ပါရမီရှင် အဆင့် သတ်မှတ်ခြင်း သိုင်းပြိုင်ပွဲ
Vol. 9 Ch. 125
~သူတို့နှင့် နှိုင်းယှဉ်လိုက်ပါက ထျန်းယန် အကယ်ဒမီမှ ကျောင်းသားများတွင် ထိုကဲ့သို့ မြင့်မားသော တိုက်ခိုက်လိုစိတ်များ ရှိမနေခဲ့ပါချေ။
တိုက်ပွဲ မစတင်မီမှာပင် သူတို့သည် တိုက်ပွဲ တစ်ဝက် ရှုံးနိမ့်နေခဲ့ပြီး ဖြစ်သည်။
ထျန်းယန် အကယ်ဒမီသည် အားအနည်းဆုံး ဖြစ်ပြီး အခြား အကယ်ဒမီများမှ ကျောင်းသားများသည် သူတို့ကို လုံးဝ အလေးအနက် ထားခြင်း မရှိခဲ့ကြပေ။
လျိုချင်းယန်က ခေါင်းခါလျက် ဆိုလိုက်သည်။ သူသည် မျှော်လင့်ချက် တစ်စုံတစ်ရာ မထားတော့ပါချေ။
"ဒီနှစ် ပါရမီရှင် အဆင့် သတ်မှတ်ပွဲ သိုင်းပြိုင်ပွဲက လွန်ခဲ့တဲ့ သုံးနှစ်ကထက်တောင် ပို ပြင်းထန်နေသေးတယ်...။ သုံးနှစ်တုန်းက ယွမ်တန်ဘုံ ပဉ္စမအလွှာမှာ နျဲ့ယန် တစ်ယောက်ပဲ ရှိခဲ့တာ...။ ဒီတစ်ခါတော့ သုံးယောက်တောင် ရှိနေတယ်...။ အစ်ကိုဖုန်းတို့တောင် ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင်ပါ့မလား မသိဘူး..."
ထိုအခါ မြောင်ချင်းချင်းက လေသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်ပြီး လျိုချင်းယန်ကို ကြမ်းကြုတ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
"ရှင့်ပါးစပ် ပိတ်ထားပါ...။ ဟွမ်ဖူကျန့်ထျန်းတောင် အစ်ကိုဖုန်း လက်ချက်နဲ့ သေခဲ့ရတာကို မမေ့လိုက်နဲ့...။ အစ်ကိုဖုန်းရဲ့ စွမ်းအားက သူတို့ထက် မနိမ့်ပါဘူး နော်..."
ထိုစကားကို ကြားလိုက်ရသောအခါ လျိုချင်းယန်၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားခဲ့သည်။ သူက သူ၏ နဖူးကို ရိုက်လိုက်ပြီး အော်ဟစ်လိုက်၏။
"အိုက်ယား…ဟုတ်သားပဲ...။ ငါ ဒါကို မေ့နေလိုက်တာ..."
ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ခပ်ရေးရေး ပြုံးလျက် ဆိုလိုက်လေသည်။
"သုံးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဒီသိုင်းပြိုင်ပွဲမှာ ဖုံးကွယ်ထားတဲ့ လက်နက်တွေကို အသုံးပြုခွင့် တားမြစ်ထားတယ်...။ ပြီးတော့ ဘယ်သူမှ တစ်ပါးသူရဲ့ အသက်ကို ယူခွင့် မရှိဘူး...။ စင်မြင့်ပေါ်က လွင့်ကျသွားရင် အရှုံးလို့ သတ်မှတ်တယ်...။ ဒါပေမဲ့... အကယ်ဒမီကြီး လေးခုရဲ့ ဆွေးနွေးမှုအရ... ဒီနှစ်က စပြီး ပါရမီရှင် အဆင့် သတ်မှတ်ပွဲ သိုင်းပြိုင်ပွဲမှာ နေရာ သုံးနေရာပဲ ရှိတော့မယ်..."
"ဘာ... ဘာပြောတယ်...။ နေရာ သုံးနေရာ..."
"ဆယ်နေရာ မဟုတ်ဘူးလား...။ ဘာလို့ သုံးနေရာ ဖြစ်သွားရတာလဲ..."
"သုံးနေရာတည်း...။ ဒါဆို တို့တွေ ဝိညာဉ်ရေကန်ထဲ ဝင်ပြီး ကျင့်ကြံခွင့်ရဖို့ မျှော်လင့်ချက် မရှိတော့ဘူးပေါ့..."
ထိုစကားကို ကြားလိုက်ရသောအခါ တိုက်ခိုက်လိုစိတ် မြင့်မားနေသော ကျောင်းသားများ၏ မာနထောင်လွှားနေသည့် မျက်နှာများနှင့် ကျေနပ်နေသော အပြုံးများသည် ချက်ချင်းပင် တောင့်ခဲသွားခဲ့ကြသည်။
၎င်းအစား ဒေါသတကြီး ညည်းညူသံများ ထွက်ပေါ်လာခဲ့၏။
သို့သော်... ကံဆိုးသည်မှာ သူတို့ မည်မျှပင် ဒေါသထွက်နေပါစေ၊ မကျေမနပ် ဖြစ်နေပါစေ အသုံးမဝင်ခဲ့ပါ။
အကယ်ဒမီကြီး လေးခု၏ ဆုံးဖြတ်ချက်သည် အတည် ဖြစ်နေခဲ့ပြီး ၎င်းကို ပြောင်းလဲပစ်ရန် သူတို့တွင် စွမ်းအား မရှိခဲ့ကြပါချေ။
စူးလဲ့ယန်၏ မျက်နှာသည် ပို၍ပင် လေးနက်သွားခဲ့သည်။
"...သုံးနေရာတည်း..."
ဤသည်မှာ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာမည်ကို ဆိုလိုပေသည်။ သူ၏ နှလုံးသားထဲတွင် ယုံကြည်မှု တစ်စုံတစ်ရာ မရှိတော့ချေ။
"နေရာ ဘယ်နှနေရာပဲ ဖြစ်ဖြစ် အရေးမကြီးပါဘူးလေ...။ ငါကတော့ ဘယ်လိုမှ မျှော်လင့်ချက် မရှိတာ…”
သွမ့်ဟုန်ရှီးက ပခုံးတွန့်လိုက်ပြီး မိမိကိုယ်ကို သရော်သလို ဆိုလိုက်သည်။
ထိုစဉ် ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ဆက်လက် ပြောကြားခဲ့သည်။
"ထိပ်ဆုံး သုံးယောက်ကသာ ဝိညာဉ်ရေကန်ထဲမှာ တစ်လကြာ ကျင့်ကြံခွင့် ရရှိလိမ့်မယ်...။ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်တဲ့သူတွေကိုလည်း ဆုလာဘ်တွေ အများကြီး ချီးမြှင့်သွားမှာပါ...။ ပါရမီရှင် အဆင့် သတ်မှတ်ပွဲ သိုင်းပြိုင်ပွဲ... အခု စတင်ပါပြီ..."
အင်ပါယာ အသီးသီးမှ စစ်သူကြီးများနှင့် သူတို့၏ ထိပ်သီး စစ်သည်တော်များသည်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေကြ၏။ သူတို့၏ အကြည့်များသည် ထို ကျောင်းသား နှစ်ဆယ်ဦးထံတွင် စူးစိုက်နေခဲ့သည်။
ပြိုင်ဆိုင်မှုများ ပိုမို ပြင်းထန်လာသည်နှင့်အမျှ မည်သည့် သုံးဦးက ထိပ်တန်း နေရာများကို ရယူသွားမည်နည်း။
အကယ်ဒမီ တစ်ခုချင်းစီ၏ ထိပ်တန်း အဖွဲ့ဝင်များသည် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။ လူတိုင်းက မိမိတို့၏ ကျောင်းသားများ အနိုင်ရရှိရန် မျှော်လင့်နေကြ၏။ ထို့ထက် ပို၍ ထိပ်ဆုံး သုံးယောက် စာရင်းသို့ ဝင်ရောက်စေချင်ကြသည်။
လင်ရှောင်ရှောင်သည် ဖုန်းဝူချန်ထံသို့ တိုးကပ်လာပြီး တိုးညှင်းစွာ မေးလိုက်သည်။
"ဖုန်းအစ်ကိုကြီး... ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ဖို့ ယုံကြည်မှု ရှိရဲ့လား..."
ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်နှာထား အနည်းငယ် လေးနက်သွားကာ ပြန်ဖြေလိုက်၏။
"ဒီပါရမီရှင်တွေ အားလုံးက အရမ်း အစွမ်းထက်ကြတယ်...။ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ဖို့က မခက်ခဲဘူး ဆိုပေမဲ့ မလွယ်ကူဘူးလို့လည်း ပြောရမယ်...။ ကံတရားပေါ်မှာ မူတည်နေတာပါ...။ ဒါပေမဲ့... ထိပ်ဆုံး သုံးယောက်ထဲ ဝင်ဖို့ကတော့ ကောင်းကင်ပေါ် တက်ရသလောက် ခက်ခဲလိမ့်မယ်..."
အကယ်၍သာ သူသည် ယွမ်တန်ဘုံ ပဉ္စမအလွှာမှ ပါရမီရှင် တစ်ဦးနှင့် မဲမနှိုက်မိဘဲ ကံကောင်းခဲ့ပါလျှင် ထိပ်ဆုံး ဆယ်ယောက် စာရင်းသို့ ဝင်ရောက်ရန် အကြွင်းမဲ့ ယုံကြည်မှု ရှိခဲ့သည်။ သို့သော် သူ၏ ကံကြမ္မာက ဆိုးရွားခဲ့ပါလျှင် ထိပ်ဆုံး သုံးယောက်ထဲ ဝင်ရန် မဆိုထားနှင့် ထိပ်ဆုံး ဆယ်ယောက် စာရင်းထဲသို့ပင် ဝင်ရောက်နိုင်မည် မဟုတ်ပါချေ။
သိုင်းပြိုင်ပွဲ၏ စည်းမျဉ်းများမှာ ရိုးရှင်းလှသည်။
ရှုံးနိမ့်သူများ ထွက်ခွာရမည်ဖြစ်ပြီး အနိုင် ရရှိသူများက နောက်တစ်ဆင့် တက်ရမည် ဖြစ်၏။
မဲနှိုက်ခြင်းသည် မိမိ၏ ပြိုင်ဘက်ကို ဆုံးဖြတ်ပေးလိမ့်မည်။ သို့သော် မိမိ၏ အကယ်ဒမီမှ ကျောင်းသား တစ်ဦးနှင့် မဲကျမည် မဟုတ်ဘဲ အခြား အကယ်ဒမီ သုံးခုမှ ကျောင်းသားများနှင့်သာ ကျမည် ဖြစ်သည်။
ဤအရာကို ကြိုတင် စီစဉ်ထားပြီး ဖြစ်၏။
ကျောင်းသားများသည် တစ်ယောက်ပြီး တစ်ယောက် မဲနှိုက်ရန် တက်သွားကြသည်။ ယခင်က တွေ့ဆုံဖူးသော အချို့မှ လွဲ၍ ကျန်သူများမှာ သူတို့ မည်သူနှင့် မဲကျသည်ကို မသိရှိကြပါ။ အဘယ်ကြောင့်ဆိုသော် အကယ်ဒမီကြီး လေးခုမှ ကျောင်းသားများသည် အချင်းချင်း ကောင်းစွာ မသိရှိကြဘဲ အပြန်အလှန် ဆက်ဆံရေး အနည်းငယ်သာ ရှိသောကြောင့် ဖြစ်သည်။
"နံပါတ်တစ် ဖုန်းဝူချန်က ဘယ်သူလဲ...။ ဘယ်အကယ်ဒမီကလဲ..."
"သွမ့်ဟုန်ရှီး...။ ဒါက ထျန်းယန် အင်ပါယာက မင်းသားလေးပဲ...။ တကယ် ကံကောင်းတာပဲ...။ သူက ထျန်းယန် အင်ပါယာက နံပါတ်တစ် ပါရမီရှင်နဲ့ မဲကျတယ်..."
"စူးလဲ့ယန်...။ မဆိုးတဲ့ ပြိုင်ဘက်ပဲ..."
မဲများ နှိုက်ကြစဉ် ကျောင်းသားများသည် သူတို့၏ ပြိုင်ဘက်များကို ရှာဖွေနေခဲ့ကြသည်။ သူတို့သည် ယခင်က မတွေ့ဆုံဖူးကြဘဲ မည်သူက မည်သူ ဖြစ်သည်ကို မသိရှိကြပါချေ။
ဖုန်းဝူချန်က ခေါင်းကို မနိုင်မနင်း ခါလိုက်သည်။
"...ပထမဆုံး တစ်ယောက်...။ ချင်အန်းတဲ့...။ သူက ယွမ်တန်ဘုံ
ပဉ္စမ အလွှာက မဟုတ်ပါစေနဲ့လို့ ဆုတောင်းရမယ်..."
အကယ်ဒမီ၏ ပြိုင်ပွဲတွင်လည်း ဝူချန်သည် ပထမဆုံး ထွက်တိုက်ခဲ့ရသူ ဖြစ်၏။
ကျန်းကျွင့်လန်က လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"ဟွမ်ဖူကျန့်ထျန်းတောင် မင်း လက်ထဲမှာ သေခဲ့ရတာပဲ...။ ခင်ဗျား ဘာကို ကြောက်နေသေးတာလဲ..."
ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေခဲ့သည်။
"ဒါက အတူတူ မဟုတ်ဘူးလေ...။ အဲ့ဒီတုန်းက သူက ဒဏ်ရာရနေခဲ့တာ...။ မဟုတ်ရင် ငါ သူ့ကို သတ်နိုင်ပါ့မလားတောင် မသေချာဘူး...။ သူတို့တွေ အားလုံးက ကြီးမားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တွေ...။ လုံးဝ အထင်သေးလို့ မရဘူး..."
ဟုတ်ပါသည်။ ဟွမ်ဖူကျန့်ထျန်းသည် အလွန်တရာ စွမ်းအား ကြီးသည်ဟုသာ ဆိုနိုင်ပေသည်။ အကယ်၍သာ သူ ဒဏ်ရာ မရရှိခဲ့ပါလျှင် ဖုန်းဝူချန်သည် သူ၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပါချေ။
မဲနှိုက်ခြင်း ပြီးဆုံးသွားပြီး အမည်များကို မှတ်သားပြီးနောက် ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ကြေညာလိုက်သည်။
"နံပါတ်တစ် ဖုန်းဝူချန်နဲ့ နံပါတ်တစ် ချင်အန်းတို့ ယှဉ်ပြိုင် တိုက်ခိုက်ကြပါ..."
"...ဖုန်းဝူချန်...။ ချင်အန်း..."
ပရိသတ်များသည် နားမလည်နိုင်စွာဖြင့် ဘေးပတ်ပတ်လည်ကို ဟိုဟိုသည်သည် ကြည့်လိုက်ကြသည်။
"စစ်သူကြီးချုပ်..."
ထျန်းယန် အင်ပါယာမှ ထိပ်သီး စစ်သည်တော်များသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး စစ်သူကြီးချုပ်ဟု အော်ဟစ်လိုက်မိမတတ် ဖြစ်သွားကြသည်။ သူတို့၏ စိတ်အားထက်သန်သော အကြည့်များ အားလုံးသည် ဖုန်းဝူချန်ထံသို့ စုပြုံတိုးဝှေ့သွားကြ၏။
ထျန်းယွင်ဂိုဏ်း၏ ပါရမီရှင် တပည့် ဟွမ်ဖူကျန့်ထျန်းသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ကို သူတို့ အားလုံး သိရှိထားကြသည်။ သူ၏ စွမ်းအားသည် သဘာဝကျကျပင် မေးခွန်းထုတ်စရာ မလိုတော့ပါချေ။
ယဲ့ချန်းချုံးက စိတ်ထဲတွင် တွေးလိုက်မိသည်။
'...စစ်သူကြီးချုပ်ရဲ့ စွမ်းအားက မင်းသားလေးထက်တောင် ကျော်လွန်သွားခဲ့ပြီ...။ သူ့ကို အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်လို့တောင် အခု ပြောလို့ရနေပြီ...။ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ...။ စစ်သူကြီးချုပ်နဲ့ ဟွမ်ဖူကျန့်ထျန်းတို့ရဲ့ တိုက်ပွဲကို ငါ ကိုယ်တိုင် မမြင်တွေ့ခဲ့ရတာတော့ နှမြောစရာပဲ...'
သွမ့်ဟုန်ရှီးက သူ့ကို အားပေးလိုက်သည်။
"ဖုန်းဝူချန်... မရှုံးစေနဲ့..."
ဖုန်းဝူချန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
"ငါ အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်..."
ထိုအခိုက်အတန့်တွင် ဗလတောင့်တောင့် အရပ်မြင့်မြင့် လူတစ်ယောက်သည် စင်မြင့်ပေါ်သို့ ခုန်လွှားတက်သွားခဲ့ပြီး ဖြစ်သည်။ သူ၏ ခြေထောက်များ မြေပေါ် ကျသည်နှင့် 'ဒုန်း 'ဟူသော အသံ ထွက်ပေါ်လာပြီး အားကောင်းသော စွမ်းအင်ကြောင့် စင်မြင့်သည် အနည်းငယ် လှုပ်သွားခဲ့၏။
ထို ထွားကျိုင်းသော လူမှာ အခြားသူ မဟုတ်။ ချင်အန်း ပင် ဖြစ်လေသည်။
"...ယွမ်တန်ဘုံ တတိယအလွှာ အထွတ်အထိပ်...။ သူ့စွမ်းအားက မနည်းဘူးပဲ..."
"...သြော်... သူက ထျန်းဝူ အကယ်ဒမီကကိုး..."
"...ဟိုတစ်ယောက်ကရော ဘယ်ကလဲ..."
ထွားကျိုင်းသော လူ စင်မြင့်ပေါ် တက်လာသည်ကို မြင်တွေ့ရသောအခါ ကြည့်ရှုနေသူများသည် သူက ထျန်းဝူ အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်ကြောင်း သဘော
ပေါက်သွားကြသည်။
ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးလိုက်ပြီး ခြေတစ်လှမ်းချင်း စင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်။
"...သူက စတုတ္ထအလွှာထဲကို ခြေတစ်လှမ်း ဝင်နေပြီပဲ..."
သွမ့်ဟုန်ရှီးက သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"တော်သေးတာပေါ့... ပြိုင်ဘက်က သိပ်ပြီး အားမကောင်းလွန်းလို့...။ ဖုန်းဝူချန်ရဲ့ စွမ်းအားနဲ့ဆိုရင် သူ အနိုင်ရသင့်တယ်..."
မည်သို့ပင်ဖြစ်စေ အားလုံးမှာ ပါရမီရှင် ကျောင်းသားများ ဖြစ်ကြရာ သွမ့်ဟုန်ရှီးသည် ဝူချန် အနိုင်ရလိမ့်မည်ဟု အကြွင်းမဲ့
အာမ မခံနိုင်ခဲ့ပါချေ။
လျိုချင်းယန်နှင့် ထျန်းယန် အကယ်ဒမီမှ လူတိုင်းသည်လည်း တိတ်တဆိတ် သက်ပြင်း ချလိုက်မိကြသည်။
"...ဒါဆို သူက ထျန်းယန် အကယ်ဒမီကပေါ့...။ သူက တော်တော် သိုသိုသိပ်သိပ် နေတာပဲ...။ အထင်သေးလို့တော့ မဖြစ်ဘူး..."
သူတို့ တီးတိုး ရေရွတ်လိုက်ကြသည်။
"...ဒါဆို အဲ့ဒါ ဖုန်းဝူချန်ပေါ့...။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ကို မမြင်ရပေမဲ့... သူက သိပ် အားကောင်းပုံ မပေါ်ဘူး..."
အချို့က ထင်ကြေးပေးလိုက်ကြသည်။
"...အဲ့ဒီကောင်လေး ရှုံးမှာ သေချာတယ်...။ ထျန်းယန် အကယ်ဒမီက အမြဲတမ်း အားနည်းတာပဲ..."
ဖုန်းဝူချန် စင်မြင့်ပေါ် တက်လာသည်ကို မြင်တွေ့ရသောအခါ လူများသည် သူက ထျန်းယန် အကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်ကြောင်း ယခုမှ သတိပြုမိကြပြီး လူများစွာက တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
သို့သော်လည်း အကယ်ဒမီ အသီးသီးမှ အကြီးတန်း အရာရှိများ၊ ထို့အတူ စစ်သူကြီးများသည် ဤမျှ တိတ်ဆိတ်စွာ နေထိုင်သော ဤလူငယ်လေးအပေါ် အတော်လေး စူးစမ်းချင်စိတ် ဖြစ်ပေါ်နေကြသည်။
ရွှေယွဲ့ အင်ပါယာ၏ ဗိုလ်ချုပ်က ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။
"ထျန်းယန် အကယ်ဒမီက ဒီကျောင်းသားလေးက တော်တော် ဆန်းကြယ်တာပဲ...။ သူ့ရဲ့ စွမ်းအားကို ငါတောင် မမြင်နိုင်လောက်အောင် ဖုံးကွယ်ထားနိုင်တယ်...။ ဒီကောင်လေးကို အထင်သေးလို့ မဖြစ်ဘူး..."
အင်ပါယာမှ အခြား စစ်သူကြီး တစ်ဦးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
"သူက အလျင်လို တဇွတ်ထိုး နိုင်တာမျိုး မရှိဘူး...။ အရမ်း တည်ငြိမ်တယ်...။ ပြီးတော့ ကံကြမ္မာကို လက်ခံလိုက်ရလို့ စိတ်ပျက်နေတဲ့ အကြည့်မျိုးလည်း မရှိဘူး...။ ငါ သူ့ရဲ့ တကယ့် အစွမ်းအစကို အရမ်း မျှော်လင့်နေမိတယ်..."
ဖုန်းဝူချန် စင်မြင့်ပေါ်သို့ ချဉ်းကပ်လာသည်နှင့် နေရာ တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ချင်အန်းသည် ထွားကျိုင်းသော ခန္ဓာကိုယ်ဖြင့် ကြမ်းကြုတ်စွာ ရယ်မောလိုက်သည်။
"ကောင်လေး... မင်းရဲ့ အကွက်ကို မြန်မြန် ထုတ်သုံးလိုက်တော့...။ ငါ့လက်သီးတွေက တိုက်ခိုက်ဖို့ ယားနေပြီ...။ စိတ်မပူပါနဲ့... ငါ မင်းကို သေအောင်တော့ မထိုးပါဘူး..."
သူသည် ဖုန်းဝူချန်အပေါ် အနိုင်ရရှိရန် လုံးဝ သေချာနေခဲ့၏။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က စိတ်လှုပ်ရှားနေသော ချင်အန်းကို တစ်ချက် ကြည့်လိုက်ပြီး ခပ်ဖွဖွ ပြုံးလျက် တုံ့ပြန်လိုက်သည်။
"မင်း ဆန္ဒရှိသလိုပေါ့..."
"ဘုန်း။"
သူ၏ စကားသံ ဆုံးသည်နှင့် ဖုန်းဝူချန်သည် နဂါးနတ်ဘုရား၏ စွမ်းအားကို ထုတ်ဖော်လိုက်၏။ မြေပြင်ကို ဆောင့်နင်းလိုက်ရာ 'ဘုန်း' ခနဲ အသံတစ်ချက်နှင့်အတူ သူသည် တွေဝေခြင်းမရှိဘဲ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားခဲ့သည်။
"ယွမ်တန်ဘုံ တတိယ အလွှာ...။ အားနည်းလိုက်တာ..."
"ငါ သိသားပဲ...။ ထျန်းယန် အကယ်ဒမီက ကျောင်းသားတွေက အားနည်းတယ်...။ တကယ်ကို ပျင်းစရာ ကောင်းတာပဲ..."
"တိုက်ခိုက်နေစရာ မလိုပါဘူး...။ အရှုံးပေးလိုက်တော့..."
ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် လှောင်ပြောင်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် မထီမဲ့မြင် အပြုအမူများ ပိုမို ထင်ရှားလာခဲ့၏။
အခြား အကယ်ဒမီမှ ကျောင်းသားတစ်ဦးက အေးစက်စွာ ရယ်မောလျက် ကျေနပ်သလို ဆိုလိုက်သည်။
"တိုက်ရိုက် ရင်ဆိုင်ဖို့ ကြိုးစားတာလား...။ တော်တော် မဆင်မခြင်နိုင်တာပဲ..."
သို့သော်... သူတို့ သတိမပြုမိလိုက်သည့် အရာကား...။ ဤအခိုက်အတန့်တွင်... ထျန်းယန် အကယ်ဒမီမှ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများ...။ စူးလဲ့ယန်နှင့် အခြား ကျောင်းသား သုံးဦးတို့သည်... အားလုံး ကျောက်ရုပ်များအဖြစ် အေးခဲတောင့်တင်း သွားခဲ့ကြသည်။ သူတို့၏ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေ၏။
ရှင်းထျန်းဖုန်းနှင့် ကျန်းယွင်ထျန်းတို့သည် အကယ်ဒမီ၏ အကြီးတန်း အရာရှိများ ဖြစ်သည့်တိုင် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်နေခဲ့ကြသည်။
သွမ့်ဟုန်ရှီးမှာ တစ်ခဏမျှ ကြောင်ငေးသွားခဲ့သည်။ သူ၏ မျက်လုံးများကို အကြိမ်ကြိမ် ပုတ်ခတ်လိုက်ရင်း...။
'...ယွမ်တန်ဘုံ... တတိယအလွှာ...။ ငါ... ငါ မျက်စိမှားနေတာလား...'
ရှင်းထျန်းဖုန်းက အံ့အားသင့်နေသော အမူအရာဖြင့် ဆိုလိုက်သည်။
"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ...။ ဝူချန်က တစ်လအတွင်းမှာ အဆင့်နှစ်ဆင့်တောင် ဘယ်လို တက်သွားတာလဲ..."
"ဒါ မဖြစ်နိုင်ဘူး...။ ဖုန်းဝူချန်က ဒီလောက် လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်လာနိုင်စရာ အကြောင်းမရှိဘူး..."
ကျန်းယွင်ထျန်းနှင့် အခြားသူများ အားလုံး အံ့အားသင့် မှင်တက်သွားခဲ့ကြသည်။
အကယ်ဒမီ၏ ပြိုင်ပွဲတွင် ဖုန်းဝူချန်သည် ယွမ်တန်ဘုံ ပထမအလွှာသို့ ယခုလေးတင် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကို အကယ်ဒမီမှ ကျောင်းသားများနှင့် နည်းပြများ အားလုံး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရ၏။
သို့သော်... ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် တစ်လတည်းသော အချိန်အတွင်းမှာပင် ဖုန်းဝူချန်သည် ယွမ်တန်ဘုံ ပထမအလွှာမှ တတိယအလွှာသို့ အံ့ဩဖွယ်ရာ တက်လှမ်းနိုင်ခဲ့သည်။ ဤသည်မှာ မည်သို့သော ကြောက်မက်ဖွယ် ကျင့်ကြံမှု အမြန်နှုန်းမျိုး ဖြစ်ပါသနည်း။
ရှင်းထျန်းဖုန်းနှင့် အခြားသူများသည် သူတို့ မျက်စိ မှားယွင်းသွားသည်ဟုပင် မျှော်လင့်လိုက်မိကြသည်။ သူတို့သည် ဖုန်းဝူချန် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေသည်ကို မယုံကြည်ချင်ခဲ့ကြပါချေ။
"ဘုန်း။"
တစ်ခဏအတွင်းမှာပင် ရှေ့သို့ ပြေးထွက်သွားသော ဖုန်းဝူချန်သည် ချင်အန်းထံသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ 'ဘုန်း' ခနဲ အသံတစ်ချက်နှင့်အတူ သူ၏ လက်သီးသည် အလွန် အားကောင်းသော ချီစွမ်းအင် တစ်ခုကြောင့် ရုတ်တရက် တားဆီးခြင်း ခံလိုက်ရသည်။
ချီစွမ်းအင် တစ်ခုတည်းကပင် ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို တားဆီးရန် လုံလောက်နေခဲ့သည်။
ချင်အန်းသည် အမှန်တကယ်ပင် ဤမျှ အစွမ်းထက်နေပါသလား။
ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ လူတိုင်းက ခေါင်း တစ်ကြိမ် ထပ်ခါလိုက်ကြသည်။ သူတို့သည် ရလဒ်ကို ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်သကဲ့သို့ပင်။
ချင်အန်းက လှောင်ပြောင်သော အကြည့်၊ ခပ်ရေးရေး သရော်ပြုံးဖြင့် ဆိုလိုက်သည်။
"ကောင်လေး... မင်းရဲ့ စွမ်းအားက ဒီလောက်ပဲလား...။ မင်းရဲ့ ယွမ်တန်ဘုံ တတိယအလွှာက တော်တော် အားနည်းတာပဲ..."
ဖုန်းဝူချန်က ထိတ်လန့်သော အရိပ်အယောင် တစ်စုံတစ်ရာ မရှိဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"အိုး... ဟုတ်လို့လား..."
"ယား။"
ချင်အန်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပိုမို ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော ချီစွမ်းအင်သည် ဖုန်းဝူချန်ကို ခြောက်မီတာ၊ ခုနစ်မီတာခန့် လွင့်စင်သွားစေခဲ့၏။
နောက်တစ်စက္ကန့်တွင် ချင်အန်းသည် ပြင်းထန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် မလိုက်မဖက် သူ၏ အရှိန်သည် အလွန်အမင်း အံ့ဩဖွယ် ကောင်းလှ၏။ တောင်ပေါ်မှ ဆင်းသက်လာသော ကျားတစ်ကောင်ကဲ့သို့ပင် သူ၏ အရှိန်အဝါက အလွန် ကြီးမားလှသည်။
ချင်အန်းက အော်ဟစ်လိုက်ပြီး ပြင်းထန်သော လက်သီးတစ်ချက်ကို ထိုးနှက်လိုက်သည်။
"မင်း အရမ်း အားနည်းလွန်းတယ်...။ ဆင်းသွားတော့..."
ဖုန်းဝူချန်က စိန်ခေါ်သလို လက်သီးတစ်ချက် ပြန်လည် ထိုးနှက်လိုက်သည်။
"ငါကတော့ ခဏလောက် ထပ်နေချင်သေးတယ်..."
"ဘုန်း။"
သူတို့၏ လက်သီးများသည် ပြင်းထန်စွာ ထိတိုက်မိသွားကြပြီး အားကောင်းသော ထိခတ်မှု စွမ်းအားကြောင့် မြေပြင်သည် ကွဲအက်သွားခဲ့ရသည်။
ပြင်းထန်သော ယှဉ်ပြိုင်မှု တစ်ချက် ပြီးနောက် ဖုန်းဝူချန်သည် ချင်အန်း၏ ကြောက်မက်ဖွယ် စွမ်းအားကို မခံနိုင်ဘဲ နောက်တစ်ကြိမ် လွင့်စင်သွားခဲ့ရပြန်သည်။ သူသည် ရှင်းလင်းစွာ အရေးနိမ့်နေခဲ့၏။
"...သူက နံရံကို ဝင်မတိုက်မချင်း နောက်ဆုတ်မယ့်ပုံ မပေါ်ဘူး..."
"...သူက ပြဿနာ ရှာနေတာပဲ...။ နောက်တစ်ခါ ပြင်းပြင်းထန်ထန် ထိတိုက်မိရင် အဲ့ဒီကောင်လေး ဒဏ်ရာရသွားဖို့ များတယ်..."
"...ငါတော့ မကြည့်ရက်တော့ဘူး..."
ကျောင်းသားများနှင့် အင်ပါယာ၏ စစ်သည်တော်များသည် သူတို့ ဆက်လက် မကြည့်နိုင်တော့သလို ခံစားလိုက်ရသည်။
ချင်အန်းက အော်ဟစ်လိုက်ပြီး ရှေ့သို့ တစ်ကြိမ် ထပ်မံ တိုးဝင်သွားပြန်သည်။
"နောက်တစ်ချက်ပဲ...။ စင်ပေါ်က ဆင်းသွားတော့..."
"ဘုန်း ဘုန်း ဘုန်း။"
တစ်ကြိမ်ပြီးတစ်ကြိမ် ပြင်းထန်စွာ ထိတိုက်မိကြပြန်သည်။ ချင်အန်းသည် သူ၏ စွမ်းအား အားလုံးကို ထုတ်လွှတ်လိုက်၏။ ဖုန်းဝူချန်ကို အကြိမ်တိုင်း လွင့်စင်သွားစေနိုင်ခဲ့သော်လည်း...။ သူ့ကို စင်မြင့်ပေါ်မှ လွင့်ကျသွားအောင် တစ်ကြိမ်မျှ မစွမ်းဆောင်နိုင်ခဲ့ပါချေ။
ထို့အပြင်... ချင်အန်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ရင်ဆိုင်ရင်း...။ လုံးဝ အရေးနိမ့်နေသော ဖုန်းဝူချန်သည်... အံ့ဩဖွယ်ရာ... ဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ယွမ်တန်ဘုံ တတိယအလွှာ အဆင့်ဖြင့် တတိယအလွှာ အထွတ်အထိပ်ကို ရင်ဆိုင်ရာတွင် သူသည် လုံးဝ မထိခိုက်သွားခဲ့ချေ။
တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာသည်နှင့်အမျှ ရှိနေသူ အားလုံး ဤအချက်ကို သတိပြုမိသွားကြသည်။
မထီမဲ့မြင် အပြုအမူများနှင့် လှောင်ပြောင်သရော်မှုများသည် မီးခိုးများကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းအစား လေးနက်သော အမူအရာများ ဝင်ရောက်လာခဲ့သည်။
'...ဖုန်းဝူချန်က... သူ့ရဲ့ အစွမ်းအကုန် ထုတ်မတိုက်သေးဘူး...'
ပါရမီရှင် ကျောင်းသားများ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
'...ဒီကောင်လေးက ချင်အန်းကို လုံးဝ အလေးအနက် ထားမနေဘူးပဲ…’