← Chapters

ဝူချန်ရှန်းနှင့် တိုက်ပွဲ

Vol. 9 Ch. 130

ဝူချန်ရှန်းနှင့် တိုက်ပွဲ

Vol. 9 Ch. 130

~ယွမ်တန်ဘုံ ပဉ္စမအလွှာ တစ်ယောက်ကို လက်သီး တစ်ချက်တည်းနဲ့ နောက်ဆုတ်သွားစေတာ...။ ဒါက ဘယ်လိုတောင် ပေါက်ကွဲအားကြီးတဲ့ စွမ်းအားမျိုးလဲ။

"ဝူချန်ရှန်းကို လက်သီး တစ်ချက်တည်းနဲ့ လွင့်သွားစေတယ်...။ သူတို့နှစ်ယောက် ဟန်ဆောင် ပြနေကြတာလား..."

"ဖုန်းဝူချန်မှာ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိနေနိုင်စရာ အကြောင်းမရှိဘူး...။ သာမန် ယွမ်တန်ဘုံ ပဉ္စမအလွှာ တစ်ယောက်တောင် ဝူချန်ရှန်းရဲ့ ပြိုင်ဘက် မဟုတ်ဘူး...။ ဖုန်းဝူချန်ရဲ့ စွမ်းအားက ပဉ္စမအလွှာနဲ့ နှိုင်းယှဉ်နိုင်ရင်တောင်... အဲ့ဒီ အဆင့်မှာ ရှိမနေသေးဘူး...။ ပြီးတော့ သူ့မှာ စွမ်းအားချင်း အသာစီးလည်း မရှိဘူး..."

"ယွမ်တန်ဘုံ တတိယအလွှာ အဆင့်လေးနဲ့... သူ့မှာ တကယ်ပဲ ဒီလောက် အားကောင်းတဲ့ စွမ်းအား ရှိနေတာလား..."

ဝူချန်ရှန်း၏ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။ ထို့ကြောင့်ပင် ဖုန်းဝူချန်က သူ့အား လက်သီး တစ်ချက်တည်းဖြင့် လွင့်စင်သွားစေခဲ့သည်ကို သူတို့ ယုံကြည်ရန် ခက်ခဲနေခဲ့ကြခြင်း ဖြစ်သည်။

"ငါက သူ့ကို ဆေးပညာရှင် တစ်ယောက်လို့ပဲ ထင်နေခဲ့တာ...။ သူ့ရဲ့ စွမ်းအားက ဒီလောက် ကြောက်ဖို့ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး..."

အကြီးအကဲ ဆေးပညာရှင် တစ်ဦးက ထိတ်လန့်တကြား ရေရွတ်လိုက်လေသည်။ သူ၏ ဇရာ‌ရနေသော မျက်နှာသည် အနည်းငယ် တောင့်တင်းနေတုန်းပင်။

ကျန်းယွင်ထျန်းက ခပ်ရေးရေး ပြုံးလိုက်ပြီး ဆို၏။

"ကြည့်ရတာ အကြီးအကဲ ဝမ်က ဒါကို အစောကြီးကတည်းက သတိထားမိခဲ့ပုံပဲ..."

ထိုအခါ စောစောက အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်လာသည်။

"အစကတည်းက... သူက တတိယအဆင့် ဆေးပညာရှင် တစ်ယောက် ဖြစ်နေပြီး စတုတ္ထအဆင့် ဆေးပညာရှင် အဆင့်ထဲကို ခြေလှမ်းတော့မယ့်ဆဲဆဲ ဆိုတာကို ငါ မြင်ခဲ့ပြီးသား...။ ငါက သူက ဆေးပညာဘက်မှာ ပါရမီရှင် တစ်ယောက်လို့ ထင်နေခဲ့တာ...။ သူ့ရဲ့ အချိန်တွေ အားလုံးကို အဲ့ဒီအပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့လေ..."

"စတုတ္ထအဆင့် ဆေးပညာရှင် အဆင့်ကို ခြေလှမ်းတော့မယ့်ဆဲဆဲ..."

အကြီးအကဲ ဝမ်၏ စကားကို ကြားလိုက်ရသောအခါ အခြား ကျောင်းအုပ်ကြီးများနှင့် အကြီးအကဲများ အားလုံး မှင်တက်သွားခဲ့ကြ၏။ သူတို့သည် ဖုန်းဝူချန်ကို ကြောင်ငေးစွာ စိုက်ကြည့်နေမိကြတော့သည်။

"ဒါဆို... သူက ဆေးပညာ ပါရမီရှင် တစ်ယောက်ပေါ့..."

ဗိုလ်ချုပ်များ အားလုံး မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ကြသည်။

ဤမျှ ငယ်ရွယ်သော အရွယ်ဖြင့် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်လာတော့မည် ဆိုသည်မှာ...။ ဤသည်မှာ မည်မျှ မိစ္ဆာဆန်လိုက်သနည်း။

အကယ်၍သာ ဖုန်းဝူချန်သည် ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက်လည်း ဖြစ်နေသေးကြောင်း ထိုသူများ သိရှိသွားခဲ့သည်ရှိသော်...။

ဤအချက်ကပင် သူတို့ကို ကြောက်လန့်တကြားဖြင့် သေဆုံးသွားစေနိုင်လောက်သည်အထိ ပြင်းထန်လှလေ၏။

ထိုစဉ် စင်မြင့်၏ အစွန်းတွင် တိုက်ပွဲအား ကြည့်နေသော ချင်အန်းသည် ကြောက်လန့်၍ တောင့်တင်းနေခဲ့၏။ သူသည် ကြောက်လန့် ထိတ်ပျာနေသော မျက်နှာဖြင့် မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။

"ဖုန်း... ဖုန်းဝူချန်က... ငါ့ကို လက်သီး တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တာပဲ..."

"လက်သီး တစ်ချက်တည်းမှာ ဒီလောက် စွမ်းအား ပါတာလား..."

ကျောက်ဝူကျိသည်လည်း လုံးဝ ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ ယွမ်တန်ဘုံ ပဉ္စမ အလွှာသည် မည်မျှ အားကောင်းသည်ကို သူ အလွန် ရှင်းလင်းစွာ သိရှိနေခဲ့၏။

စင်မြင့်ပေါ်တွင် ဝူချန်ရှန်း၏ မျက်နှာအမူအရာသည် ပိုမို လေးနက်သွားခဲ့သည်။ သူ၏ နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ်မှုသည် အခြား မည်သူ့ထက်မျှ မနည်းပါချေ။

ဖုန်းဝူချန်၏ လက်သီးချက် နောက်ကွယ်မှ ကြောက်မက်ဖွယ် စွမ်းအားကို သူ တစ်ယောက်တည်းသာ အမှန်တကယ် ခံစားမိလိုက်ခြင်း ဖြစ်သည်။

'...မယုံနိုင်စရာ ကြမ်းတမ်းတဲ့ စွမ်းအားပဲ...။ မွေးရာပါ နတ်ဘုရား စွမ်းအားများလား...'

ဝူချန်ရှန်းက သူ့ဘာသာသူ တွေးလိုက်မိသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကြမ်းတမ်းသော စွမ်းအားသည် သူ့အား စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားစေခဲ့၏။

"ဘုန်း။"

ရှုံးနိမ့်ခြင်းကို လက်မခံလိုသော ဝူချန်ရှန်းသည် သူ၏ ခြေထောက်များဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး သူ၏ တိုက်ခိုက်မှုကို စတင်လိုက်သည်။ သူ၏ ပုံရိပ်သည် အနက်ရောင် မျဉ်းကြောင်း တစ်ခုကဲ့သို့ ပေါက်ကွဲ ထွက်သွားခဲ့၏။

ဝူချန်ရှန်း လှုပ်ရှားလိုက်သည့် တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်သည်လည်း ရှေ့သို့ တိုးဝင်သွားခဲ့သည်။

"ဘုန်း။"

"ခွပ်..."

မျက်စိ တစ်မှိတ်အတွင်း သူတို့ နှစ်ဦးသည် လက်သီးချင်း ထိပ်တိုက် တွေ့ဆုံသွားကြပြန်သည်။ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်နှင့်အတူ စင်မြင့်သည် တုန်ခါသွား၏။ သူတို့၏ ခြေထောက်များ အောက်မှ အက်ကြောင်းများသည် စင်မြင့်၏ အစွန်းများဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ဖုန်းဝူချန်က တည်ငြိမ်စွာ ပြုံးလျက် ဆိုလိုက်သည်။

"ယွမ်တန်ဘုံ ပဉ္စမအလွှာက တကယ်ပဲ အားကောင်းတာပဲ..."

ဝူချန်ရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောခဲ့၏။

"တတိယအလွှာမှာပဲ ရှိနေသေးပေမဲ့ ပဉ္စမအလွှာရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားနိုင်တာ... မင်းရဲ့ စွမ်းအားက အားကောင်းလှတယ်..."

သူ စကားပြောနေစဉ်မှာပင် ဝူချန်ရှန်းသည် သူ၏ ကြမ်းကြုတ်သော ထိုးစစ်ကို ပြန်လည် စတင်လိုက်သည်။ လက်သီးများနှင့် ခြေထောက်များကို အသုံးပြုကာ အစွမ်းကုန် တိုက်ခိုက်နေလေ၏။

ဘုန်း ဘုန်း ဘုန်း။"

ပေါက်ကွဲသံ များသည် စင်မြင့်ပေါ်မှ ဆက်တိုက် ပဲ့တင်ထပ်လာခဲ့သည်။ ထိတိုက်မိမှု တိုင်းတွင် စင်မြင့်သည် တသိမ့်သိမ့် ခါရမ်းသွားပြီး လူတိုင်း၏ နှလုံးသားများ ပြင်းထန်စွာ ခုန်ပေါက်သွားခဲ့ရသည်။

သို့တိုင်... ဝူချန်ရှန်းသည် သူ၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့်ပင် အသာစီး မရရှိနိုင်ခဲ့ပါချေ။

ဖုန်းဝူချန်၏ စွမ်းအားသည် သူနှင့် လုံးဝ တန်းတူ ဖြစ်နေခဲ့၏။ သူ၏ တိုက်ခိုက်မှုများ အားလုံးသည် အကျိုးသက်ရောက်မှု မရှိခဲ့ပါ။

ပြင်းထန်သော တိုက်ပွဲကို ကြည့်ရင်း ကျောင်းသားများနှင့် စစ်သည်တော်များမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များ တောင့်တင်းနေခဲ့သည်။

သူတို့သည် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို အခုထိတိုင် လုံးဝ မယုံကြည်နိုင်သေးသော်လည်း အမှန်တရားသည် သူတို့၏ မျက်စိ ရှေ့မှောက်တွင် ရှိနေခဲ့လေ၏။

ဖုန်းဝူချန်သည် ဝူချန်ရှန်းနှင့် တိုက်ခိုက်နေခဲ့ပြီး သူတို့ သည်အဖြစ်ကို ယုံကြည်ရုံမှတပါး အခြား နည်းလမ်း မရှိတော့ချေ။

အနီးကပ် တိုက်ပွဲသည် မိနစ် အနည်းငယ်ခန့် ကြာမြင့်သွားခဲ့သည်။ နှစ်ဖက်စလုံး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး မည်သူကမျှ အသာစီး မရရှိခဲ့ကြပါ။

သို့သော်... ဝူချန်ရှန်းသည် အနည်းငယ် အသက်ရှူ မဝတော့ဘဲ သိသိသာသာ ပင်ပန်းနွမ်းနယ်နေခဲ့လေသည်။

ဆန့်ကျင်ဘက် အနေနှင့် ဖုန်းဝူချန်မှာမူ တည်ငြိမ် အေးဆေးနေဆဲပင်။

'...ဒီကောင်လေးက မိစ္ဆာ တစ်ကောင်ပဲ...။ သူ့ရဲ့ စွမ်းအားနဲ့ အမြန်နှုန်းက ငါနဲ့ လုံးဝ တန်းတူ ဖြစ်နေတယ်...'

မိနစ် အနည်းငယ်ကြာ လက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ပြီးနောက် သူ အရေးနိမ့်သည့် အခြေအနေသို့ မရောက်ရှိခဲ့သော်လည်း သူ၏ ခြေလက်များမှ စူးရှသော နာကျင်မှုသည် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။

သို့သော် ဤသို့ ဖြစ်လေလေ ၊ ဒါက ဝူချန်ရှန်း၏ တိုက်ခိုက်လိုစိတ်ကို ပိုမို လောင်စာဖြည့်တင်းပေးလေလေ ဖြစ်၏။

အကွာအဝေး အနည်းငယ် ဖန်တီးလိုက်သည်နှင့် ဝူချန်ရှန်းသည် သူ၏ အစစ်အမှန်ယွမ်ကို ချက်ချင်း ထုတ်ဖော်လိုက်ပြီး လေထဲ၌ လက်ဟန် ဖွဲ့စည်းလိုက်သည်။ မ‌ရှေးမနှောင်းပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု တိုးထွက်လာပြီး စွမ်းအင် မုန်တိုင်း တစ်ခု ဖြစ်တည်ခဲ့၏။

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ ကောင်းကင်ယံမှ ဓားမိုးစက်များ..."

ဝူချန်ရှန်း ကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး သူ့လက်ကို လွှဲယမ်းလိုက်သည့်အခါ ဖုန်းဝူချန်၏ ကိုယ်အထက်တွင် များပြားလှသော အဖြူရောင် ဓားချီများ လျင်မြန်စွာ စုစည်းလာခဲ့သည်။ ၎င်းတို့သည် ပြင်းထန်သော စွမ်းအားများဖြင့် ပြည့်နှက်၍ နေသည်။

ကြီးမားလှသော ဓားမိုးစက်များသည် ကျောင်းသားများနှင့် စစ်သည်တော်များ၏ နှလုံးသားများကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေပြီး မျက်နှာများ ဖြူဖျော့သွားစေခဲ့၏။

"ဝှစ် ဝှစ် ဝှစ်။"

ရာကျော်သော ဓားချီ ဓားသွားများသည် မြားများကဲ့သို့ အောက်သို့ မိုးရွာသလို ဖြာကျလာခဲ့သည်။ စူးရှသော လေထု ပေါက်ကွဲသံများနှင့်အတူ တိုက်ခိုက်မှုသည် ကြမ်းကြုတ်လှသည်။

ထို ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့ရသည်မှာ ဖုန်းဝူချန် တစ်ကိုယ်လုံး ဆန်ကာပေါက်များ ဖြစ်သွားဖွယ် ရှိနေခဲ့၏။

"နတ်ဘုရား အရိပ်။"

လေးနက်သော မျက်နှာအမူအရာဖြင့် ဖုန်းဝူချန်သည် သူ၏ လှုပ်ရှားမှု သိုင်းကွက်ကို ပြတ်သားစွာ ထုတ်ဖော်လိုက်သည်။

"ဝှစ် ဝှစ် ဝှစ်။"

"ဘုန်း ဘုန်း ဘုန်း။"

ဖုန်းဝူချန်၏ ပုံရိပ်သည် တစ္ဆေ တစ်ကောင်ကဲ့သို့ ပျောက်လိုက် ပေါ်လိုက် ဖြစ်နေ၏။ ဓားမိုးစက်များ မည်မျှ အရူးအမူး တိုက်ခိုက်နေပါစေ သူ့ကို မထိမှန်နိုင်ခဲ့ပေ။ တုန်ခါနေသော ဖုန်မှုန့်များနှင့် ပေါက်ကွဲသံများ အလယ်တွင် ဖုန်းဝူချန်သည် လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့ရသည်။

သို့သော် ဓားမိုးစက်များ၏ ဗုံးကြဲ တိုက်ခိုက်မှုသည် ဆက်လက် ဖြစ်ပွားနေခဲ့၏။ ဤအခိုက်အတန့်တွင် ဖုန်းဝူချန် ထိမှန်သွားခဲ့ခြင်း ရှိ၊ မရှိကို မည်သူမျှ မသိနိုင်ခဲ့ကြပါ။ ဝူချန်ရှန်းပင်လျှင် မသိခဲ့ပေ။

"ဝှစ် ဝှစ် ဝှစ်။"

နောက်ဆုံး ဓားမိုးစက်များ ပြီးဆုံးသွားသည်နှင့် ဖုန်မှုန့်များ အလယ်တွင် အားကောင်းသော အရှိန်အဝါ အများအပြား ရုတ်တရက် လေထုထဲတွင် ပျံ့နှံ့လာခဲ့သည်။ ထို့နောက် ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။

ရွှေရောင် စွမ်းအင် ဓားများ အစုလိုက် အပြုံလိုက်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဖုန်မှုန့် တိမ်တိုက်များထဲမှ စူးရှစွာ ပစ်ထွက်လာခဲ့သည်။

"ယင် လေပြင်း အကာအကွယ်လွှာ။"

"ဘုန်း ဘုန်း ဘုန်း။"

ဝူချန်ရှန်း၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အလျင်အမြန်ပင် ခုခံရေး အကာအကွယ်လွှာ တစ်ခုကို ဖန်တီးလိုက်၏။ တစ်ခဏအတွင်းမှာပင် စွမ်းအင် တိုက်ခိုက်မှု အများအပြားသည် သစ်တော်ပန်းပွင့် ဆူးချွန်များ မိုးရွာသလို ကျရောက်လာခဲ့သည်။

"ရှီး ရှီး။"

စွမ်းအင် ဓားများ၏ ဗုံးကြဲ တိုက်ခိုက်မှုသည် အလွန် အစွမ်းထက်လှရာ ဝူချန်ရှန်း၏ ယင် လေပြင်း အကာအကွယ်လွှာသည် အက်ကြောင်းများ တစ်ခုပြီးတစ်ခု စတင် ပေါ်ပေါက်လာခဲ့သည်။

"...အစစ်အမှန်ယွမ်ကနေ ပေါင်းစပ်ထားတဲ့ ဓားအလင်းတန်းက... ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ..."

ဝူချန်ရှန်းက အံကြိတ်ကာ တောင့်ခံထားလိုက်၏။ သို့သော် သူ၏ ခြေထောက်များသည် နောက်သို့ ဒရွတ်ဆွဲ၍ ပါသွားခဲ့သည်။ ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို သူ တောင့်ခံထားရန် သိသိသာသာ ရုန်းကန်နေခဲ့ရသည်။

"တတိယအလွှာ ကောင်းကင်

အမျက်ဒေါသ လက်ဝါး။"

ဝူချန်ရှန်း အပြင်းအထန် တောင့်ခံနေရစဉ်မှာပင် ဖုန်းဝူချန်၏ ကျယ်လောင်သော ကြွေးကြော်သံ ထွက်ပေါ်လာခဲ့လေသည်။

"...မကောင်းတော့ဘူး..."

ဝူချန်ရှန်း၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။

“ဝီ..”

ပေါင်းများစွာ အရွယ်အစား ရှိသော ကြီးမားလှသည့် ရွှေရောင် လက်ဝါးပုံရိပ်ကြီး တစ်ခု မြေပြင်မှ ပစ်ထွက်လာခဲ့သည်။ လေးလံသော ဖိနှိပ်မှု စွမ်းအားကို ထုတ်လွှတ်နေပြီး စင်မြင့် ကြမ်းပြင်ကို အဆက်မပြတ် တုန်ခါစေခဲ့၏။

ဤလက်ဝါးချက်၏ စွမ်းအားသည် သူ ချင်အန်းနှင့် ယှဉ်ပြိုင်စဉ်က အသုံးပြုခဲ့သည်ထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေခဲ့သည်။

တိုက်ပွဲကို ကြည့်ရှုနေသော ချင်အန်းမှာ မျက်နှာ ဖြူဖျော့သွားခဲ့ပြီး သူ၏ တံတွေးကို ကြောက်လန့်တကြား မျိုချလိုက်မိသည်။

"နက်နဲခြင်းအဆင့် အလယ်အလတ်တန်းစား သိုင်းပညာ...။ တစ္ဆေဆန်သော နက်နဲသည့် လက်ဝါး..."

ဝူချန်ရှန်းသည် ယင် လေပြင်း အကာအကွယ်လွှာကို စွန့်လွှတ်ကာ ပြတ်သားစွာ နောက်ဆုတ်လိုက်၏။ သူ၏ အစစ်အမှန်ယွမ်သည် နောက်တစ်ကြိမ် တိုးထွက်လာပြီး ကျင်လည်စွာ လက်ဟန်များ ဖွဲ့စည်းလိုက်သည်။ သူ ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး ရက်စက်သော လက်ဝါး တစ်ချက်ဖြင့် အောက်သို့ ရိုက်ချလိုက်လေသည်။

"ဝှစ် ဝှစ် ဝှစ်။"

အရူးအမူး တိုက်ခိုက်မှုသည် ယင် လေပြင်း အကာအကွယ်လွှာကို တစ်ခဏအတွင်း ရိုက်ခွဲပစ်လိုက်၏။ စွမ်းအင် ဓားများသည် သူတို့၏ အံ့ဩဖွယ် အမြန်နှုန်းဖြင့် ဝူချန်ရှန်းထံသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။ ကြောက်မက်ဖွယ် စွမ်းအင် လက်ဝါးပုံရိပ်ကြီးသည်လည်း အနီးကပ် လိုက်ပါလာခဲ့သည်။

ကြီးမားလှသော အဖြူရောင် လက်ဝါးပုံရိပ်ကြီးသည် ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လိုက်လံလာသော စွမ်းအင် ဓား တစ်ဒါဇင်ကျော်ကို ရိုက်ခွဲပစ်လိုက်ပြီး နောက်ဆုံးတွင် ဖုန်းဝူချန်၏ လက်ဝါးပုံရိပ်နှင့် ထိတိုက်မိသွားခဲ့သည်။

“ဘုန်း ဘုန်း ဘုန်း”

ကြောက်မက်ဖွယ် လက်ဝါးပုံရိပ် နှစ်ခုသည် ထိတိုက်မိသွားပြီး ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ နားအူလှသော ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာ၏။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော

စွမ်းအင်သည် ဖျက်ဆီးအား ပြင်းသော အစွမ်းဖြင့် တိုက်ခတ်သွားပြီး ဖုန်းဝူချန်နှင့် ဝူချန်ရှန်း နှစ်ဦးစလုံးကို အပြင်ဘက်သို့ ဝရုန်းသုန်းကား ပြုတ်ကျသွားစေခဲ့သည်။

"...ဒီလောက် ကြီးမားတဲ့ စွမ်းအား...။ နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာနဲ့တောင် နှိုင်းယှဉ်နိုင်စွမ်း ရှိနေတယ်..."

ဝူချန်ရှန်း၏ စိတ်ထဲတွင် အလွန် ထိတ်လန့်သွားခဲ့ရသည်။ သူ၏ အတွင်း စွမ်းအင်များ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။

ဤ ထိပ်တိုက် ရင်ဆိုင်မှုသည် ဝူချန်ရှန်း၏ အခြေအနေ မကောင်းမှုကို ဖြေရှင်းပေးလိုက်နိုင်သော်လည်း သူ၏ နှလုံးသားထဲတွင် ဖုန်းဝူချန်အပေါ် သတိထားရမည့် ခံစားချက်ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။

ကျောက်ဝူကျိက ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

"ဖုန်းဝူချန်က လုံးဝ တုန်လှုပ်သွားပုံ မရဘူး...။ ဝူချန်ရှန်းရဲ့ အသက်ရှူသံကတော့ အားနည်းလာပြီ..."

ယွမ်တန်ဘုံ ပဉ္စမ အလွှာ ကျင့်ကြံသူ တစ်ဦး ဖြစ်သည်နှင့်အညီ သူသည် ဤအခိုက်အတန့်တွင် ဖုန်းဝူချန်အပေါ် အထူး သတိထားမိနေခဲ့၏။

"သန်မားလွန်းတယ်...။ တကယ့်ကို ကြောက်ဖို့ ကောင်းလွန်းတယ်..."

"ထျန်းယန် အကယ်ဒမီက ဒီလို မိစ္ဆာ တစ်ကောင်ကို ဘယ်ကနေ ရှာတွေ့လာပါလိမ့်..."

ကျောင်းသားများနှင့် စစ်သည်တော် အများအပြား ပို၍ပင် ဖြုံလာကြသည်။ ဖုန်းဝူချန် ပြသခဲ့သော စွမ်းအားသည် သူတို့အား ရင်တွင်း လန့်ဖျတ်သွားစေခဲ့၏။

စွမ်းအင် လှိုင်းဂယက်များ တဖြည်းဖြည်း ပြယ်လွင့်သွားပြီး ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ဝူချန်ရှန်းက သူ၏ လက်ကို အသာ ဝှေ့ယမ်းလိုက်သည်။

ခပ်မှိန်မှိန် အအေးဓာတ် ထုတ်လွှတ်နေသော ဓားရှည် တစ်လက် လေဟာနယ်မှ အလိုအလျှောက် ထွက်ပေါ်လာခဲ့၏။ ၎င်းသည် အလယ်အလတ်တန်းစား ရတနာ တစ်ခု ဖြစ်သည်။

ဓားရှည် ပေါ်ထွက်လာသည်နှင့် ဝူချန်ရှန်း၏ အရှိန်အဝါ တိုးမြင့်လာခဲ့ပြီး ကောင်းကင်ကို တုန်လှုပ်သွားစေမည့် ဓားစိတ်ဆန္ဒ တစ်ခု သူ၏ ပတ်ပတ်လည်တွင် သိပ်သည်းလာခဲ့သည်။

"မင်းရဲ့ ယွမ်တန်ဘုံ ပဉ္စမအလွှာ ကျင့်ကြံမှု အဆင့်နဲ့ဆိုတော့... မင်းက ဓားသိုင်းပညာ လမ်းကြောင်းမှာလည်း အောင်မြင်မှု ကြီးကြီးမားမား ရထားရမယ်...။ တိုက်ဆိုင်လိုက်တာ... ငါလည်း ဓားပဲ သုံးတာ..."

ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်ရင်း သူ့စကားအဆုံး၌ သူ၏ လက်ကို လေထဲသို့ ဆန့်တန်းလိုက်ပြီး မီးလျှံဓားကို လေဟာနယ်မှ ဆင့်ခေါ်လိုက်၏။

"...ထိပ်တန်းအဆင့် ရတနာ..."

ဝူချန်ရှန်း၏ မျက်မှောင်များ ကြုတ်သွားခဲ့သည်။ သူ၏ နှလုံးသားထဲတွင် ပိုမို လေးလံသော ဖိအား တစ်ခု ခံစားလိုက်ရသည်။

"တိမ်တိုက် ခြေလှမ်း။"

ဝူချန်ရှန်းက တိုးညှင်းစွာ ကြွေးကြော်လိုက်ပြီး သူ၏ ဓားရှည်ဖြင့် ပေါက်ကွဲ ထွက်လာခဲ့သည်။ ယခင်ကထက် နှစ်ဆ ပိုမို လျင်မြန်စွာ လှုပ်ရှားလိုက်၏။

ဝူချန်ရှန်းသည် ဓားသိုင်းပညာ လမ်းကြောင်းတွင် အမှန်တကယ်ပင် မြင့်မားစွာ တတ်ကျွမ်းသူ ဖြစ်ပြီး ဓားကို ဝှေ့ယမ်းခြင်းသည်သာ သူ၏ တကယ့် စွမ်းအား တည်ရှိရာ ဖြစ်သည်။

ဝူချန်ရှန်း မသိခဲ့သည့် အရာကား... ဖုန်းဝူချန်၏ အသန်မာဆုံး လှည့်ကွက်မှာ သူ၏ ဓားသိုင်းကွက် ဖြစ်နေခဲ့ခြင်းပင်။

ထိုအခိုက်အတန့်၌ နတ်ဘုရား အရိပ်ကို နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး မီးလျှံဓားကို လက်ထဲတွင် ကိုင်ဆောင်ကာ ဖုန်းဝူချန်သည် အရှိန်ပြင်းစွာ အရှေ့တက်သွားခဲ့သည်။

"ထန်…ထန်"

ပုံရိပ် နှစ်ခုသည် စင်မြင့်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားကြသည်။ ပြင်းထန်သော တိုက်ပွဲ တစ်ခု နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်၏။ ဓားအလင်းတန်းများ လင်းလက်နေပြီး မီးပွားများ ပျံလွင့်နေခဲ့သည်။ လှုပ်ရှားမှု တိုင်းကို ပြီးပြည့်စုံအောင် ထုတ်ဖော်ခဲ့ကြပြီး အားကောင်းသော ဓားချီ လှိုင်းများ ပျံ့နှံ့ထွက်ပေါ်နေခဲ့၏။

ဝူချန်ရှန်း၏ ဓားလှုပ်ရှားမှုများမှာ မယုံနိုင်လောက်အောင် ရှုပ်ထွေးလှ၏။ နှေးကွေးသယောင် ထင်ရသော်လည်း လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ ကြည့်ရှုနေသူ အားလုံးအတွက် မျက်စိ လှည့်စားမှု တစ်ခုကို ဖန်တီးပေးနေခဲ့ လေသည်။

ဖုန်းဝူချန်၏ ဓားသိုင်းများမှာ ပို၍ပင် ထူးကဲ ဆန်းကြယ်လှ၏။ ဓားသည် သူ၏ နှလုံးသားနောက်သို့ လိုက်ပါလျက် လျင်မြန်ပြီး တိကျလှသည်။

ဝူချန်ရှန်း၏ ပြင်းရှသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း ဖုန်းဝူချန်သည် အမြဲတမ်း ပိုမို အားကောင်းစွာ တန်ပြန် တိုက်ခိုက်နိုင်ခဲ့လေသည်။

ကျောင်းသားများနှင့် စစ်သည်တော်များသည် ဓားသိုင်းပညာ ပါရမီရှင် နှစ်ဦးကြားမှ ပြင်းထန်သော တိုက်ပွဲကို ကြည့်ရှုရင်း သူတို့၏ ကနဦး ထိတ်လန့်မှုသည် စိတ်လှုပ်ရှားဖွယ် တစ်ခဲနက် အားပေးသံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထူးချွန် လှပသော ဓားကွက်များသည် သူတို့၏ သွေးများကို ဆူပွက်လာစေခဲ့၏။

လျိုချင်းယန်နှင့် သွမ့်ဟုန်ရှီးတို့လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသူများထဲတွင် ပါဝင်နေပြီး သူတို့၏ မျက်နှာများ နီမြန်းနေခဲ့သည်။

ပြင်းထန်သော ရင်ဆိုင်မှု အလယ်တွင် ယခုအခါ ပုံပျက်ပန်းပျက် ဖြစ်နေသော စင်မြင့် ကြမ်းပြင်သည် များပြားလှသော စိုးရိမ်ဖွယ် ဓားဒဏ်ရာများဖြင့် ကျန်ရစ်နေခဲ့သည်။

'...ဖုန်းဝူချန်ရဲ့ ဓားသိုင်းပညာ စွမ်းရည်က ငါ့အောက် မနိမ့်ကျဘူး...။ သူက တကယ်ပဲ ကြောက်စရာကောင်းတဲ့ ပါရမီရှင် တစ်ယောက်ပဲ...။ သူ့ရဲ့ ဓားသိုင်းကွက်က ပိုလို့တောင် အစွမ်းထက်သေးတယ်...။ ဒါက မြေကမ္ဘာအဆင့် သိုင်းပညာ ဖြစ်ရမယ်...'

သူ၏ ကိုယ်ပိုင် ဓားသိုင်းပညာ စွမ်းရည်အပေါ် ထားရှိသော သူ၏ မာနသည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ဖိနှိပ်ခံလိုက်ရဆဲ ဖြစ်သည်။ ဝူချန်ရှန်းသည် နောက်တစ်ကြိမ် ရှုံးနိမ့်မှုကို မြည်းစမ်းလိုက်ရပြန်၏။

အစပိုင်းတွင် ဝူချန်ရှန်းသည် ဖုန်းဝူချန်နှင့် ယှဉ်ပြိုင်နိုင်သေးသော်လည်း အချိန် ကြာလာသည်နှင့်အမျှ သူ တဖြည်းဖြည်း နောက်ကျ ကျန်ရစ်လာခဲ့သည်။ ဖုန်းဝူချန်၏ ဓားချက်များသည် တစ်စထက်တစ်စ ပိုမို ကြမ်းကြုတ်လာခဲ့ပြီး နောက်ဆုံးတွင် ဝူချန်ရှန်းကို နောက်သို့ ဆုတ်ခွာသွားစေခဲ့တော့သည်။

ဖုန်းဝူချန်၏ အစွမ်းထက်မှုသည် ဝူချန်ရှန်း၏ စိတ်ကူးထဲမှ ပုံရိပ်ကို ကျော်လွန်သွားခဲ့ပြီး လူတိုင်း၏ မျှော်လင့်ချက်များထက် ကျော်လွန်သွားခဲ့လေသည်။

ပြင်းထန်သော တိုက်ပွဲသည် ဝူချန်ရှန်း၏ အစစ်အမှန်ယွမ် အများအပြားကို ကုန်ဆုံးသွားစေခဲ့ပြီး ဖြစ်သည်။

"တိမ်တိုက်လွင့် ဓားသိုင်းပညာ...။ တိမ်တိုက်လွင့် ဓားပျံ..."

ကြမ်းတမ်းသော အလင်းရောင် တစ်ချက် ဝူချန်ရှန်း၏ မျက်ဝန်းထဲတွင် လင်းလက်သွားပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ တစ်ဆက်တည်း၌ ကြီးမားလှသော ဓားအလင်းတန်း စွမ်းအင်တစ်ခု ပေါက်ကွဲ ထွက်လာခဲ့၏။ မျက်စိ ကျိန်းသွားစေသော အဖြူရောင် အလင်းတန်းကြီး လင်းဖြာသွားပြီး ကြောက်မက်ဖွယ် ဓားအလင်းတန်း စွမ်းအင် တစ်ခု ဓားရှည်ထံမှ ထွက်ပေါ်လာခဲ့သည်။

ဝူချန်ရှန်း၏ လက်များသည် လျင်မြန်စွာ လက်ဟန်များ ဖွဲ့စည်းလိုက်ပြီးနောက် သူ၏ လက်ဝါးကို ဓား၏ လက်ကိုင်ရိုး အောက်ခြေသို့ တွန်းကပ်လိုက်၏။

ထိုအခါ ဓားရှည်၏ မျက်နှာပြင်သည် ချက်ချင်းပင် ကြောက်မက်ဖွယ် ဓားအလင်းတန်း စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားပြီး ဧရာမ စွမ်းအင် ဓားကြီး တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်နိုင်သော အရှိန်အဟုန်ဖြင့် ဖုန်းဝူချန်ထံသို့ ပစ်ထွက်သွားခဲ့၏။

“ချွင်…”

ဓားအလင်းတန်း၏ လမ်းကြောင်းတစ်လျှောက် စင်မြင့် ကြမ်းပြင်ကို လက် တစ်ဖက်စာခန့် ကျယ်ဝန်းသော ကြီးမားသည့် အက်ကြောင်းကြီး ဖြစ်တည်သွားခဲ့သည်။

ဝူချန်ရှန်း နောက်ထပ် မလျှိုထားတော့ပါ။

သူ၏ သတ်ကွက်ကို ထုတ်ဖော်ရန် အားထုတ်မှု အားလုံးကို အသုံးပြုလိုက်လေတော့သည်။

All Chapters