလာခဲ့တော့သည်။ ဤကဲ့သို့ အံ့ဖွယ် မြင့်မြတ်သော နေရာတွင် အကယ်၍သာ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ခဲ့ပါက နတ်ဘုရား တောင်ကြားတွင် တစ်လခွဲကြာ ကျင့်ကြံခွင့် ရရှိမည် ဖြစ်သည်။ ထိုအခါ သူ၏ ကျင့်ကြံမှု အဆင့်သည် မလွဲမသွေ တဟုန်ထိုး တက်သွားပေလိမ့်မည်။
အင်ပါယာကြီး လေးခုမှ ကျောင်းသား နှစ်ဆယ်သာလျှင် ပါရမီရှင် စာရင်း သိုင်းပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိပ်ဆုံး ဆယ်ယောက် စာရင်းတွင် နေရာတစ်ခု ရရှိရန်မှာ နတ်ဘုရား တောင်ကြားတွင် ကျင့်ကြံခွင့် ရရှိမည် ဖြစ်ရာ ဖုန်းဝူချန်အတွက်တော့ ၎င်းသည် သိပ်မခက်ခဲသော စိန်ခေါ်မှု တစ်ခု ဖြစ်ပါ၏။
နတ်ဘုရား တောင်ကြား တည်ရှိရာ ရှေးဟောင်း တောင်တန်းကြီး၏ နက်ရှိုင်းသော အပိုင်းတွင် ဖြူလွလွ တိမ်တိုက်များနှင့် မြူခိုးများသည် ပတ်ပတ်လည်မှ မြင့်မားသော တောင်ထိပ်များ၏ အပေါ်တွင် ကောင်းကင်ကို ဖုံးကွယ်ထား
ကြလေသည်။
နက်ရှိုင်းသော တောင်တန်းများ
သည်လည်း ချမ်းစိမ့်စိမ့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေခဲ့၏။
နတ်ဘုရား တောင်ကြား တည်ရှိရာ တောင်တန်းသည် သဘာဝအတိုင်း ဖြစ်တည်နေသော ဝင်္ကပါ တစ်ခု ဖြစ်သည်။ လမ်းများကို မသိဘဲနှင့် တစ်ကြိမ် ဝင်ရောက်မိသွားပါက ထွက်လမ်းကို မည်သို့မျှ ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်တော့ချေ။
ဤအကြောင်းကြောင့်ပင် အင်ပါယာ စစ်သည်များသည် တောင်တန်း၏ အပြင်ဘက်မှသာ ပိတ်ဆို့ တားဆီးထားနိုင်ခဲ့ခြင်း ဖြစ်သည်။
လေးနာရီခန့် ကြာမြင့်ပြီးနောက် ရှင်းထျန်းဖုန်းသည် ဖုန်းဝူချန်နှင့် အခြားသူများကို နတ်ဘုရား တောင်ကြားဆီသို့ ဦးဆောင် ခေါ်ဆောင်လာခဲ့သည်။
အားကောင်းသော အရှိန်အဝါများသည် လေထဲတွင် လွင့်ပျံ့နေခဲ့၏။ အင်ပါယာ အသီးသီးမှ ထိပ်သီး အကယ်ဒမီများ၏ စွမ်းအားကြီး ပုဂ္ဂိုလ်များစွာနှင့် ပါရမီရှင် ကျောင်းသားများ စုရုံးနေကြသည်။
ပါရမီရှင် ကျောင်းသား တစ်ဦးချင်းစီသည် သူတို့ ပတ်ဝန်းကျင်တွင် မာနထောင်လွှားသော ခံစားချက် တစ်မျိုးကို သယ်ဆောင်ထားကြ၏။
နတ်ဘုရား တောင်ကြား၏ ခြေရင်းတွင် ပေပေါင်း ဒါဇင်များစွာ ကြီးမားသော အပြာရောင် ကျောက်စင်မြင့်ကြီးများကို တည်ဆောက်ထားသည်။ ၎င်းတို့သည် ပါရမီရှင် အဆင့် သတ်မှတ်ခြင်း သိုင်းပြိုင်ပွဲများအတွက် အထူး ပြုလုပ်ထားခြင်း ဖြစ်လေသည်။
ဖုန်းဝူချန်က စိတ်ထဲတွင် တိတ်တဆိတ် အံ့ဩနေမိ၏။
'...ဒီလောက် ကြီးမားတဲ့ ဝိညာဉ်စွမ်းအင် ပမာဏ...။ ဒါက သဘာဝအတိုင်း ဖြစ်နေတဲ့ ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း တစ်ခုလိုပါပဲ...။ လမ်းတစ်လျှောက်မှာ မရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံ ရတနာတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆေးဖက်ဝင် အပင်တွေ...။ အင်ပါယာ လေးခုလုံးက ပိုင်ဆိုင်ချင်ကြတာ အံ့ဩစရာ မရှိတော့ဘူး...'
ဤနေရာမှ ဝိညာဉ်စွမ်းအင်များသည် အပြင်ဘက် ဧရိယာများထက် ဆယ်ဆမက ပိုမို အားကောင်းနေခဲ့သည်။ ငြိမ်ငြိမ်လေး ရပ်နေရုံမျှဖြင့် ကြီးမားလှသော ဝိညာဉ်စွမ်းအင်များ သူတို့ထံသို့ တိုးဝင်လာသည်ကို ခံစားနေရ၏။ ၎င်းက အလွန်အမင်း စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
လျိုချင်းယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"ဖုန်းအစ်ကိုကြီး... ဒီနေရာက ဝိညာဉ်စွမ်းအင်တွေက ကောင်းကင် ပင်မဆောင်ထက်တောင် အဆပေါင်းများစွာ ပို ကြွယ်ဝနေတယ်..."
လင်ရှောင်ရှောင်သည်လည်း အံ့ဩနေပုံ ရသည်။
"ဒါက နတ်ဘုရား တောင်ကြားရဲ့ ခြေရင်းပဲ ရှိသေးတယ်...။ ဝိညာဉ်ရေကန်က တောင်ကြားရဲ့ အတွင်းထဲမှာ ရှိသင့်တယ်...။ အတွင်းထဲက ဝိညာဉ်စွမ်းအင်တွေက ပိုပြီးတော့တောင် ကြီးမားနေဦးမှာ..."
လင်ရှောင်ရှောင်သည် တိုက်ကြီးမှ လာသူဖြစ်ပြီး ခရီး အတွေ့အကြုံ များပြားသူ ဖြစ်သည်။ သူမကိုပင် အံ့ဩသွားစေနိုင်သည် ဆိုခြင်းက နတ်ဘုရား တောင်ကြားသည် မည်မျှ ထူးခြားဆန်းကြယ်ကြောင်း ပြသနေသကဲ့သို့ ရှိ၏။
ရှင်းထျန်းဖုန်း၊ ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ယဲ့ချန်းချုံးကို ချက်ချင်း အလေးပြုလိုက်ကြသည်။
"ဗိုလ်ချုပ်ကြီးကို နှုတ်ဆက်ပါတယ်.."
ယဲ့ချန်းချုံးကလည်း ယဉ်ကျေးစွာ ပြုံးလျက် ပြန်၍ နှုတ်ဆက်လိုက်သည်။
"ကျောင်းအုပ်ကြီးရှင်း... အကြီးအကဲကျန်း... မတွေ့ရတာ ကြာပြီ နော်.."
ထိုသို့ နှုတ်ဆက်ပြီးနောက် သူသည် ဖုန်းဝူချန်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်၏။
ပတ်ဝန်းကျင်တွင် လူများစွာ ရှိနေသောကြောင့် ယဲ့ချန်းချုံးသည်လည်း ဖုန်းဝူချန်၏ ဂုဏ်ပုဒ်အား ထုတ်ဖော် မပြဝံ့ခဲ့ပါ။
ထျန်းယန် အင်ပါယာကို ယဲ့ချန်းချုံးက ကိုယ်တိုင် ကြီးကြပ်နေခဲ့သည်။
သူသည် ကောင်းကင် အရိပ်တပ်ဖွဲ့ဝင် အများအပြားနှင့် အလံနက် တပ်မတော်မှ အဖွဲ့ဝင်များကို ခေါ်ဆောင်လာခဲ့ပြီး အခြေအနေကို ထိန်းသိမ်းနေခဲ့၏။
စစ်သည်တော်များ၏ ဖုန်းဝူချန်အပေါ် အကြည့်များသည် လေးစားမှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ရွှေယွဲ့ အင်ပါယာ၊ ထျန်းဝူ အင်ပါယာနှင့် လော့ယွင် အင်ပါယာတို့မှ စစ်သူကြီးချုပ်များနှင့် ထိပ်သီး စစ်သည်တော်များသည်လည်း နတ်ဘုရား တောင်ကြားတွင် စုရုံးနေကြသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ အခြေအနေကို ထိန်းချုပ်ရန် ဖြစ်လေသည်။
ထျန်းယန် အကယ်ဒမီသည် နောက်ဆုံးမှ ရောက်ရှိလာခြင်း ဖြစ်သည်။ အခြားသော အကယ်ဒမီ သုံးခုမှ ကျောင်းသားများသည် သူတို့၏ အကြည့်များကို ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့အပေါ်သို့ စူးစိုက်ထားကြ၏။
သို့သော် ခဏတာ ကြည့်ရှုပြီးနောက် သူတို့၏ အကြည့်များသည် နောက်ဆုံးတွင် လင်ရှောင်ရှောင် အပေါ်သို့သာ အာရုံစိုက်သွားကြသည်။ သူမ၏ အလှတရားသည် သူတို့၏ အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။
ပါရမီရှင် ကျောင်းသားများသည် လုံးဝ မှင်သက်စွာ ငေးကြည့်နေကြတော့၏။
ထိုစဉ် ရှင်းထျန်းဖုန်း၊ ကျန်းယွင်ထျန်းနှင့် အခြားသော အဆင့်မြင့် ပုဂ္ဂိုလ် အချို့သည် အခြား အကယ်ဒမီများမှ အထက်ပိုင်း လူကြီးများကို ယဉ်ကျေးစွာ ခေါင်းညိတ် ပြလိုက်ကြသည်။ သူတို့သည် ရန်လိုသည့် အရိပ်အယောင် တစ်စုံတစ်ရာ မရှိဘဲ အလွန် ရင်းနှီးစွာ ပြုမူနေကြ၏။
အကြီးအကဲ တစ်ဦးက ဖုန်းဝူချန်ကို အကဲခတ်ရင်း အံ့ဩစွာ ဆိုလိုက်သည်။
"...ဟို လူငယ်လေးက သူ့ရဲ့ ကျင့်စဉ်ကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ...။ ငါ သူ့ရဲ့ ကျင့်ကြံမှု အတိမ်အနက်ကိုတောင် မခန့်မှန်းနိုင်ဘူး..."
"...ဒီကောင်လေးက မရိုးရှင်းဘူး...။ ပါရမီရှင် အဆင့် သတ်မှတ်ပွဲ ပြိုင်ပွဲတိုင်းမှာ အံ့ဖွယ် အဖြစ်အပျက် တစ်ခု ဖြစ်လေ့ရှိတယ်...။ ဒီတစ်ခါလည်း ထူးမခြားနား ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်..."
အကယ်ဒမီ သုံးခုမှ အဆင့်မြင့် ပုဂ္ဂိုလ်များသည် သဘောတူညီစွာဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
ပါရမီရှင် ကျောင်းသားများသည် ဖုန်းဝူချန်၏ ကျင့်ကြံမှု အဆင့်ကို မခန့်မှန်းနိုင်ကြသော်လည်း သူတို့ အနည်းငယ်မျှပင် စိုးရိမ်ခြင်း မရှိကြပါ။ အကယ်ဒမီများမှ အဆင့်မြင့် အရာရှိများသာ အနည်းငယ် စိုးရိမ်နေကြခြင်း ဖြစ်သည်။
သွမ့်ဟုန်ရှီးက လေးနက်စွာ ဆိုလိုက်သည်။
"တခြား အကယ်ဒမီတွေက ပါရမီရှင် ကျောင်းသားတွေ အားလုံးက အရမ်း အားကောင်းကြတယ်…အားအနည်းဆုံး တစ်ယောက်ကတောင် ယွမ်တန်ဘုံ တတိယအလွှာမှာတဲ့.။ ဖုန်းဝူချန်... ကြည့်ရတာ ငါတို့တွေ မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်..."
ပါရမီရှင် အဆင့် သတ်မှတ်ပွဲ၏ ပြိုင်ဆိုင်မှုသည် မယုံနိုင်လောက်အောင် ပြင်းထန်လှလေ၏။
စူးလဲ့ယန်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲတွင် စိုးရိမ်နေခဲ့သည်။
"...ယွမ်တန်ဘုံ ပဉ္စမအလွှာက သုံးယောက်တောင် ရှိနေတယ်..."
ထျန်းယန် အကယ်ဒမီတွင် စူးလဲ့ယန်သည် အားအကောင်းဆုံး ကျင့်ကြံမှု အဆင့်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော် သူသည် ယွမ်တန်ဘုံ စတုတ္ထအလွှာတွင်သာ ရှိနေသေးပြီး တစ်လကြာ ပိတ်လှောင် ကျင့်ကြံခဲ့သည့်တိုင် ပဉ္စမအလွှာသို့ မရောက်ရှိနိုင်ခဲ့သေးပါ။
မူရှန်က ထိတ်လန့်တကြား မှတ်ချက်ချလိုက်သည်။
"ရွှေယွဲ့ အင်ပါယာက တကယ် ကြောက်ဖို့ကောင်းတာပဲ...။ ယွမ်တန်ဘုံ ပဉ္စမ အလွှာက တစ်ယောက်... စတုတ္ထ အလွှာက နှစ်ယောက်တောင်...။ သူတို့က နေရာအားလုံးရဲ့ တစ်ဝက်လောက်ကို ရယူထားပြီးသားပဲ..."
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလျက် ဆိုလိုက်သည်။
"ကြည့်ရတာ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ဖို့က ငါ ထင်ထားသလောက် မလွယ်ကူဘူးပဲ..."
သူသည် အခြား အကယ်ဒမီများမှ ပါရမီရှင် ကျောင်းသားများကို အမှန်တကယ် အထင်သေးထားခဲ့မိသည်။
သွမ့်ဟုန်ရှီးက မတတ်နိုင်သော ခါးသီးသည့် အပြုံးဖြင့် ပြောလိုက်၏။
"ဟူး.. တို့တွေ တကယ်ပဲ မျှော်လင့်ချက် မရှိတော့ပါဘူး..."
နှိုင်းယှဉ် ကြည့်လိုက်ပါက ထျန်းယန် အကယ်ဒမီမှ ကျောင်းသားများသည် အားအနည်းဆုံး ဖြစ်နေခဲ့သည်။
ထိပ်ဆုံး ဆယ်ယောက် စာရင်းသို့ ဝင်ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်သော မျှော်လင့်ချက် တစ်ခုသာ ဖြစ်နေခဲ့၏။
ရွှေယွဲ့ အင်ပါယာမှ ယွမ်တန်ဘုံ စတုတ္ထအလွှာ ပါရမီရှင် တစ်ဦးက မာနကြီးစွာ လှောင်ရယ်လိုက်သည်။
"ထျန်းယန် အကယ်ဒမီက အခုထိ ဒီလောက် အားနည်းနေတုန်းပဲ...။ ယွမ်တန်ဘုံ ပဉ္စမအလွှာက တစ်ယောက်တောင် မရှိဘူး...။ ကြည့်ရတာ ဒီနှစ်လည်း မင်းတို့ဆီက ထိပ်ဆုံး ဆယ်ယောက်ထဲ တစ်ယောက်မှ ပါလာမှာ မဟုတ်တော့ဘူး ထင်တယ်..."
အခြား ပါရမီရှင် တစ်ဦးက မထီမဲ့မြင် ဆိုလိုက်ပြန်သည်။
"စူးလဲ့ယန်... မင်းတောင် ယွမ်တန်ဘုံ ပဉ္စမအလွှာကို ရောက်နေလောက်ပြီ ထင်ထားတာ... တကယ်ကို စိတ်ပျက်စရာပဲ..."
"ထပ်ပြောနေစရာ မလိုပါဘူး... ဒီတစ်ခါလည်း ထျန်းယန် အကယ်ဒမီက အောက်ဆုံးမှာပဲ ရှိနေဦးမှာပါပဲ..."
"ထျန်းယန် အင်ပါယာမှာ သုံးစားလို့ရတဲ့ ပါရမီရှင် တစ်ယောက်တောင် မရှိတော့ဘူးလား..ဟာဟာ့.."
ပါရမီရှင် ကျောင်းသား အများအပြားက လှောင်ပြောင် သရော်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများသည် မထီမဲ့မြင် အပြုအမူများဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းကို ဖုံးကွယ်ထားရန်ပင် မကြိုးစားကြတော့ချေ။
စူးလဲ့ယန်နှင့် သွမ့်ဟုန်ရှီးတို့သည် ဒေါသထွက်လွန်း၍ မျက်နှာများ မည်းမှောင်လာကြသည်။ သူတို့၏ လက်သီးများကို တင်းတင်း ဆုပ်ထားကြပြီး ထိုကျောင်းသားများထံ ပြေးဝင်ကာ ပါးရိုက်ပစ်လိုက်ချင်စိတ်များ ပေါက်နေခဲ့၏။
သွမ့်ဟုန်ရှီးက ဒေါသတကြီး အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
"ဒီ... ဒီခွေးမသားတွေ..."
သူ၏ မျက်လုံးများထဲမှ ဒေါသများ ပေါက်ကွဲ ထွက်တော့မတတ် ဖြစ်နေခဲ့သည်။
ဖုန်းဝူချန်ကတော့ ဆန့်ကျင်ဘက်ပင်။ သူသည် အလွန် တည်ငြိမ်နေခဲ့ပြီး ထိုကျောင်းသားများထံမှ အေးစက်သော လှောင်ပြောင်မှုများနှင့် သရော်သံများကို လုံးဝ လျစ်လျူဝှစ်ထားခဲ့သည်။
'...ပါးစပ်နဲ့ ပြောနေလို့ ဘာထူးမှာလဲ...။ တကယ့်အစွမ်းကို လက်တွေ့ ပြရတာပေါ့...'
အကယ်ဒမီများမှ အထက်ပိုင်း လူကြီးများသည် သူတို့၏ ကျောင်းသားများကို လှမ်း၍ မျက်ရိပ်ပြလိုက်ကြသည်။ ထိုအခါမှ သူတို့ ပါးစပ် ပိတ်သွားကြတော့၏။
ထို့နောက် ရွှေယွဲ့ အင်ပါယာမှ ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည် စင်မြင့်ပေါ်သို့ ပျံလွှား ရောက်ရှိလာပြီး လေးနက်စွာ ဆိုလိုက်သည်။
"သုံးနှစ် တစ်ကြိမ် ကျင်းပတဲ့ ပါရမီရှင် အဆင့် သတ်မှတ်ပွဲ တိုက်ပွဲက နောက်ထပ် ဆယ့်ငါးမိနစ်ဆိုရင် စတင်ပါတော့မယ်...။ ပါဝင် ယှဉ်ပြိုင်မယ့် ကျောင်းသားတွေ ပြင်ဆင်ထားကြပါ..."
"ဟမ့်...။ ဒီတစ်ခါလည်း ပထမနေရာကို တို့ရဲ့ ရွှေယွင် အကယ်ဒမီကပဲ ရယူသွားမှာ..."
"ပထမ နေရာက ငါတို့ ထျန်းဝူ အကယ်ဒမီ အတွက်ပဲ..."
ကျောင်းသားများသည် စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြသည်။ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေကြပြီး တစ်ဦးချင်းစီတွင် ယှဉ်ပြိုင်ရန် အသင့် ဖြစ်နေသော သဘောထားများ ရှိနေကြတော့သည်။