အံ့ဩဖွယ် စွမ်းအား
Vol. 9 Ch. 129
~အစပိုင်းတွင်တော့ လူတိုင်းက စူးလဲ့ယန် သေချာပေါက် ရှုံးနိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သွမ့်ဟုန်ရှီးနှင့် မူရှန်တို့ပင်လျှင် သူ၏အပေါ် မျှော်လင့်ချက် မြင့်မားစွာ မထားခဲ့ကြပါချေ။
သို့သော် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ စူးလဲ့ယန်က ကျောက်ဝူကျိကို အမှန်တကယ် အနိုင်ယူသွားခဲ့ခြင်း ဖြစ်၏။
ထိုသို့ ပြောင်းပြန်လှန်လိုက်သော ရလဒ်ကြီးသည် လူတိုင်းကို လက်ခံရန် ခက်ခဲသွားစေခဲ့သည်။
လျိုချင်းယန်၏ မျက်နှာသည် အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့၏။
"စူးလဲ့ယန်... တကယ်... နိုင်သွားတယ်..."
သွမ့်ဟုန်ရှီးကလည်း အံ့အားသင့်စွာ ဆိုလိုက်သည်။
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ...။ သူတို့နှစ်ယောက်လုံး နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာတွေ သုံးခဲ့ကြတာ...။ စူးလဲ့ယန်မှာ ပို အစွမ်းထက်တဲ့ လက်နက် ရှိနေတာကလွဲရင်... သူ့ရဲ့ ကျင့်ကြံမှု အဆင့်က ကျောက်ဝူကျိလောက် မမြင့်ဘူးလေ...။ သူက သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်နိုင်ခဲ့ရင်တောင်... ကျောက်ဝူကျိကို ကျော်လွန်ဖို့ လုံလောက်မှာ မဟုတ်ဘူး...။ ဒါပေမဲ့... သူ နိုင်သွားတယ်..."
ဤသို့ မမျှော်လင့်ဘဲ ကြည်နူးဖွယ် ကောင်းသော ရလဒ်သည် အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလှပါ၏။
"စူးလဲ့ယန် အနိုင်ရပါတယ်…”
ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ကြေညာလိုက်သည်။ သူကိုယ်တိုင်ပင် ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။
ကျန်းယွင်ထျန်းသည် စင်မြင့်ပေါ်သို့ လျင်မြန်စွာ ပျံသန်း တက်ရောက်သွားပြီး စူးလဲ့ယန်ကို ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ သူ့အား ကုသရေး ဆေးလုံးများ သောက်စေရင်း ချီးကျူးလိုက်၏။
"ကောင်းတယ်... တော်တယ်..."
စူးလဲ့ယန်၏ အောင်ပွဲနှင့်အတူ အစောပိုင်းက အခြေအနေ မကောင်းဟု ထင်မှတ်ခံထားရသော ထျန်းယန် အကယ်ဒမီသည် အမှန်တကယ်တွင် ကျောင်းသား သုံးဦးအထိ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့သည်။ ၎င်းမှာ ရှန်ဖုန်း အကယ်ဒမီနှင့် ထျန်းဝူ အကယ်ဒမီ နှစ်ခုစလုံး၏ စွမ်းဆောင်ရည်ကို ကျော်လွန်သွားခဲ့ခြင်း ဖြစ်လေသည်။
ရွှေယွင် အကယ်ဒမီမှ ကျောင်းသား သုံးဦးနှင့် ထျန်းယန် အကယ်ဒမီမှ ကျောင်းသား သုံးဦး နောက်တစ်ဆင့် တက်သွားခဲ့ပြီး ရှန်ဖုန်း အကယ်ဒမီနှင့် ထျန်းဝူ အကယ်ဒမီတို့တွင်မူ တစ်ဖွဲ့လျှင် နှစ်ဦးစီသာ တက်ရောက်
နိုင်ခဲ့တော့သည်။
ကျောက်ဝူကျိ၏ ရှုံးနိမ့်မှုသည် ရှန်ဖုန်း အကယ်ဒမီအတွက် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်သည်မှာ သံသယ ရှိစရာ မလိုပါချေ။ သူတို့အတွက် ထိပ်ဆုံး သုံးနေရာ မျှော်လင့်ချက် မရှိတော့ပြီတည်း။
ဖုန်းဝူချန်က တည်ငြိမ်သော အပြုံးဖြင့် ဆိုလိုက်သည်။
"စူးလဲ့ယန်က တော်တော် ဉာဏ်ကောင်းတာပဲ...။ သူက အစကတည်းက ကျောက်ဝူကျိကို မယှဉ်နိုင်မှန်း သိနေခဲ့တယ်..."
လျိုချင်းယန်က အံ့ဩတကြီး မေးလိုက်၏။ မြောင်ချင်းချင်းသည်လည်း နားမလည်နိုင်သော အကြည့်ဖြင့် ဖုန်းဝူချန်ကို ကြည့်နေခဲ့သည်။
"ကျောက်ဝူကျိကို မယှဉ်နိုင်ဘူး...။ ဒါပေမဲ့ စူးလဲ့ယန် နိုင်သွားတာပဲ မဟုတ်လား..."
ဖုန်းဝူချန်က သူ၏ ခေါင်းကို လက်ညှိုးထိုးပြလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်။
"စူးလဲ့ယန် နိုင်ခဲ့တာ မှန်ပါတယ်...။ ဒါပေမဲ့ သူက ဒီနေရာနဲ့ နိုင်ခဲ့တာ..."
"နတ်ဘုရား ရေခဲ ကိုယ်ထည်က မယုံနိုင်လောက်တဲ့ ခုခံစွမ်းအား ရှိတယ်...။ အဲ့ဒါက ကိုယ့်အပေါ် ကျရောက်လာမယ့် ပျက်စီးမှုကို လျှော့ချပေးနိုင်တယ်...။ ပြီးတော့ ကောင်းကင်ဘုံ ကျမ်းစာ တာအို အဆောင်လက်ဖွဲ့က သိုင်းပညာရဲ့ စွမ်းအားကို မြှင့်တင်ပေးတဲ့ တာအို အဆောင်လက်ဖွဲ့ တစ်မျိုးပဲ...။ အဲ့ဒီ ကျမ်းစာက တစ်ခါ သုံးပြီးတာနဲ့ ပျက်စီးသွားတယ်...။ ဒါကြောင့်မို့လို့ နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာ တစ်ခုက မြေကမ္ဘာအဆင့်ရဲ့ စွမ်းအားမျိုးကို ထုတ်ဖော်နိုင်ခဲ့တာ..."
"တာအို အဆောင်လက်ဖွဲ့...။ အဲ့လောက်တောင် အစွမ်းထက်တာလား..."
လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာတွင် ထိတ်လန့်မှုများ ထင်ရှားစွာ ပေါ်ပေါက်လာခဲ့သည်။
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ဆက်လက် ပြောကြားခဲ့၏။
"တကယ်လို့သာ အချိန်ဆွဲပြီး တိုက်ခိုက်ခဲ့ကြရင် စူးလဲ့ယန် ရှုံးမှာ သေချာတယ်...။ သူက ပြင်ဆင်ဖို့ အချိန် မရခဲ့သလို ကျောက်ဝူကျိနဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်တဲ့ စွမ်းအားလည်း မရှိခဲ့ဘူး...။ ဒါက တိုက်ကွက် တစ်ကွက်တည်းနဲ့ အနိုင်အရှုံး ဆုံးဖြတ်ခဲ့တာ...။ ကျောက်ဝူကျိက လှည့်စားခံလိုက်ရပြီး စူးလဲ့ယန်ကို ပြင်ဆင်ဖို့ အချိန် အလုံအလောက် ပေးလိုက်မိတယ်...။ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ပေးတဲ့ သိုင်းပညာတွေနဲ့ ပေါင်းစပ်လိုက်တော့ ကျောက်ဝူကျိကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တာ သဘာဝကျပါတယ်...။ အဲ့ဒီ တာအို အဆောင်လက်ဖွဲ့က အဓိက သော့ချက်ပဲ..."
"သြော်... ဒီလိုကိုး..."
လျိုချင်းယန်နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။ ရှင်းပြချက်ကို ကြားပြီးနောက် သူတို့ ပို၍ပင် အံ့အားသင့်သွားကြရ၏။
တာအို အဆောင်လက်ဖွဲ့ ဟုတ်လား။ သူတို့ ထိုသို့သော အရာမျိုးကို တစ်ခါမျှ မကြားဖူးခဲ့ကြပါချေ။
စူးလဲ့ယန် ထိုအရာကို မည်သည့် နေရာမှ ရရှိခဲ့သနည်း။ မည်သူမျှ မသိနိုင်ခဲ့ကြပါ။
တာအို အဆောင်လက်ဖွဲ့တွေက တိုက်ကြီးပေါ်က အစွမ်းထက်သော ဂိုဏ်း တစ်ခု ဖြစ်သော 'နတ်တာအို' ဂိုဏ်းမှ လာလေသည်...။
ထိုဂိုဏ်း၌ စွမ်းအားကြီး ပညာရှင်တွေ အများအပြား ရှိပြီး အမျိုးမျိုးသော တန်ခိုးကြီး တာအို
အဆောင် လက်ဖွဲ့များကို ပိုင်ဆိုင်ထားကြလေသည်။
အဆိုပါဂိုဏ်းသည် ဤ 'တာအို အဆောင်လက်ဖွဲ့' များ၏ စွမ်းပကားကြောင့်ပင် တိုက်ကြီးတစ်ခွင်လုံး၌ သတင်းမွှေးပျံ့နေခဲ့ခြင်း ဖြစ်လေ၏။
စူးလဲ့ယန်ထံတွင် 'ကောင်းကင်ဘုံ ကျမ်းစာ တာအို အဆောင်လက်ဖွဲ့' ရှိနေခြင်းမှာ သူ့အဘိုး အကြီးအကဲစူးက တိုက်ကြီးပေါ်မှ နေရာတစ်ခုခုမှ ရှာဖွေဝယ်ယူခဲ့ခြင်းသာ ဖြစ်နိုင်ပေသည်။ အင်ပါယာအတွင်း၌ကား ဤသို့သော အဖိုးတန် ရတနာမျိုး ရှိမနေသည်မှာ သေချာလှပါ၏။
တာအို အဆောင်လက်ဖွဲ့ ဆိုသည်မှာ တစ်ကြိမ်သာ အသုံးပြုနိုင်သော ပစ္စည်း ဖြစ်ပြီး အသုံးပြုပြီးသည်နှင့် ပျောက်ကွယ်သွားလေသည်။
ကျောက်ဝူကျိ၏ ရှုံးနိမ့်မှုသည် မတရား ခံလိုက်ရခြင်းတော့ မဟုတ်ပါချေ။
တိုက်ပွဲ ဆိုသည်မှာ ကြမ်းတမ်းသော စွမ်းအား တစ်ခုတည်းအပေါ်တွင်သာ မူမတည်ဘဲ ဦးနှောက်ကိုလည်း အသုံးပြုရသေးသည် မဟုတ်ပါလား။
ဟုတ်ပါသည်။ စူးလဲ့ယန်သည်လည်း ကောင်းစွာ ပြင်ဆင်ထားခဲ့၏။ အကယ်၍သာ သူ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက်နှင့် ရင်မဆိုင်ခဲ့ရပါလျှင် သူ ထိုတာအို အဆောင်လက်ဖွဲ့ကို အသုံးပြုခဲ့မည် မဟုတ်တန်ရာ။
ကျောင်းသား အများအပြားသည် ဘာဖြစ်သွားသည်ကို နားမလည်ခဲ့ကြသော်လည်း ၎င်းသည် စူးလဲ့ယန် အသုံးပြုခဲ့သော ဆန်းကြယ်သည့် ရွှေရောင် ကျမ်းစာနှင့် သက်ဆိုင်ရမည်ဟု အားလုံးက ခန့်မှန်းမိနိုင်ကြသည်။
သိုင်းပြိုင်ပွဲ၏ ပထမ အချီ ပြီးဆုံးသွားခဲ့၏။ နောက်တစ်ဆင့် တက်ရောက်လာသော ကျောင်းသားများသည် သူတို့၏ ဒဏ်ရာများကို ကုသရန်နှင့် အစစ်အမှန်ယွမ်များကို ပြန်လည် ဖြည့်တင်းရန် အချိန် အလုံအလောက် ရရှိခဲ့ကြသည်။ အကြီးအကဲများသည်လည်း သူတို့၏ အစစ်အမှန်ယွမ်များကို အသုံးပြုကာ ကုသမှုတွင် ကူညီပေးခဲ့ကြရာ ဒဏ်ရာများအတွက် စိုးရိမ်စရာ မလိုအပ်ခဲ့ပါ။
တစ်ရက်တာ အချိန်နှင့် အစွမ်းထက် ကုသရေး ဆေးလုံးများ၏ အကူအညီကြောင့် ဒဏ်ရာရ ကျောင်းသားများ အားလုံး ပြန်လည် သက်သာလာခဲ့ကြသည်။ သူတို့၏ အစစ်အမှန်ယွမ်များသည်လည်း အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ကြ၏။
ပြိုင်ပွဲ၏ ဒုတိယ အချီ စတင်လာခဲ့ပြီး ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် မဲနှိုက်ခဲ့ကြပြန်သည်။
စင်မြင့်ပေါ်သို့ ပထမဆုံး တက်ရောက်လာသူမှာ ရွှေယွင် အကယ်ဒမီမှ ပိုင်ခုံ ဖြစ်သည်။ သူ၏ ပြိုင်ဘက်မှာ ထျန်းဝူ အကယ်ဒမီမှ ယွမ်တန်ဘုံ စတုတ္ထအလွှာ တစ်ဦး ဖြစ်၏။ တိုက်ပွဲသည် စိတ်လှုပ်ရှားဖွယ်ရာ မရှိခဲ့ပါ။ ပိုင်ခုံသည် လျင်မြန်သော လှုပ်ရှားမှု တစ်ချက်ဖြင့် ရှောင်တိမ်းလိုက်ပြီး သူ၏ ပြိုင်ဘက်ကို လက်ဝါး တစ်ချက်တည်းဖြင့် စင်မြင့်ပေါ်မှ လဲဖြိုသွားစေခဲ့သည်။
ပိုင်ခုံ၏ တည်ရှိနေမှုသည် မည်သူမျှ မယှဉ်နိုင်သော စွမ်းအား တစ်ခုကဲ့သို့ပင်။ သူ တစ်ဦးတည်းဖြင့် ငါးယောက်ကို အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။
ပိုင်ခုံ၏ စွမ်းအားသည် ဖုန်းဝူချန်ပင်လျှင် သေချာ မသိနိုင်သော အရာတစ်ခု ဖြစ်ခဲ့သည်။ ပိုင်ခုံ၏ စွမ်းအားသည် ဟွမ်ဖူကျန့်ထျန်း၏ အကောင်းဆုံး အခြေအနေနှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ သံသယ ဝင်နေခဲ့သည်။
စင်မြင့်ပေါ်သို့ ဒုတိယ တက်ရောက်လာသူမှာ စူးလဲ့ယန် ဖြစ်၏။
သူ၏ ပြိုင်ဘက်မှာ ရှန်ဖုန်း အကယ်ဒမီမှ ကျောင်းသား တစ်ဦးသာ ဖြစ်နေဆဲပင်။ ကံမကောင်းစွာဖြင့် သူတို့သည် ယွမ်တန်ဘုံ စတုတ္ထ အလွှာတွင်သာ ရှိနေခဲ့သည်။
ကျောက်ဝူကျိတောင်မှ စူးလဲ့ယန်ကို ရှုံးနိမ့်သွားခဲ့သည်...။ ထိုကျောင်းသားအတွက် ဘယ်လို အခွင့်အရေးများ ရှိနိုင်ဦးမည်နည်း။
သူသည် စင်မြင့်ပေါ်သို့ တက်ရောက်လိုက်သည်နှင့် ကြောက်လန့်တကြား အရှုံးပေးလိုက်တော့သည်။
စူးလဲ့ယန်၏ ရှေ့မှောက်တွင် ဖိအားက အလွန် ကြီးမားလှ၏။ ထိုကျောင်းသားသည် သူ၏ စွမ်းအားကိုပင် ထုတ်ဖော်နိုင်စွမ်း မရှိတော့ဟု ခံစားနေခဲ့ရသည်။
ဤတိုက်ပွဲတွင် စူးလဲ့ယန်သည် လှုပ်ရှားမှု တစ်ချက်မျှ ပြုလုပ်ရန် မလိုအပ်ဘဲ အဆင်ပြေ ချောမွေ့စွာ နောက်တစ်ဆင့် တက်သွားခဲ့သည်။ သူ ထိပ်ဆုံး သုံးယောက် စာရင်းသို့ ဝင်ရောက်ရန် အခွင့်အရေး ရှိနေခဲ့ပြီ ဖြစ်၏။
ဤအချိန်တွင်တော့ အခြား အကယ်ဒမီများမှ ပါရမီရှင်များ အားလုံးသည် စူးလဲ့ယန်ကို ကြောက်မက်ဖွယ် ပြိုင်ဘက် တစ်ဦးအဖြစ် သံသယ ကင်းမဲ့စွာ သတ်မှတ်လိုက်ကြတော့သည်။
နောက်တစ်ပွဲစဉ်သည် သွမ့်ဟုန်ရှီးနှင့် ရွှေယွင် အကယ်ဒမီမှ လီမု တို့ကြား ဖြစ်လေသည်။ လီမုသည် သွမ့်ဟုန်ရှီးထက် အနည်းငယ် ပိုမို အားကောင်းပြီး ပြင်းထန်သော ပြိုင်ဆိုင်မှုမှာ အလွန် ခမ်းနားလှသည်။
သို့သော် လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ နောက်ဆုံးတွင် သွမ့်ဟုန်ရှီးက အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်၏။
အထွတ်အထိပ် ခန္ဓာကျင့်စဥ်ကို ကျင့်ကြံထားသော သွမ့်ဟုန်ရှီးသည် ခန္ဓာကိုယ် ကြံ့ခိုင်မှုတွင် အကြွင်းမဲ့ အသာစီး ရရှိထားခဲ့သည်။ ဝိညာဉ်လက်နက် စစ်ဝိညာဉ် လှံတံနှင့် ပေါင်းစပ်လိုက်သောအခါ သူသည် စွမ်းအား ကွာဟချက်ကို လုံးဝ ပိတ်နိုင်ခဲ့ပြီး နောက်ဆုံးတွင် လီမုအပေါ် အသာစီး ရယူကာ နောက်တစ်ဆင့် တက်လှမ်းသွားနိုင်ခဲ့သည်။
ထျန်းယန် အကယ်ဒမီအတွက် ဆန်းကြယ် ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ၎င်းက အခြား အကယ်ဒမီများကို အလွန် အံ့အားသင့်သွားစေခဲ့၏။
အားအနည်းဆုံး အကယ်ဒမီဟု ထင်မှတ်ခံထားရသော ကျောင်းသည် ယခုအခါ ဤပါရမီရှင် ပြိုင်ပွဲတွင် အံ့ဩဖွယ် စွမ်းအားနှင့် တိုက်ခိုက်ရေး ပါရမီများကို ပြသနေခဲ့သည်။ အခြား ပါရမီရှင်များ အားလုံးကို ထိတ်လန့်သွားစေခဲ့လေသည်။
စတုတ္ထမြောက် ပွဲစဉ်သည် ရွှေယွင် အကယ်ဒမီနှင့် ရှန်ဖုန်း အကယ်ဒမီမှ ကျောင်းသားများကြား ထိပ်တိုက် တွေ့ဆုံမှု ဖြစ်၏။ သူတို့၏ စွမ်းအား ကွာဟချက်မှာ သိသာလှပြီး ရွှေယွင် အကယ်ဒမီက အနိုင်ရရှိသွားသည်မှာ သံသယ ရှိစရာ မလိုပါ။
ရွှေယွင် အကယ်ဒမီမှ ကျောင်းသားများသည် အမြဲတမ်း မယုံနိုင်လောက်အောင် အစွမ်းထက်ခဲ့ကြပြီး မေးခွန်းထုတ်စရာ မရှိခဲ့ပါချေ။
နောက်ဆုံး ပွဲစဉ်တွင်တော့ ကံဆိုးသူ ဖုန်းဝူချန်သည် ထျန်းဝူ အကယ်ဒမီမှ အသန်မာဆုံး ကျောင်းသား ဝူချန်ရှန်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ယွမ်တန်ဘုံ
ပဉ္စမ အလွှာရှိ သူ၏ ကျင့်ကြံမှု အဆင့်သည် သူ၏ စွမ်းအားမှာ ကျောက်ဝူကျိထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသည်ဟု ဆိုလိုပေသည်။
မည်သို့ပင် ဖြစ်စေကာမူ မည်သူ တစ်ဦးတစ်ယောက်မျှ ဖုန်းဝူချန်ကို အထင်မသေးဝံ့ခဲ့ကြပါ။
ဖုန်းဝူချန် မည်မျှ အားကောင်းသည်ကို ပြိုင်ပွဲ အစမှ ယခုအချိန်အထိ မည်သူမျှ မသိရှိကြသေးပါ။ သူတို့ သိရှိထားသည်မှာ သူ၏ ကျင့်ကြံမှု အဆင့်က ယွမ်တန်ဘုံ တတိယ အလွှာတွင် ရှိနေသည် ဆိုသောအချက် တစ်ခုတည်းသာ ဖြစ်၏။
သို့သော် ဖုန်းဝူချန်၏ ချင်အန်းအပေါ် လွယ်ကူသော အောင်ပွဲကို အကဲဖြတ် ကြည့်မည်ဆိုလျှင် သူသည် အမှန်တကယ် အားကောင်းလှသည်။
လူတိုင်းသည် ဖုန်းဝူချန်၏ စွမ်းအားကို မျက်မြင် တွေ့ရှိလိုစိတ်ဖြင့် မျှော်လင့်တကြီး ရှိနေခဲ့ကြ၏။
"နောက်ဆုံးတော့... ဆန်းကြယ်တဲ့ ဖုန်းဝူချန်ရဲ့ တကယ့် စွမ်းအားကို တို့တွေ မြင်ရတော့မယ်ကွ..."
"ဝူချန်ရှန်းက အရမ်း အားကောင်းတာ...။ ဖုန်းဝူချန်သာ အစွမ်းကုန် မထုတ်သုံးဘူးဆိုရင်... သူ့မှာ အနိုင်ရဖို့ အခွင့်အရေး မရှိဘူး..."
"သူ အကောင်းဆုံး ကြိုးစားခဲ့ရင်တောင်... ငါ ထင်တာတော့ သူ ဝူချန်ရှန်းကို အနိုင်ယူနိုင်မှာ မဟုတ်သေးဘူး...။ အဲ့ဒီလူကို... ပိုင်ခုံတောင် အတော်လေး သတိထားနေရတာ...။ ဖုန်းဝူချန်ရဲ့ စွမ်းအားက အများဆုံး ရှိလှမှ ချင်အန်းထက် နည်းနည်း သာရုံပဲလေဟ..."
ထိုသို့လျှင် ကျောင်းသားများသည် ဆွေးနွေးသံများဖြင့် ဆူညံနေခဲ့ပြီး တစ်ဦးချင်းစီတွင် ကိုယ်ပိုင် ထင်ကြေးများ ရှိနေခဲ့ကြသည်။
ထိုအခိုက်အတန့်၌ ပိုင်ခုံသည် စင်မြင့်ပေါ်သို့ တက်လှမ်းသွားသော ဖုန်းဝူချန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ တစ်ချက်သာ ကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများကို ပြန်လည် မှိတ်ထားကာ ဆက်လက် ကျင့်ကြံနေခဲ့၏။
"အစ်ကိုဖုန်း... တိုက်... တိုက်..."
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့က အဆက်မပြတ် အော်ဟစ် အားပေးနေခဲ့ကြသည်။ (အစ်ကိုဖုန်းရဲ့ top fanတွေ >