← Chapters

သွေးမျိုးဆက် စွမ်းအား

Vol. 9 Ch. 134

သွေးမျိုးဆက် စွမ်းအား

Vol. 9 Ch. 134

~မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအား နှစ်ခုကို ကြည့်ရင်း ကျောင်းသားများနှင့် စစ်သည်တော်များသည် ကြောက်လန့်တကြား အသက်အောင့်ထားမိကြ၏။

သူတို့၏ မျက်လုံးများသည် လင်ဗန်းနှယ် ပြူးကျယ်နေပြီး ကြောက်ရွံ့မှုဖြင့် မမှိတ်မသုန် ငေးကြည့်နေခဲ့ကြသည်။

"ဘုန်း ဘုန်း ဘုန်း။"

"ဝေါ့။"

တစ်ခဏအတွင်းမှာပင် ကြောက်မက်ဖွယ် စွမ်းအား နှစ်ခုသည် ပြင်းထန်စွာ ထိတိုက်မိသွားပြီး ချက်ချင်း ပေါက်ကွဲသွားခဲ့လေသည်။ နားကွဲမတတ် ကျယ်လောင်လှပြီး ဖျက်ဆီးအား ပြင်းသော စွမ်းအင် လှိုင်းဂယက်များ တိုက်ခတ် ထွက်ပေါ်လာခဲ့၏။ မည်သူမျှ တားဆီးနိုင်စွမ်း မရှိသော ဖျက်ဆီးအားကြီး တစ်ခုကဲ့သို့ပင်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ရင်ဆိုင်ရင်း ဖုန်းဝူချန်သည် လတ်ဆတ်သော သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်မျောသွားခဲ့ရတော့သည်။

ပိုင်ခုံပင်လျှင် မီတာ အနည်းငယ်ခန့် နောက်သို့ ဆုတ်သွားခဲ့ရ၏။

ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းဂယက်များသည် စင်မြင့် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ပတ်ဝန်းကျင်မှ ကျောင်းသားများနှင့် စစ်သည်တော်များကို အရူးအမူး တိုက်ခတ်သွားခဲ့သည်။ လူတိုင်းကို သတိလစ်မတတ် ကြောက်လန့်သွားစေခဲ့ပါတကား။

'...ဝူချန်ရှန်းကို အနိုင်ယူနိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူး...။ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ...။ မြေကမ္ဘာအဆင့် သိုင်းပညာ တစ်ခု ဖြစ်ထိုက်တန်ပါပေတယ်...။ တကယ်လို့သာ ဖုန်းဝူချန်ရဲ့ ကျင့်ကြံမှု အဆင့်က ယွမ်တန်ဘုံ စတုတ္ထအလွှာကို ရောက်နေခဲ့ရင်... ငါတောင်မှ ဒါကို တောင့်ခံနိုင်ပါ့မလား မသိဘူး...'

ပိုင်ခုံက မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။

သူ၏ ကျင့်ကြံမှု အဆင့် ပိုမို အားကောင်းနေသောကြောင့်သာ မဟုတ်ပါက ထို တိုက်ရိုက် ထိတိုက်မှုကြောင့် သူလည်း ဒဏ်ရာ ရရှိသွားပေလိမ့်မည်။

မြေကမ္ဘာအဆင့် သိုင်းပညာ တစ်ခု၏ အစွမ်းထက်မှုသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပြီး မည်သည့် နက်နဲခြင်းအဆင့် သိုင်းပညာထက်မဆို များစွာ သာလွန်လှပေသည်။

သူတို့၏ ဘုံအဆင့်များကြားမှ ကြီးမားသော ကွာဟချက်ကြောင့်သာ ပိုင်ခုံ ဒဏ်ရာ မရရှိခဲ့ခြင်း ဖြစ်၏။

"အစစ်အမှန်ယွမ် ကာကွယ်ခြင်း။"

မီတာ အနည်းငယ်ခန့် နောက်သို့ ဆုတ်သွားခဲ့ပြီးနောက် ပိုင်ခုံက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပျံ့နှံ့လာသော လှိုင်းဂယက် စွမ်းအားကို ခုခံရန် စွမ်းအင် အကာအကွယ်လွှာ တစ်ခုကို ဖန်တီးလိုက်လေသည်။

ဤ ထိပ်တိုက် ရင်ဆိုင်မှုတွင် ပိုင်ခုံက အသာစီး ရရှိခဲ့ပြီး လုံးဝ ထိခိုက်မှု မရှိဘဲ ထွက်ပေါ်လာခဲ့သည်။

အခြား တစ်ဖက်တွင်တော့ ဖုန်းဝူချန်၏ ဒဏ်ရာများသည် သိသိသာသာ ပိုမို ဆိုးရွားသွားခဲ့ပြီး သူ၏ မျက်နှာအရောင်မှာ ဖြူဖျော့သော အသွေးအရောင်သို့ ပြောင်းလဲသွားခဲ့ချေသည်။

"ဟူး..."

ဖုန်းဝူချန် အသက်ကို ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး တိတ်တဆိတ် တွေးလိုက်မိသည်။

'...ပိုင်ခုံရဲ့ အစစ်အမှန်ယွမ်က မယုံနိုင်လောက်အောင် ကြံ့ခိုင်တာပဲ...။ ဟွမ်ဖူကျန့်ထျန်းထက် လုံးဝ မနည်းဘူး...။ သူက နည်းနည်းလေးတောင် ပို အားကောင်းနေနိုင်သေးတယ်...'

သူသည် အစောပိုင်းက ဟွမ်ဖူကျန့်ထျန်းကို သတ်ဖြတ်ခဲ့စဉ်က ဟွမ်ဖူကျန့်ထျန်း ဒဏ်ရာရနေခဲ့သောကြောင့်သာ ဖြစ်လေသည်။ သို့မဟုတ်ပါက သူ့တွင် အမှန်တကယ်ပင် ထိုသို့သော စွမ်းရည် ရှိခဲ့မည် မဟုတ်ပါ။

လျိုချင်းယန်က လက်လျှော့ အရှုံးပေးလိုက်သည့် ခါးသီးသော အပြုံးဖြင့် ဆိုလိုက်သည်။

"ဆုံးဖြတ်ချက် ကျသွားပြီ...။ ပိုင်ခုံက သိပ် အားကောင်းလွန်းတယ်...။ အစ်ကိုဖုန်းရဲ့ အသန်မာဆုံး ဓားသိုင်းကွက်တောင်မှ သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘူး..."

"ဒါက ဘယ်သူမှ မပြောင်းလဲနိုင်တဲ့ အရှိတရားပဲလေ...။ ဒါပေမဲ့ အနည်းဆုံးတော့ ထျန်းယန် အကယ်ဒမီက ထိပ်ဆုံး သုံးယောက်ထဲမှာ နှစ်ယောက် ပါနေသေးတာပဲ..."

ဟု မူရှန်ကလည်း မှတ်ချက်ပြုခဲ့လေ၏။

ယဲ့ချန်းချုံး၊ ရှင်းထျန်းဖုန်းနှင့် အခြားသူများ၏ မျက်နှာထားများမှာ အလွန် လေးနက်နေခဲ့ကြသည်။ ဖုန်းဝူချန် ပိုင်ခုံ၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားမည်ကို သူတို့ စိုးရိမ်နေကြပုံ ပေါ်၏။

ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို ထုတ်ဖော်လိုက်ပြီးသည့်တိုင် ဖုန်းဝူချန်သည် ရှုံးနိမ့်ရန် ကံကြမ္မာ ပါလာခဲ့ဖွယ် ရှိနေခဲ့သည်။

လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောလိုက်၏။

"ဖုန်းအစ်ကိုကြီးသာ ရှုံးနိမ့်သွားခဲ့ရင်တောင်... ဒါက မတရားဘူးလို့ ပြောလို့ မရပါဘူး...။ ဘာပဲဖြစ်ဖြစ် ပိုင်ခုံက ယွမ်တန်ဘုံ ပဉ္စမအလွှာမှာ ရှိနေတာကိုး...။ တကယ်လို့သာ ဖုန်းအစ်ကိုကြီးကလည်း ပဉ္စမအလွှာမှာ ရှိနေခဲ့ရင်... ပိုင်ခုံမှာ လှုပ်ရှားဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး..."

လင်ရှောင်ရှောင်၏ စကားများမှာ မှန်ကန်လှပေသည်။ ဖုန်းဝူချန်၏ တိုက်ခိုက်ရေး စွမ်းအားသည် သူ၏ ကိုယ်ပိုင် ကျင့်ကြံမှု အဆင့်ထက် များစွာ သာလွန်နေခဲ့သည် မဟုတ်ပါလား။

အချိန် ကြာလာသည်နှင့်အမျှ စင်မြင့်ပေါ်မှ အားလှိုင်း အကြွင်းအကျန်များနှင့် ဖုန်မှုန့်များသည် တဖြည်းဖြည်း ပြယ်လွင့်သွားခဲ့ပြီး စင်မြင့်ကြီးမှာ လုံးဝ ပျက်စီးယိုယွင်းနေခဲ့လေပြီ။

သိသိသာသာ ဒဏ်ရာရရှိနေသော ဖုန်းဝူချန်သည် လူတိုင်း၏ မြင်ကွင်းထဲသို့ နောက်တစ်ကြိမ် ပေါ်ထွက်လာခဲ့၏။ မီးလျှံဓားကို ကိုင်ဆောင်ထားသော လက်သည် သွေးများဖြင့် စိုရွှဲနေပြီး အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံ ပေါ်သည်။

ပိုင်ခုံက ဖုန်းဝူချန်ကို လှမ်းကြည့်လိုက်ပြီး ခပ်ရေးရေး ပြုံးလျက် ဆိုလိုက်သည်။

"ဖုန်းဝူချန်... မင်းမှာ အခွင့်အရေး မရှိတော့ဘူး..."

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခပ်မှိန်မှိန် ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီးနောက် မီးလျှံဓားကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်လေသည်။

ဤသည်ကို မြင်သောအခါ ပိုင်ခုံက မျက်ခုံးတစ်ဖက် ပင့်တက်သွားပြီး ပြုံးလျက် ဆိုလိုက်၏။

"အချိန်အခါသင့်ရင် လက်မြှောက် အရှုံးပေးတတ်တာက ပညာရှိရဲ့ အမှတ်အသားပဲလေ...။ အရှုံးကို ဝန်ခံရတာ ရှက်စရာ မရှိပါဘူး..."

"...ဖုန်းဝူချန် အရှုံးပေးလိုက်တာလား..."

"...ပိုင်ခုံရဲ့ စွမ်းအားက ဒီလောက် ကြောက်ဖို့ကောင်းနေတာကို... ဓားကိုလည်း သိမ်းလိုက်ပြီဆိုတော့... အရှုံးပေးတာကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူးလေ..."

"...ခုနက မြေကမ္ဘာအဆင့် သိုင်းပညာက ပိုင်ခုံကို နောက်ဆုတ်သွားစေနိုင်ခဲ့တာကိုက အထင်ကြီးစရာ ကောင်းနေပါပြီ...။ အရှုံးကို ဝန်ခံရတာ ရှက်စရာ မရှိတာ မှန်ပါတယ်...။ ဖုန်းဝူချန်ရဲ့ စွမ်းအားက ကြောက်စရာကောင်းတယ်...။ ပိုင်ခုံကလွဲရင် တခြား ဘယ်သူမှ သူ့ရဲ့ ပြိုင်ဘက် မဟုတ်တာပဲဟာ..."

ကျောင်းသားများသည် ဖုန်းဝူချန် သူ၏ ဓားကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ အံ့ဩခြင်း မရှိခဲ့ကြပါ။ မည်သို့ပင်ဖြစ်စေ အရှုံးပေးခြင်းသည် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပုံ ပေါ်၏။ သို့မဟုတ်ပါက သူ ပို၍ပင် ပြင်းထန်သော ဒဏ်ရာများကို ခံစားရပေလိမ့်မည်။

ဤ ပါရမီရှင် ကျောင်းသားများသည် အမှန်တကယ်တွင် ဖုန်းဝူချန်ကို မထီမဲ့မြင် မပြုကြတော့ပါ။ သူတို့တွင် ထိုသို့ ပြုလုပ်ရန် အခွင့်အရေး မရှိတော့ပါချေ။

သို့သော်... ဖုန်းဝူချန် နောက်ဆက်တွဲ ပြောလိုက်သော စကားသည် တက်ရောက်လာသူ အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီး သူတို့၏ မျက်နှာများ မှင်တက်ကာ လှုပ်ရှားမှု ကင်းမဲ့သွားခဲ့ကြသည်။

သူ၏ အကြည့်များသည် ပိုင်ခုံအပေါ် စူးစိုက်နေကာ ဖုန်းဝူချန်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဘယ်သူက ငါ အရှုံးပေးတယ်လို့ ပြောလို့လဲ..."

ပိုင်ခုံ၏ ခပ်ရေးရေး အပြုံးသည် ထိုစကားကို ကြားသောအခါ တောင့်ခဲသွားခဲ့ပြီး ဖုန်းဝူချန်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

‘ဟမ်…အရှုံးမပေးဘူး…’

ပိုင်ခုံ နားမလည်နိုင် ဖြစ်သွားခဲ့သည်။

ယခု ဒဏ်ရာရနေသော ဖုန်းဝူချန်သည် သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်ရုံသာမက ဖုန်းဝူချန်၏ အကောင်းဆုံး အခြေအနေတွင်ပင် သူ၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပါ။

တိုက်ပွဲကို ဆက်လက် တိုက်ခိုက်နေခြင်းက ဘာကိုမျှ ပြောင်းလဲသွားစေမည် မဟုတ်ပါချေ။

သူ ယှဉ်နိုင်စွမ်း မရှိမှန်း သိနေပါလျက် ဖုန်းဝူချန် အဘယ့်ကြောင့် ဆက်လက် တိုက်ခိုက်လိုနေသေးသနည်း။

"ဖုန်းဝူချန်က အရှုံးမပေးဘူး ငြင်းနေတာလား...။ သူ ဓားကိုလည်း သိမ်းလိုက်ပြီ... အခုထိ အရှုံးမပေးသေးဘူး ဆိုတော့... သူ့မှာ ဝှက်ဖဲ တစ်ခုခု ကျန်နေသေးလို့လား..."

"မဖြစ်နိုင်ဘူး...။ မြေကမ္ဘာအဆင့် ဓားသိုင်းကွက်က သူ့ရဲ့ အသန်မာဆုံး လှည့်ကွက် ဖြစ်လောက်ပြီ...။ သူ့မှာ ဒါထက် ပို အားကောင်းတာ တစ်ခုခု ရှိနေသေးရင်... သူ အခုအချိန်ထိ ထုတ်သုံးခဲ့လောက်ပြီ..."

"သူ့မှာ ရှိခဲ့ရင်တောင်မှ...အခု ဒဏ်ရာရနေပြီ...။ ပိုင်ခုံကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး..."

ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ကျောင်းသားများနှင့် စစ်သည်တော်များ အားလုံး တအံ့တဩ မှင်သက်သွားခဲ့ကြသည်။

ဖုန်းဝူချန်၏ ယုံကြည်မှု မည်သည့်နေရာမှ လာနေသည်ကို သူတို့ အလွန် သိချင်နေခဲ့ကြ၏။

အချိန်အတော်ကြာ အံ့အားသင့်နေပြီးနောက် ပိုင်ခုံက ရယ်မောလိုက်ပြီး ပြောခဲ့သည်။

"မင်းမှာ ဘယ်လို လှည့်ကွက်ပဲ ရှိရှိ... ထုတ်သုံးလိုက်လေ...။ မင်းကို ဒီလောက် ယုံကြည်ချက် ရှိနေစေတာဘယ်လို ဝှက်ဖဲမျိုးလဲ ဆိုတာ ငါ အရမ်း သိချင်နေပြီ၊ ဟားဟား..."

'...ငါ နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို နိုးထစေပြီးပြီ ဆိုမှတော့... ဒါက ငါ့ကို ယွမ်တန်ဘုံကို တက်လှမ်းဖို့ ကူညီပေးရုံသက်သက်တော့ မဟုတ်လောက်ဘူး...'

ဖုန်းဝူချန်က သူ့ဘာသာသူ တိတ်တဆိတ် တွေးလိုက်မိသည်။ သူ၏ ညာဘက် လက်ပေါ်မှ သွေးများကို လှမ်းကြည့်လိုက်ပြီးနောက် ဆက်လက် တွေးတောလိုက်၏။

'...နဂါးမျိုးနွယ်ရဲ့ သွေးက ထူးခြားဆန်းကြယ်ရမယ်...။ မိစ္ဆာ နဂါးနတ်ဘုရားမှာလည်း နဂါးမျိုးနွယ် သွေး ရှိခဲ့တယ် ဆိုရင်တော့...။ ဒါက တကယ်ပဲ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ငါ မြင်ချင်သေးတယ်...'

ဖုန်းဝူချန် သူ၏ လက်ပေါ်မှ သွေးကို လှမ်းကြည့်လိုက်သည်ကို သတိပြုမိသောအခါ လင်ရှောင်ရှောင်က တိတ်တဆိတ် တွေးလိုက်မိသည်။

'...ဖုန်းအစ်ကိုကြီးက သူ့ရဲ့ သွေးမျိုးဆက်ကို အခုမှ နိုးထစေခဲ့တာ...။ သူ တကယ်ပဲ သူ့ရဲ့ သွေးမျိုးဆက် စွမ်းအားကို ခံစားမိနိုင်ပါ့မလား...'

သွေးမျိုးဆက် စွမ်းအားများနှင့် ပတ်သက်၍ လင်ရှောင်ရှောင်သည် အလွန် ရှင်းလင်းစွာ သိရှိနေခဲ့၏။ နိုးထလာရုံမျှဖြင့် မိမိ၏ သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်ပါချေ။ လင်ရှောင်ရှောင်ပင်လျှင် သူမ၏ သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်နိုင်ရန်အတွက် ခြောက်လ အချိန်ယူခဲ့ရသည်။

စင်မြင့်ပေါ်တွင် လူတိုင်း၏ နားမလည်နိုင်သော အကြည့်များ အလယ်တွင် ဖုန်းဝူချန်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်လေသည်။

မိစ္ဆာ နဂါးနတ်ဘုရား၏ မှတ်ဉာဏ်များ ရှိနေသဖြင့် ဖုန်းဝူချန် သွေးမျိုးဆက် စွမ်းအားကို မခံစားမိနိုင်သည့်တိုင် ၎င်းကို မည်သို့ ထုတ်ဖော်ရမည်ကို သူ သိရှိနေခဲ့၏။

ဖုန်းဝူချန် မျက်လုံးများ မှိတ်လိုက်သည်ကို ကြည့်ရင်း လူတိုင်း တိတ်ဆိတ်သွားခဲ့ကြသည်။ သူတို့၏ အကြည့်များသည် သူ့အပေါ် ကျရောက်နေခဲ့ပြီး ဖုန်းဝူချန် ဘာလုပ်တော့မည်ကို အားလုံးက သိချင်နေခဲ့ကြသည်။

သူ၏ စိတ်ထဲတွင် နတ်ဆိုးနဂါး အသုံးပြုခဲ့သော သွေးမျိုးဆက် စွမ်းအားကို ထုတ်ဖော်သည့် နည်းလမ်းကို ပြန်လည် အမှတ်ရလိုက်ပြီး ဖုန်းဝူချန်သည်လည်း ၎င်းကို ထုတ်ဖော်ရန် ကြိုးစားလိုက်လေသည်။

"ဝူး... ဝူး..."

ခဏအကြာတွင် အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု ဖုန်းဝူချန်၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲ ထွက်လာခဲ့သည်။

သူ၏ တစ်ကိုယ်လုံးသည် ခပ်မှိန်မှိန် ရွှေရောင် အလင်းတန်းများဖြင့် လင်းလက်လာခဲ့ပြီး စစ်နတ်ဘုရား တစ်ပါးကဲ့သို့ပင်။ ထိုကြောက်မက်ဖွယ် စွမ်းအားက စင်မြင့်နှင့် မြေပြင်ကို သိမ့်ခနဲ ဖြစ်သွားစေခဲ့၏။

ရှောင်ရှောင်၏ လှပသော မျက်နှာလေး အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူမ၏ နှလုံးသားထဲတွင် အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

"...သွေးမျိုးဆက် စွမ်းအား...။ ဖုန်းအစ်ကိုကြီးက တကယ်ပဲ ဒါကို ထုတ်ဖော်နိုင်ခဲ့တယ်..."

ဤ ဟန့်တားနိုင်စွမ်း ပြည့်ဝသော စွမ်းအားကို ခံစားမိလိုက်ရ၏။

ရှောင်ရှောင် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။ သူမကိုယ်တိုင် ၎င်းကို အောင်မြင်စွာ ထုတ်ဖော်နိုင်ရန် ခြောက်လ အချိန်ယူခဲ့ရသော်လည်း ဖုန်းဝူချန်မှာမူ သူ ကြိုးစားလိုက်သည်နှင့် ချက်ချင်း အောင်မြင်သွားခဲ့သည်။

ပိုင်ခုံ မျက်မှောင်ကြုတ်လိုက်မိသည်။ ဖုန်းဝူချန်၏ စွမ်းအားသည် သူ့အား စိတ်မသက်မသာ ဖြစ်စေသော ခံစားချက် တစ်မျိုး ပေးနေခဲ့၏။

"အရှိန်အဝါက လုံးဝ ကွဲပြားသွားပြီ...။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."

ဟု ကျောင်းအုပ်ကြီး ရှင်းထျန်းက ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။

"အားကောင်းလိုက်တဲ့ စွမ်းအား...။ ဖုန်းဝူချန်မှာ ပိုပြီး ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ဖုံးကွယ်ထားသေးတာလား..."

အကြီးအကဲ တစ်ဦးကလည်း မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ အလွန် လေးနက်နေခဲ့၏။

"အစစ်အမှန်ယွမ်ရဲ့ စွမ်းအားနဲ့ လုံးဝ ကွဲပြားနေတာပဲ..."

ဗိုလ်ချုပ်ကြီး ယဲ့ချန်းချုံးသည် ဖုန်းဝူချန်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

သူ့ထံမှ ပေါက်ကွဲ ထွက်လာသော စွမ်းအားသည် တစ်စထက်တစ်စ ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။ တက်ရောက်လာသူ အားလုံး၏

ခံစားချက်သည် တုန်လှုပ်မှုမှ လုံးဝ ကြောက်ရွံ့မှုသို့ တဖြည်းဖြည်း ပြောင်းလဲ

သွားခဲ့ကြသည်။

"ဖုန်းဝူချန်ရဲ့ စွမ်းအားက ပိုပြီး လန့်လာရ ပြီ...။ ဒါက ဘယ်လို စွမ်းအားမျိုးလဲ ဆိုတာတောင် ငါ မသိတော့ဘူး..."

"ဒီ ဆန်းကြယ်တဲ့ စွမ်းအားက သူ့ရဲ့ မူလ စွမ်းအားကို ကျော်လွန်သွားခဲ့ပြီ...။ ပြီးတော့ သူ့ရဲ့ အရှိန်အဝါက ပိုင်ခုံကိုတောင် အမီလိုက်နိုင်နေပြီ..."

"သိပ် ကြောက်ဖို့ကောင်းတာပဲ...။ ဒါက ယွမ်တန်ဘုံ တတိယအလွှာ အဆင့် ဟုတ်နေသေးရဲ့လား..."

ဖုန်းဝူချန်၏ စွမ်းအား ဆက်လက် မြင့်တက်လာသည်နှင့်အမျှ ကျောင်းသားများသည် ပို၍ပင် ကြောက်ရွံ့လာကြသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းမှုသည် သူတို့၏ နှလုံးသားများထဲတွင် အမြစ်တွယ်သွားခဲ့ပြီး ကျောင်းသားများနှင့် စစ်သူကြီးများ၏ ဝိညာဉ် ခန္ဓာများ တုန်လှုပ်လာခဲ့ကြသည်။

ပိုင်ခုံသည် ဖုန်းဝူချန်ကို လူ့ဘီလူး တစ်ကောင်အဖြစ် သတ်မှတ်လိုက်ပြီး လုံးဝ ကြောက်မက်ဖွယ်ရာဖြင့် ကြည့်လိုက်မိသည်။

"...ဒါက တကယ်ပဲ ဘယ်လို စွမ်းအားမျိုးလဲ...။ ယွမ်တန်ဘုံ တတိယအလွှာက ဒီလောက် ကြီးမားတဲ့ စွမ်းအားကို ဘယ်လိုလုပ် ဖုံးကွယ်ထားနိုင်ရတာလဲ..."

"အူး။"

စွမ်းအားများ အရူးအမူး တိုးဝင်လာသည်နှင့် ဖုန်းဝူချန်သည် နောက်ဆုံးတွင် ဟိန်းဟောက်သံ တစ်ချက် ပြုလုပ်လိုက်ပြီး သူ၏ စွမ်းအား အားလုံးကို ကောင်းကင်ဘုံကို တုန်လှုပ်သွားစေမည့် ပေါက်ကွဲမှု တစ်ခုဖြင့် ထုတ်လွှတ်လိုက်လေသည်။ ထိုဟိန်းဟောက်သံတွင် နဂါး ဟိန်းဟောက်သံ အရိပ်အယောင် တစ်ချက် ပါဝင်နေခဲ့ပြီး ဟန့်တားနိုင်စွမ်းဖြင့် ပြည့်နှက်နေကာ လူတိုင်းကို သတိလစ်မတတ် ကြောက်လန့်သွားစေခဲ့သည်။

တက်ရောက်လာသူများသည် ၎င်းကို ကြမ်းကြုတ်သော သားရဲ တစ်ကောင်ဟု ထင်မှတ်လိုက်ကြသည်။ သို့သော် ထို ဟန့်တားနိုင်သော ဟိန်းဟောက်သံသည် သားရဲ တစ်ကောင်ထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလှ၏။

ဖုန်းဝူချန် ကိုယ်တိုင်ပင်လျှင် သွေးမျိုးဆက် စွမ်းအား၏ အစွမ်းထက်မှုကြောင့် အံ့အားသင့်သွားခဲ့ရသည်။ ကြံ့ခိုင်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိလှကာ သူ၏ တစ်ကိုယ်လုံး စွမ်းအားများဖြင့် ပြည့်နှက်နေသလို ခံစားလိုက်ရ၏။

ဖုန်းဝူချန် စိတ်လှုပ်ရှားသွားခဲ့သည်။

"...ခန္ဓာကိုယ် စွမ်းအားကလည်း ပို အားကောင်းလာခဲ့တယ်...။ နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက် စွမ်းအားက တကယ်ပဲ ကြောက်ဖို့ကောင်းတာပဲ..."

အကယ်၍သာ ထျန်းယန် အကယ်ဒမီ၏ ပါရမီရှင် အဆင့် သတ်မှတ်ပွဲ ပြိုင်ပွဲတွင် ပါဝင်ရန် ရောက်မလာခဲ့ဘဲ ပိုင်ခုံကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက်နှင့် မကြုံတွေ့ခဲ့ရပါလျှင် ဖုန်းဝူချန်သည် မည်သည့် သွေးမျိုးဆက် စွမ်းအားကိုမဆို ထုတ်ဖော်ရန် တစ်ခါမျှ စဉ်းစားခဲ့ဖူးမည် မဟုတ်ပေ။

တောက်ပသော ရွှေရောင် အလင်းတန်းများ မှေးမှိန်သွားခဲ့ပြီး ကြောက်မက်ဖွယ် စွမ်းအင် တိုးဝင်မှုများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ခန့်ညားသော အရှိန်အဝါမှာမူ ကျန်ရှိနေခဲ့၏။

ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားဖြင့် ဖုန်းဝူချန် အရှုံးပေးလိမ့်မည်လော။

ဤအခိုက်အတန့်တွင် ဖုန်းဝူချန်၏ အရှိန်အဝါသည် ပိုင်ခုံနှင့် လုံးဝနီးပါး တန်းတူ ဖြစ်သော အမြင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်သည်။

ပိုင်ခုံက အချိန်အတော်ကြာ အံ့အားသင့်နေပြီးနောက် သိချင်စိတ် ပြည့်နှက်စွာ မေးလိုက်သည်။

"ဖုန်းဝူချန်... ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။ သူ၏ အမူအရာသည် အနည်းငယ် မောက်မာသလို ဖြစ်သွားခဲ့၏။

"လျှို့ဝှက်ချက်ပဲ..."

ပိုင်ခုံ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ခန္ဓာကိုယ် အတွင်းမှ အစစ်အမှန်ယွမ်များကို အစွမ်းကုန် ထုတ်ဖော်လိုက်ပြီး လေးနက်စွာ ဆိုလိုက်၏။

"ဒါဆိုရင် မင်းရဲ့ ဒီစွမ်းအားက ဘယ်လောက် အားကောင်းလဲ ဆိုတာ ငါ စမ်းကြည့်ခွင့်ပေး..."

ဖုန်းဝူချန်က ယုံကြည်မှု ရှိစွာ ပြုံးလိုက်သည်။

"ဒါက မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး..."

"ဘုန်း။"

စကားသံ ဆုံးသည့် အခိုက်တွင် ဖုန်းဝူချန်က ဦးဆောင် တိုက်ခိုက်လိုက်သည်။ သူ၏ ခြေထောက်က မြေပြင်ကို မိုးခြိမ်းသံကဲ့သို့ ဆောင့်နင်းလိုက်ပြီး သူ၏ ပုံရိပ်သည် လျှပ်စီးကဲ့သို့ ပစ်ထွက်သွားခဲ့သည်။ မည်သူမျှ တားဆီးနိုင်စွမ်း မရှိခဲ့ပါချေ။

မျက်စိ တစ်မှိတ်အတွင်းမှာပင် အားကြီးသော ချီစွမ်းအင်ကို သယ်ဆောင်လာသော ဖုန်းဝူချန်သည် ပိုင်ခုံ၏ ရှေ့မှောက်သို့ ပြေးဝင်သွားခဲ့သည်။ တစ်ခဏအတွင်း ရောက်ရှိလာသကဲ့သို့ပင်။

"...ဒါက ဘယ်လို အမြန်နှုန်းမျိုးလဲ..."

ပိုင်ခုံ၏ မျက်နှာရောင် အရိုင်းဆန်စွာ ပြောင်းလဲသွားခဲ့သည်။ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုဖြင့် ဖုန်းဝူချန်၏ အမြန်နှုန်းသည် ယခင်ကထက် အဆပေါင်းများစွာ တိုးမြင့်လာခဲ့သည်။

ထို ထိတ်လန့်တုန်လှုပ်မှု၏ တစ်ခဏအတွင်းမှာပင် ပိုင်ခုံက ကြောက်လန့်တကြား လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး အကွာအဝေးကို လျင်မြန်စွာ ဝေးစေလိုက်သည်။

"ဒုတ်"

သို့သော် ထို အလျင်အမြန် နောက်ဆုတ်လိုက်သည့် အခိုက်တွင် ရုတ်တရက် သဲ့သဲ့ ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာခဲ့သည်။ သူ၏ နောက်ကျောဘက်မှ တစ်စုံတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ပင်။

'...စင်မြင့်က ကြီးမားတယ်...။ စူးလဲ့ယန်နဲ့ သွမ့်ဟုန်ရှီးက အစွန်းမှာ သူတို့ရဲ့ ဒဏ်ရာတွေကို ကုသနေကြတာ...။ တခြား ဘယ်သူမှ ရှိနေဖို့ မဖြစ်နိုင်ဘူး...။ ဖုန်းဝူချန် တစ်ယောက်တည်းပဲ ရှိတယ်...'

ပိုင်ခုံ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့၏။ သူ လှည့်ကြည့်လိုက်သောအခါ ဖုန်းဝူချန် ပျောက်ကွယ်သွားသည်ကိုသာ တွေ့ရှိလိုက်ရသည်။ သူ၏ နောက်ကျောဘက်မှ လူသည် ဖုန်းဝူချန် ဖြစ်မည်မှာ သံသယ ရှိစရာ မလိုတော့ပါချေ။

ဤသည်မှာ မည်သို့သော ကြောက်မက်ဖွယ် အမြန်နှုန်းမျိုး ဖြစ်ပါသနည်း။ ပိုင်ခုံ၏ ကျင့်ကြံမှု အဆင့်နှင့်ပင် သူ လုံးဝ သတိမပြုမိလိုက်ပါချေ။

ကြည့်ရှုနေသူ အားလုံး၊ ဗိုလ်ချုပ်များနှင့် အကယ်ဒမီ၏ အဆင့်မြင့် အရာရှိများ အပါအဝင် အားလုံး တိတ်ဆိတ် မှင်တက်သွားကြပြီး လုံးဝ ကျောက်ရုပ်များအဖြစ် အေးခဲတောင့်တင်း သွားခဲ့ကြသည်။

သူ၏ ထိတ်လန့်တုန်လှုပ်မှု အလယ်တွင် ပိုင်ခုံက လှည့်လိုက်ပြီး လွှဲယမ်း ခြေကန်ချက် တစ်ခု ပြုလုပ်လိုက်၏။

"ဘန်း။"

ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးလိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို မြှောက်တင်ကာ ပိတ်ဆို့လိုက်သည်။ သဲ့သဲ့ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ပိုင်ခုံ၏ မျက်နှာ ချက်ချင်း ဝှစ်ံ့မဲ့သွားခဲ့၏။ ထိုခြေကန်ချက်သည် သံမဏိ ပြား တစ်ချပ်ကို ကန်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခြေထောက်မှ ပြင်းထန်သော နာကျင်မှု လှိုင်းလုံး တစ်ခု တိုးဝင်လာခဲ့သည်။

"...ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ..."

ပိုင်ခုံ မယုံနိုင်လောက်အောင် အံ့အားသင့်သွားခဲ့သည်။ သူ၏ ခြေကန်ချက် ထိမှန်သွားသည်က သူ့ကို နောက်ဆုတ်သွားစေခဲ့ပြီး သူ ဖုန်းဝူချန်ကို ထိတ်ထိတ်ပျာပျာ ကြည့်လိုက်မိသည်။

တိုက်ခိုက်သူမှာ ပိုင်ခုံ ဖြစ်ပြီး ဖုန်းဝူချန် မဟုတ်ခဲ့ပါ။ သို့သော် တိုက်ခိုက်မှု အဆုံးသတ်တွင် ပိုင်ခုံသာ နာကျင်သွားခဲ့ရသည်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ် စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အားကောင်းလာခဲ့ပါသနည်း။

"ဘုန်း။"

ပိုင်ခုံ နောက်ဆုတ်သွားသည်နှင့် ဖုန်းဝူချန်က ကြမ်းတမ်းစွာ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှပြီး မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိလာခဲ့၏။ သူ၏ လက်သီးသည် ရက်စက် ကြမ်းကြုတ်စွာ ထိုးနှက်ချလိုက်သည်။

ပိုင်ခုံ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့၏။ သူ သူ၏ အစစ်အမှန်ယွမ်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး သူ၏ လက်များကို ပူးကပ်ကာ အော်ဟစ်လိုက်သည်။

"အစစ်အမှန်ယွမ် ကိုယ်ခန္ဓာ ကာကွယ်ခြင်း…”

All Chapters