← Chapters

ကျန်းစွန်းဝူကျိ

Vol. 1 Ch. 101

ကျန်းစွန်းဝူကျိ

Vol. 1 Ch. 101

ဝိညာဉ်သားရဲတောင် သင်တန်းကျောင်း၏ အရှေ့ဘက် အဆောင်ဝန်းရှိ ခမ်းနားသော အဆောင်တစ်ခု အတွင်းတွင် ခန်းမကျယ် တစ်ခုရှိသည်။ အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသော သခင်လေး နှစ်ယောက်သည် စားပွဲတစ်ခုတွင် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့ ဘေးတစ်ဖက်စီတွင် လှပသော အစေခံ မိန်းကလေး နှစ်ယောက်သည် ဆွတ်ဆွတ်ဖြူနေသော ကော်ဇောပေါ်တွင် ဒူးထောက်၍ လက်ဖက်ရည် ငှဲ့ပေးနေကြသည်။

ဘယ်ဘက်တွင် ထိုင်နေသော သခင်လေးသည် သာမန် ထူးခြားသည်။ သူသည် အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ သား ကျန်းရိလျှို ဖြစ်သည်။ သူ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျန်းရိလျှို နည်းတူ အရှိန်အဝါ တစ်မျိုး ခိုအောင်း နေခဲ့သည်။ သူ၏ နှာခေါင်းသည် သိမ်းငှက် နှုတ်သီးနှယ် ချွန်မြနေပြီး မျက်လုံး များကလည်း စူးရှနေသည်။

ကျန်းရိလျှိုသည် သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကာ တစ်ငုံ သောက်လိုက်ပြီး အသာအယာ ပြောလိုက်သည်။

"ဝူကျိ .... အဲဒီမိန်းကလေး ယွင်ဖေးက ပြန်ရောက်နေတာကို မင်းက ဘာလို့ ငါနဲ့လက်ဖက်ရည် လာသောက်ပြီး အချိန်ဖြုန်းနေတာလဲ  ....  "

အနက်ရောင် ဝတ်စုံဝတ် သခင်လေးသည် ခါးသက်စွာ ရယ်မောလိုက်ပြီး ခေါင်းရမ်း လိုက်သည်။

"မင်းသမီးယွင်ဖေးက ဆူးတွေ ဝန်းရံနေတဲ့ နှင်းဆီ တစ်ပွင့်ပဲ .... ငါက ရှန်မိနိုင်ငံတော် မင်းသမီးလေးရဲ့ ကြင်ယာတော် ဖြစ်လာဖို့ အခွင့်အရေးမရှိမှာ စိုးရတယ် ....   ....  "

ကျန်းရိလျှိုသည်လည်း သက်ပြင်းချကာ အလားတူ ခါးသီးမှုတို့ဖြင့် ပြောလိုက်သည်။

"ငါတို့ထဲက တစ်ယောက်က ရှန်ဝူနိုင်ငံတော်ရဲ့ ဘုရင်တူတော်၊ ကျန်းစွန်းဂိုဏ်းရဲ့ ဆက်ခံသူလည်း ဖြစ်တယ် .... နောက်တစ်ယောက်က တော်ဝင်မိသားစုရဲ့ မျိုးရိုးနာမည်မရှိတဲ့ ရှန်ဝူ နိုင်ငံတော်ရဲ့ တစ်ပါးတည်းသော မင်းသား .... ငါတို့နှစ်ယောက်လုံး ငါတို့လိုချင်တဲ့ မိန်းမတွေကိုတောင် မရနိုင်ဘူး .... ဒီကောလာဟလသာ ပျံ့သွားရင် တစ်လောကလုံးက လှောင်ရယ်ကြလိမ့်မယ်"

"တကယ်ကို အခွင့်အရေး လုံးဝ မရှိတာလား  ....  "

ကျန်းစွန်းဝူကျိသည် မျက်ခုံးပင့်ကာ သံသယ ရှိသလို မေးလာခဲ့သည်။

"ယွင်ဖေးက ရှန်မိနိုင်ငံတော်ရဲ့ အိမ်ရှေ့စံ မင်းသမီးပဲ .... သူမက ငါ့ကို လက်ထပ်ဖို့ သဘောတူတယ် ဆိုရင်တောင် ရှန်မိနိုင်ငံတော် အရှင်ရဲ့ ထောက်ခံချက် လိုသေးတယ် .... ငါသူမကို မရနိုင်တာက သာမန်ပါပဲ .... ဒါပေမဲ့ စုလောရွှယ် ပြောဖူးတာက သူမ အလေးစားဆုံး သူရဲကောင်းက သူမရဲ့ အဖေပဲဆို .... ဘာလို့ မင်းက သူမကို မရနိုင်တာလဲ  ....  "

"ဒါက ဟိုမျိုးမစစ်ကောင် ကျန်းရီကြောင့်ပေါ့  ....  "

ကျန်းရိလျှိုသည် ထိုအကြောင်း မပြောခင်က အကောင်းဖြစ်သော်လည်း ပြောမိသောအခါ သူ၏ သတ်ချင်စိတ်များကို ထိန်းမရတော့ပေ။ ထို့နောက် သူသည် သူ့ကိုယ်သူထိန်းကာ ပြောလိုက်သည်။

"အရူးကူရှန်းဟယ်က ရေခဲသားရဲ ကိစ္စတစ်ခုလုံးကို ရှုပ်ထွေးအောင် လုပ်လိုက်တယ် .... အခုဆို စုလောရွှယ်က ငါ့ကို နောက်ကွယ်က ကြိုးကိုင်သူလို့ သံသယရှိနေပြီး ငါ့ကို တွေ့တောင် မတွေ့ချင်တော့ဘူး"

"ကျန်းရီ  ....  "

ကျန်းစွန်းဝူကျိ၏ မျက်လုံးတွင် ကြောက်စရာ အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။

"ဖေးဟူက အဲလူအကြောင်း ငါ့ကို တစ်ခါ ပြောဖူးတယ် .... ဒါပေမဲ့ အဲအချိန်မှာ ငါက ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်ကို ရောက်လုရောက်ခင် ဖြစ်နေတာမို့ သူ့ကို ပြဿနာ ထပ်မရှာဖို့ ပြောလိုက်ရတယ် .... ငါသာ ဒီကောင်နဲ့ တွေ့ရင် သေချာပေါက် သင်ခန်းစာကောင်းကောင်း ပေးရမယ်  ....   .... သူက ကျန်းစွန်းဂိုဏ်းက လူတွေကို ပြဿနာ ရှာရဲတယ်"

"သင်ခန်းစာ  ....   .... ဟားဟား  ....  "

ကျန်းရိလျှိုသည် ရယ်မော လိုက်သည်။ သို့သော် အသက်မပါသော ရယ်ခြင်းမျိုး ဖြစ်သည်။ သူသည် စိတ်ကို လျှော့ကာ ပြောလိုက်သည်။

"မင်း လှုပ်ရှားစရာ မလိုပါဘူး .... ဒီတစ်ခါ ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းဆီ သွားတဲ့ခရီးမှာ ငါသေချာပေါက် သူ့ကို ရှင်းပစ်မယ် .... ဒီတစ်ကြိမ်တော့ ငါ ကျန်းကျွင်းကို သွေးနီစစ်သား အယောက်၃၀၀ စုဆောင်းခိုင်းထားတယ် .... ပြီးတော့ ချမ်ဂိုဏ်းနဲ့ ကျန့်ဂိုဏ်းကိုလည်း အကြောင်း ကြားခိုင်းထားတယ် .... ချမ်ဝမ်ကွမ်နဲ့ ကျန့်ဝူရွှမ်းကို ဒီကိစ္စမှာ ဝင်မပါဖို့ သူတို့ရဲ့ ဂိုဏ်းတွေက အမိန့်ချလာလိမ့်လို့ ငါထင်တယ် .... ဟီးဟီး .... ဒီတစ်ကြိမ်က ငါ့ရဲ့ ကိုယ်ရေး ကိုယ်တာအရ လုပ်ရမှာ ....  ငါဒီမျိုးမစစ်ကောင်ကို တစ်စစီ လုပ်ပစ်မယ် .... "

"မင်းက အနောက်ဘက် မြို့စောင့်တပ်ရဲ့ စစ်သားတွေကိုတောင် တိတ်တဆိတ် လူစု ခိုင်းထားတယ်လား  ....   .... ဒါကို ပုဂ္ဂိုလ်ရေးအရ လုပ်ရမှာ  ....  "

ကျန်းစွန်းဝူကျိသည် တုန်လှုပ် သွားခဲ့သည်။ ကောင်းကင်ဧကရာဇ်၏ ဂူသင်္ချိုင်းသည် ရတနာများစွာ ရှိပြီး နှစ်ပေါင်း ငါးဆယ်ကြာမှ တစ်ခါ ဖွင့်သည်မှာ မှန်သော်လည်း ကျန်းရိလျှိုနှင့် ကျန်းစွန်းဝူကျိတို့လို အဆင့်အတန်းနှင့် သခင်လေးများသည် ရတနာများ သွားရှာရန် မလိုပေ။ ဂူသင်္ချိုင်းသည် နိုင်ငံသုံးခု၏ နယ်စပ်တွင် ရှိနေရာ ပဋိပက္ခများ ဖြစ်ကြမည်မှာ သေချာပေါက်ပင်။ ဂူသင်္ချိုင်း အတွင်းတွင် အတားအဆီးများ ရှိနေရာ ဘယ်သူမှ ဘေးကင်းမည်ဟု မပြောနိုင်ပေ။

သူတို့သည် ပါရမီရှင်အဆင့် ကျောင်းသားများ ဖြစ်နေကြပြီ ဖြစ်ရာ သွေးရှင်းတမ်း ပြိုင်ပွဲကို ဝင်ပါစရာလည်း မလိုတော့ပေ။ ထို့ပြင် သူတို့၏ ဂိုဏ်းများတွင် ရတနာများလည်း မရှားပေ။ ကျန်းရိလျှိုသည် သူ့ကိုယ်သူ အန္တရာယ် အဖြစ်ခံ နေရာပင် မလိုပေ။ ကျန်းစွန်းဝူကျိဆိုလျှင် သွေးရှင်းတမ်းအတွက် အမည်စာရင်းပင် ပေးမထားချေ။

ကျန်းစွန်းဝူကျိသည် ကျန်းရိလျှို၏ အမူအရာများမှ ဆုံးဖြတ် ထားမှုများကို မြင်လိုက်ရသည်။ သူ့မျက်လုံးများသည် အရေးကြီးသော တစ်ခုခုကို တွေးမိသွားကာ တောက်ပလာခဲ့သည်။ သူသည် စပ်စုလိုက်သည်။

"ဒီကျန်းရီက ဘယ်သူလဲ  ....   .... မင်းတို့ဂိုဏ်းရဲ့ ကမ္ဘာမကြေ  ရန်သူကြီးလား  ....  "

ကျန်းရိလျှို သည် လှောင်ပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။

"ခွီ .... ကမ္ဘာမကြေ ရန်သူ မဟုတ်ပါဘူး .... အဲဒီအစား သူနဲ့ ငါ့ကိုယ်ထဲမှာ စီးနေတဲ့ သွေးချင်း တူနေတယ် .... သူက မိန်းမပျက်မ ရီဖျောင်ဖျောင်ရဲ့ သားပဲ  ....  "

"ခွမ်း  ....  "

ကျန်းစွန်းဝူကျိ၏ လက်ဖက်ရည်ခွက် ကိုင်ထားသော လက်သည် တုန်သွားကာ လက်ဖက်ရည်ခွက်သည် ကြမ်းပြင်ပေါ် ပြုတ်ကျသွား၍ တစ်စစီ ကွဲသွားခဲ့သည်။ လက်ဖက်ရည်များသည် ကြမ်းပြင်ပေါ် ပြန့်သွားခဲ့သည်။

"ဒီသတင်းကို အတည်ပြု ပြီးပြီလား  ....  "

ကျန်းစွန်းဝူကျိ၏ မျက်လုံးများသည် ကြောက်စရာ အရိပ်အယောင်များ ထင်ဟပ် လာခဲ့သည်။ သူသည် ကျန်းရိလျှိုကို ကြည့်ကာ အဖြေကို စောင့်နေလိုက်သည်။ ကျန်းရိလျှို ခေါင်းညိတ်သည်ကို မြင်လိုက်သောအခါ ရုတ်တရက် သူ့လက်မှ အတွင်းအားများ ထွက်ပေါ်လာပြီး သူ့ဘေးရှိ အစေခံမိန်းကလေး၏ ခေါင်းထက် ရိုက်ချ လိုက်လေသည်။ သူသည် နောက်အစေခံ တစ်ယောက်ထံသို့လည်း အမြန်ပြေးသွားကာ အဆုံးသတ်ပစ် လိုက်သည်။

"ဖုန်း .... ဖုန်း  ....  "

လှပသော အစေခံမိန်းကလေး နှစ်ယောက်သည် ကျန်းစွန်းဝူကျိ၏ သတ်ခြင်း ခံလိုက်ရသည်။ ကျန်းရိလျှိုသည် မျက်နှာ တစ်ချက်တောင် ပျက်မသွားသော်လည်း နှမြောစွာ မေးလိုက်သည်။

"ဝူကျိ .... မင်းဘာလုပ်နေတာလဲ  ....   .... ဒီကောင်မလေးတွေကို ရဖို့ ငါခရမ်းရောင်ရွှေ တော်တော် သုံးထားရတာကွာ"

"ရိလျှို .... မင်းက အရမ်း နမော်နမဲ့ နိုင်တာပဲ"

အစေခံ မိန်းကလေး နှစ်ယောက်ကို သတ်ပြီးနောက် ကျန်းစွန်းဝူကျိ၏ မျက်နှာထက်တွင် မည်သည့် အမူအရာမှ မရှိတော့ပေ။ သူသည် လက်ကိုင်ပဝါ တစ်ခုကို ထုတ်ကာ လက်မှသွေးများကို သုတ်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

"သူတို့ထဲက တစ်ယောက်က လော့ကဲအရှင်ရဲ့ လူဆို ဘယ်လိုလုပ်မလဲ  ....  "

"ဟမ် .... "

ကျန်းရိလျှို၏ ကိုယ်သည် တုန်လှုပ်သွားကာ အလျင်အမြန် ထောက်ခံလိုက်သည်။

"ဟုတ်တယ် .... ငါ နမော်နမဲ့ ဖြစ်လွန်းတယ် .... ခမည်းတော်သာ သိသွားရင် ဒုက္ခ ရောက်နိုင်တယ် .... "

"ကျန်းရီက တကယ်ပဲ အဲဒီ မိန်းမပျက်ရဲ့သားလား  ....   .... "

ကျန်းစွန်းဝူကျိသည် နောက်ထပ် လက်ဖက်ရည်ခွက် တစ်လုံးယူကာ သူ့ဟာသူ လက်ဖက်ရည် ထည့်လိုက်သည်။ သူသည် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး သူ့စိတ်ထဲမှု အံ့အားသင့်မှုကို ဖိနှိပ်လိုက်သည်။ သူသည် ကျန်းရိလျှို ထိုသို့သော အရေးကြီးသည့် သတင်းကို သူ့အား ဘာကြောင့် ပြောလာသည်ကို သံသယမဝင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကျန်းရိလျှို၏ အမေသည် သူ့ဒေါ်လေးဖြစ်ပြီး ထိုကိစ္စကို ကျန်းစွန်းဂိုဏ်းမှ သိရှိသွားပါလျှင် ကျန်းရီကို သတ်ရန် သေချာပေါက် ကူညီကြမည် ဖြစ်သည်။ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်တွင် ဆက်ခံသူ နှစ်ယောက် မလိုအပ်ပေ။

ကျန်းစွန်းဝူကျိသည် ထိုကိစ္စကို သေသေချာချာ တွေးတောကာ ပြောလိုက်သည်။

"သုံးရာက မလုံလောက်ဘူး .... ကျန်းကျွင်းကို နောက်ထပ်လူသုံးရာ ပြင်ခိုင်းထားလိုက် .... ဒီတစ်ခါ ငါမင်းနဲ့ အတူသွားမယ် .... ဒီကိစ္စ မကျရှုံးရအောင် ငါ့လူတွေလည်း ခေါ်ခဲ့မယ် .... ဖြစ်နိုင်ရင် ဂူသင်္ချိုင်းကို ဝင်တဲ့အထိတောင် မစောင့်ချင်ဘူး .... လမ်းမှာလည်း ကြိုးစားပြီး လှုပ်ရှား ကြည့်ရအောင် .... ကျန်းရီ အသက် တစ်ရက် ပိုရှည်လေ၊ ပြဿနာက ပိုများလေပဲ .... လော့ကဲအရှင်သာ ဒီကိစ္စကို သိသွားရင် လော့ကဲအရှင် ရာထူးကို ဘယ်သူရမယ် ဆိုတာ မသေချာတော့ဘူး"

***

သွေးရှင်းတမ်းအတွက် အမည်စာရင်းသည် ပြည့်သွားခဲ့ပြီး သင်တန်းကျောင်းသည် သုံးရက်ကြာလျှင် ထွက်ခွာရန် ဆုံးဖြတ် လိုက်သည်။ ကျောင်းအုပ်ချီနှင့် အခြားဒုကျောင်းအုပ် နှစ်ယောက်သည် လူအုပ်ကို ဦးဆောင်ကြမည် ဖြစ်သည်။ သွေးရှင်းတမ်း ပြိုင်ပွဲသည် အန္တရာယ် များသော်လည်း စာရင်းပေးထားသော ကျောင်းသား အရေအတွက်သည် တစ်ထောင်ကျော်သည်။ ဂူသင်္ချိုင်း အတွင်းရှိ ရတနာများသည် အလွန် စွဲဆောင်နိုင်မှာ ထင်ရှားသည်။ ၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းကျော်က ထင်ရှားခဲ့သော ပြိုင်ဘက်ကင်း အရှင်သခင် တစ်ယောက်၏ ဂူသင်္ချိုင်း ဖြစ်သည်။ သူချန်ထားခဲ့သော ရတနာများသည်လည်း မရေမတွက် နိုင်အောင် ရှိပေသည်။ ကံကောင်းလျှင် ကောင်းကင်အဆင့် လက်နက်များ၊ သိုင်းကျင့်စဉ်များကိုပင် ရရှိနိုင်ပေသည်။ သူတို့ အသုံးမပြုနိုင်သော ရတနာများဆိုလျှင်တောင် ရောင်းချ၍ ရပေသည်။

"အစ်ကိုကြီး .... မင်းဒီသွေးရှင်းတမ်း ကနေ ထွက်ဖို့ ပြန်စဉ်းစားပါလား  ....  "

ချမ်ဝမ်ကွမ်သည် သတင်းများကို ကြားပြီးနောက် တုန်လှုပ် သွားခဲ့သည်။ ကျန်းရိလျှိုနှင့် ကျန်းစွန်း ဝူကျိသည် ကျန်းရီကို သိသိသာသာပင် ပစ်မှတ် ထားနေကြသည်။ မဟုတ်လျှင် သူတို့လို သခင်လေးများသည် အဘယ့်ကြောင့် အသက်ကို အလောင်းအစား လုပ်၍ လိုက်ပါမည်နည်း  ....

"မစိုးရိမ်နဲ့ .... ဝမ်ကွမ်  ....  "

ကျန်းရီသည် မျက်နှာ တစ်ချက်တောင် မပျက်ပါပဲ တည်ငြိမ်စွာ ချမ်ဝမ်ကွမ်၏ ပခုံးကို ပုတ်ပေး လိုက်သည်။

"လွန်ခဲ့တဲ့ ရက်တွေက မင်းငါ့ကို ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းအကြောင်း သတင်းတွေ အများကြီး ပြောထားတယ်လေ .... ငါ့အမြင်အရဆို ဒီလောက်လည်း အန္တရာယ် မများပါဘူး .... ဂူသင်္ချိုင်းထဲက နေရာက အရမ်းဆန်းကြယ်ပြီး ရှုပ်ထွေးတာ မင်းလည်း သိတာပဲ .... ကျန်းရိလျှိုက လူအယောက် တစ်ထောင်လောက် ခေါ်လာရင်တောင် ငါ့ကို ရှာနိုင်မှာ မဟုတ်ဘူး"

"ဂူသင်္ချိုင်းထဲမှာ ယန္တရားတွေ အများကြီး ရှိတာပဲ .... ငါသူတို့နဲ့ ရင်ဆိုင်ရမယ် ဆိုရင်တောင် လွတ်မြောက်ဖို့ အခွင့်အရေးတွေ အများကြီးရှိတယ် .... သိုင်းသမား တစ်ယောက်က ရင့်ကျက်လာဖို့ သေရေးရှင်ရေး တိုက်ပွဲတွေ တိုက်ခိုက်ဖို့ လိုတယ် .... ဒီခရီးပြီးသွားရင် ငါက ပိုးအိမ်ထဲကနေ ထွက်လာတဲ့ လိပ်ပြာလေး တစ်ကောင်လည်း ဖြစ်သွားနိုင်တာပဲ"

"ကောင်းပြီ .... အစ်ကိုကြီး .... မင်းက အရမ်းသေချာနေပြီ ဆိုတော့ ငါဘာမှ ဆက်မပြော တော့ဘူး  ....   "

ချမ်ဝမ်ကွမ်သည် ထပ်မံ ဖျောင်းဖျရန် မကြိုးစားတော့ပေ။ သူသည် မျက်မှောင်ကြုတ်ကာ သက်ပြင်း ချလိုက်သည်။

"ငါမင်းကို ကာကွယ်ဖို့ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့်က လူငါးယောက်ကို လွှတ်ထားပေးမယ် .... မင်းအသက်ရှင် နိုင်မလားဆိုတာကတော့ မင်းရဲ့  ကံပေါ် မူတည်သွားပြီ"

*****

All Chapters